ယွင်မင်သည် လုချန်ရှန်းကို လွန်ခဲ့သောရက်အနည်းငယ်ကတည်းကစောင့်ကြည့်နေခဲ့သည်။
“ဒါ အရှင်မရဲ့ဆရာသခင်လား”
ဤကာလအတွင်း၌ ယွင်မင်သည် လုချန်ရှန်း၏လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်နေခဲ့သည်။
သူသည် ထိုလူ့အကြောင်းကို ပိုသိချင်လာမိသည်။
သို့သော် လုချန်ရှန်းကို ရက်အနည်းငယ်ကြာသည့်တိုင် စောင့်ကြည့်ပြီးနောက် ယွင်မင်သည် တစ်ဖက်လူကိုနားမလည်နိုင်တော့ပေ။
နေ့တိုင်းအိပ်နေပြီး ကျင့်ကြံအားထုတ်မှုကိုလည်း နေ့တိုင်းမလုပ်ချေ။ အိပ်လိုက်ပြီဆိုလျှင်လည်း ပြန်ထလာဖို့ အလွန်ခက်ခဲသည်။ နေ့လည်လောက်မှသာ နိုးလာတော့သည်။
အိပ်ရာထလာပြီးနောက်တွင်လည်း အရှင်မ သို့မဟုတ် ယဲ့ချိုးပိုင်ကို ထမင်းချက်ခိုင်းလိမ့်မည်သာ။
စားသောက်ပြီးစီးသွားသောအခါ နေရောင်လုံလုံလောက်လောက်ရသောနေရာရှိ ဝါးကျောမှီထိုင်ခုံပေါ်တွင် လဲလျောင်းနေတတ်၏။ ထိုင်ခုံဘေးတွင် သစ်သားစားပွဲငယ်တစ်ခုရှိပြီး မှော်ဝင်အသီးအနှံမျိုးစုံရှိပေသည်။
တစ်ရေးနိုးလာပြီးနောက်တွင် ဟင်းရွက်စိုက်ခင်းဟုခေါ်သောနေရာကို ရေလောင်းရန်ထွက်သွားတတ်ပြီး မြေဆီလွှာကို တူးဆွပေးသည်။
ထို့နောက်… ညစာလည်း အဆင်သင့်ဖြစ်နေလေရာ စတင်စားသောက်ပါတော့သည်။
ညစာစားပြီးသောအခါ သူသည် အစာကြေစေရန်အတွက် ကျောင်းတော်ထဲသို့လမ်းလျှောက်သွားသည်။
ထို့နောက် သူ ပြန်အိပ်ပြန်သည်။
တစ်နေ့ပြီးတစ်နေ့ ထိုအတိုင်းသာ သံသရာလည်နေခြင်းပင်။
ယွင်မင် အံ့သြသွားရသည်။ ဤသည်မှာ သူတွေးထားသည်နှင့် လုံးဝမတူချေ။
အရှင်မ၏ဆရာသခင်အနေနှင့် အနည်းဆုံးတော့ ပညာရှိတစ်ယောက်နှယ်အရှိန်အဝါမျိုးရှိသည့် အဘိုးကြီးတစ်ယောက်ဖြစ်နေသင့်သည်မဟုတ်လား..
