ငရဲကိုးဘုံအစီအရင်သည် ရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်များထဲမှ တစ်ခုဖြစ်သည်။
၎င်း၏သတ်ဖြတ်ရေးစွမ်းအားသည်ကား သံသယဖြစ်ဖွယ်မရှိချေ။
ချောက်ကမ်းပါးပေါ်ရှိ မိုးမခပင်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆွံ့အသွားရချေသည်။
ဤအရာများသည် ပုံရိပ်ယောင်အနည်းငယ်မျှသာဖြစ်သည်။
ထို့အပြင် သူတို့၏ခန္ဓာကိုယ်များ ဤနေရာတွင်ရှိနေလျှင်ပင် ငရဲကိုးဘုံအစီအရင်ကို အသုံးပြုရန်မလိုအပ်ပေ။
ဤသည်မှာ စွမ်းရည်ကို သက်သက်ဖြုန်းတီးနေခြင်းပင်။
သစ်ကိုင်းပေါ်ရှိငှက်ငယ်လေးမှာလည်း အားကိုးရာမဲ့နေ၏။
သူ့ကျင့်ကြံမှုအဆင့်သည် သိသိသာသာမြင့်မားနေသော်ငြား သူ့သည် သူ့အကန့်အသတ် သူမသိဘဲ သတိကြီးကြီးထားနေဆဲပင်..။
ဤအခိုက်အတန့်တွင် လေထဲရှိလူလေးယောက်သည် သတ်ဖြတ်ရေးစွမ်းအားများ တဖြည်းဖြည်းမြင့်တက်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏အမူအရာများမှာလည်း ပြောင်းလဲသွားချေသည်။
ဤစွမ်းအားကို သူတို့ လုံးဝမခုခံနိုင်ပေ။
ဤအစီအရင်၏တိုက်ခိုက်မှုကိုအံတုဖို့ သူတို့ နည်းနည်းလေးမှမစဉ်းစားဖူးခဲ့ကြပေ။
ပြေးပေတော့..။
သူတို့အသက်ရှင်သန်ရေးအတွက် ထွက်ပြေးရုံသာတတ်နိုင်လေသည်။
သို့သော် လုချန်ရှန်းက သူတို့ကိုလွှတ်မပေးနိုင်ပေ။
သူသည် လက်ဖဝါးကို ချက်ချင်းလှန်လိုက်သည်။
ငရဲကိုးဘုံအစီအရင်ထဲရှိ သေမင်းမြစ်ပြင်ကြီးသည် လှောင်အိမ်တစ်ခုအဖြစ်အသွင်ပြောင်းသွားပြီး သူတို့လေးယောက်ကိုဖုံးအုပ်ထားလိုက်လေသည်။
သေမင်းမြစ်ပြင်ကြီးသည် အတားအဆီးအဖြစ် အဆုံးမဲ့သေမင်းတမန်တိတ်ဆိတ်မှုများကို ထုတ်လွှတ်လိုက်သည်။ လေးယောက်သားမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ အမူအရာများအလွန်ပျက်ယွင်းသွားလေသည်။ သူတို့အနေနှင့် သူတို့မှာရှိသမျှနည်းဗျူဟာအားလုံးကိုထုတ်သုံးလျှင်ပင် ထိုအစီအရင်၏တိုက်ခိုက်မှုကို တားဆီးနိုင်မည်မဟုတ်ပေ။
“ဒီစကြဝဠာကြီးထဲမှာ ဒီလိုအထွတ်အမြတ်ဆန်တဲ့သတ်ဖြတ်ရေးအစီအရင်မျိုး ဘယ်လိုလုပ်ရှိနေရတာလဲ”
“သူပြောနေတဲ့ကမ္ဘာက တကယ်ပဲ ငါတို့မသိနိုင်တဲ့အဆင့်မြင့်စကြာဝဠာကြီးများဖြစ်နေမလား”
လူတစ်ယောက်က လုချန်ရှန်းကို လက်သီးဆုပ်လျက်အရိုအသေပေးလိုက်သည်။
