တိမ်မည်းများက မြို့တော်ကိုဖုံးလွှမ်းထားပြီး ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်နေသည့်အလားပင်။
မဟူရာရောင်သံမဏိချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော သံချပ်ကာယန္တရားတပ်သားရာပေါင်းများစွာသည် ကောင်းကင်ယံ၌ရပ်နေပြီး သွေးရောင်လွှမ်းနေသော သတ်ဖြတ်ရေးအရှိန်အဝါများကို ထုတ်လွှတ်နေချေသည်။
ကောင်းကင်ကြီးသည် ရုတ်ခြည်းပင် သွေးအိုင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
သံချပ်ကာယန္တရားတပ်သည် အလောင်းကောင်တောင်တန်းနှင့် သွေးပင်လယ်ကြီးထဲမှ ထွက်လာခဲ့သည့်အလားပင်။
ဤသတ်ဖြတ်ရေးအရှိန်အဝါကို အခြားသူများအာရုံခံမိသွားသောအခါ မတုန်လှုပ်ဘဲမနေနိုင်ကြချေ။
ချွေးစေးများပြန်ပြီး မြေပြင်ပေါ်သို့လဲကျသွားသော စိတ်စွမ်းအင်အားနည်းသူသူများပင် ရှိနေသေးသည်။
ဤသည်မှာ သတ်ဖြတ်ရေးအရှိန်အဝါအချို့၏ နောက်ဆက်တွဲလှုပ်ခတ်မှုမျှသာ ဖြစ်သည်။
ရာနှင့်ချီသော သတ်ဖြတ်ရေးအရှိန်အဝါများ၏ ပစ်မှတ်ထားခြင်းကိုခံနေရသော ယဲ့ချိုးပိုင်ကလည်း အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့ခါးမှာ နိမ့်ဆင်းသွားလေသည်။
သို့သော် ယဲ့ချိုးပိုင်သည် ကောင်းကင်ဘုံမိစ္ဆာအကဲဖြတ်ရေးကို တွေ့ကြုံခံစားခဲ့ရပြီး ဓားသွားဗဟိုချက်သိမြင်မှုမျိုးရှိသောကြောင့် သူသည် အခြားသူများကဲ့သို့ စိတ်မလွတ်သွားပေ။ သို့တိုင် ဤသတ်ဖြတ်ရေးအရှိန်အဝါမှာ အလွန်များပြားလွန်းလှသည်။
ဟွမ်းထျန်းမင်သည် စင်မြင့်ကြီးပေါ်တွင်ရပ်လျက် ယဲ့ချိုးပိုင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူက ဂရုမစိုက်ဟန်ဖြင့်ပြော၏။
“ယဲ့ချိုးပိုင်.. မင်းရဲ့ပြစ်မှုကို မင်းသိလား”
ကျန်းချန်၏မျက်နှာမှာ ဖြူဖျော့သွားရသည် ။
ချင်းထျန်းနျန်၏အမူအရာလည်း ပြောင်းလဲသွားသည်။ သူသည် သုန်မှုန်နေသောအမူအရာဖြင့် ဟွမ်းထျန်းမင်ကိုကြည့်ကာ စကားဆိုလိုက်၏။
“အိမ်ရှေ့စံမင်းသား ဒါက ဘာအဓိပ္ပာယ်ပါလဲ”
ဟွမ်းထျန်းမင်သည် ချင်းထျန်းနျန်ကို ပြန်မဖြေဘဲ ယဲ့ချိုးပိုင်ကိုသာ ဆက်လက်ဖိအားပေးနေခဲ့သည်။
ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်ကစိုးရိမ်သွားပြီး ယဲ့ချိုးပိုင်ဆီကို ချက်ချင်းပြေးသွားလေသည်။ သို့သော် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သူ့ရှေ့သို့ရောက်လာပြီး လမ်းပိတ်ထားလေသည်။ ထိုလူ၏အသွင်အပြင်ကိုမြင်သောအခါ ချင်းထျန်းနျန်၏အမူအရာမှာ အုံ့မှိုင်းသွားလေသည်။