ထို့ပြင် သူသည် ဆိတ်ကွယ်ရာသို့ မကြာခဏသွားရောက်ပြီး ပြဿနာများကိုဖြေရှင်းကျော်လွှားနေသူဖြစ်ရမည်။
မဟုတ်ပါက သူသည် အံ့မခန်းသိုင်းပညာနှင့် ကျင့်ကြံရေးနည်းဗျူဟာအချို့ကို တီထွင်နေရမည်ဖြစ်၏။
ထိုကဲ့သို့သောပုဂ္ဂိုလ်ကသာလျှင် အရှင်မ၏သခင်ဖြစ်ထိုက်ပေ၏။
သို့သော် လုချန်ရှန်းမှာ ဘယ်လိုပုံစံရှိလေသလဲ။
သူသည် ဘယ်တော့မှကျင့်ကြံအားထုတ်မှုမပြု။ စားလိုက်၊ အိပ်လိုက်၊ ပြန်စားလိုက်နှင့်သာ။ အားလပ်ချိန်များမှာဆိုလျှင် လမ်းလျှောက်ထွက်တတ်ပြီး အပင်များကို ကိုယ်တိုင်ရေလောင်းသည်။
‘ပြီးတော့ တခြားဘာမှမရှိတော့ဘူးလား”
ရှင်းရှင်းလင်းလင်းပြောရလျှင် ဤသည်မှာ ငါးဆားနယ်တစ်ကောင်ပင်မဟုတ်ပါလား။
အစကတော့ ယွင်မင်သည် လုချန်ရှန်း၏ကျင့်ကြံရေးအဆင့်ကို နားမလည်နိုင်ခဲ့ပေ။ လုချန်ရှန်း၏ကျင့်ကြံရေးအဆင့်က သူ့ထက်များစွာမြင့်မားသောကြောင့်ဟုသာ ထင်ခဲ့မိသည်။
သို့သော်လည်း ယခုတွင်မူ ယွင်မင်မှာ လုချန်ရှန်းက သာမန်လူတစ်ယောက်မျှသာဖြစ်သည်ဟု သံသယဖြစ်မိပြန်သည်။
သို့သော် ထိုသို့ဆိုပါက အရှင်မက သူ့ကို ဆရာသခင်အဖြစ် ဘာကြောင့်အသိအမှတ်ပြုခဲ့လေသလဲ။
တစ်နေ့တွင်မူ ယွင်မင်က လုချန်ရှန်းဆီကိုရောက်လာပြီး မေးခွန်းထုတ်လေတော့သည်။
“ခင်ဗျားရဲ့စွမ်းရည်ကဘာလဲ”
စွမ်းရည်တဲ့လား။
လုချန်ရှန်း အံ့အားသင့်သွားရသည်။ သူသည် ခေါင်းငုံ့လျက် မျက်မှောင်ကြုတ်ကာ သေသေချာချာစဉ်းစားကြည့်လိုက်သည်။
“ငါတော့ အဲ့လိုမထင်ဘူး”
ယွင်မင် တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် ချင်းထျန်းနျန်ရောက်ချလာလေသည်။ သူ့နောက်တွင်လည်း မိန်းမငယ်တစ်ဦးပါလာလေသည်။
“ချန်ရှန်း..ငါ မင်းအတွက် မျိုးစေ့ကောင်းလေးတစ်ယောက် ခေါ်လာပေးတယ်”
လုချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
“ဦးလေးချင်း ကျွန်တော်ပြောဖူးပါတယ်။ ကျွန်တော့်တပည့်တွေအပေါ် ဆိုးဝါးတဲ့လွှမ်းမိုးမှုမျိုးမဖြစ်စေချင်ဘူး။ ကျွန်တော့်ကို တပည့်တွေထပ်မရှာပေးပါနဲ့”
ချင်းထျန်းနျန်က လေးနက်ဟန်ဆောင်လိုက်ပြီး ပြောလေသည်။
“ချန်ရှန်း..နှိမ့်ချလွန်းတာကလည်း မောက်မာခြင်းတစ်မျိုးပဲ။ သူက သိပ်အရည်အချင်းရှိတာ။ မင်းသာ သူ့ကိုသင်ပေးလိုက်ရင် ငါ့ရဲ့လျှို့ဝှက်တာအိုကျောင်းတော်မှာ နောက်ထပ်ပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မယ်”
