Switch Mode

အခန်း (၅၉)

ရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်ကို အဆင့်မြှင့်တင်ခြင်း

ယခုအခိုက်အတန့်လေးတွင် စံအိမ်တော်တွင်း၌..

လုချန်ရှန်းသည် ငရဲကိုးဘုံအစီအရင်အောက်တွင် မတ်တတ်ရပ်နေခဲ့သည်။

“သူတို့ ငါ့ဆီ ဘယ်အချိန်ရောက်ချလာမလဲမသိဘူး…”

လုချန်ရှန်းခမျာ စိုးရိမ်ပူပန်နေဟန်ပင်။ ယခင်တစ်ခေါက်တုန်းကတော့ သူတို့သည် ပုံရိပ်ယောင်သက်သက်ပင်။ နောက်တစ်ကြိမ် သူတို့ပို့လွှတ်လာမည့်စွမ်းအားကမူ ပိုမိုအားကောင်းလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် ငရဲကိုးဘုံအစီအရင်က ၎င်းကို ခံနိုင်ရည်ရှိပါဦးမလား။ မပိတ်ဆို့ထားနိုင်ရင် ဘယ်လိုလုပ်မလဲ..။

မဟုတ်ဘူး။ ဒီလိုဖြစ်လာခွင့်မပေးနိုင်ဘူး။

လုချန်ရှန်းသည် ငရဲကိုးဘုံအစီအရင်ကို စတင်လေ့လာကြည့်ပြီး ၎င်းကို ပိုမိုတိုးတက်အောင်ပြုလုပ်နိုင်မလားဆိုသည်ကို သိချင်နေချေသည်။

ငှက်ကလေးကမူ လုချန်ရှန်း ဘာတွေလုပ်နေသလဲဆိုသည်ကို နားမလည်ရှာပေ။

လုချန်ရှန်း၏ရည်ရွယ်ချက်ကို မိုးမခပင်ကြီးကသာသိသည်။

ငရဲကိုးဘုံအစီအရင်ကို အဆင့်မြှင့်မည်တဲ့လား။

ဤသည်မှာ ရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်တစ်ခုဖြစ်သည်။

အလွန်ကြောက်စရာကောင်းလှသောခွန်အားပင်ဖြစ်လေရာ ပြုပြင်မွမ်းမံရန်မှာ ကောင်းကင်ဘုံသို့တက်လှမ်းရသလို ခက်ခဲဖွယ်ရာရှိသည်။

လုချန်ရှန်းသည် လေထဲမှာထိုင်နေပြီး မေးစေ့ကိုပွတ်သပ်နေလေသည်။

“စနစ် အဆင့်မြှင့်တင်ရေးလုပ်ဖို့အတွက် အစီအစဉ်တစ်ခုခုရှိလား”

[လက်ခံသူအနေနဲ့ ကိုုယ့်ဘာသာစဉ်းစားကြည့်ဖို့လိုပါတယ်]

လုချန်ရှန်းကလည်း ပခုံးတွန့်ပြလိုက်သည်။ သူ့အနေနှင့် ဘာမှသိပ်မမျှော်လင့်ထားချေ။

ဤအရာသည် အလုံးစုံလိုက်လုပ်ပေးနိုင်စွမ်းမရှိပေ။

ငရဲကိုးဘုံအစီအရင်သည် ကြီးမြတ်သောသတ်ဖြတ်ရေးအစီအရင်တစ်ခုဖြစ်သည်။

အတွင်းပိုင်းရှိ ငရဲချီစွမ်းအင်ကိုအမှီပြုပြီး အဓိကတိုက်ခိုက်မှုအဖြစ် သူသည် သေမင်းမြစ်ပြင်ကို အသုံးပြုသည်။

ရန်သူကိုသုတ်သင်ခြင်း၏အကျိုးသက်ရောက်မှုကို ခံစားရခြင်း။

ဤအစီအရင်သည် သတ်ဖြတ်ရေးအတွက် နိယာမစွမ်းအားကို စင်စစ်အသုံးပြုထားသည်ဟုလည်း ဆိုနိုင်သည်။

