Switch Mode

အခန်း (၅၃)

ဟုန်ရင်ရောက်ရှိလာခြင်း

သံချပ်ကာယန္တရားတပ်၏အစုလိုက်အပြုံလိုက်ဝိုင်းရံထားမှုအောက်တွင် ယဲ့ချိုးပိုင်၏ပုံရိပ်လေးမှာ အလွန်အထီးကျန်ဆန်နေပုံရသည်။

ကျန်းကျွင်းသည် ယဲ့ချိုးပိုင်ကိုကြည့်လျက် အော်ဟစ်လိုက်သည်။

“အခု မင်းကို ဘယ်သူကာကွယ်ပေးနိုင်ဦးမှာလဲ”

ထို့နောက် သံချပ်ကာယန္တရားတပ်၏စွမ်းအားဖြင့် လက်ဝါးစောင်းကို လွှဲချလိုက်သည်။

သွေးနီရောင်လက္ခဏာအမှတ်အသားသည် သံချပ်ကာယန္တရားတပ်၏သတ်ဖြတ်ရေးအရှိန်အဝါနှင့် ရောယှက်သွားပုံပင်။

ဤတိုက်ခိုက်မှုသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်ကို ကျော်လွန်သွားလေသည်။

ရေအလျဉ်ပြည့်လျှံရေးအဆင့်နံရံကြီးကို ကျော်ဖြတ်ပြီးနောက် သူသည် ချန်းယွမ်ဟုခေါ်သော အဆင့်သို့ရောက်ရှိခဲ့သည်။

ချန်းယွမ်အဆင့်ဆိုသည်မှာ ဘာလဲ။ ယေဘုယျအားဖြင့် ၎င်းကို ကောင်းကင်ဘုံ၏သားတော်ဟု ခေါ်ကြလေသည်။

နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ရှိ အညံ့ဆုံးလူသည်ပင် ချန်းယွမ်အဆင့်ရှိသည်။

ကျန်းကျွင်းသည် နောင်မှာဖြစ်လာနိုင်သောပြဿနာများကို ကာကွယ်ရန်အတွက် ယဲ့ချိုးပိုင်ကိုသတ်ပစ်ချင်နေသည်မှာ ရှင်းနေချေသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်၏အမူအရာပြောင်းလဲသွားသည်။

အစိမ်းရောင်တိမ်တိုက်ဓားသွားကိုသာ အသုံးမပြုပါက ဤတိုက်ကွက်ကို မခုခံနိုင်ပေ။

သို့သော် အစိမ်းရောင်တိမ်တိုက်ဓားသွားကိုထုတ်လိုက်ပြီးလျှင် ဘာဖြစ်လာလေမလဲ။

သူ လွတ်မြောက်ဖို့အခွင့်အလမ်း မရှိတော့ပေ။

သို့သော် ယခုမသုံးလျှင်လည်း ခံနိုင်ရည်ရှိမည်မဟုတ်တော့ပေ။

အစိမ်းရောင်တိမ်တိုက်ဓားသွားကို သူဆွဲထုတ်ခါနီးတွင် ကျောက်စိမ်းဆွဲသီးလေးတစ်ခုက သိုလှောင်ရေးလက်စွပ်ထဲကတစ်ဆင့် ရုတ်တရက်လွင့်ပျံလာပြီး သူ့ရှေ့တွင် လွင့်မျောနေချေသည်။

ဤသည်မှာ ဟုန်ရင်ပေးထားသောကျောက်စိမ်းဆွဲသီးပင်။

ဧရာမသွေးနီရောင်လက္ခဏာအမှတ်အသားကြီးသည် ကျောက်စိမ်းဆွဲသီးနှင့် ထိခတ်မိသွားသည်။

ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းဆွဲသီး၏ရှေ့တွင် ဖီးနစ်အမှတ်အသားတစ်ခု ပေါ်ပေါက်လာသည်။

တစ်ကိုယ်လုံးတွင် မီးဝင်းဝင်းတောက်လောင်နေသော မီးလျှံဖီးနစ်ငှက်တစ်ကောင်သည် ခေါင်းကိုမော့လျက် အော်ဟစ်လိုက်လေသည် ။