“ဆရာ စိတ်အေးအေးထားပါ။ ကျွန်တော်တို့မှာ တခြားရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော်တို့က ခင်ဗျားနဲ့မိတ်ဖွဲ့ချင်ရုံပါ”
ထိုစကားကိုကြားသောအခါ လုချန်ရှန်းက မထိန်းနိုင်ဘဲရယ်မောလိုက်သည်။
“မင်းက ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ။ မင်းရဲ့ကျင့်ကြံရေးနည်းဗျူဟာတွေကိုဖြန့်ကြက်ပြီး တိုက်ခိုက်ဖို့ပြင်ဆင်နေတာလေ။ ငါသာ မြန်မြန်ဆန်ဆန်မခုခံနိုင်ရင် မင်းတို့အောင်မြင်သွားတော့မှာမဟုတ်ဘူးလား”
သူတို့လေးယောက်၏စိတ်အစဉ်မှာ ပြိုကျလုနီးပါးဖြစ်နေလေပြီ။
ထိုသို့သောအစီအရင်ကို တည်ဆောက်နိုင်သူတစ်ဦးသည် အဘယ်ကြောင့်များ ဤပုံရိပ်လေးခုကို ကြောက်နေရသလဲ။
အောင်မြင်မတဲ့လား။ သူတို့ ဘယ်လိုလုပ်အောင်မြင်မှာလဲ။
ဤအခိုက်အတန့်တွင် အမျိုးသမီးကဝင်ပြောသည်။
“စီနီယာ.. ကျွန်မတို့က ရှင့်ကို စော်ကားဖို့စိတ်ကူးမရှိပါဘူး၊ ကျေးဇူးပြုပြီး အစီအရင်ကိုဖယ်လိုက်ပါ။ အဲဒီလိုဆိုရင် ကျွန်မတို့အချင်းချင်းခင်မင်ရင်းနှီးမှုလည်း ရနိုင်တယ်။ အဲဒါက ပိုမကောင်းဘူးလား”
ခင်မင်မှုလား။
တစ်ဖက်လူများက သူ့ကို ထပ်မနှောင့်ယှက်တော့ဘူးဟူသည့်အဓိပ္ပါယ်လေလား။
လုချန်ရှန်း အပျော်လွန်သွားချေသည်။ သူ သဘောတူခါနီးတွင် အတားအဆီး၏အပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။
“ဆရာ ကျွန်တော်တို့ပြန်ရောက်ပါပြီ။ အယ်. ဘာလို့ အတားအဆီးဖွင့်ထားတာလဲ”
“ဆရာ.. တံခါးဖွင့်ပါဦး”
ထိုအသံနှစ်သံကိုကြားလိုက်ရသောအခါ လုချန်ရှန်း၏မျက်နှာမှာ ဝင်းပသွားလေသည်။
စားဖိုမှူးတွေ… အိုး..မဟုတ်သေးဘူး… ငါ့တပည့်တွေပြန်ရောက်ပြီလား..
သို့သော် ဤပျော်ရွှင်မှုကြောင့် သူသည် သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်ရေးရာချီစွမ်းအင်ကို တစ်ခဏမျှမထိန်းချုပ်နိုင်လိုက်ဘဲ လက်သီးများကိုဆုပ်လိုက်မိသည်။
ငရဲကိုးဘုံအစီအရင်၏စွမ်းအားများ ရုတ်ခြည်းထွက်ပေါ်လာသည်။
သေမင်းမြစ်ပြင်ကျယ်ဖြင့်ဖွဲ့စည်းထားသော ရေအတားအဆီးကြီးတစ်ခုသည် ယခုအခိုက်အတန့်လေးတွင် ထိတ်လန့်တုန်လှုပ်ဖွယ်လှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့လေးယောက်ဆီသို့ အရပ်မျက်နှာအဖက်ဖက်မှ တိုးဝင်လာခဲ့သည်။
အုန်း..