လုချန်ရှန်းက သူ့မျက်နှာကို လက်ဝါးဖြင့်အုပ်ထားပြီး ပြန်ပြောလေသည်။
“ကျွန်တော်က အဲဲဒီကိစ္စတွေကို နားမလည်ဘူးဗျ။ နောက်ပြီးတော့ ကျွန်တော့်မှာ တပည့်နှစ်ယောက်ရှိနေပြီ။ အဲဒီနှစ်ယောက်ကလည်း သိပ်ခေါင်းကိုက်ဖို့ကောင်းတာ။ ကျွန်တော် ဟင်းမချက်တတ်လို့သာမဟုတ်ရင် သူတို့ကို စောစောကတည်းက အဝေးပို့ထားလိုက်ပြီ”
ထိုအချိန်မှာ ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ ရုတ်တရက်ပေါ်လာသည်။ ထိုစကားကိုကြားသောအခါ သူတို့ခမျာဆွံ့အသွားရသည်။
ချင်းထျန်းနျန်ကလည်း ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ ရောက်လာသည်ကိုမြင်သောအခါ သက်ပြင်းချလျက်ပြောလေသည်။
“အိုင်း.. ဦးလေးချင်းက မင်း လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်မှန်းသိပါတယ်။ ကောင်းပြီလေ..ငါ အခုတော့သွားလိုက်ဦးမယ်”
ဤသို့ဖြင့် ချင်းထျန်းနျန်သည် ထိုမိန်းမငယ်လေးနှင့်အတူ ထွက်သွားလေတော့သည်။
ထိုအဖြစ်ကိုမြင်လိုက်ရသောယွင်မင်လည်း အံ့အားသင့်သွားရသည်။
သူ့မှာ အရည်အချင်းသိပ်မရှိတာအသိသာချည်းကို..။ ခေါင်းဆောင်က တပည့်တစ်ယောက်ကိုလက်ခံပေးဖို့ဆိုပြီး ဘာလို့လာတိုက်တွန်းရတာလဲဟ..။
ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ ရှေ့ကိုတိုးလာလေသည်။
“မင်းတို့နှစ်ယောက်က ဘာဖြစ်တာလဲ”
ယဲ့ချိုးပိုင်က ပြောလေသည်။
“ဆရာ အာဒိကပ္ပဓားသိုင်းကျမ်းနဲ့ပတ်သကိပြီး နားမလည်တဲ့နေရာတချို့ရှိလို့ပါ”
ထိုစကားကိုကြားသော် လုချန်ရှန်းက ခွန်းတုံ့ပြန်လိုက်သည်။
“ဆက်ပြော”
ယဲ့ချိုးပိုင် မေးခွန်းထုတ်လိုက်ပြီးနောက်မှာ လုချန်ရှန်းက အထင်အမြင်သေးဟန်ဖြင့်ပြောလာလေသည်။
“မင်း ဘာလို့ဒီလောက်တစ်ယူသန်နေတာလဲ။ အဲ့ဒါကို တခြားရှုထောင့်ကနေစဉ်းစားကြည့်”
ထို့နောက် လုချန်ရှန်းက ယဲ့ချိုးပိုင်ကို အကြံဉာဏ်တစ်ခုပေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ အာဒိကပ္ပဓားသိုင်းကျမ်းသည် သူ့လက်မှဆင်းသက်လာခဲ့ခြင်းပင်။
လုချန်ရှန်းက ၎င်းကို ကောင်းကောင်းနားလည်နေသည်မှာ သဘာဝကျပေသည်။
