Switch Mode

အခန်း (၆၀)

အစိမ်းရောင်တိမ်တိုက်ဓားသွား ထွက်ပေါ်လာပြီး နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းရှိ ပညာရှင်များကိုသတ်ဖြတ်ခြင်း

ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား

လုချန်ရှန်း၏ပြုပြင်မွမ်းမံမှုအပြီးတွင် ထိုဓား၏စွမ်းအားသည် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။

ထိုဓားတွင်ပါရှိသော မိစ္ဆာချီစွမ်းအင်သည် မူလဓားသွားထက်ပို၍ပင်ကြောက်စရာကောင်းလှသည်။

ဤသည်မှာ နန်းတော်ရှိအင်ပါယာအစောင့်များ ဒူးထောက်လာရသည့်အကြောင်းရင်းလည်းဖြစ်သည်။

အဆင့်မြင့်သူများနှင့် စိတ်နှလုံးခိုင်မာသူအနည်းငယ်ကသာ ခုခံနိုင်ပေသည်။

ထျန်းရွှမ်သည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူ့မျက်ဝန်းထဲ၌ အံ့အားသင့်နေဟန်အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။

ဤဓားသိုင်းနည်းဗျူဟာသည် သူမြင်ဖူးသမျှတွင် အလွှမ်းမိုးနိုင်ဆုံးသော ဓားသိုင်းနည်းဗျူဟာဟုဆိုနိုင်လေသည်။

မည်သို့ပင်ဆိုစေကာမူ အဆင့်ကွာခြားချက်ကိုနှိမ်နင်းခြင်းသည် ထျန်းရွှမ်အပေါ် သက်ရောက်မှုကြီးမားလှသည်တော့မဟုတ်ပေ။

သူသည် သူ့လက်ထဲရှိအသွားနှစ်ဖက်ပုဆိန်ကို လွှဲယမ်းလိုက်လေရာ ယဲ့ချိုးပိုင်၏မှော်နက်မိစ္ဆာဓားသွားနှင့် ထိခတ်မိသွားလေသည်။

တစ်ခဏချင်းမှာပင် ယဲ့ချိုးပိုင်သည် သူ့ဓားနှင့်အတူ လွင့်ထွက်သွားပြီး အိမ်တစ်အိမ်ပေါ်သို့ပြုတ်ကျသွားသည်။

ထိုအချိန်မှာ အိမ်လည်းပြိုကျသွားရသည်။

ဤသည်မှာ လူတိုင်းမျှော်လင့်ထားသည့်အတိုင်းပင်။ အဆုံးမှာတော့ အဆင့်ကွာခြားချက်မှာ အလွန်ကြီးမားလွန်းသည်။

ထျန်းရွှမ်သည် အနည်းငယ်မျက်မှောင်ကြုတ်လျက် သူ့လက်မောင်းကိုငုံ့ကြည့်လိုက်သည်။

အမှန်တကယ်တော့ သူ့လက်မောင်းကို တီကောင်များနှယ်ရစ်ပတ်ထားသော ဓားသိုင်းစျာန်အဘိညာဉ်များရှိလေသည်။

တစ်ဖက်လူသည် ပင်လယ်ရေလှိုင်းအဆင့်တွင်သာရှိသော်လည်း သူကတော့ဒဏ်ရာရနေပြီတဲ့လား။

ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် အပျက်အစီးများကြားထဲမှ ရုန်းထွက်လာခဲ့သည်။

ထိုအချိန်တွင် သူ့လက်မောင်း၌ သွေးများဖုံးလွှမ်းနေပြီး မျက်နှာကလည်း ဖြူဖျော့နေသည်။

ရှင်းနေသည်မှာ ယခုတိုက်ခိုက်မှုသည် သူ့အတွက်ကိုင်တွယ်ရန်မလွယ်ကူလှပေ။

ထိုအရာကိုမြင်တော့ ထျန်းရွှမ်ကပြောသည်။

“မင်း ငါ့ရဲ့တိုက်ခိုက်မှုအောက်မှာမသေတာပဲ ဂုဏ်ယူသင့်တယ်”

ယဲ့ချိုးပိုင်သည် သူ့ပါးစပ်ထဲမှသွေးများကို သုတ်လိုက်ပြီး ထျန်းရွှမ်ကို တိုက်ခိုက်ရေးအရှိန်အဝါများပြည့်နှက်နေသောမျက်ဝန်းဖြင့်ကြည့်လိုက်သည်။

သူက ခပ်နိမ့်နိမ့်အသံဖြင့်ပြောလေသည်။

“နောက်တစ်ခေါက်”

