ရှင်းနေချေသည်။ ဤကိစ္စ၏နောက်ကွယ်ကဦးဆောင်သူမှာ နေမဝင်အင်ပါယာပင်ဖြစ်သည်။
သို့သော် ယဲ့ချိုးပိုင် မထင်မှတ်ထားသည့်အရာမှာ နေမဝင်အင်ပါယာသည် တောင်ပိုင်းနယ်မြေနှင့် အမှန်တကယ်ပူးပေါင်းထားခြင်းပင်။
ထိုအထဲမှာ ဖန်ကျင်းယောင်က အဆင့်နှစ်ဆယ့်ခုနစ်နေရာတွင်ရှိသည်။
၎င်းတို့အနက် ထျန်းယွမ်မင်းဆက်၏ဆဋ္ဌမမင်းသားက ပြုံးလျက်ပြောလာလေသည်။
“ယဲ့ချိုးပိုင်.. မင်းနဲ့ငါ့ကြားမှာ အာဃာတမရှိဘူးဆိုပေမဲ့ မင်းနဲ့ နေမဝင်အင်ပါယာကြားကပဋိပက္ခလည်း ဖြေရှင်းရဦးမယ်မဟုတ်လား”
နေမဝင်အင်ပါယာသည် အလွန်အစွမ်းထက်လှသောကြောင့် ထျန်းယွမ်မင်းဆက်အနေနှင့် သူတို့ကိုအာမခံရဲချေ။
အမြီးလေးကုပ်ပြီး အသနားခံတောင်းပန်ရုံသာတတ်နိုင်သည်။
ယဲ့ချိုးပိုင်သည် ဤမြင်ကွင်းကို အေးစက်စွာကြည့်နေခဲ့သည်။ ရှင်းနေချေသည်။ တစ်စုံတစ်ယောက်က သူ့ကိုသတင်းပေးလိုက်ခြင်းပင်။
ထိုသူမှာ ဘယ်သူလဲ။
များများစားစားတွေးနေစရာမလိုပေ။
ပထမအကြီးအကဲပင် ဖြစ်ပေလိမ့်မည်။
လက်ရှိ ဤနေရာတွင်ရှိနေသူများကြားတွင် သူသည်သာ သံသယဖြစ်စရာအကောင်းဆုံးပင်။
သို့သော် ဤသည်မှာ သိပ်အရေးမကြီးလှ။ သူတို့သည် ကမ္ဘာ့ရန်သူများသာဖြစ်၏။
သူသေကိုယ်သေတိုက်ခိုက်ရမည့်လူများပင်။
ယဲ့ချိုးပိုင်သည် ထိုမြင်ကွင်းကို အေးစက်စွာစိုက်ကြည့်နေခဲ့သည်။ မှော်နက်မိစ္ဆာဓားသွားကို သူ့သိုလှောင်ရေးလက်စွပ်ထဲမှ ထုတ်ယူထားပြီးဖြစ်သည်။
ဓားသိုင်းစျာန်အဘိညာဉ်များလည်း မြင့်တက်လာသည်။
ယဲ့ချိုးပိုင်သည် ထိုကဲ့သို့သောလူအုပ်စုကြီးရှေ့တွင် သတိလက်လွတ်မနေနိုင်ပေ။
ဖန်ကျင်းယောင်သည် ထိုဓားသိုင်းစျာန်အဘိညာဉ်ကို ခံစားမိလိုက်လေရာ သက်ပြင်းချလိုက်သည်။
“အိမ်ရှေ့စံမင်းသားကအရမ်းကြောက်နေတာ အံ့သြစရာတော့မရှိပါဘူး။ ဒီလိုစွမ်းရည်မျိုးက တကယ်ကြောက်စရာကောင်းတယ်”
ဤအရွယ်မျှဖြင့် သူ့ဓားသိုင်းစျာန်အဘိညာဉ်သည် ကြီးမြတ်သောဓားသမားအဆင့်သို့တိုင် ရောက်ရှိနေပြီဖြစ်၏။
သူ့အဆင့်သည်လည်း ပင်လယ်ရေလှိုင်းအဆင့်ကို ရောက်ရှိနေချေပြီ။
ထိုသို့သောအရည်အချင်းများဖြင့်သာဆိုလျှင် သူသည် ကျင့်ကြံရေးလမ်းစဉ်တစ်ဝက်မှာ မသေဆုံးသရွေ့ အနာဂတ်တွင် ဤတိုက်ကြီးတစ်ခွင်၌ ထိပ်ဆုံးနေရာတွင်ရပ်တည်နိုင်လိမ့်မည်သာ။
“သူ့ကို အလယ်ပိုင်းကပါရမီရှင်တွေပဲ ယှဉ်နိုင်စွမ်းရှိမှာစိုးမိတယ်”
“မင်းက နေမဝင်အင်ပါယာကိုကြောက်နေပေမဲ့ ငါလက်စားချေမှာကိုလည်း စိုးရိမ်နေတယ်ပေါ့”
