ထိုနေ့က လုချန်ရှန်းသည် ယဲ့ချိုးပိုင်ချက်ထားသောဟင်းလျာများကို စားသောက်နေသည်။ သူ့အနားတွင် ချင်းထျန်းနျန်လည်း ထိုင်နေ၏။
“ဦးလေးချင်း ခင်ဗျား ဘာလို့ ဒီကိုထပ်ရောက်လာတာလဲ”
ချင်းထျန်းနျန်မှာ လုချန်ရှန်း၏အားကိုးရာမဲ့နေသောမျက်နှာထားကို ကြည့်ပြီး ပြောလိုက်သည်။
“ကောင်စုတ်လေး.. မင်း ဘယ်လိုပြောထွက်တာလဲကွ။ ငါ့မှာ ကျောင်းတော်ရဲ့ကိစ္စဝိစ္စတွေအကုန် လုပ်ပြီးသွားလို့ မင်းဆီကိုလာပြီး တစ်ခွက်တစ်ဖလားလာသောက်တာ သောက်လို့မရဘူးလား ”
“စိတ်မပူပါနဲ့။ ငါက မင်းအတွက် တပည့်ခေါ်လာပေးတာမဟုတ်ပါဘူး”
လုချန်ရှန်းသည် နိဗ္ဗာန်ဘုံအဆင့်၌ရှိနေဆဲဖြစ်သောဟုန်ရင်ကို ကြည့်လိုက်သည်။
“ဘာလို့မပြီးသေးတာလဲ။ ရုတ်တရက်ကြီး ငါးစွပ်ပြုတ်သောက်ချင်လာသလိုခံစားရတယ်။ ဟုန်ရင်ရဲ့စွပ်ပြုတ်က ချိုးပိုင်ထက် ပိုကောင်းတယ်။ သူ့ကို ဘာလို့မနှိုးရတာလဲ”
ဘေးမှာရှိနေသည့် ယွင်မင်မှာ မူးလဲလုနီးပါးပင်။
“စီနီယာ… စီနီယာ မလုပ်ပါနဲ့။ ဒါက နိဗ္ဗာန်ဘုံအဆင့်ပါ။ ဒီကိစ္စလေးက သူ့ကို အတင်းနှိုးဖို့အထိ မထိုက်တန်ဘူး။ နောက်ပြီး တုံ့ပြန်မှုလည်းရှိနိုင်တယ်”
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကတည်းက ယွင်မင်သည် လုချန်ရှန်း၏စွမ်းရည်ကို သံသယမရှိတော့ပေ။
သို့သော်… လုချန်ရှန်းက ကျင့်ကြံမှုအကြောင်း သိပ်မသိဟု သူ ဘာလို့ခံစားနေမိသလဲ။
ချင်းထျန်းနျန်မှာ မျက်ဆံမလည်ဘဲမနေနိုင်ချေ။
လုချန်ရှန်း၏နှလုံးသားမဲ့မှုကို သူ အထူးအဆန်းလုပ်မနေတော့ပေ။
ထိုအချိန်မှာပင် ယဲ့ချိုးပိုင်ပြန်ရောက်လာသည်။
တောင်ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းတစ်ခုအနေဖြင့် လျှို့ဝှက်တာအိုကျောင်းတော်တွင် အထူးပြိုင်ပွဲကွင်းပြင်များစွာရှိသည်။
ဥပမာအားဖြင့် ဓားသိုင်းခန်းမတွင် ဓားသိုင်းလမ်းစဉ်ကို ပြုစုပျိုးထောင်ရန်အတွက် နေရာတစ်ခုရှိသည်။
ဓားသွားချီစွမ်းအင်က ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်အောင် သင်ယူနိုင်သောနေရာတစ်ခုလည်းရှိသည်။
ယဲ့ချိုးပိုင်သည် ဤရက်များတွင် ထိုနေရာ၌ ကျင့်ကြံအားထုတ်နေခဲ့ခြင်းပင်။
ယခုဆိုလျှင် သူ့ခန္ဓာကိုယ်ရှိဓားသွားချီစွမ်းအင်သည် ပို၍ပင်သန့်စင်လာခဲ့သည်။
“ချိုးပိုင် ပြန်ရောက်ပြီလား”
