နေမဝင်အင်ပါယာသည် အလွန်တန်ခိုးကြီးလှသည်။
အရင်းအမြစ်များကလည်း အနှိုင်းမဲ့ကြွယ်ဝသည်။
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ရှိလူအများအပြားသည် နေမဝင်အင်ပါယာကို ခစားကြသူများဖြစ်သည်။
သူတို့အနက် နေမဝင်အင်ပါယာ၏အုပ်စိုးရှင်သည် စတုတ္ထအဆင့်ဖြစ်သည်။
ယွင်ကျင်းနှင့်တိုက်ခိုက်နေသော အထိန်းတော်မင်သည် အဆင့်ခုနစ်တွင်ရှိသည်။
ထိုကဲ့သို့ခွန်အားမျိုးရှိသောနေမဝင်အင်ပါယာသည် နယ်မြေလေးခု၏ ထိပ်တန်းဂိုဏ်းတစ်ခုဟုဆိုနိုင်သည်။
သူ့ကို မည်သူမှ မစော်ကားရဲပေ။
ဟွမ်းထျန်းမင်သည် နေမဝင်အင်ပါယာ၏အိမ်ရှေ့စံမင်းသားဖြစ်ပြီး နောက်တက်မည့်ဆက်ခံသူလည်းဖြစ်သည်။
မရေမတွက်နိုင်သောဂိုဏ်းခွဲများကပင် သူ့ကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် သဘောထားကြသည်။
လူတိုင်း၏အမြင်တွင် သူသည် ကြောက်မက်ဖွယ်ကောင်းလှသောနောက်ခံအသိုင်းအဝိုင်းနှင့် တန်ခိုးကြီးမားလှသောလူတစ်ယောက်ဖြစ်၏။
ဟုန်ရင်၏မျက်လုံးထဲတွင်မူ သူတို့သည် ပုရွက်ဆိတ်များသာဖြစ်၏။
ယွင်မင်က သြရှရှအသံဖြင့်အော်ဟစ်လိုက်သည်။
“မင်းကများ အရှင်မရဲ့နာမည်ကို မေးရဲတယ်ပေါ့လေ”
ထိုစကားကိုကြားသောအခါ ဟွမ်းထျန်းမင်က မောက်မာစွာရယ်မောလိုက်ပြီး အင်္ကျီအဖျားစများကိုယမ်းခါလျက် အော်ဟစ်လိုက်သည်။
“ငါ့အဖေကလွဲလို့ မြောက်ပိုင်းနယ်မြေကဘယ်သူ့ကိုများ မင်းက အရှင်လို့ခေါ်ဝံ့တာလဲကွ”
သူ့စကားမှာ မောက်မာဟန်တူသော်လည်း ဤသည်မှာ အမှန်တရားပင်။ နေမဝင်အင်ပါယာသည် မြောက်ပိုင်းနယ်မြေ၏အနှိုင်းမဲ့အာဏာရှင်ဖြစ်သည်။
“မင်းက သေမင်းကိုလက်ယပ်ခေါ်နေတာပဲ”
ယွင်မင်၏အမူအရာမှာ ပျက်ယွင်းသွားလေသည်။
စကားဆုံးသည်နှင့် သူသည် လက်ထဲမှလှံတံကို ရုတ်တရက်ပစ်လွှတ်လိုက်သည်။ လျှပ်စီးကြောင်းအရှိန်နှင့် လှံတံစျာန်အဘိညာဉ်နှင့်အတူ ထိုလှံတံသည် ဟွမ်းထျန်းမင်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ဟွမ်းထျန်မင်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူ လုံးဝ မရှောင်ခဲ့ပေ။ သို့သော် ဟွမ်းထျန်းမင်ရှေ့တွင် မိန်းမစိုးဝတ်စုံဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက် ရုတ်တရက်ပေါ်လာလေသည်။