“မင်း ပြန်ပေးဆပ်ရလိမ့်မယ်”
“အနာဂတ်မှာ ငါတို့ဂိုဏ်းဆင်းသက်လာတဲ့အခါ မင်းတော့အဆုံးသတ်ပြီပဲ”
လုချန်ရှန်း အံ့သြသွားရသည်…။
သူ ခေါင်းငုံ့ပြီး လက်သီးဆုပ်ထားသောလက်ကို ကြည့်လိုက်မိသည်။ ငိုချင်သော်လည်း မျက်ရည်ကကျမလာချေ။
“ငါ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးလေ။ အဲ့လိုလုပ်စရာလိုလို့လား…”
ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့အတူတကွရောက်ရှိလာကြသည်။
“ဆရာ ကျွန်တော်တို့ပြန်ရောက်ပါပြီ”
ထိုစကားကိုကြားသောအခါ လုချန်ရှန်းက သူတို့နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
ယဲ့ချိုးပိုင်ခမျာ ထိတ်လန့်သွားပြီး မရဲတရဲမေးလိုက်မိသည်။
“အိုး. ဆရာ ဘာဖြစ်နေတာလဲ”
လုချန်ရှန်းသည် ထိုလူများက သူ့ကိုလက်စားပြန်ချေတော့မည်ဟု တွေးလိုက်မိသောအခါတွင် ပို၍ပင်ဒေါသဖြစ်သွားရသည်။ သူက ယဲ့ချိုးပိုင်နှင့်ဟုန်ရင်ကိုပြောလိုက်သည်။
“ငါ မင်းတို့ကို အပြစ်ပေးမယ်။ အိမ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရမယ်။ ဝိညာဉ်ရေးရာချီစွမ်းအင်ကို သုံးခွင့်မရှိဘူးနော်”
ဤတောင်တန်းသည် စံအိမ်တော်၏အပိုင်ဖြစ်သည်။
တောင်တန်းကို ဝိညာဉ်ရေးရာချီစွမ်းအင်မပါဘဲ သန့်ရှင်းရေးလုပ်ရမည်ဆိုပါက ဘယ်လောက်များကြာလိုက်မလဲ…
အရေးကြီးဆုံးအချက်ကတော့ သူတို့ ဘာအမှားလုပ်မိသွားမှန်းမသိခြင်းပင်။
သို့သော် လုချန်ရှန်း၏ မကျေမနပ်ဖြစ်နေသောမျက်နှာကို မြင်သောအခါ ပါးစပ်ပိတ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူတို့မှာ တံမြက်စည်းများကိုကောက်ကိုင်ပြီး တောင်အောက်ကိုဆင်းဖို့ ပြင်လိုက်ကြသည်။
“နေဦး”
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ အံ့သြတကြီးလှည့်ကြည့်လိုက်ကြသည်။
လုချန်ရှန်းက မီးဖိုချောင်ကိုညွှန်ပြပြီး ပြောလေသည်။
“အရင်သွားပြီး ချက်ပြုတ်ချေ”
ယဲ့ချိုးပိုင် : “…”
ဟုန်ရင် : “…”
တစ်ဖက်တွင်မူ..
မြောက်ပိုင်းတိုင်းနေမဝင်အင်ပါယာရှိ ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးထဲ၌..
အရှေ့ဘက်တွင် နဂါးပလ္လင်တစ်ခုရှိပြီး နောက်ကျောဘက်တွင်မူ နေဝန်းနီဟုရေးထွင်းထားသည်။
နဂါးပလ္လင်အောက်ရှိလူများကို ထိုနေဝန်းနီကိုခစားဖို့ကလွဲပြီး ရွေးချယ်စရာမရှိအောင်ပြုလုပ်ထားသော ခပ်ဖျော့ဖျော့စွမ်းအားတစ်ခုရှိနေချေသည်။