ချင်းထျန်းနျန်က လှမ်းကြည့်လိုက်သည်။ လုချန်ရှန်းလည်း တစ်ခုခုတော့မှားနေပြီဆိုသည်ကို သိလိုက်သည်။
ယဲ့ချိုးပိုင်က အရှေ့ကိုလျှောက်လာပြီး လုချန်ရှန်းကိုဦးညွှတ်လိုက်သည်။ ထို့နောက် သူက ချင်းထျန်းနျန်ကိုကြည့်ကာ မေးလိုက်သည်။
“ခေါင်းဆောင် ဘာကိစ္စရှိလို့လဲ”
ချင်းထျန်းနျန်က ပြုံးလျက်ပြန်ပြောသည်။
“တကယ်တော့ ထွေထွေထူးထူးမဟုတ်ပါဘူး။ ငါတို့ကျောင်းတော်ရဲ့ဖလှယ်ပွဲမှာ မင်း ပထမနေရာရခဲ့တယ်မဟုတ်လား”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလိုက်သည်။
ချင်းထျန်းနျန်က ဆက်ပြောသည်။
“ဖလှယ်ပွဲပြီးသွားတိုင်း နယ်မြေလေးခုရဲ့လျှို့ဝှက်တာအိုကျောင်းတော်တွေက သူတို့လူတစ်ယောက်ကို ပင်မကျောင်းတော်ဆီကိုလွှတ်ပြီး အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ သိုင်းပညာကျင့်ကြံခိုင်းခွင့်ရှိတယ်။ အဲ့ဒီလူက ဖလှယ်ပွဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလူဖြစ်ရမှာ”
“ဟုတ်တာပေါ့။ ပင်မကျောင်းတော်မှာရှိတဲ့ အရင်းအမြစ်တွေက ငါတို့ထက်အများကြီးပိုကောင်းတယ်။ အဲဒီမှာ အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ ပြုစုပျိုးထောင်တာက မင်းရဲ့ဓားသိုင်းတာအိုကျင့်ကြံရေးအတွက် အကျိုးရှိတယ်”
လျှို့ဝှက်တာအိုကျောင်းတော်၏ ပင်မကျောင်းတော်သည် ပြည်မကြီး၏အလယ်ပိုင်းဒေသတွင်တည်ရှိပြီး သိုင်းပညာအထွန်းကားဆုံးနေရာလည်းဖြစ်သည်။
အတိအကျပြောရလျှင် အလယ်ပိုင်းနယ်မြေကို ဒေသတစ်ခုဟု မဆိုနိုင်ချေ။
သို့သော်လည်း နယ်မြေလေးခု၏ဗဟိုချက်တွင် မရေမတွက်နိုင်သောဂိုဏ်းဂဏများနှင့် မင်းမျိုးမင်းနွယ်များရှိသည်။
သိုင်းပညာကလည်း အလွန်အမင်းထွန်းကားသည်။
ထို့ကြောင့် အလယ်ပိုင်းဒေသဟုခေါ်ဆိုလေသည်။
ထိုအချက်ကြောင့်လည်း တိုက်ကြီးမှာ ဒေသလေးခုသာရှိသည်ဟု လူအများက ပြောလေ့ရှိကြခြင်းပင်။
ယဲ့ချိုးပိုင်ခမျာ နှလုံးခုန်သံ စည်းချက်တစ်ချက်လွဲသွားရသည်။
ယခုအချိန် သူလိုနေသောအရာမှာ အရင်းအမြစ်များမဟုတ်သော်လည်း အစစ်အမှန်ဆန်သောတိုက်ပွဲများပင်။
စစ်မှန်သောတိုက်ပွဲကိုအသုံးပြု၍သာ သူ၏ စိတ်နှလုံးအတွင်းရှိ သိနားလည်မှုများကို ဆန်းစစ်နိုင်ပေမည်။
ထို့နောက် သူသည် လုချန်ရှန်းကိုကြည့်ကာ သူ့ထင်မြင်ချက်ကိုရှင်းရှင်းလင်းလင်းမေးလိုက်သည်။
ဝါးကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော လုချန်ရှန်းကလည်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“မင်းသွားချင်ရင် သွားလေ”
ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်သည်။
ချင်းထျန်းနျန်က ထိုမြင်ကွင်းကိုမြင်တော့ ခပ်ပြုံးပြုံးဖြင့်မတ်တတ်ထရပ်လိုက်သည်။
“ဒါဆို သုံးရက်အတွင်း ငါ့ကိုလာရှာနော်။ မင်းရဲ့ မိသားစုကိစ္စတွေကို အရင် ဂရုစိုက်လိုက်ပါဦး”
ထို့နောက် ချင်းထျန်းနျန်ထွက်ခွာသွားလေသည်။ သူ ထွက်မသွားခင်မှာ လုချန်ရှန်းထံမှ ဝိုင်ပုလင်းအနည်းငယ်ကိုလည်း ယူသွားသေးသည်။
လုချန်ရှန်းခမျာ ဆွံ့အသွားရသည်။
ချင်းထျန်းနျန်၏စကားကြောင့် ယဲ့ချိုးပိုင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
မိသားစုကိစ္စတွေတဲ့လား။
ယဲ့မိသားစုမှာ တစ်ခုခုဖြစ်နေလေသလား။
ထိုကိစ္စကိုတွေးကြည့်ပြီးနောက် ယဲ့ချိုးပိုင်သည် လုချန်ရှန်းကိုနှုတ်ဆက်ပြီး ထျန်းယွမ်မြို့ကို အပြေးသွားလေသည်။
ဟုန်ရင်၏ညွှန်ကြားချက်အရ ယဲ့ချိုးပိုင်ထွက်သွားပြီးနောက်မှာ ယွင်မင်လည်း အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
ဤအချိန်တွင် ထျန်းယွမ်မြို့သည် အလွန်ဖိနှိပ်ခံထားရပုံပေါ်သည်။
ယခင်က လမ်းပေါ်တွင် မရေမတွက်နိုင်သောဈေးဆိုင်များရှိခဲ့သည်။ အလွန်စည်ကားအသက်ဝင်လှသည်။
ယခုမူ သစ်ရွက်အမှိုက်များက နေရာအနှံ့ လွင့်မျောနေခဲ့သည်။
ယဲ့ချိုးပိုင်မှာ လမ်းဘေးမှဖြတ်လာရင်း ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူ့စိတ်ထဲ ထိတ်ခနဲဖြစ်သွားရသည်။
သူ့စိတ်ထဲတွင် ဆိုးရွားသောခံစားချက်တစ်ခုက ပိုမိုပြင်းထန်လာသည်။
သူ့ခြေလှမ်းအရှိန်အဟုန်က ပိုမြန်လာသည်။
ယဲ့မိသားစုဆီသို့မရောက်ခင်မှာ အဝင်ဝ၌စောင့်ကြပ်နေသော မရေမတွက်နိုင်သည့်အင်ပါယာအစောင့်များကို တွေ့ခဲ့ရသည်။
ယဲ့ချိုးပိုင်၏အမူအရာ သုန်မှုန်သွားရသည် ။ သူသည် သူ၏ကျင့်ကြံရေးနည်းဗျူဟာကိုထုတ်လွှတ်လိုက်မိပြီး မသိလိုက်မသိဘာသာပင် ဝင်သွားခဲ့သည်။
ထိုအချိန်တွင် ယဲ့မိသားစု၏ဘိုးဘေးများသည် အစည်းအဝေးခန်းမ၏ထိပ်နားတွင် ထိုင်နေကြသည်။
သူတို့အထဲတွင် ပထမအကြီးအကဲက ပြောလာသည်။
“ဘိုးဘေး.. ယဲ့ချင်းက ဘယ်သွားတာလဲ”
တတိယအကြီးအကဲကလည်း ဝင်ပြောသည်။
“အခု ထျန်းယွမ်မင်းဆက်က ယဲ့ချင်းကို သူတို့ဆီလက်လွှဲခိုင်းနေပြီ။ ငါတို့သာ သူ့ကိုမအပ်ရင် အင်ပါယာအစောင့်တွေက ငါတို့ယဲ့မိသားစုကို ပြားပြားဝပ်သွားအောင် ဖျက်ဆီးလိမ့်မယ်”