သူ့လက်ထဲက မြင်းမြီးယပ်တောင်သည် ထောင်ပေါင်းများစွာသော ချည်မျှင်များအဖြစ်သို့ ပြောင်းသွားပြီး လှံတံကို ရစ်ပတ်ထားလိုက်သည်။
သူသည် အဆင့်သတ်မှတ်ချက်တွင် အဆင့်ခုနစ်နေရာရထားသော အထိန်းတော်မင်ဖြစ်သည်။
မြင်းမြီးယပ်တောင်သည် လှံတံကိုရစ်ပတ်လိုက်သည့်အခိုက်အတန့်မှာ အထိန်းတော်မင်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
သူ့ကျင့်ကြံမှုအဆင့်သည် ချန်းယွမ်အဆင့်သို့ မရောက်သေးသော်လည်း သူ့စွမ်းအားသည် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။
သူကိုယ်တိုင်ကမူ ချန်းယွမ်အဆင့်၏အလယ်အလတ်အဆင့်တွင် ရှိနေခြင်းပင်။
“အရှင်မင်းသား ကျွန်တော်တို့ အရင်ဆုံးတပ်ပြန်ဆုတ်ကြရအောင်”
အထိန်းတော်မင်၏ လေးနက်သောအမူအရာကိုကြည့်နေရင်း ဟွမ်းထျန်းမင်က ထိတ်လန့်တုန်လှုပ်သွားပြီး စိတ်မပါစွာမေးလိုက်သည်။
“တစ်ဖက်လူက အဲ့လောက်ကိုသန်မာတာလား”
အထိန်းတော်မင်ကလည်း ပြန်ဖြေသည်။
“တစ်ဖက်လူမှာ ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တဲ့တိုက်ခိုက်သူတွေရှိပြီး ယွင်ကျင်းကလည်း သူတို့ဘက်မှာရှိနေပါတယ်။ သူတို့ထဲကတစ်ယောက်ကိုပဲ ကျွန်တော်ထိန်းထားနိုင်မှာ။ ဒီလိုဆိုရင် အရှင်မင်းသားရဲ့လုံခြုံရေးကို အာမမခံနိုင်တော့ဘူး”
ထိုစကားကိုကြားသော် ဟွမ်းထျန်းမင်ကခေါင်းညိတ်ပြပြီး ခဏမျှစဉ်းစားလိုက်သည်။
“ကောင်းပြီ။ ကျွန်တော်တို့ အထိန်းတော်မင်ပြောတာကိုနားထောင်မယ်”
ဤသို့ဖြင့် အထိန်းတော်မင်က အဖွဲ့ကို သင်္ဘောဆီသို့ပြန်ပို့လိုက်သည်။
ကျန်ရှိနေသေးသော သံချပ်ကာယန္တရားတပ်ကြီးသည် အမိန့်ကိုလက်ခံရရှိပြီးနောက် သင်္ဘောနောက်သို့ လိုက်ပါသွားလေသည်။
ကျန်းချန်သည် ထွက်ခွာမသွားခင်မှာ ယဲ့ချိုးပိုင်ကို စိတ်ရှုပ်ထွေးနေဟန်အမူအရာဖြင့် ကြည့်သွားလေသည်။
ယဲ့ချိုးပိုင်သည် ထွက်ခွာသွားသောစစ်သင်္ဘောကိုကြည့်ကာ သက်ပြင်းမချဘဲမနေနိုင်ပေ။
“ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် လက်စားချေဖို့က အလှမ်းဝေးနေသေးပုံပဲ…”