ဤသို့ဖြင့် ဓားသိုင်းစျာန်အဘိညာဉ်များ ပေါ်ပေါက်လာသည်။

ဤအခိုက်အတန့်တွင် ဓားသိုင်းစျာန်အဘိညာဉ်သည် ယခင်ကထက် ပို၍ထက်ရှလာသည်။

ထို့နောက် သူသည် မှော်နက်မိစ္ဆာဓားကိုကောက်ယူပြီး ထျန်းရွှမ်ဆီသို့အပြေးနှင်လေသည်။

ထျန်းရွှမ်က အေးစက်စွာဟစ်အော်လိုက်သည်။ သူ့လက်ထဲက အသွားနှစ်ဖက်ပုဆိန်ကို သူ့ခေါင်းထက်မြှောက်လိုက်ပြီး အပေါ်မှ ရုတ်တရက်ခုတ်ချလိုက်သည်။

ယဲ့ချိုးပိုင်မှာ မှင်တက်သွားရချေသည်။ ယခုလိုအချိန်မှာ သူသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ဖို့မရွေးချယ်ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူသည် ထျန်းရွှမ်၏အရှိန်အဝါဖြင့်ပိတ်ဆို့ထားခြင်းမှ လွတ်မြောက်သွားသည်။

သူသည် ခန္ဓာကိုယ်ကိုစောင်းပြီး တိုက်ခိုက်မှုကိုရှောင်လိုက်သည်။

ထျန်းရွှမ် အံ့သြသွားသည်။

ထိုအချိန်မှာ ယဲ့ချိုးပိုင်၏မှော်နက်မိစ္ဆာဓားသွားက ထျန်းရွှမ်၏ရင်ဘတ်နားကို တိုးဝင်လိုက်သည်။

ထျန်းရွှမ်သည် သူ့လက်ထဲတွင်ရှိနေသော အသွားနှစ်ဖက်ပုဆိန်ကိုပြန်မဆွဲနိုင်လိုက်ပေ။

ထိုဓားချက်ကို အခြားလက်တစ်ဖက်ဖြင့်သာ လွှဲရိုက်လိုက်နိုင်သည် ။

မှော်နက်မိစ္ဆာဓားသွားသည် ထျန်းရွှမ်၏လက်ဖဝါးဆီသို့ သက်ဆင်းသွားသည် ။

သူ့အရှိန်အဝါများလည်း တလူလူမြင့်တက်လာသည်။

ယဲ့ချိုးပိုင်က နောက်တစ်ခါပြေးထွက်သွားပြန်သည်။

လူတိုင်း၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် ထျန်းရွှမ်၏လက်ဖဝါးသည် အမှန်တကယ်ထိုးဖောက်ခံလိုက်ရသည် ။

ယဲ့ချိုးပိုင်၏ဓားသည် ထျန်းရွှမ်၏ဝိညာဉ်ရေးရာစွမ်းအင်အကာအကွယ်ကို အမှန်တကယ်ဖြတ်ကျော်သွားခဲ့လေသည်။

သူ့လက်ဖဝါးမှ သွေးများပန်းထွက်လာသည်။

ထျန်းရွှမ်၏အမူအရာ အေးစက်သွားသည်။

သူသည် နယ်မြေလေးခု၏အဆင့်သတ်မှတ်ချက်စာရင်းတွင် အဆင့်နှစ်ဆယ့်ကိုးရှိသည်။

ပင်လယ်ရေလှိုင်းကနဦးအဆင့်ရှိသူတစ်ယောက်ကြောင့် သူ ဒဏ်ရာရသွားတယ်တဲ့လား။

ဤသတင်းသာပြန့်သွားလျှင် လူအများက လှောင်ပြောင်ရယ်မောကြပေလိမ့်မည်။

သူ ချက်ချင်းပင်ပုဆိန်ကိုကိုင်ရင်း ယဲ့ချိုးပိုင်နောက်ကို လိုက်သွားလေတော့သည်။

ယခုအချိန်တွင် ယဲ့ချိုးပိုင်သည် ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်တစ်ဝက်ကျော်ကို ဆုံးရှုံးလိုက်ရပြီဖြစ်၏။

သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားကို နှစ်ကြိမ်ဆက်တိုက်အသုံးပြုခဲ့သည်။

ထို့ကြောင့် သူ၏ဝိညာဉ်ရေးရာချီစွမ်းအင်အများအပြား ကုန်ခန်းသွားခဲ့သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများသည် ထျန်းရွှမ်ကြောင့် နေရာရွှေ့ပြောင်းသွားသလိုပင်။