“ငရဲကိုးဘုံအစီအရင်ရဲ့နိယာမစွမ်းအားက ငရဲကိုးဘုံရဲ့နိယာမစွမ်းအားပဲ။ အဲ့ဒီထဲမှာ ယင်ဂုဏ်သတ္တိပါဝင်နေတယ်။ ဒီလိုဆိုရင် ယန်စွမ်းအင်ရဲ့နိယာမစွမ်းအားကိုထပ်ဖြည့်လိုက်ရင် ဘာဖြစ်သွားမလဲ”

ယင်နှင့်ယန်ဂုဏ်သတ္တိ၏အတိုင်းအတာပမာဏသည် အလွန်ကျယ်ပြန့်လှသည်။

ယင်နှင့်ယန်သည် တစ်ခုကိုတစ်ခုက ပြည့်စုံစေပြီး အချင်းချင်းတုံ့ပြန်မှုလည်းရှိသည်။

သက်ရှိအားလုံးသည် အတူတကွမွေးဖွားလာကြသည်။

ယင်နှင့်ယန်သည် ကမ္ဘာပေါ်ရှိအရာအားလုံးကို တန်ပြန်သက်ရောက်မှုရှိသည်။

ထိုအခြေအနေမျိုးတွင် သူသည် ယန်ဂုဏ်သတ္တိကိုဖြည့်စွက်ပြီး ယင်ဂုဏ်သတ္တိနှင့်ထိတွေ့ပေးနေသမျှကာလပတ်လုံး တန်ပြန်သက်ရောက်မှုမှပေါ်ပေါက်လာသော နိယာမစွမ်းအားသည် သီအိုရီကျကျပင် အမြောက်အများတိုးပွါးလာမည်ဖြစ်၏။

သို့သော် အနည်းငယ်တော့ အန္တရာယ်များလှသည်။

ထို့နောက် လုချန်ရှန်းသည် မိုးမခပင်ကြီးဘက်ကိုလှည့်ကာ ပြောလိုက်သည်။

“ဒီနေရာကိုကာကွယ်ဖို့ အကာအရံတစ်ခု အရင်လုပ်ထားလိုက်ရအောင်”

ထိုစကားကိုကြားသောအခါ မိုးမခပင်ကြီး၏အကိုင်းအခက်များသည် လေမတိုက်ပါဘဲ ဖြည်းညင်းစွာယိမ်းနွဲ့သွားလေသည်။

တောင်ထိပ်တစ်ခုလုံးကို အတားအဆီးတစ်ခုဖြင့် ဖုံးအုပ်ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုအရာသည် စံအိမ်တော်ထဲရှိအရာအားလုံးကို ကာကွယ်ထားလေသည်။

နိဗ္ဗာန်ဘုံအဆင့်တွင်ရှိနေဆဲဖြစ်သော ဟုန်ရင်ကိုလည်း ဤအတားအဆီးဖြင့် ကာကွယ်ထားသည်။

ထိုအခြင်းအရာကိုမြင်သောအခါ လုချန်ရှန်း စိတ်မပူတော့ပေ။ ထိုအစား သူသည် အလွန်လေးနက်လာသည်။