ခဏအကြာတွင် ယဲ့ချိုးပိုင်၏အရှိန်အဝါများ ရုတ်တရက်ထွက်ပေါ်လာလေသည်။
တိမ်တိုက်များထိတိုင် ဆန်တက်သွား၏။
ဓားသိုင်းစျာန်အဘိညာဉ်များလည်း မြင့်တက်လာ၏။
ဤအခိုက်အတန့်တွင် သူ့အဆင့်သည်လည်း ပင်လယ်ရေလှိုင်းအဆင့်ကို ဖြတ်ကျော်သွားလေသည်။
ယဲ့ချိုးပိုင်၏အဆင့်သည် ယခင်ကတည်းက ပင်လယ်ရေလှိုင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းပင်။ သို့သော် သူသည် သူ့အခြေခံအုတ်မြစ်ကို တည်ငြိမ်စေလိုသောကြောင့် ၎င်းကို ဖိနှိပ်ထားခဲ့သည်။
ယခုမူ ယဲ့ချိုးပိုင်သည် သူ၏ ကျင့်ကြံရေးနည်းဗျူဟာအား နားလည်သိမြင်နိုင်စွမ်းကို ဖိနှိပ်ထားနိုင်တော့မည်မဟုတ်ပေ။ သူ့အဆင့်သည် ပင်လယ်ရေလှိုင်းအဆင့်သို့ တန်းတန်းမတ်မတ်ရောက်ရှိသွားချေပြီ။
ယဲ့ချိုးပိုင်က မျက်လုံးဖွင့်လိုက်ပြီး လုချန်ရှန်းကိုပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
သူ့လေသံမှာ လေးစားမှုအပြည့်ပင်။
ဤအရာကြောင့် ယွင်မင်မှင်တက်သွားရသည်။
အနည်းငယ်မျှအကြံဉာဏ်ပေးရုံဖြင့် သူသည် ကျင့်ကြံရေးနည်းဗျူဟာကို နားလည်သွားပြီး အဆင့်လည်းတန်းတက်သွားသတဲ့လား။
သူ့မှာ ကျွမ်းကျင်မှုတချို့တော့ရှိလေသည်။
သို့သော်လည်း တစ်ဖက်လူသည် ခရမ်းရောင်ဘုံဗိမာန်အဆင့်မှ ပင်လယ်ရေလှိုင်းအဆင့်ကို ကျော်ဖြတ်နိုင်ရုံမျှသာဖြစ်သည်။ ဤသည်မှာ သိပ်မခက်ခဲလှပေ။
ဤမျှဖြင့် အရှင်မကို သွန်သင်ပြသရန်မလုံလောက်သေးချေ။
ယဲ့ချိုးပိုင်သည် သူ့အခန်းဆီသို့ပြန်သွားပြီး အာဒိကပ္ပဓားသိုင်းကျမ်းကို ဆက်လက်ရှုမှတ်နေချေသည်။
ထိုအချိန်တွင် ဟုန်ရင်သည် ရှေ့သို့လျှောက်လာပြီး မေးခွန်းများစတင်မေးမြန်းတော့သည်။
လုချန်ရှန်းကလည်း ထိုမေးခွန်းများကို တစ်ခုပြီးတစ်ခုပြန်ဖြေပေးသည်။
“မဟုတ်သေးဘူး။ မင်း ငါ့ကို ဘာလို့ဒီလောက်ရိုးရှင်းတဲ့မေးခွန်းမျိုးတွေ လာမေးနေတာလဲ”
“မင်းရဲ့ဦးနှောက်ကိုလွှာသုံးပြီး မတူတဲ့နည်းလမ်းနဲ့တွေးကြည့်”
“ဒီမှာ ဒီလိုပဲ… ဟုတ်တယ်… ဒီလိုမျိုး…”
ထိုစကားကိုကြားပြီးနောက်တွင် သူ(မ)သည် ချက်ချင်းတင်ပျဉ်ခွေထိုင်လိုက်သည်။ သူ(မ)၏အမူအရာသည်လည်း ရုတ်ခြည်းတည်ငြိမ်သွားလေသည်။
နိဗ္ဗာန်ဘုံအဆင့်။
ဟုန်ရင်သည် နိဗ္ဗာန်ဘုံအဆင့်သို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားခဲ့သည်။