အော်ဟစ်သံထွက်ပေါ်လာသည်။

ကျန်းကျွင်း၏အမူအရာ ပြောင်းလဲသွားသည်။

ဖီးနစ်အမှတ်အသားသည် သူ၏လက္ခဏာအမှတ်အသားကို အမှန်တကယ်လုံးဝပိတ်ဆို့ထားလေသည်။

မီးလျှံဖီးနစ်ငှက်သည် သူ၏တောင်ပံများကိုဖြန့်ကြက်ကာ မီးတောက်ကိုဖန်ဆင်းလိုက်သည်။

မီးတောက်ထဲရှိအရှိန်အဝါသည် ချန်းယွမ်အဆင့်ထက်တော့ မနိမ့်ပေ။

ထိုအထဲမှာ မီးလျှံသဘာဝစွမ်းအင်ရှိနေလေသည်။

ဝေဟင်အလယ်မှာ တိုက်ခိုက်နေကြသော ယွင်ကျင်းနှင့်အထိန်းတော်ကြီးတို့နှစ်ယောက်လုံးမှာ အံ့သြတကြီးအမူအရာများဖြင့် ငုံ့ကြည့်လာကြသည်။

ထိုအရာကိုမြင်လိုက်ရသောအခါ ဟွမ်းထျန်းမင်၏စိတ်အစဉ် တုန်လှုပ်သွားရလေသည်။

သူသည် ယဲ့ချိုးပိုင်၏နောက်ခံအကြောင်း မတွေးမိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ ရှင်းရှင်းလင်းလင်းသိထားပြီးသားပင်။

တောင်ပိုင်းနယ်မြေရှိ ထျန်းယွမ်မြို့ငယ်လေးမှ ယဲ့မိသားစုသည် မဟာမျိုးနွယ်စုလေးခုထဲမှတစ်ခုဖြစ်သော်လည်း နယ်မြေလေးခုသိုင်းပညာအကျော်အမော်များစာရင်းတွင် ပါဝင်သူမရှိချေ။ သူတို့ ဘယ်လောက်များ သန်မာနိုင်မတဲ့လဲ။

ဤကျောက်စိမ်းဆွဲသီးကို ယဲ့ချိုးပိုင် တစ်နေရာရာကရခဲ့ခြင်းဖြစ်နိုင်သည်။

ဗိုလ်ချုပ်သည် အလျင်အမြန်ပြန်လည်ပစ်ခတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့နောက်ရှိသံချပ်ကာယန္တရားတပ်က တညီတညွတ်တည်း အော်ဟစ်လျက် မြို့ရိုးတစ်ခုနှယ်တန်းစီ၍အကာအကွယ်ယူထားလိုက်လေသည်။

သူတို့လက်ထဲရှိလှံတံများကိုလည်း တစ်ပြိုင်နက်တည်းအသင့်ပြင်ထားလိုက်ကြသည်။

ထိုအချိန်မှာပင် လှံတံစျာန်အဘိညာဉ်များသည် အချင်းချင်းပေါင်းစည်းသွားပြီး မီးလျှံဖီးနစ်ဆီသို့ထိုးဖောက်ဝင်ရောက်လာသော ဧရာမလှံတံသတ်ဖြတ်ရေးအရှိန်အဝါတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

အုန်း..

ကောင်းကင်တွင် အပိုင်းနှစ်ပိုင်းကွဲသွားသည်။

ယဲ့ချိုးပိုင်ရှိရာဘက်အခြမ်းမှာ ရဲရဲတောက်ငရဲမီးအလား နီရဲနေသည်။

တစ်ဖက်တွင်မူ သံချပ်ကာယန္တရားတပ်ကြီးရှိသည်။

သူ၏သတ်ဖြတ်ရေးအရှိန်အဝါများမှာ သွေးအကျဉ်းထောင်ထဲမှာလို ဖရိုဖရဲဲဖြစ်နေချေသည်။

အင်အားနှစ်ရပ် ထိခတ်မိကြသောအခါ တိုက်ပွဲ၏နောက်ဆက်တွဲလှုပ်ခတ်မှုသည် အရပ်ရပ်သို့ ချက်ချင်းပေါက်ကွဲပျံ့နှံ့သွားသည်။

ပတ်ဝန်းကျင်ရှိလူများလည်း ကမန်းကတန်း နောက်ပြန်ဆုတ်လိုက်ရသည်။ ကျန်းချောင်မြန်နှင့်တခြားသူများလည်း ခုခံကာကွယ်ရန်အတွက် သူတို့၏ဝိညာဉ်ရေးရာချီစွမ်းအင်ကို လွှတ်ထုတ်လိုက်ရသည်။