ရန်ငြိုးရှိလျှင် လက်စားချေရမည်။ ကိုယ့်အပေါ်ကြင်နာပေးသူကိုတော့ ဆယ်ဆပြန်ဆပ်ရမည်။
ဤသည်မှာ ယဲ့ချိုးပိုင်၏စည်းမျဉ်းဖြစ်သည်။
ထျန်းယွမ်မင်းဆက်တွင် ယခုလိုသဘောထားမျိုးရှိနေသည်ဖြစ်ရာ ယဲ့ချိုးပိုင်ဘက်ကလည်း အနာဂတ်တွင် ထျန်းယွမ်မင်းဆက်၏နန်းတော်ထဲသို့ ချဉ်းနင်းဝင်ရောက်ရပေလိမ့်မည်။
ဆဋ္ဌမမင်းသားက ပြုံးပြီးခေါင်းယမ်းပြသည်။
“မင်းရဲ့စကားတွေက ခြိမ်းခြောက်နေသလိုမျိုးဖြစ်နေပြီး မင်းမှာ ဒီလိုပြောပိုင်ခွင့်မျိုး မရှိဘူးဆိုပေမဲ့…”
ထိုအချိန်တွင် ဆဋ္ဌမမင်းသား၏မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု လင်းလက်လာပြီး သူ့အမူအရာကလည်း ရုတ်ခြည်းအေးစက်သွားလေသည်။ သူ့လေသံကနိမ့်သော်ငြား သူ့အသံကမူ အလွန်ကျယ်လောင်လှသည်။
“ကျင့်ကြံရေးလမ်းစဉ်တစ်ဝက်မှာသေရတော့မဲ့ ပါရမီရှင်တစ်ယောက်ကို ဘာများကြောက်နေစရာလိုလို့လဲ”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလိုက်ပြီး တခြားဘာမှပြန်မပြောချေ။
အလွန်အကျွံပြောဆိုနေစရာအကြောင်းမရှိပေ။
ယခုလိုဖြစ်ပျက်လာပြီဆိုမှတော့ သဘာဝကျကျပင် သူတို့ဟာ သေသည်အထိ တိုက်ပွဲဝင်ကြရလိမ့်မည်။
ကြောက်ခမန်းလိလိချီစွမ်းအင်များသည် ကြောက်ခမန်းလိလိဓားသိုင်းစျာန်အဘိညာဉ်အဖြစ်သို့ပြောင်းလဲကာ ဆဋ္ဌမမင်းသားဆီသို့အပြေးသွားလေသည် ။
ဓားကဲ့သို့ ထက်ရှလှပေသည်။
အကန့်အသတ်လည်းမရှိချေ။
ဆဋ္ဌမမင်းသား၏ကျင့်ကြံမှုမှာ ထူးချွန်နေခြင်းမျိုးမဟုတ်ပေ။ ထိုအရာကိုမြင်သောအခါ သူ့အမူအရာက နည်းနည်းပြောင်းလဲသွားသည်။
ထိုအချိန်တွင် နေမဝင်အင်ပါယာအစောင့်အကြပ်တစ်ယောက်က မတ်တတ်ထရပ်ပြီး ဓားသိုင်းစျာန်အဘိညာဉ်ကိုပိတ်ဆို့ရန်အတွက် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
“မင်း ဒီနေ့တော့ လွတ်နိုင်မှာမဟုတ်တော့ဘူး”
“မင်း အချိန်ဆွဲချင်နေတာဆိုရင်တော့ မဖြစ်နိုင်ဘူး။ ဒီနေရာမှာ သတင်းအချက်အလက်ဖြန့်ဝေခွင့်ကို ချိတ်ပိတ်ထားလိုက်ပြီ။ လျှို့ဝှက်တာအိုကျောင်းတော်က ဘာသတင်းမှရမှာမဟုတ်ဘူး”
ယဲ့ချိုးပိုင်သည် ထိုလူ့အပေါ် အထင်အမြင်ကောင်းတစ်ခုရှိသည်။
ထိူလူသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်၌အဆင့်နှစ်ဆယ့်ကိုးရှိသော ထျန်းရွှမ်ဖြစ်သည်။
သူ့လက်နက်သည် အသွားနှစ်ဖက်ဧရာမပုဆိန်ကြီးဖြစ်သည်။
ထိုအချိန်တွင် ထျန်းရွှမ်၏ခန္ဓာကိုယ်သည် နေရာမှပျောက်ကွယ်သွားပြီး ယဲ့ချိုးပိုင်အနားသို့ ရောက်ချလာသည်။