လက်ရှိယဲ့ချိုးပိုင်သည် မီးစာကုန်ရေခန်းလုနီးပါးရှိနေပြီဟု ဆိုနိုင်လေသည်။

အကြီးအကဲချုပ်က ထိုမြင်ကွင်းကိုမြင်သောအခါ ပြောလာလေသည်။

“ဒီတစ်ခေါက်တိုက်ခိုက်ခံလိုက်ရရင် ယဲ့ချိုးပိုင်သေရတော့မယ်”

အကြီးအကဲချုပ်နှင့် တစ်ဘက်တည်းတွင်ရှိသောတတိယအကြီးအကဲကလည်း ခေါင်းညိတ်သဘောတူသည်။

“နောက်ဆုံးတော့ ငါတို့ အေးအေးဆေးဆေးနေနိုင်ပြီပေါ့”

ဖန်းကျင်းယောင်နှင့် တိုက်ခိုက်နေသောယဲ့မိသားစု၏ဘိုးဘေးကလည်း ထိုအခြင်းအရာကိုမြင်သောအခါ ခါးသက်စွာပြုံးလိုက်လေသည်။

“နောက်ဆုံးတော့ ငါ လူမှားပြီးလောင်းခဲ့မိတာလား”

ယဲ့မိသားစုသည် သူ့လက်ထဲတွင် ပျက်ပြားသွားရပေတော့မည်။

လေထဲရှိဆဋ္ဌမမင်းသား၏မျက်လုံးများသည် ရွှင်လန်းမှုအပြည့်နှင့်ပင်။

ယဲ့ချိုးပိုင်၏စွမ်းရည်က အမှန်တကယ်မြင့်မားလွန်းလှသည်။ ယခုနေသာ သူ့ကိုမရှင်းထုတ်နိုင်ခဲ့ပါက အနာဂတ်တွင် အဆုံးမဲ့သောဒုက္ခများကြုံရတော့မည်ဖြစ်၏။

ဖန်ကျင်းယောင်က ခေါင်းတခါခါဖြင့်ပြောလေသည်။

“နှမြောစရာကောင်းလိုက်တာ။ သူသာမသေခဲ့ရင် နယ်မြေလေးခုမှာ နောက်ထပ်ဓားသိုင်းပညာရှိတစ်ယောက်ပေါ်လာတော့မှာကို”

ယဲ့ချိုးပိုင်သည် သူ့ဆီဦးတည်လာနေသော ထျန်းရွှမ်ကိုကြည့်ရင်း သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်များ အရူးအမူးလှည့်ပတ်စီးဆင်းနေသည်ကိုခံစားလိုက်ရသည်။ သူ ကြောက်ရွံ့မှုတစ်စုံတစ်ရာပင်မပြခဲ့ပေ။

ထိုအစား သူသည် ကျယ်လောင်စွာရယ်မောလိုက်၏။

“နယ်မြေလေးခုရဲ့ အဆင့်သတ်မှတ်ချက်စာရင်းတဲ့လား။ ပါ့မွှားလေးပါ”

စကားအဆုံးတွင် ယဲ့ချိုးပိုင်သည် သူ့ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး ထျန်းရွှမ်ကို ရင်ဆိုင်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ယဲ့ချိုးပိုင်သည် မှော်နက်မိစ္ဆာဓားသွားကို ဖယ်ထုတ်ပစ်လိုက်သည်။

ထျန်းရွှမ်က အေးစက်စွာနှာမှုတ်သရော်လိုက်သည်။

“မောက်မာနေလိုက်တာ”

ထိုအချိန်တွင် သူ့လက်ထဲတွင်ရှိသော အသွားနှစ်ဖက်ပုဆိန်၏အရှိန်အဝါသည် အရူးအမူးလွတ်ထွက်နေ၏။

ထိုအခိုက်အတန့်တွင် ပုဆိန်ထံမှထွက်ပြူလာသည့်အလင်းတန်းများက ထိုပုဆိန်ကိုဖုံးလွှမ်းထားလေသည်။

ထို့နောက် သူက ပုဆိန်ကိုလွှဲယမ်းပစ်လိုက်သည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်၏လက်ထဲ၌ ဓားရှည်တစ်ချောင်းပေါ်လာသည်။

သို့သော် ဤဓားရှည်ကို ၎င်း၏ဓားအိမ်ထဲတွင် သိမ်းဆည်းထားပေသည်။

ဓားအိမ်ထဲတွင်သိမ်းထုပ်ခံထားရသောဓားကို မြင်လိုက်ရသည်နှင့် ထျန်းရွှမ်၏ အမူအရာ သိသိသာသာပြောင်းလဲသွားသည်။