ယင်ယန်ဂုဏ်သတ္တိ၏နယ်ပယ်သည် အမှန်တကယ်တွင် အလွန်ကျယ်ပြန့်လှသည်။

အသုံးအများဆုံးအရာမှာ အသက်ဓာတ်စွမ်းအားနှင့် သေဆုံးခြင်းစွမ်းအားများဖြစ်သည်။

ယခုဖွဲ့စည်းထားသော ငရဲကိုးဘုံအစီအရင်၏ယင်ဂုဏ်သတ္တိမှာ သေဆုံးခြင်းစွမ်းအားဖြစ်သည်။

တစ်နည်းဆိုရသော် လုချန်ရှန်းသည် အသက်ဓာတ်စွမ်းအားကို ထုတ်လွှတ်ရမည်ဖြစ်၏။

ထိုအကြောင်းကိုတွေးရင်း သူသည် လက်ညှိုးကိုဆန့်ထုတ်လိုက်သည်။

သူ့လက်ချောင်းထဲတွင် ဓားသိုင်းစျာန်အဘိညာဉ်ပေါ်ပေါက်လာသည်။

ဓားသိုင်းစျာန်အဘိညာဉ်သည် ပျောက်ကွယ်သွားလိုက်၊ ပြန်ရှင်သန်လာလိုက်နှင့် အဆုံးမဲ့သောဘဝများကို ကိုယ်စားပြုနေချေသည်။

ထိုအထဲတွင် အသက်ဓာတ်စွမ်းအားများ ကိန်းဝပ်နေချေသည်။

စနစ်ထံမှရရှိထားခြင်းမျိုးလည်းမဟုတ်ပေ။

မိုးမခပင်ကြီး၏တက်ကြွဖျတ်လတ်မှုသည် အလွန်ပြောင်မြောက်လှသည်။

သူ(မ)၏ပတ်ပတ်လည်တွင် အဆုံးမဲ့သောအသက်ဓာတ်စွမ်းအားများ အဆက်မပြတ်လှည့်လည်စီးဆင်းနေလေသည်။

လုချန်ရှန်းသည် သူနှင့်အတူ နှစ်အတော်ကြာနေထိုင်ခဲ့ပြီးနောက် အသက်ဓာတ်စွမ်းအားကို မသိလိုက်မသိဘာသာဖြင့် နားလည်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ဓားသိုင်းစျာန်အဘိညာဉ်များကိန်းအောင်းနေသော အသက်ဓာတ်စွမ်းအားတို့သည် ငရဲကိုးဘုံအစီအရင်ထဲသို့ ပေါင်းစပ်သွားချေသည်။

လုချန်ရှန်းက ဘာဖြစ်လာမလဲဆိုသည်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။

လုချန်ရှန်းသည် ရှေ့တည့်တည့်ကိုစိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားရသည်။

သူ့ပတ်ပတ်လည်မှာ ခံစစ်အစီအရင်ငါးခု တည်ဆောက်ထားပြီးသားပင်။

မလုံလောက်သေးသလိုခံစားရသဖြင့် သူ့လက်ကို ထပ်ဝှေ့ယမ်းလိုက်သည်။ ရာနှင့်ချီသော အဆောင်ယတြာများလွင့်ပျံသွားပြီး လုချန်ရှန်း၏ရှေ့မှာ နောက်ထပ်ခံစစ်အစီအရင်ရှစ်ခု ပေါ်ပေါက်လာသည်။

အဆုံးမှာတော့ အသက်ဓာတ်စွမ်းအားနှင့်သေဆုံးခြင်းစွမ်းအားတို့ ပေါင်းစပ်လိုက်လေပြီ။ မတော်တဆမှုတစ်ခုခု ဖြစ်လာခဲ့လျှင်လည်း ဖြစ်ပေါ်လာသော တန်ပြန်စွမ်းအားသည် သာမန်လူများခုခံနိုင်သောအရာမဟုတ်ပေ။

အမွှေးတိုင်မီးရှို့သည့်အချိန်မှာ လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။

လုချန်ရှန်းသည် ခံစစ်အစီအရင်၏နောက်ကွယ်တွင်ပုန်းနေပြီး ခေါင်းပြူကြည့်နေသည်။

သူသည် ငရဲကိုးဘုံအစီအရင်ကိုကြည့်ရင်း ခေါင်းတကုတ်ကုတ်ဖြင့် မေးခွန်းထုတ်နေလေရဲ့။

“ဘာလို့လှုပ်ရှားမှုမရှိရတာလဲ။ အသက်ဓာတ်စွမ်းအားက နည်းလွန်းလို့များလား”