သူသည် ယဲ့ချိုးပိုင်ကိုဖမ်းရန် လက်ကိုဆန့်ထုတ်လိုက်သည်။
သို့သော် ယဲ့ချိုးပိုင်က နောက်ဆုတ်လိုက်သည်။
သို့သော်ငြား တစ်ဖက်လူသည် ချန်းယွမ်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်နေလေရာ ယဲ့ချိုးပိုင်အား ကူကယ်ရာမဲ့စေသည်။
ထျန်းရွှမ်၏လက်က ယဲ့ချိုးပိုင်၏ပခုံးပေါ်ကို ရောက်သွားသောအခါ ငွေရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။
ထျန်းရွှမ်၏မျက်လုံးထဲတွင် ထိတ်လန့်မှုများပြည့်နှက်သွားချေသည်။ သူကမန်းကတန်း နောက်ပြန်ဆုတ်လိုက်သော်လည်း အချိန်နှောင်းသွားလေသည်။ သူ့လက်နှစ်ချောင်း အဖြတ်ခံလိုက်ရသည် ။
“ဘယ်သူလဲ”
ထိုအချိန်မှာပင် ယဲ့မိသားစု၏ဘိုးဘေးသည် ယဲ့ချိုးပိုင်၏ရှေ့တွင် ရပ်နေချေသည်။
ယဲ့ချိုးပိုင်လည်း အံ့သြသွားရသည်။
ဤအခိုက်အတန့်တွင် ဘိုးဘေးက သူ့ရှေ့မှာမားမားမတ်မတ်ရပ်တည်ပြီး ကူညီပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော် ဘိုးဘေး၏ခွန်အားသည် ချန်းယွမ်အဆင့်သို့ မရောက်သေးပေ။ သူသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်အထွတ်အထိပ်တွင်သာ ရှိသေးသော်လည်း ချန်းယွမ်အဆင့်ကျွမ်းကျင်သူကို ထိခိုက်စေနိုင်ခဲ့သတဲ့လား။ ဒါက ဘယ်လိုဖြစ်ရလေသလဲ။
ဘိုးဘေး၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေ၏။
ထျန်းရွှမ်က ထိုမြင်ကွင်းကိုကြည့်ပြီး ကြည့်ရဆိုးလှသောအမူအရာဖြင့် ပြောလိုက်လေသည်။
“လျှို့ဝှက်နည်းပညာကို သုံးလိုက်တာလား”
ဘိုးဘေးကလည်း ဂရုမစိုက်ဟန်ဖြင့်ပြန်ပြောသည်။
“ငါက ဘိုးဘေးတွေဆီကတန်ခိုးကို ချေးယူလိုက်ရုံပဲ”
ကြီးမြတ်သောမျိုးနွယ်စုလေးခုထဲက တစ်ခုအနေဖြင့် ယဲ့မျိုးနွယ်သည် သဘာဝကျကျပင် ဝှက်ဖဲတစ်ခုရှိလေသည်။
ယဲ့မိသားစု၏ဘိုးဘေးသည် သူ၏ဘိုးဘေးများဆီမှ ခွန်အားငှားရမ်းခြင်းဖြင့် အချိန်တိုအတွင်း ချန်းယွမ်အဆင့်သို့ ရောက်ရှိနိုင်လေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အကြီးအကဲချုပ်၏မျက်လုံးထဲတွင် မကျေမချမ်းဖြစ်မှုအရိပ်အယောင်များ ပေါ်ပေါက်လာသည်။
ယဲ့ချိုးပိုင် လွတ်မြောက်သွားပြီးကတည်းက အံ့အားသင့်စရာကောင်းသော အရည်အချင်းများကို ပြသခဲ့သည်။
ဘိုးဘေးကလည်း ယဲ့ချိုးပိုင်အပေါ် စိတ်ယိုင်နေလေပြီ။
ယဲ့မိသားစု၏ဘိုးဘေးသည် မီးလောင်ရာလေပင့်ခြင်း၏သဘောသဘာဝကို သဘာဝကျကျပင် နားလည်လေသည်။