“အဲဒီအချိန်ကျရင် ငါတို့ရဲ့ယဲ့မိသားစုလည်း ပျောက်ကွယ်ရတော့မှာ”
ယဲ့မိသားစုဘိုးဘေး၏မျက်နှာမှာ မည်းမှောင်သွားပြီး ဘာမှ ပြန်မဖြေချေ။ သူ ဘာတွေးနေသလဲ ဘယ်သူမှမသိနိုင်ချေ။
သူသည် ရုတ်တရက် အနောက်ကိုလှမ်းကြည့်လိုက်သည်။
“ဘယ်သူလဲ”
ဤသို့ဖြင့် သူသည် လက်ဝါးထုတ်ကာ တိုက်ခိုက်လိုက်ချင်သော်လည်း ယဲ့ချိုးပိုင်၏ပုံရိပ်က ပေါ်လာလေသည်။
“ကျွန်တော့်အဖေ ဘယ်သွားတာလဲ”
ထိုအခြင်းအရာကိုမြင်သော် ယဲ့မိသားစုရဲ့ဘိုးဘေးက သူ့လက်ဖဝါးကိုပြန်ရုပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ယဲ့ချိုးပိုင် မင်းတော်တော်သတ္တိရှိတာပဲ။ ငါမင်းကိုသတ်မှာကို မကြောက်ဘူးလား”
ယဲ့ချိုးပိုင်က ဂရုမစိုက်ဟန်ဖြင့်ပြောလာသည်။
“ခင်ဗျား ကျွန်တော့်ကို မသတ်နိုင်ပါဘူး”
ထိုစကားကိုကြားသောအခါ ယဲ့မိသားစု၏ဘိုးဘေးက မှင်တက်သွားရရှာသည်။
အမှန်ပင်။ ယခင်ကပင် ယဲ့ချိုးပိုင်သည် အလွန်ကြောက်စရာကောင်းလှသော အရှိန်အဝါမျိုးရှိသည့် အမည်မသိဓားတစ်လက်ဖြင့် လွတ်မြောက်သွားခဲ့သည်။
ယခုမူ ယဲ့ချိုးပိုင်၏ကျင့်ကြံရေးအဆင့်က ပိုမြင့်လာသည်ဖြစ်ရာ သူ့အတွက် လွတ်မြောက်ဖို့မခက်ခဲလှပေ။
ယဲ့မိသားစုရဲ့ဘိုးဘေးမှာ အသက်ပြင်းပြင်းရှူရှိုက်ပြီး လူတိုင်းကိုပြောလိုက်သည်။
“မင်းတို့ အရင်ထွက်သွားလို့ရပြီ”
အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ပထမအကြီးအကဲက ထွက်မသွားခင်မှာ မကျေမနပ်ဖြစ်နေဟန်အမူအရာကို ထင်ထင်ရှားရှား ထုတ်ဖော်ပြသသွားသည်ကို ယဲ့ချိုးပိုင်သတိပြုမိလိုက်သည်။
သို့သော် ယဲ့ချိုးပိုင်က ဂရုမစိုက်ချေ။
သူက ယဲ့မိသားစုဘိုးဘေးကိုကိုကြည့်ပြီး မေးလိုက်သည်။
“ကျွန်တော့်အဖေ ဘယ်ရောက်သွားတာလဲ”
ယဲ့မိသားစုဘိုးဘေးက လက်ဖက်ရည်တစ်ငုံမော့သောက်လိုက်ပြီး ပြောလာသည်။
“သူက အခု တစပြင်မြို့တော်မှာ”
“တစပြင်မြို့တော်လား”
ဘိုးဘေးကလည်း ခေါင်းညိတ်ပြပြီး ဆိုလာသည်။
“သူ့ကို အဲ့ဒီနေရာလွှတ်လိုက်တာ ငါပဲ”
ယဲ့ချိုးပိုင် အနည်းငယ်အံ့သြသွားရသည်။
ဘိုးဘေး၏သဘောအရဆိုလျှင် သူ့ဖခင်ကို မသတ်လျှင်ပင် အကာအကွယ်ပေးမည်တော့မဟုတ်ချေ။
ယဲ့မိသားစု၏ဘိုးဘေးကလည်း ယဲ့ချိုးပိုင်၏အတွေးကို ဖောက်ထွင်းမြင်နေပုံရသည်။ သူက ယဲ့ချိုးပိုင်ကို တစ်ချက်မျှကြည့်လိုက်ပြီးပြောသည်။