ထိုအကြောင်းကိုတွေးတောရင်း လုချန်ရှန်းဟာ အသက်ဓာတ်ဓားသိုင်းစျာန်အဘိညာဉ်ကို သေသေချာချာထုတ်လွှတ်လိုက်ပြီး ငရဲကိုးဘုံအစီအရင်တွင် ပေါင်းစပ်လိုက်သည်။

သို့သော် ၎င်းသည် ပင်လယ်ထဲသို့ကျသွားသော ရွှံ့တုံးများအလားပင်။ လှုပ်ရှားမှု လုံးဝမရှိချေ။

“အင်း။ ဘာကပြဿနာဖြစ်နေတာလဲ”

လုချန်ရှန်းသည် ထိုကိစ္စကိုစနည်းနာရန် အနားကပ်သွားလိုက်သည်။ ထိုလုပ်ငန်းစဉ်အတွင်းမှာ သူသည် အစီအရင်ထဲသို့ နောက်ထပ်အသက်ဓာတ်စွမ်းအားအနည်းငယ်ကို ထပ်ထည့်သွင်းခဲ့သည်။

သို့သော် လှုပ်ရှားမှုအလျဉ်းမရှိပေ။

“အစီအရင်ကို အရင်အသက်သွင်းရမှာများလား”

ထိုအကြောင်းကိုတွေးပြီး လုချန်ရှန်းလည်း အတွင်းစိတ်ဝိညာဉ်ရေးရာချီစွမ်းအင်ကို အသက်သွင်းလိုက်သည်။

ငရဲကိုးဘုံအစီအရင်သည် ကောင်းကင်ပေါ်၌ ရုတ်ခြည်းပေါ်ပေါက်လာ၏။

သေဆုံးခြင်းစွမ်းအားများကလည်း အရူးအမူးပျံ့နှံ့သွားလေသည်။

သို့သော် မျက်စိတစ်မှိတ်စာမျှအကြာတွင် သေဆုံးခြင်းစွမ်းအားများသည် ရုတ်တရက်ပေါက်ကွဲထွက်ပြီး ပွက်ပွက်ဆူလာလေတော့သည်။

လုချန်ရှန်း အံ့သြသွားပြီး အစီအရင်နောက်သို့ အမြန်ပြန်ဆုတ်သွားလိုက်သည်။

ပတ်ပတ်လည်တွင်ဝန်းရံထားသည့် သေစေနိုင်လောက်သောစွမ်းအားများသည် အသက်ဓာတ်စွမ်းအား၏ဓားသိုင်းစျာန်အဘိညာဉ်များပင်။

ဤသည်မှာ လုချန်ရှန်း၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းထားသော အသက်ဓာတ်စွမ်းအားပင်ဖြစ်သည်။

ဤအခိုက်အတန့်တွင် အသက်ဓာတ်စွမ်းအားနှင့်သေဆုံးခြင်းစွမ်းအားသည် တစ်ခုနှင့်တစ်ခုမရောနှောသွားခဲ့ပေ။ ထိုအစား သူတို့ကဆက်လက်ထိတွေ့မှုဖြစ်ပွါးလေသည်။

ထိုထိတွေ့မှုမှဖြစ်ပေါ်လာသောစွမ်းအင်လှိုင်းလုံးကြီးသည် အလွန်ကြောက်စရာကောင်းလှသည်။

ငှက်ကလေးပင် အံ့သြသွားရှာ၏။

မိုးမခပင်ကြီးသည် မိုးမခအကိုင်းအခက်များကိုဝှေ့ယမ်းကာ ပတ်ပတ်လည်တွင် နောက်ထပ်အတားအဆီးတစ်ခုထပ်ဖြည့်လိုက်သည်။