သူသည် ယဲ့ချိုးပိုင်ဘက်တွင် ရပ်တည်ရန်ရွေးချယ်ထားပြီးဖြစ်သောကြောင့် ယဲ့ချိုးပိုင်အပေါ် အလောင်းအစားတစ်ခုပြုလုပ်ရတော့မည်ဖြစ်၏။
အကယ်၍သာ သူအောင်မြင်ခဲ့ပါက ရှေးတုန်းကဘိုးဘေးဘီဘင်များပင် မစွမ်းဆောင်နိုင်ခဲ့သောအမြင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
သူ မအောင်မြင်ခဲ့လျှင်မူ နောက်ဆက်တွဲဆိုးကျိုးကို ခံစားရမည်ဖြစ်၏။
ပျက်သုဉ်းခြင်းပေတည်း။
ဆဋ္ဌမမင်းသားသည် ထိုမြင်ကွင်းကိုကြည့်ကာ သြရှရှအသံဖြင့်မေးလိုက်၏။
“စီနီယာ..ယဲ့မိသားစုသုတ်သင်ခံရမှာကို မကြောက်ဘူးလား’
ဘိုးဘေးကလည်း နှာမှုတ်လျက်ပြန်ပြောလိုက်သည်။
“မဟုတ်လည်း မင်းတို့အဲ့လိုလုပ်ပြီးနေပြီဆိုတော့ တခြားဘာမှပြောစရာမလိုတော့ဘူး”
ဖန်ကျင်းယောင်က ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာလေသည်။
“ဒါဆိုရင် ယဲ့မိသားစုကို တောင်ပိုင်းနယ်မြေကနေဖယ်ရှားပစ်တာပေါ့”
ထိုသို့ပြောပြီး ဖန်ကျင်းယောင်သည် ယဲ့မိသားစုဘိုးဘေးဆီသို့ ပြေးသွားလေသည်။
ဘိုးဘေးသည် မျက်လုံးများမှေးကျဉ်းလိုက်မိသည် ။
သူသည် ချန်းယွမ်အဆင့်ခွန်အားကို ယာယီရရှိခဲ့သော်လည်း လက်တွေ့တွင်မူ သူနှင့် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ပေါ်ရှိ ပညာရှင်များကြားတွင် ကွာဟချက်ရှိနေဆဲပင်။
မတိုင်မီကလည်း ထျန်းရွှမ်၏လက်ချောင်းကို ဖြတ်တောက်နိုင်ခဲ့ခြင်းမှာလည်း တစ်ဖက်လူက သတိလက်လွတ်ဖြစ်နေသောကြောင့်သာဖြစ်၏။
ယခု ဖန်ကျင်းယောင်၏တိုက်ခိုက်မှုသည် ဘိုးဘေးအပေါ် လွှမ်းမိုးနိုင်စွမ်းအားကြီးလှလေသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်၏အမူအရာမှာ မည်းမှောင်သွားရလေသည်။
ထို့အပြင် ဤနေရာကို အတားအဆီးများဖြင့်ပိတ်ဆို့ထားသည်။ လျှို့ဝှက်တာအိုကျောင်းတော်မှပေးထားသော ဆက်သွယ်ရေးကျောက်စိမ်းချောင်းဖြင့်လည်း ဤနေရာတွင် သတင်းမဖြန့်နိုင်ပေ။
ထိုအခိုက်အတန့်တွင် ဆဋ္ဌမမင်းသားသည် လက်ကိုဝှေ့ယမ်းလိုက်လေရာ တော်ဝင်နန်းတော်၏အစောင့်များကလည်း လှုပ်ရှားလာလေ၏။
သူတို့၏ခွန်အားသည် သံချပ်ကာယန္တရားတပ်လောက် ကြောက်စရာမကောင်းသော်လည်း လျှော့တွက်၍မရပေ။
ဤအခိုက်အတန့်တွင် ထျန်းရွှမ်ကပြောလာ၏။
“ယဲ့ချိုးပိုင်.. ခုခံမနေနဲ့တော့။ မင်းမှာ အနိုင်ရဖို့အခွင့်အရေးမရှိဘူး”
ယဲ့ချိုးပိုင်က ဘာမှပြန်မပြောပေ။ သူ့လက်ထဲရှိဓားဟာ သူ့သဘောထားကိုဖော်ပြသည့်အနေနှင့် တိုက်ခိုက်ရေးစျာန်အဘိညာဉ်များ တဖြည်းဖြည်းမြင့်တက်လာလေသည်။