‘မင်း ငါ့ကို ကျေးဇူးတင်သင့်တာမဟုတ်ဘူးလား။ မင်းရဲ့အရည်အချင်းတွေက ငါ့ကို စိတ်ပြောင်းစေခဲ့တာပဲ”
ယခင်က သူသည် နောင်အနာဂတ်တွင် ပြဿနာများမဖြစ်ရလေအောင် ယဲ့ချိုးပိုင်ကိုသတ်ပစ်ချင်ခဲ့သည်။
သို့သော် သူသည် ယဲ့ချိုးပိုင်ကို လုံးဝရှင်းထုတ်နိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ယဲ့မိသားစုဘိုးဘေးသည် မဆင်မခြင်မလုပ်ဝံ့ဘဲ ယဲ့ချင်း၏မိသားစုခေါင်းဆောင်ရာထူးကိုသာ ဖယ်ရှားပစ်ခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက သူသည် တစ်ပါးသူများဆီကတစ်ဆင့် ယဲ့ချိုးပိုင်၏စွမ်းဆောင်မှုများကို ကြားသိခဲ့ရသည်။
သူသည် မြောက်ပိုင်းရှိကျန်းချောင်မြန်ကို အနိုင်ယူခဲ့သည်။
သူသည် ဓားသိုင်းစျာန်အဘိညာဉ်ကိုကျွမ်းကျင်ပြီး ဓားသိုင်းပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။
ယဲ့ချိုးပိုင် ရုတ်တရက်တိုးတက်လာရသည့်အကြောင်းအရင်းမှာ သူ့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်သောဆရာသခင်ကြောင့်ပင်။
ဤအရာအားလုံးက ယဲ့မိသားစု၏ဘိုးဘေးကို သူ့အတွေးများကို ပြန်စဉ်းစားဆင်ခြင်စေခဲ့သည်။
သူ ယဲ့ချိုးပိုင်ကို မစော်ကားချင်တော့ချေ။
ထိုသို့မဟုတ်ပါက ယဲ့ချိုးပိုင်ကြီးပြင်းလာလျှင် ယဲ့မိသားစုအနေနှင့် သူ့ဒေါသကို ခံနိုင်ရည်ရှိမှာမဟုတ်ပေ။
ယဲ့ချိုးပိုင်ကလည်း ထိုအခြေခံသဘောတရားများကို သဘာဝကျကျပင် နားလည်သည်။
“ဒါဆို ထျန်းယွမ်မင်းဆက်က ဘာလို့ ကျွန်တော့်အဖေကိုခေါ်သွားချင်ရတာလဲ”
ယဲ့မိသားစုဘိုးဘေး တစ်ခုခုပြန်ပြောတော့မည့်ဆဲဆဲမှာပင် အပြင်ဘက်ဆီမှ ဆင်းသက်လာသော ပြင်းထန်လှသည့်အရှိန်အဝါများပေါ်ထွက်လာသည်။
“ယဲ့ချိုးပိုင်..အစကတော့ မင်းကိုခြိမ်းခြောက်ဖို့ မင်းအဖေကို အသုံးချချင်ခဲ့တာ။ မင်းဘက်က လက်ဦးမှုယူပြီး အရင်ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ငါ ပြဿနာမများတော့ဘူးပေါ့”
ယဲ့ချိုးပိုင် အပြင်ကိုထွက်လာလိုက်ပြီး လေထဲရှိပုံရိပ်များကို ကြည့်လိုက်လေရာ သူ ချက်ချင်းနားလည်သွားသည်။
အသိမိတ်ဆွေဟောင်းအချို့သည် ထျန်းယွမ်မင်းဆက်၏ကျင့်ကြံသူများအနားတွင် ရပ်နေခဲ့သည်။
ထိုအထဲမှာ ထိုစဉ်တုန်းက မြောက်ပိုင်းဒေသတွင်ပေါ်လာခဲ့သည့် နေမဝင်အင်ပါယာကိုခစားသူများလည်းပါလေသည်။