သူသည် ဤဓား၏အန္တရာယ်ကို အမှန်တကယ်ခံစားမိလိုက်သည်။

မကြုံစဖူး အကျပ်အတည်းတစ်ခုနှင့်ကြုံလိုက်ရခြင်းပင်။

ထိုအန္တရာယ်အငွေ့အသက်က သူ့အသက်ကိုပင် ခြိမ်းခြောက်နိုင်လေသည်။

ဤသည်မှာ ဘယ်လိုလုပ်ဖြစ်နိုင်မည်လဲ။

သူသည် ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး နယ်မြေလေးခု၏အဆင့်သတ်မှတ်ချက်တွင် ရှိနေသူဖြစ်သည်။

ပင်လယ်ရေလှိုင်းအဆင့်ကျင့်ကြံသူလေးက သူ့ကို ဘယ်လိုခြိမ်းခြောက်နိုင်မှာလဲ။

သူ့မာနက သူ့ကို နောက်ပြန်ဆုတ်ဖို့ခွင့်မပြုချေ။

သူ့လက်ထဲရှိပုဆိန်ကို ထပ်မံလွှဲယမ်းလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် ပုဆိန်အလင်းတန်း၏အရှိန်အဝါသည် ပို၍ပင်ပြင်းထန်လာသည်။

ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် အစိမ်းရောင်တိမ်တိုက်ဓား၏ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

သူက ခပ်နိမ့်နိမ့်အသံဖြင့်ဆို၏။

“အစိမ်းရောင်တိမ်တိုက်ဓားသွား ပေါ်လာစေ”

အစိမ်းရောင်တိမ်တိုက်ဓားသွား ပေါ်လာပြန်လေပြီ။

ယဲ့ချိုးပိုင်သည် အစိမ်းရောင်တိမ်တိုက်ဓား၏နောက်ထပ်အပိုင်းကို ဆွဲထုတ်လိုက်သည်။

ဓားသိုင်းစျာန်အဘိညာဉ်များသည် အရူးအမူးခုန်ပေါက်သွားသည်။

၎င်းတွင် ဓားသိုင်းတာအိုနိယာမများ အမှန်တကယ်ပါဝင်နေသည် ။

ဖန်ကျင်းယောင်သည် ဤစွမ်းအားကိုကြည့်ပြီး အမူအရာသိသိသာသာ ပြောင်းလဲသွားသည်။ သူက ချက်ချင်းပင် အော်ပြောလိုက်သည်။

“ထျန်းရွှမ် မြန်မြန်ပြန်ဆုတ်”

ဤစွမ်းအားသည် ဓားသိုင်းစျာန်အဘိညာဉ်ထက်ပင် ပိုမိုဆန်းကြယ်လှသည်။

အဝေးကခံစားမိရုံမျှဖြင့် ရင်တုန်ပန်းတုန်ဖြစ်သွားစေသည်။

ယခုအချိန်မှာမူ အလွန်နောက်ကျနေလေပြီ။

ဓားသိုင်းတာအိုနိယာမပါဝင်သောဓားသိုင်းစျာန်အဘိညာဉ်သည် ထျန်းရွှမ်၏ပုဆိန်ပေါ်သို့ ကျရောက်ပြီးဖြစ်၏။

ထိပ်တိုက်ရင်ဆိုင်မှုသည် တဒင်္ဂမျှသာကြာလိုက်သည်။

ထျန်းရွှမ်သည် သူ့လက်ထဲရှိအသွားနှစ်ဖက်ပုဆိန်ပေါ်တွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသောအခါ တုန်လှုပ်သွားရချေသည်။

ဓားသိုင်းစျာန်အဘိညာဉ်သည် အက်ကွဲကြောင်းတစ်လျှောက် သူ့လက်ဆီသို့ ပြေးဝင်လာလေသည်။

“အား..”