ထိုအချိန်မှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။
ထိုလူသည် ရွှေရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားသည်။ နဂါးဝတ်ရုံပေါ်တွင် ငါးရောင်ခြယ်တိမ်တိုက်ဖြင့် အလှဆင်ထားသော ရွှေရောင်နဂါးကိုးကောင်ရှိလေသည်။
ထိုပုဂ္ဂိုလ်သည် နေမဝင်အင်ပါယာ၏အုပ်စိုးရှင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်လေးရထားသည်။
ဟွမ်ယီထုံဟူသောအဓိပ္ပါယ်မှာ နယ်မြေလေးခု၏ဧကရာဇ်များပေါင်းစည်းရေးကို ဆိုလိုသည်။ သူ ဘယ်လောက် ရည်မှန်းချက်ကြီးသလဲဆိုသည်မှာ ရှင်းလင်းနေချေသည်။
ဟွမ်ထျန်းမင်သည် ထိုအုပ်စိုးရှင်၏ခြေရင်း၌ ဒူးထောက်နေလေသည်။
ဟွမ်ယီထုံ၏အမူအရာမှာ တိတ်ဆိတ်နေပြီး ဝမ်းသာနေသလား၊ ဒေါသထွက်နေလားဆိုသည်ကို မည်သူမှတပ်အပ်မပြောနိုင်ပေ။
သို့သော် ထိုသို့တည်ငြိမ်နေသောကြောင့်ပင် ပုလ္လင်အောက်ရှိလူများ ဖိအားများနေသည်မှာ အသေအချာပင်။
“မင်း ဘာမှားခဲ့လဲဆိုတာငါ့ကိုပြောပြ”
ဟွမ်ထျန်းမင်၏နဖူးထက်ဝယ် ချွေးစေးချွေးပေါက်များကျလာသည်။ သူက ခေါင်းငုံ့လိုက်ပြီး ပြော၏။
“ကျွန်တော် ရန်သူကိုလျှော့တွက်မိတာမှားသွားပါတယ်”
ဟွမ်ယီထုံသည် သူ့ဝိုင်ခွက်ကိုကောက်ကိုင်ပြီး တစ်ငုံမော့လိုက်သည်။
“အဲဒီအကြောင်းကိုပြောပြ”
ထိုစကားကိုကြားသော် ဟွမ်ယီထုံကပြန်ပြောလိုက်သည်။
“ယဲ့ချိုးပိုင်ရဲ့အဆက်အသွယ်တွေကို ကျွန်တော်လုံးဝမသိခဲ့ဘူး။ သူ့ကိုကူညီပေးမဲ့ပညာရှင်တစ်ယောက်ရှိမယ်လို့လည်း ထင်မထားဘူး”
“သူက မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ရဲ့အကြီးအကဲချုပ်ယွင်ကျင်းရဲ့အကူအညီကိုတောင်ရခဲ့တယ်”
“အင်း..ဆက်ပြော”
ဟွမ်ထျန်းမင်၏နဖူးမှချွေးသီးများသည် မြေပြင်ပေါ်သို့တိုင်ကျဆင်းလာသည်။
အပ်ကျသံကိုပင် အတိုင်းသားကြားနိုင်သည်။
“ကျွန်တော်တို့သံချပ်ကာယန္တရားတပ်နဲ့ ကျန်းကျွင်းက ယဲ့ချိုးပိုင်ကိုချက်ချင်းမသတ်နိုင်ခဲ့ဘဲ တစ်ဖက်လူရဲ့စစ်ကူတွေရောက်လာတဲ့အထိအချိန်ဆွဲခဲ့မိပါတယ်”
“ဟမ်…”
ဟွမ်ထျန်းမင် ဟောဟဲဆိုက်ရင်း ဖိအားများကိုကြံ့ကြံ့ခံကာ ဆက်ပြောလိုက်သည်။
“ပြီးတော့ … ကျွန်တော်က သံချပ်ကာယန္တရားတပ်ကိုစုရုံးခေါ်ဆောင်သွားပေမဲ့ လာရင်းကိစ္စကိုအောင်မြင်အောင်မလုပ်နိုင်ခဲ့တဲ့အပြင် သံချပ်ကာယန္တရားတပ် တစ်ဝက်နီးနီးဆုံးရှုံးသွားအောင်လုပ်ခဲ့မိပါတယ်”
“တခြား ဘာမှမရှိတော့ဘူးလား”
“ခမည်းတော်..လမ်းပြပေးပါဦး”