ခဏအကြာတွင် နောက်ဆက်တွဲလှုပ်ခတ်မှုကြီး ပျောက်ကွယ်သွားချေသည်။

ယဲ့ချိုးပိုင်ရှေ့ရှိ ကျောက်စိမ်းဆွဲသီးလည်း ပျောက်ကွယ်သွား၏။

သံချပ်ကာယန္တရားတပ်ကြီးနှင့် ကျန်းကျွင်းတို့သည် လေထဲတွင်ရပ်နေကြဆဲဖြစ်သော်လည်း သူတို့၏အရှိန်အဝါများသည် အနည်းငယ်မှိန်ဖျော့သွားချေသည်။

ကျန်းကျွင်းသည် ထိုမြင်ကွင်းကိုမြင်သောအခါ ရယ်မောလိုက်သည်။

“မင်းမှာ တခြားနည်းလမ်းတွေရှိသေးလား”

မြင့်မားသောစင်မြင့်ကြီးပေါ်ရှိ ဟွမ်းထျန်းမင်ကမူ စိတ်မရှည်စွာဖြင့်အမိန့်ပေးလေတော့သည်။

“အချိန်ဆွဲနေတာကိုရပ်ပြီး ယဲ့ချိုးပိုင်ကိုမြန်မြန်သတ်စမ်း”

ချင်းထျန်းနျန်၏မျက်ဝန်းထဲမှာလည်း စိုးရိမ်သောကများပြည့်နေချေသည်။ ယဲ့ချိုးပိုင်မှာ တခြားနည်းလမ်းရှိမရှိ သူမသိပေ။

အကယ်၍မရှိပါက သူ ဒုက္ခရောက်တော့မည်ဖြစ်၏။

ဤအကြောင်း ချန်ရှန်းကို သူဘယ်လိုရှင်းပြရမလဲ…

ချန်ရှန်းကို သူဘယ်လိုမျက်နှာပြရပါ့မလဲ..

သူက ယဲ့ချိုးပိုင်ကို ဤနေရာသို့ခေါ်လာခဲ့သော်လည်း ပြန်မခေါ်သွားနိုင်တော့ပေ။ လုချန်ရှန်း သူ့ကို အလွန်စိတ်ပျက်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် ကောင်းကင်ရှိသံချပ်ကာယန္တရားတပ်ကြီးကို အေးစက်စွာကြည့်လျက် မှော်နက်မိစ္ဆာဓားသွားကို ဖယ်ထုတ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ဗိုလ်ချုပ်ကလှောင်ရယ်လေသည်။

“ဘာဖြစ်လို့လဲ။ မင်း အရှုံးပေးလိုက်ပြီလား”

ထို့နောက် ကျန်းကျွင်း လက်ကိုဝှေ့ယမ်းပြလိုက်သည်။

ချက်ချင်းပင် လေထဲရှိသံချပ်ကာယန္တရားတပ်သားများသည် အမိန့်တစ်ခုရရှိလိုက်ဟန်ဖြင့် ယဲ့ချိုးပိုင်ဆီသို့ အမြန်ပြေးသွားလေသည်။

သတ်ဖြတ်ရေးအရှိန်အဝါအစုလိုက်အပြုံလိုက်သည် အတူတကွစုစည်းသွားပြီး သတ်ဖြတ်ရေးနတ်ဘုရား၏သွေးရောင်အရိပ်ကြီးကို ဖြစ်ပေါ်လာစေသည်။ ထိုအရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ယဲ့ချိုးပိုင်သည် သူ၏သိုလှောင်ရေးလက်စွပ်ကို ထိလိုက်သည်။

သူ အစိမ်းရောင်တိမ်တိုက်ဓားသွားကို ထုတ်ယူလိုက်ချင်သည်။

အစိမ်းရောင်တိမ်တိုက်ဓားသွားသည် သူ၏နောက်ဆုံးအားကိုးရာလည်းဖြစ်၏။

ထိုအကြောင်းကိုတွေးရင်း ယဲ့ချိုးပိုင်၏စိတ်ထဲမှာ ခါးသက်စွာမပြုံးဘဲမနေနိုင်ချေ။

သူ စံအိမ်တော်ကိုပြန်ပြီး သူ့ဆရာအတွက် ဟင်းချက်ပေးဖို့မဖြစ်နိုင်တော့ချေ။

ထိုအခိုက်အတန့်လေးမှာပင် အနီရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံကို ဖြတ်သွားလေသည်။