“ဖန်ကျင်းယောင်..မင်းက နေမဝင်အင်ပါယာထဲကို ဝင်လိုက်ပြီလား”
ဖန်ကျင်းယောင်သည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ရှိသည်။
သူ့အဆင့်သည် ချင်းထျန်းနျန်၏နောက်တွင်ရှိသော်လည်း ခွန်အားမှာ သိပ်မကွာလှပေ။
ဖန်ကျင်းယောင်က ခပ်ပြုံးပြုံးဖြင့်ပြန်ပြောလေသည်။
“ရွေးစရာမရှိဘူးလေ။ ငါ သူတို့အပေါ် ကျေးဇူးကြွေးတင်ထားတာကိုး။ ချင်းထျန်းနျန် မင်းလည်းသိတဲ့အတိုင်းပဲ ကျေးဇူးကြွေးက ပြန်ဆပ်ဖို့သိပ်ခက်တာ”
ချင်းထျန်းနျန်၏မျက်နှာ မည်းမှောင်သွားရချေသည်။
ဟွမ်းထျန်းမင်ဘက်က အဆင်သင့်ပြင်ထားသည်မှာ သိသာလှသည်။
သူသည် ထပ်မစောင့်ချင်တော့သလို ယဲ့ချိုးပိုင်၏ခွန်အားကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရပြီးနောက် စွန့်လည်းမစွန့်စားချင်တော့ပေ။
ချင်းထျန်းနျန်က လူတစ်ယောက်ထံမှ လမ်းပိတ်ခံထားရပြီး အနောက်ပိုင်းနှင့်အရှေ့ပိုင်းကျောင်းတော်တို့၏အကြီးအကဲများကမူ ထိုမြင်ကွင်းကိုတိတ်တဆိတ်ကြည့်နေပြီး ချက်ချင်းမတုံ့ပြန်ခဲ့ကြပေ။
နေမဝင်အင်ပါယာ၏အင်အားသည် တုန်လှုပ်ဖွယ်ကောင်းနေဆဲပင်။
ယဲ့ချိုးပိုင်ခမျာ ခက်ခက်ခဲခဲခေါင်းမော့လိုက်ပြီး အံတင်းတင်းကြိတ်ကာ မေးလိုက်သည်။
“ငါ့အပြစ်က ဘာလဲ”
ဟွမ်းထျန်းမင်သည် အမှန်တရားကိုမပြောသည်မှာ သဘာဝကျပေသည်။ သူသည် ယဲ့ချိုးပိုင်၏မေးခွန်းကိုဖြေရမည့်အစား သံချပ်ကာယန္တရားတပ်ကို လက်ဝှေ့ယမ်းပြပြီး အမိန့်ပေးလိုက်လေသည်။
“သူ့ကို ချက်ချင်းသတ်ပစ်စမ်း”
ချက်ချင်းဆိုသလို ကောင်းကင်ရှိသံချပ်ကာယန္တရားတပ်သားများသည် ထိုအခိုက်အတန့်တွင် ကမ္ဘာမြေကိုတုန်လှုပ်သွားစေနိုင်လောက်သော ဟိန်းဟောက်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။
ထိုအသံကြီးသည် သတ်ဖြတ်ရေးအရှိန်အဝါများနှင့်ရောထွေးသွားပြီး ယဲ့ချိုးပိုင်ဆီကို ဦးတည်သွားလေသည်။ ယဲ့ချိုးပိုင်၏မျက်ဝန်းအစုံမှာ တုန်ယင်သွားပြီး လေချွန်သံအရှည်ကြီးပေးလိုက်သည်။
မှော်နက်မိစ္ဆာဓားသွားသည် ၎င်း၏ဓားအိမ်မှ လွတ်ထွက်လာပြီး ဧရာမမိစ္ဆာစွမ်းအင်များကလည်း ကောင်းကင်ဆီသို့ဆန်တက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ဓားသွားသည် သတ်ဖြတ်ရေးအရှိန်အဝါများကိုဆန့်ကျင်လျက် ဟိန်းဟောက်လိုက်သည်။
သံချပ်ကာယန္တရားတပ်ကြီးသည် သွေးပင်လယ်ကိုနင်းဖြတ်လာသောခွာသံများနှင့်အတူ သူ့ဆီသို့ပြေးဝင်လာလေသည်။