နိဗ္ဗာန်ဘုံအဆင့်တွင် ကျင့်ကြံရေးနည်းဗျုဟာများနှင့်သိုင်းပညာများကို နားလည်နိုင်စွမ်း တိုးတက်လာမည်ဖြစ်၏။
ထိုအဆင့်ကိုရောက်ရန်မှာ အလွန်ခက်လှသည်။
အထူးသဖြင့် သိုင်းပညာကိုနားလည်နိုင်စွမ်း တိုးတက်လာသည်နှင့်အမျှ နိဗ္ဗာန်ဘုံအဆင့်သို့ဝင်ရောက်နိုင်ဖို့ရာလည်း အခက်အခဲများပြားလာမည်ဖြစ်၏။
ဟုန်ရင်သည် ပြန်လည်ဝင်စားရေးသံသရာကိုးခုကို ကျင်လည်ခဲ့ပြီးဖြစ်သည်။
သူပြန်ဝင်စားချိန်တိုင်းတွင် သူ၏ သိုင်းပညာအပေါ်သိနားလည်မှုကလည်း ပိုနက်နဲလာသည်။
တစ်နည်းဆိုရသော် လက်ရှိဟုန်ရင်သည် နိဗ္ဗာန်ဘုံအဆင့်သို့ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ယခုမူကား…
လုချန်ရှန်း၏လမ်းညွှန်မှုဖြင့် သူသည် နိဗ္ဗာန်ဘုံအဆင့်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ခဲ့သည်။
ထို့ကြောင့် ယွင်မင်မှာ အအံ့သြကြီးအံ့သြသွားရသည်။
သူ့ပုံစံကြည့်ရသည်မှာ အရည်အချင်းမပြည့်မီသည်မှာ ထင်ရှားလှသည်။
သို့သော် သူသည် သူ့ခွန်အားကိုထုတ်မပြချင်ရုံသက်သက်လေလား။
ယခုလိုလျှို့ဝှက်ထားနိုင်သည့် စိတ်နေစိတ်ထားမျိုးဖြင့်ဆိုလျှင် သူသည် လောကတစ်ခွင်၏ ဆရာသခင်အစစ်အမှန်ဖြစ်လေသည်။
လုချန်ရှန်းသာ ယွင်မင်၏အတွေးကိုသိလျှင် သူ ဆွံ့အသွားမှာသေချာသည်။
တိမ်တိုက်ဖီးနစ်အင်ပါယာရှိလူအားလုံးတွင် ထူးခြားသောဝိသေသလက္ခဏာများရှိကြသည်။
‘ကိုယ့်ကိုယ်ကိုယ်လမ်းညွှန်ရတာကိုပဲကြိုက်တာမဟုတ်လား’
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနယ်မြေ၌..
ပညာရှင်တစ်ယောက်လိုဝတ်စားထားသော အမျိုးသားတစ်ဦးသည် အခြားတောင်တန်းရွာငယ်လေးတစ်ခုကို နှုတ်ဆက်၍ထွက်လာခဲ့ပြန်သည်။
သူသည် တောလမ်းအတိုင်း လျှောက်လာရင်း သက်ပြင်းမချနိုင်ဘဲ မနေနိုင်ပေ။
“အဲဒီတုန်းက ဆရာနဲ့တွေ့ခဲ့တာလည်း ဒီလိုအချိန်ပဲ”
ထိုအကြောင်းတွေးမိပြီး ထိုအမျိုးသားသည် ခေါင်းတခါခါဖြင့်ရယ်မောနေရုံမှလွဲ၍မတတ်နိုင်ချေ။
“ဆရာ ဘယ်လိုများနေလဲသိချင်လိုက်တာ။ တောင်ပိုင်းကိုသွားပြီးတော့ ဆရာ့ကို ဂါရဝပြုကြတာပေါ့”
ဤသို့ဖြင့် ထိုလူသည် စာအုပ်စင်ကိုထမ်းလျက် တောင်ပိုင်းနယ်မြေဆီသို့ ဖြည်းညင်းစွာလျှောက်လာခဲ့လိုက်လေသည်။