တစ်ဖက်တွင်မူ အထိန်းတော်မင်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။

“အိုး မဖြစ်ဘူး”

သူ ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် လူတစ်ယောက်သည် လှံတံတစ်လက်ကို ကိုင်ဆောင်လျက် သံချပ်ကာယန္တရားတပ်ကြီးဆီသို့ အပြေးနှင်လာလေသည်။

ရုတ်ခြည်းပင် လှံတံ၏အင်အားလှိုင်းလုံးကြီးကြောင့် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

လှံတံလေဆင်နှာမောင်းထဲတွင် လေထဲမှာပျံ့လွင့်နေသောလှံတံနည်းဗျူဟာများ အမှန်တကယ်ရှိနေလေသည်။

သံချပ်ကာယန္တရားတပ်ကြီး၏ထက်ဝက်နီးပါးသည် လှံတံလေဆင်နှာမောင်း၏ချေမှုန်းခြင်းကိုခံလိုက်ရသည်။

ဗိုလ်ချုပ်ခမျာ ခဏမျှကြက်သေသေသွားပြီး တစ်ဖက်သို့လှည့်လိုက်သည်။

ဟွန်းထျန်းမင်ကလည်း လက်နက်ကိုင်ထားသောလူကို စိုက်ကြည့်နေသည်။

ဒီလူက တကယ်ပဲဘယ်သူများလဲ…

သူသည် သံချပ်ကာယန္တရားတပ်ကြီး၏ထက်ဝက်နီးပါးကို ချက်ချင်းသတ်ပစ်နိုင်လေသလား။

ယဲ့ချိုးပိုင်လည်း မှင်တက်သွားရသည်။

ထို့နောက် သူ့အနားတွင် အမျိုးသမီးတစ်ဦးပေါ်လာလေသည်။

“စီနီယာအစ်ကို အဆင်ပြေရဲ့လား”

ယဲ့ချိုးပိုင်လည်း လှမ်းကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပျော်ပျော်ရွှင်ရွှင်ပြန်ပြောလိုက်သည်။

“ဂျူနီယာညီမလေး.. ဒီကို ဘယ်လိုဖြစ်လို့ရောက်နေတာလဲ”

သူ(မ)မှာ ဟုန်ရင်ပင်။

သံချပ်ကာယန္တရားတပ်ဆီသို့ ပြေးဝင်သွားသူမှာ ယွင်မင်ပင်ဖြစ်ချေသည်။

ယွင်မင်သည် ဒဏ်ရာများပြန်လည်သက်သာလာပြီဆိုသော်ငြား သူ့အဆင့်မှာ ချိတ်ပိတ်ခံထားရဆဲဖြစ်သည်။ သူသည် ချန်းယွမ်အဆင့်နှင့် ခြေတစ်လှမ်းအကွာ၌သာရှိနေသေးသည်။

သို့သော် ဤအဆင့်မျှဖြင့်လည်း သံချပ်ကာယန္တရားတပ်ကိုတွန်းလှန်ရန် ပြဿနာမရှိချေ။

ဟုန်ရင်က ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ပြော၏။

“အလုပ်ပြီးလို့ ဒီကိုလာခဲ့တာ”

“ဒါပေမဲ့ လမ်းတစ်ဝက်မှာ အကာအကွယ်ကျောက်စိမ်းဆွဲသီး ကွဲအက်သွားတာကို အာရုံခံစားလိုက်ရတယ်လေ။ ဒါကြောင့် အမြန်ပြေးလာခဲ့လိုက်တာ ကံကောင်းလို့ အချိန်မီရောက်လာခဲ့တာပဲ”

ဤအခိုက်တွင် ယွင်မင်သည် ဟုန်ရင်ထံသို့ပြန်လာပြီး တလေးတစားပြောလေသည်။

“အရှင်မ.. ဒီလူတွေကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ”

ဟုန်ရင်က တိုက်ရိုက်ပြန်မဖြေပေ။ ထိုအစား သူ(မ)သည် ယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။