ယဲ့ချိုးပိုင်၏ခွန်အားသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်နှင့် ရင်ဆိုင်ရသောအခါ အစိမ်းရောင်တိမ်တိုက်ဓားသွား၏အကူအညီမပါလျှင် ကွာခြားမှုများစွာရှိနေပေသည်။
ဟုန်ရင်က ပြန်ပြောလိုက်သည်။
“ရှင့်ရဲ့အရည်အချင်းနဲ့ ဆရာ့ရဲ့လမ်းညွှန်မှုနဲ့ဆိုရင် သူတို့ကိုအနိုင်ယူနိုင်ဖို့ မခက်ပါဘူး”
ယဲ့ချိုးပိုင် ပြုံးလိုက်မိသည်။
ထိုအချိန်မှာ ယွင်ကျင်းက အနားကိုလျှောက်လာပြီး ပြောလေသည်။
“မင်းရဲ့အရည်အချင်းကမဆိုးဘူး။ ငါ့တပည့်လုပ်ချင်လား”
ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုသည် အလွန်အစွမ်းထက်လှသည်။
ယွင်ကျင်းသည် သူ့အရည်အချင်းကို အသိအမှတ်မပြုဘဲမနေနိုင်ပေ။
ကျန်းချောင်မြန်နှင့် လမ်းလျှောက်လာနေကြသောအခြားလူများမှာ မအံ့သြဘဲမနေနိုင်ချေ။
ကျန်းချောင်မြန်က ပို၍ပင်အံ့သြသွားရသည်။
“ဆရာ.. ဆရာပြောတော့ နောက်ဆုံးတပည့်တစ်ယောက်အနေနဲ့ ကျွန်တော့်ကိုပဲလက်ခံမယ်ဆို”
ယွင်ကျင်း တစ်ဖက်ကိုလှည့်ပြီး ကျန်းချောင်မြန်ကိုကြည့်လိုက်သည်။ ထို့နောက် သူသည် တည်ငြိမ်အေးဆေးစွာပြောလိုက်၏။
“ရုတ်တရက်ကြီး နောင်တရမိတယ်”
ကျန်းချောင်မြန် : “…”
ဟွမ်းယွမ်၊ ရှီရှန်းနှင့် တခြားသူများက ပို၍ပင်အံ့သြသွားကြသည်။
တစ်ဖက်လူသည် မြောက်ပိုင်းနယ်မြေ၏အသန်မာဆုံးဓားသမားတစ်ယောက်ဖြစ်ပြီး ယခုအခါတွင် ယဲ့ချိုးပိုင်အား တပည့်အဖြစ်ခံယူရန် ကြံရွယ်နေချေသည်။
ဟုန်ရင်ကလည်း စနောက်လေ၏။
“စီနီယာအစ်ကို ရှင်ကတော်တော်နာမည်ကြီးတာပဲ”
ယဲ့ချိုးပိုင်ခမျာ ကူကယ်ရာမဲ့စွာ ခေါင်းကုတ်လိုက်မိသည် ။ ယခင်က သူသည် ဓားသိုင်းခန်းမ၏အကြီးအကဲတစ်ဦးဖြစ်သော်ငြား ယခုအခါတွင် ယွင်ကျင်းသာဖြစ်နေသည်။
“စီနီယာယွင် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်မှာ ဆရာတစ်ယောက်ရှိပြီးပါပြီ”
ယွင်ကျင်းက စူးစူးရဲရဲစိုက်ကြည့်ရင်း ပြောလိုက်သည်။
“မင်းရဲ့ဆရာက ငါ့ထက်ကိုပိုသင့်တော်တာလား”
ယဲ့ချိုးပိုင် ခေါင်းယမ်းပြီး ပြုံးလိုက်မိသည်။
“ကျွန်တော် သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုပြီးပြီမို့ ကျွန်တော် ကျွန်တော့်ဂိုဏ်းကို လွယ်လွယ်နဲ့မပြောင်းလဲနိုင်ပါဘူး။ ဒါက ကျွန်တော့်ဓားသိုင်းတာအိုနှလုံးသားကို ထိခိုက်လိမ့်မယ်”