ထိုအရာကိုမြင်သော် ထျန်းရွှမ်လည်း ထိတ်လန့်သွားသည်။ ထို့နောက်မှာမူ သနားဖို့ကောင်းလှသည်ဟု ခံစားလိုက်ရသည်။
ယခုလိုစိုးရိမ်စရာကောင်းသောအခြေအနေအောက်မှာ သူ့လို နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ပေါ်တွင် ရှိနေသူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် ကြောက်ရွံ့ခြင်းအလျင်းမရှိဘဲ တိုက်ခိုက်ချင်စိတ်ရှိနေဆဲပင်။
ထိုကဲ့သို့ရဲစွမ်းသတ္တိနှင့်စွမ်းရည်မျိုးဖြင့်သာဆိုလျှင် လမ်းစဉ်တစ်ဝက်မှာ သူ မသေဆုံးခဲ့လျှင် တိုက်ကြီးတစ်ခွင် သူ့နာမည်ကို မသိသူမရှိလောက်အောင် ကျော်ကြားလာပေလိမ့်မည်။
ကံမကောင်းစွာပင် သူတို့က တစ်လှေတည်းစီးသူများမဟုတ်ကြချေ။
ထိုအကြောင်းကိုတွေးရင်း ထျန်းရွှမ်လှုပ်ရှားလိုက်သည် ။
သူ့လက်ထဲမှာလည်း အသွားနှစ်ဖက်ပုဆိန်ကိုကိုင်ထားပြီး လေထဲကို ရုတ်ခြည်းဆန်တက်သွားလိုက်သည်။
ထျန်းရွှမ်၏ပုံရိပ်သည် ယဲ့ချိုးပိုင်ဆီသို့ ပြေးသွားစဉ်မှာပင် လေထုထဲတွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူ့လက်ထဲမှပုဆိန်ကြီးဖြင့် ယဲ့ချိုးပိုင်ကို ခုတ်ချလိုက်သည်။
ပုဆိန်ဖြင့်ခုတ်လိုက်သည့်နေရာတိုင်း လေထုတစ်ခုလုံး ကွဲအက်သွားပုံပင်။
ယဲ့ချိုးပိုင်သည် သူ့အပေါ်သို့ ပုဆိန်မရောက်လာခင်ကတည်းကပင် ရပ်တန့်ရန်မစွမ်းသာသောစွမ်းအားတစ်ရပ်ကို ခံစားလိုက်ရပြီးဖြစ်၏။
ဤသည်မှာ ကျင့်ကြံရေးအဆင့်ဖြင့် လုံးဝဖိနှိပ်ထားခြင်းပင်။
ချန်းယွမ်အဆင့်နှင့် ပင်လယ်ရေလှိုင်းအဆင့်ကြားရှိကွာခြားချက်မှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်နှင့် ပင်လယ်ရေလှိုင်းအဆင့်ကြားရှိကွာခြားချက်နှင့် မတူချေ။
ကွာဟချက်ကြီးမှာ အလွန်ကြီးမားလှသည်။
လူသားများဖြတ်ကျော်၍ရနိုင်သောအရာလည်း မဟုတ်ချေ။
ထို့အပြင် ထျန်းရွှမ်သည် သာမန်ချန်းယွမ်အဆင့်မဟုတ်ပေ။
သူသည် နယ်မြေလေးခု၏အဆင့်သတ်မှတ်ချက်ပေါ်တွင်ရှိနေသောပညာရှင်တစ်ဦးဖြစ်သည်။
ထိုအချိန်မှာ ယဲ့ချိုးပိုင်ကမူ လုံးဝမကြောက်ပေ။
သူသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ပေါ်ရှိပညာရှင်များနှင့် ခွန်အားအရာ၌ မည်မျှဝေးကွာနေသေးသလဲဆိုသည်ကို သိချင်မိသည်။
သူ့လက်ထဲက မှော်နက်မိစ္ဆာဓားသွားကို လွှဲယမ်းလိုက်သည်။
မိစ္ဆာချီစွမ်းအင်များ လိပ်တက်လာပြီး ဓားသိုင်းစျာန်အဘိညာဉ်လည်း ထွက်ပေါ်လာ၏။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ ဆဋ္ဌမသိုင်းကွက်ပေတည်း။