ဟွမ်ယီထုံသည် မျက်ခုံးပင့်လျက် ဟွမ်ထျန်းမင်ကို ကြည့်လိုက်သည်။
“ဟွမ်ထျန်းမင် မင်း အခုထိနားမလည်သေးဘူး။ မင်း ငါ့ကို စိတ်ပျက်အောင်လုပ်နေတာပဲ”
ဟွမ်ထျန်းမင်၏မျက်နှာ ဖြူဖျော့သွားရချေသည် ။
ဟွမ်ယီထုံက မတ်တတ်ထရပ်ပြီး သူ့နောက်ကျောဘက်ရှိနေဝန်းနီကို စိုက်ကြည့်နေသည်။
“အရိပ်လုပ်ကြံရေးအဖွဲ့ကို ဘာလို့မလှုပ်ရှားခိုင်းတာလဲ”
ဟွမ်ထျန်းမင်၏မျက်နှာ ဖြူဖျော့သွားပြန်သည် ။
“အရိပ်လုပ်ကြံရေးအဖွဲ့ကို တမင်တကာမလှုပ်ရှားခိုင်းဘဲ ယဲ့ချိုးပိုင်ကို မင်းလက်နဲ့ကိုယ်တိုင်သတ်ချင်လို့ပဲမဟုတ်လား”
ဟွမ်ထျန်းမင် တုန်လှုပ်သွားရသည်။
ဟွမ်ယီထုံက ထပ်ပြောလေ၏။
“မင်းက မင်းသားတစ်ပါးဖြစ်ပြီး ထီးနန်းဆက်ခံမဲ့သူတစ်ယောက်ဆိုလည်းဟုတ်တယ်။ ဒါ ဘာအဓိပ္ပါယ်လဲဆိုတာ မင်းသိလား”
ဖြစ်ပျက်နေသည့်အရာများကို ဟွမ်ထျန်းမင်နားလည်သဘောပေါက်သွားသည်။
သူ့လည်ချောင်းထဲမှာ အရာဝတ္ထုတစ်ခု တစ်ဆို့နေသလို ခက်ခက်ခဲခဲဖြင့်စကားဆိုလိုက်ရ၏။
“ခံစားချက်တွေနစ်မွန်းပြီး ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင် မလုပ်သင့်ပါဘူး။ အန္တရာယ်ပေးနိုင်တယ်လို့ခံစားရရင် အညွန့်ဖူးနေတုန်းအချိန်မှာပဲ ဖျက်ဆီးသင့်ပါတယ်”
ဟွမ်ယီထုံက ဆက်ပြောပြန်၏။
“တော်ဝင်မိသားစုက အကြင်နာမဲ့တယ်။ ပြတ်ပြတ်သားသားသုတ်သင်ပစ်လိုက်တာက အောက်ခြေစည်းတစ်ခုပဲ။ မင်း ခြိမ်းခြောက်ခံနေရတယ်လို့ခံစားရရင် သူက မင်းရဲ့ဆွေမျိုးသားချင်းဖြစ်နေရင်တောင်သတ်ပစ်ရမယ်။ မင်းနားလည်လား”
ဟွမ်ထျန်းမင် ခက်ခက်ခဲခဲခေါင်းညိတ်ပြလိုက်သည်။
“အဲဒီမိန်းမက မင်းကြိုက်တဲ့လူဆိုပေမယ့် မင်းကို ခြိမ်းခြောက်လာပြီဆိုတဲ့အခါ သူ့ကို စွန့်ပစ်နိုင်ရမယ်။ အဲလိုမျိုးမင်းလုပ်ခဲ့လား”
ဟွမ်ထျန်းမင်ခမျာ ဘာမှပြန်မပြောနိုင်ချေ။ သူ့တစ်ကိုယ်လုံးလည်း ချွေးများရွှဲနေချေသည်။
ဟွမ်ယီထုံက ရုတ်တရက်လှည့်ကြည့်လာပြီး မေးလေသည်။
“အဲဒီအစား မင်းဘာလုပ်လိုက်လဲ”
“ကျွန်တော့်အမှားကို ကျွန်တော်သိပါပြီ…”
ထိုအခြင်းအရာကိုမြင်သောအခါ ဟွမ်ယီထုံက သူ့လက်ကိုဝှေ့ယမ်းပြီးပြောလိုက်သည်။
“မင်းသွားလို့ရပြီ။ မင်းကို အိမ်ရှေ့စံရာထူးကနေဖယ်ရှားပြီး ငါ့ရဲ့ဒုတိယသားတော်ကို လွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်မယ်။ အဲဒီရာထူးကို မင်းပြန်ယူချင်ရင် ဒီခြိမ်းခြောက်မှုကို အရင်ဖြေရှင်းရမယ်။”
“ဟုတ်ကဲ့…”