ထိုစကားကိုကြားသောအခါ ယွင်ကျင်းခေါင်းညိတ်လိုက်သည်။
သို့သော်လည်း နောက်ထပ်စကားတစ်ခွန်းကို ကြားလိုက်ရသောအခါ ယွင်ကျင်းခမျာ သေလုမတတ်ရင်ဘတ်အောင့်မျက်သွားရသည်။
“ဒါပေမဲ့ စီနီယာယွင်က ကျွန်တော့်ဆရာနဲ့မယှဉ်နိုင်မှာကိုတော့ စိုးရိမ်မိတယ်…”
ယွင်ကျင်းသည် ယဲ့ချိုးပိုင်၏ ကြည်လင်ပြတ်သားသောမျက်ဝန်းများကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို အခွင့်အရေးရရင် မင်းဆရာနဲ့တွေ့ရဦးမယ်”
“ဆရာ့ကို ကျွန်တော်ပြောပြလိုက်ပါ့မယ်”
ထိုစကားကိုကြားသော် ယွင်ကျင်းကခေါင်းတဆတ်ဆတ်လုပ်လျက် ကျန်းချောင်မြန်ကိုပြောလိုက်သည်။
“ကောင်းပြီ။ ကြည့်မနေနဲ့တော့။ သိုင်းကျင့်ကြံဖို့ ငါနဲ့အတူ ပြန်လိုက်ခဲ့။ သူ့ကို ကြည့်ပြီး မင်းကိုယ်မင်း ပြန်ကြည့်လိုက်ဦး။ မင်း သူ့ထက်ပိုကောင်းအောင် လုပ်နိုင်လား”
ကျန်းချောင်မြန်ခမျာ အနည်းငယ်မှားယွင်းနေသလို ခံစားလိုက်ရသည်။
“…”
‘ဆရာအရင်ကပြောတာ ဒီလိုမဟုတ်ပါဘူး’
ဟွမ်းယွမ်၊ ရှီရှန်းနှင့် ကျန်ဟယ်တို့မှာ ရှက်ရွံ့သွားရချေသည်။
ကျန်းချောင်မြန်သာ မလုပ်နိုင်ခဲ့လျှင် သူတို့အတွက် ပို၍ပင်မဖြစ်နိုင်တော့ပေ။
ချင်းထျန်းနျန်က ထိုနေရာကိုဖြတ်လျှောက်လာပြီး ဟုန်ရင်ကို တအံ့တသြကြည့်လိုက်သည်။
အရှင်မတဲ့လား။
ချန်ရှန်းရဲ့ဒုတိယတပည့်ကလည်း သိပ်မရိုးရှင်းဘူးထင်တယ်…
သို့သော် ချင်းထျန်းနျန်သည် ကျောင်းသားတစ်ဦး၏နောက်ခံအကြောင်းကို မေးမြန်းတတ်သူမဟုတ်ချေ။ သူက တစ်ဖက်ကိုလှည့်လိုက်ပြီး ယဲ့ချိုးပိုင်၏ပခုံးကို ပုတ်လိုက်သည်။
“ကောင်းပြီ။ ဒီတစ်ခါတော့ ကျေးဇူးပါပဲ…”
“လူတိုင်းက အမှတ်နည်းနည်းရထားတယ်”
ချင်းထျန်းနျန် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ အဆင်သင့်ပြင်ထားကြ။ ကျောင်းတော်ကို ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ မင်းတို့ကိုပေးမဲ့ဆုတွေကိုကျေနပ်ကြမှာပါ”
တစ်ချိန်တည်းမှာပင် တောင်ပိုင်းနယ်မြေလျှို့ဝှက်တာအိုကျောင်းတော်ရှိ စံအိမ်တော်အတွင်း၌..