ထိုမိုးမခပင်ကြီးသည်လည်း ပေါက်ကွဲထွက်လာသောစွမ်းအင်ကြီးက ကြောက်စရာကောင်းလွန်းသည်ဟု ထင်နေချေသည်။

ထိုအခိုက်အတန့်တွင် သေမင်း၏မြစ်ပြင်ကလည်း ဟိန်းဟောက်လာလေသည်။

လှိုင်းလုံးကြီးတစ်ခု လိပ်တက်လာ၏။

အသက်ဓာတ်စွမ်းအားနှင့်သေဆုံးခြင်းစွမ်းအားတို့ဟာ ထိုထိတွေ့မှုတွင် ရုတ်ခြည်းပေါက်ကွဲသွားသည်။

အုန်း..

ချက်ချင်းပင် ကောင်းကင်မှအဖျက်စွမ်းအားများသည် မရေမတွက်နိုင်သော ထက်ရှရှဓားများကဲ့သို့ လေထုတစ်ခွင်ကိုဖြတ်သန်းသွားလေသည်။

ဖျက်စီးရေးမုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာပေသည်။

ကောင်းကင်ပြင်ကြီးတစ်ခုလုံးလည်း ကွဲအက်သွား၏။

ကမ္ဘာကြီး ပျက်စီးသွားသည့်အလားပင်။

ဤအခိုက်အတန့်တွင် လုချန်ရှန်း၏အရှေ့ရှိခံစစ်အစီအရင်ကြီးတစ်ခုသည် တစ်ခုပြီးတစ်ခု ကွဲအက်သွားချေသည်။

လုချန်ရှန်းသည် ထိုအဖျက်စွမ်းအားကိုတွန်းလှန်ရန်အတွက် သူ၏ဝိညာဉ်ရေးရာချီစွမ်းအင်ကိုထုတ်လွှတ်ရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။

မိုးမခပင်ကြီးတည်ဆောက်ထားသော အတားအဆီးကလည်း အဆက်မပြတ် တုန်ခါနေလေသည်။

မိုးမခပင်ကြီးကိုယ်တိုင်ကမူ အတားအဆီးဖြင့်ကာကွယ်ထားခြင်းမရှိပေ။ အဖျက်စွမ်းအားက သူ(မ)အပေါ်လွှမ်းမိုးသွားသော်လည်း မိုးမခပင်ကြီးထံမှ သစ်ရွက်တစ်ရွက်မျှပင် ကြွေကျမသွားချေ။

ခဏအကြာတွင် အဖျက်ဓာတ်မုန်တိုင်းကြီးသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။

သို့သော်လည်း ကွဲအက်သွားသောလေထုကတော့ ပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။

အဖျက်စွမ်းအားသည်လည်း ပြယ်လွင့်သွားချေပြီ။

ငှက်ငယ်လေး၏ပတ်ပတ်လည်ရှိ အတားအဆီးကပျောက်ကွယ်သွားပြီး မီးတောက်အကာအကွယ်ကြီးလည်း ပျောက်သွားသည်။ သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်ရင်း သူ့မျက်လုံးများက ကြောက်ရွံ့မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

မိုးမခပင်ကြီး၏အတားအဆီးကြောင့်သာ မဟုတ်ပါက သူ(မ) ဝိညာဉ်လွင့်သွားလောက်ပြီဖြစ်၏။

ဟုန်ရင်သည် နိဗ္ဗာန်ဘုံအဆင့်၌ရှိနေဆဲဖြစ်ပြီး မနိုးလာသေးချေ။

လုချန်ရှန်း အနည်းငယ်မျှအံ့သြသွားရသည်။

ဤစွမ်းအားသည် အနည်းငယ်ကြီးမားလွန်းနေပုံရသည်။

ယခင်ကထက်ပင် အများကြီးပိုအားကောင်းနေသေးသည်။

သို့သော် သူဘယ်လိုထိန်းချုပ်ရမလဲ။

ဤကဲ့သို့သောအဖျက်စွမ်းအားကို မထိန်းချုပ်နိုင်ပါက ၎င်းသည် အသွားနှစ်ဖက်ဓားတစ်လက်နှယ်ဖြစ်လာလိမ့်မည်။