ထျန်းယွမ်ထံမှ သွေးပျက်ဖွယ်ငိုညည်းသံကြီးထွက်ပေါ်လာသည် ။

ထိုအချိန် သူ့လက်ထဲမှ သွေးများစီးကျလာသည်။

ဓားသိုင်းစျာန်အဘိညာဉ်သည် အဆိပ်ပြင်းမြွေတစ်ကောင်အလား ပြောင်းလဲသွားပြီး ထျန်းရွှမ်၏ကိုယ်တွင်းအင်္ဂါများအတွင်းသို့ ပြေးဝင်သွားသည်။

ထိုအရာသည် ထျန်းရွှမ်၏ခန္ဓာကိုယ်ထဲတွင် အရူးအမူးလိပ်တက်လာပြီး ဆက်လက်ဖျက်ဆီးနေတော့သည်။

လူတိုင်း၏ကြောက်ရွံ့နေသောအကြည့်အောက်မှာပင် ယဲ့ချိုးပိုင်သည် ဓားကို ထပ်မံလွှဲယမ်းလိုက်၏။

ထျန်းရွှမ်၏အရှိန်အဝါများက အရူးအမူးလွတ်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသေသွားချေသည်။

ကြွေလွင့်သွားလေခြင်း…။

နယ်မြေလေးခု၏ အဆင့်သတ်မှတ်ချက်စာရင်းတွင်ရှိနေသော လူတစ်ဦးသည် ပင်လယ်ရေလှိုင်းကနဦးအဆင့်ကျင့်ကြံသူတစ်ယောက်၏လက်ချက်ကြောင့် အမှန်တကယ်သေဆုံးသွားခဲ့သည်။

အမှန်ပင်။ အသတ်ခံခဲ့ရခြင်းဖြစ်၏။

“ဒါက တကယ်ကြီးလား…”

“ယဲ့ချိုးပိုင်က နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းမှာရှိနေတဲ့ပညာရှင်တစ်ယောက်ကို သတ်နိုင်တဲ့အထိသန်မာနေပြီလား”

ဖန်ကျင်းယောင်သည် ယဲ့ချိုးပိုင်ကို ကြောက်လန့်တကြားကြည့်လိုက်သည်။

သူကိုယ်တိုင်ပင်လျှင် ထျန်းရွှမ်ကိုမသတ်နိုင်ပေ။

သူတို့ကြားတွင် ခွန်အားကွာခြားချက်သိပ်မရှိချေ။

ထိုအဆင့်မှာရှိနေသောလူကို သုတ်သင်ဖို့ရန် ခက်ခဲလှသည်။

ထိုအရာကိုမြင်သောအခါ ယဲ့မိသားစု၏ဘိုးဘေးက ရယ်မောနေလေသည်။

အကြီးအကဲချုပ်နှင့် ဆဋ္ဌမအကြီးအကဲ၏မျက်နှာများမှာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားလေသည်။

ဆဋ္ဌမမင်းသားကမူ ထိုမြင်ကွင်းကိုမြင်သောအခါ အလွန်ထိတ်လန့်သွားချေသည်။

ယဲ့ချိုးပိုင်၏စွမ်းရည်သည် ကြောက်ခမန်းလိလိပင်။

အကယ်၍ သူတို့သာ သူ့ကိုမသုတ်သင်ပါက ထျန်းယွမ်မင်းဆက်သည် အနာဂတ်တွင်ပျက်စီးသွားပေလိမ့်မည်။

“အင်ပါယာအစောင့်တွေ..ယဲ့ချိုးပိုင်ကို မြန်မြန်သတ်ပစ်စမ်း”

အစက အင်ပါယာအစောင့်များက ငေးတိငေးကြောင်ဖြစ်နေကြသည်။ ဆဋ္ဌမမင်းသား၏ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံကိုကြားလိုက်သောအခါ သူတို့၏လက်နက်များကိုကိုင်စွဲကာ ယဲ့ချိုးပိုင်ဆီသို့အပြင်းနှင်လေတော့သည်။

ထိုအချိန်မှာ ယဲ့ချိုးပိုင်သည် မီးစာကုန်ရေခန်းနေလေပြီ။

သူ၏ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း ပြောင်သလင်းခါသွားလေပြီ။

အစိမ်းရောင်တိမ်တိုက်ဓားသွားကို အတင်းအကျပ်ဆွဲထုတ်လိုက်ပြီးနောက်မှာ ၎င်း၏နောက်ဆက်တွဲရလဒ်ကိုလည်း ခံစားနေရ၏။

ယခုအချိန်မှာ သာမန်လူတစ်ယောက်ကပင် ယဲ့ချိုးပိုင်ကိုသတ်ပစ်နိုင်စွမ်းရှိသည်ဟုဆိုရပေမည်။

ဖန်းကျင်းယောင်တစ်ယောက် ဤမြင်ကွင်းကိုမြင်သောအခါ တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။

သူ့ကို အသက်ဆက်ရှင်ခွင့်မပေးနိုင်ဘူး…။

Comment

Leave a Reply

Options

not work with dark mode
Reset