လုချန်ရှန်း အပေါ်ကိုမော့ကြည့်လိုက်သည်။
အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးသည် လေထဲ၌မျောလွင့်နေလေသည်။
ဤပုံရိပ်လေးခု၏ခန္ဓာသည် ခန္ဓာကိုယ်အစစ်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်နေသောခံစားချက်မျိုးကို ပေးစွမ်းလေသည်။
လုချန်ရှန်းသည်လည်း ထိုအမျိုးသားများထဲမှတစ်ယောက်ကို မှတ်မိလိုက်သည်။စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်မှ ဧရာမမျက်နှာကြီးဖြစ်သည်။
ယောက်ျားတစ်ယောက်က မေး၏။
“အရှင်.ခင်ဗျားက ဘယ်စကြာဝဠာကလာတာလဲ”
လုချန်ရှန်း ခဏမျှစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“မင်းကြားဖူးမယ်မထင်ဘူး”
အမျိုးသမီး၏အမူအရာမှာ ပြောင်းလဲသွားသည်။
“ဟမ်.. ရှင်က တကယ်ပဲတခြားစကြာဝဠာကလား။ ဒါဆို ကျွန်မမေးလို့ရမလား။ အဲဒီစကြဝဠာရဲ့နာမည်က ဘာလဲ”
လုချန်ရှန်းက သူ့လက်များကိုဖြန့်ကားလျက် ပြောလိုက်သည်။
“မင်းသိမှာတောင် မဟုတ်ဘူး”
အမျိုးသမီးက လှောင်ရယ်လိုက်သည်။
“ကျွန်မတို့က အနီးနားကစကြာဝဠာတွေအားလုံးကို မှတ်မိတယ်လို့တော့မပြောနိုင်ပေမဲ့ အများစုကိုတော့သိပါတယ်။ ကျွန်မတို့ရဲ့ထောက်လှမ်းရေးကွန်ရက်ကို လျှော့မတွက်ပါနဲ့”
အမျိုးသားတစ်ဦးကလည်း ပြောလာသည်။
“ဒါဆို အဲဒီစကြဝဠာရဲ့သိုင်းပညာက ဘယ်လိုရှိလဲ”
လုချန်ရှန်းက ခဏမျှစဉ်းစားလိုက်သည်။
“သိုင်းပညာလား။ ငါတို့ကမ္ဘာမှာ သိုင်းပညာက ကျန်းမာရေးအစီအစဉ်တစ်ခုပဲ”
ဥပမာ ထိုက်ကျိလက်သီးပေါ့…
ယခုခေတ်တွင် ကြိုးဝိုင်းထဲမှာ အသေအကြေတိုက်ပွဲဝင်ကြသည်။
“အဲဒီမှာ သေနတ်လို့ခေါ်တဲ့ လက်နက်တစ်ခုကိုသုံးတယ်။ မဟုတ်ရင် ဒုံးကျည် ဒါမှမဟုတ် တခြားတစ်ခုခုပေါ့…”
လုချန်ရှန်း စကားများများပြောလေလေ ပိုစိတ်လှုပ်ရှားလာလေလေပင်။
သို့သော် ယောက်ျားသုံးယောက်နှင့် အမျိုးသမီးတို့ကမူ နားထောင်ရင်းနှင့် ပို၍စိတ်ရှုပ်လာသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အချင်းချင်းမေးလိုက်ကြသည်။
“မင်းတို့ကြားဖူးလား”
“မကြားဖူးဘူး…”
“ဘယ်စကြာဝဠာမှာ ဒီလိုအရာတွေရှိလို့လဲ”
ယောက်ျားတစ်ယောက်က သုန်မှုန်နေသောအမူအရာဖြင့် ပြောလေသည်။
“အရှင်.. ကျွန်တော်တို့ကို လာလှည့်စားနေတာလား”
လုချန်ရှန်းကမူ အပြစ်ကင်းလှစွာ ပြန်ချေပလေသည်။
“မဟုတ်ပါဘူး”
အမျိုးသမီးက အေးတိအေးစက်သရော်လျက် ပြောလာလေသည်။
“ဒါဆိုရင်လည်း တခြားဘာမှပြောစရာမလိုတော့ဘူး။ အတူတူတိုက်ခိုက်ကြရအောင်”
ကျန်သုံးယောက်ကလည်း ခေါင်းညိတ်ပြသည်။
လုချန်ရှန်းသည် သူတို့ထံမှအရှိန်အဝါများကို အာရုံခံမိသောအခါ အနည်းငယ် အံ့သြသွားရသည်။
ထို့နောက် သူ စကားဆိုလိုက်၏။
“ငရဲကိုးဘုံအစီအရင် အသက်ဝင်စေ”