ယဲ့ချိုးပိုင်ထံကထင်မြင်ချက်ကို တောင်းဆိုနေသည်မှာ ရှင်းနေချေသည်။

ယွင်မင်မှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ ထိတ်လန့်သွားသည်။

အရှင်မက တခြားသူရဲ့ထင်မြင်ချက်ကို တောင်းခံနေတာလား။

ဤပုဂ္ဂိုလ်သည် အရှင်မ၏စီနီယာအစ်ကိုများလား။

သူ ထိုလူကိုစေ့စေ့စပ်စပ်အကဲခတ်လိုက်သော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ရပေ။

သူသည် အရည်အချင်းရှိသောလူငယ်တစ်ဦးမျှသာဖြစ်၏။

ယဲ့ချိုးပိုင် ဗိုလ်ချုပ်နှင့်တခြားလူများကိုကြည့်ပြီး ပြောလိုက်သည်။

“သူတို့အားလုံးကို ဒီမှာပဲအပြတ်ရှင်းလိုက်ရအောင်။ နေမဝင်အင်ပါယာအထိနာသွားမှာသေချာတယ်”

သံချပ်ကာယန္တရားတပ်သည် နေမဝင်အင်ပါယာ၏ဝှက်ဖဲဖြစ်ပြီး အင်ပါယာတစ်ခုလုံးရှိ သံချပ်ကာယန္တရားတပ်၏ထက်ဝက်နီးပါးသည် ဤနေရာတွင်ရောက်နေခြင်းပင်။

သူတို့အားလုံးကို ဤနေရာမှာရှင်းပစ်ခဲ့ပါက နေမဝင်အင်ပါယာကြီး အထိနာသွားမှာသေချာလေသည်။

အဆုံးမှာတော့ သံချပ်ကာယန္တရားတပ်ကြီးကိုပြုစုပျိုးထောင်ရန် အရင်းအမြစ်များစွာလိုအပ်လေသည်။

ဟုန်ရင်က ခေါင်းညိတ်ပြလိုက်ပြီး ယွင်မင်ကို လှည့်ကြည့်လိုက်သည်။

ယွင်မင်ကလည်း ဟုန်ရင်၏ဆိုလိုရင်းကို သဘောပေါက်သည်။ သူသည် တစ်ဖက်သို့လှည့်ပြီး သံချပ်ကာယန္တရားတပ်ဆီသို့ အပြေးသွားလေသည်။

ခဏအကြာတွင် လှံတံစျာန်အဘိညာဉ်များက ကောင်းကင်၌ပြည့်နှက်သွားသည်။

အော်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

အသက်တစ်ရှူတစ်ရှိုက်စာမျှအကြာမှာပင် သံချပ်ကာယန္တရားတပ်သားအားလုံး သုတ်သင်ခံလိုက်ရသည်။

ကျန်းကျွင်းပင် ယွင်မင်၏လက်ထဲတွင် သုံးချီထက်ပိုမထိန်းထားနိုင်ပေ။

ယွင်မင်၏လှံတံအောက်မှာ သူသည် ဇီဝိန်ချုပ်သွားလေတော့သည်။

ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုမှ အဖွဲ့ဝင်တိုင်းသည် လက်နက်တစ်ခုစီကို အထူးပြုတတ်ကျွမ်းထားကြပြီး ယွင်မင်က လှံတံကိုအထူးပြုတတ်ကျွမ်းသည်။

ထိုအခြင်းအရာကို ဟွမ်းထျန်းမင်မြင်သောအခါ ဟုန်ရင်ကိုစိုက်ကြည့်လျက်မေးခွန်းထုတ်လေသည်။

“မင်းက ဘယ်သူလဲ”

ဟုန်ရင်ကမူ သူ့ကိုလှည့်ပင်မကြည့်ချေ။

သူ(မ)သည် ဧကရီတစ်ပါးဖြစ်သည်။ သူ(မ)၏မျက်လုံးထဲတွင် ဟွမ်းထျန်းမင်သည် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သည်..။ သို့ဖြစ်ရာ သူ(မ)အနေနှင့် သူ့မေးခွန်းကိုဖြေရလောက်အောင်အထိ ကိုယ့်ကိုယ်ကိုယ်ဘာကြောင့်များနှိမ့်ချနေရမလဲ..။

Comment

Leave a Reply

Options

not work with dark mode
Reset