ရန်သူများကိုသုတ်သင်နိုင်သော်လည်း အသုံးပြုသူကိုလည်း ထိခိုက်နိုင်ပြန်သည်။

သေချာပေါက်ပင် ထိုစွမ်းအားက လုချန်ရှန်းကိုမထိခိုက်စေနိုင်သော်လည်း သူကတော့မသိချေ။

ယခုအချိန်မှာ လုချန်ရှန်းသည် ဤအဖျက်စွမ်းအားကြီးကို မည်သို့မည်ပုံထိန်းချုပ်ရမည်ကို တွေးတောနေခဲ့သည်။

ကိုယ်တိုင်တောင်ဖန်တီးနိုင်ခဲ့သေးသည်ဖြစ်ရာ ပြန်လည်တိုက်ထုတ်နိုင်မည်ဟုလည်း လုချန်ရှန်းယုံကြည်သည်။

အခြားတစ်ဖက်တွင်မူ တောင်ပိုင်းဒေသရှိထျန်းယွမ်မြို့တော်၌..

ယဲ့ချိုးပိုင်သည် မှော်နက်မိစ္ဆာဓားသွားကိုကိုင်ဆောင်ကာ သူ့ရှေ့ရှိအသွားနှစ်ဖက်ပုဆိန်ကြီးကို ခုတ်ချလိုက်သည်။

ဓားသိုင်းစျာန်အဘိညာဉ်များက မြူးထူးနေပြီး ဓားသွားချီစွမ်းအင်များက ထကြွသောင်းကျန်းနေကြသည်။

ဤအခိုက်အတန့်တွင် မိစ္ဆာချီစွမ်းအင်သည် တစ်ဟုန်ထိုးခုန်တက်လာပြီး အရူးအမူးဟိန်းဟောက်လိုက်သည်။

ယခု ယဲ့ချိုးပိုင်သည် ပင်လယ်ရေလှိုင်းအဆင့်သို့ရောက်ရှိနေပြီး နောက်ဆုံးတွင် သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ဆဋ္ဌမသိုင်းကွက်ကို အသုံးပြုနိုင်ပြီဖြစ်သည်။

မိစ္ဆာအရှိန်အဝါဓားသိုင်းစျာန်အဘိညာဉ်အောက်မှာ အင်ပါယာအစောင့်အကြပ်အချို့ ဒူးထောက်လိုက်ရချေသည်။

၎င်းသည် လူတစ်ဦး၏စိတ်ဝိညာဉ်ကို ခြိမ်းခြောက်နေခဲ့ပြီး အညံ့ခံရုံမှလွဲ၍ ရွေးချယ်စရာမရှိဖြစ်စေခဲ့သည်။

ဆဋ္ဌမမင်းသား၏အမူအရာလည်း ပြောင်းလဲသွားသည်။ သူ့မျက်နှာသည် အလွန်ဖြူဖျော့နေချေ၏။ သူ့ရှေ့မှာပိတ်ရပ်နေသောအစောင့်တွေကြောင့်သာမဟုတ်ပါက သူလည်း ဒူးထောက်မိတော့မည်ဖြစ်၏။

ဤအရာက သူ့ကို အလွန်တုန်လှုပ်ချောက်ချားစေခဲ့သည်။

သူသည် သောင်းနှင့်ချီသောလူပေါင်းများစွာ၏အထက်မှာ ရပ်တည်နေသည့်မင်းသားတစ်ပါးဖြစ်သည်။

တစ်ပါးသူတစ်ယောက်ကို သူ ဘယ်လိုများဒူးထောက်အညံ့ခံနိုင်မည်တဲ့လဲ။

Comment

Leave a Reply

Options

not work with dark mode
Reset