ယဲ့ချိုးပိုင်သည် သူ့ခန္ဓာကိုယ်ကိုတောင့်ခံထားလေရာ သူ့ကျောပြင်သည် သေနတ်တစ်လက်အလား ဖြောင့်တန်းနေလေသည်။
သွေးပင်လယ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ဓားသိုင်းစျာန်အဘိညာဉ်လှိုင်းလုံးကြီးတစ်ခု ကောင်းကင်ပေါ်သို့ ဆန်တက်သွားလေသည်။
မရေမတွက်နိုင်သောလူများက ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။
တုန်လှုပ်ဖွယ်ရာပင်။
ခရမ်းရောင်ဘုံဗိမာန်အဆင့်မျှဖြင့် ထောင်နှင့်ချီသောတပ်သားပေါင်းများစွာ၏စွမ်းအားကို အံတုနေလေသည်။
ထိုသို့သောသတ္တိ၊ ထိုသို့သောရဲရင့်မှု..။
ဤအခိုက်အတန့်တွင် ခေါင်းဆောင်ရူသည် တည်ငြိမ်နေဟန်ဖြင့် ယဲ့ချိုးပိုင်ကိုအပြေးအလွှားသွားရောက်ကူညီချင်စိတ်ဖြင့် ရှေ့သို့တိုးလာခဲ့သည်။
သို့သော် အချိန်ကိုက်လေးမှာပင် ပုံရိပ်တစ်ခုက ခေါင်းဆောင်ရူ၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ဓားသိုင်းခန်းမ၏အကြီးအကဲသည်လည်း အလွန်စိုးရိမ်နေပြီး ယဲ့ချိုးပိုင်ကို ကူညီပေးချင်နေသည်။
သို့သော် လူတစ်စုက သူ့ကိုလမ်းပိတ်ထားလေသည်။
ဟွမ်းထျန်းမင်၏ ကြိုတင်ပြင်ဆင်မှုများသည် အလွန်စေ့စပ်သေချာလှသည် ။
ဤသို့ဖြင့် ယဲ့ချိုးပိုင်ကို ကူညီမည့်သူ မရှိတော့ချေ။
ရှင်းဟုန်ယီခမျာ အံတင်းတင်းကြိတ်လျက် အလျင်စလိုရှေ့တက်လိုက်ချင်သော်လည်း ဟွမ်းယွမ်က သူ့ကို နောက်ပြန်ဆွဲထားလေသည်။
“ရှင် ဘာလုပ်နေတာလဲ။ ရှင် ရှေ့မတက်ချင်ရင် ကျွန်မတစ်ယောက်တည်းသွားမယ်”
ဟွမ်းယွမ်သည် စင်မြင့်ပေါ်ရှိယဲ့ချိုးပိုင်ကိုငေးကြည့်နေလေသည်။ သူ့အနေနှင့် သတ်ဖြတ်ရေးအရှိန်အဝါကို ခံစားမိရုံမျှဖြင့် တစ်ချိန်လုံးချွေးစေးများပြန်နေခဲ့ရသည်။
“မင်းသွားတော့ရော ဘာထူးမှာလဲ။ ငါတို့ရဲ့သတ်ဖြတ်ရေးအရှိန်အဝါနဲ့ဆိုရင်တောင်မှ အဲဒါကိုအံတုဖို့ စိတ်စွမ်းအင်တွေအများကြီးလိုတယ်။ ရှေ့တက်သွားလိုက်ရင် ယဲ့ချိုးပိုင်အတွက်ပရမ်းပတာဖြစ်သွားအောင်လုပ်မိပြီး သူ့ကို အာရုံများသွားစေလိမ့်မယ်”
ဖြူဖပ်ဖြူရော်အမူအရာရှိနေသည့် လင်းစီကလည်း ခနဲ့တဲ့တဲ့ပြုံးလျက် ပြောလေသည်။
“ဟွမ်းယွမ်ပြောတာ မှန်တယ်။ ငါတို့ထဲကတစ်ယောက်ယောက်သာ ရှေ့ကိုတက်သွားလိုက်ရင် ယဲ့ချိုးပိုင်အတွက် ဒုက္ခပဲဖြစ်သွားလိမ့်မယ်”
ဟော်ချင်းမင်ခမျာ လက်သီးတင်းတင်းဆုပ်၊ အံတင်းတင်းကြိတ်လျက် အစွမ်းမဲ့နေသောခံစားချက်ကြီးကို မုန်းတီးနေချေသည်။
ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် များပြားလှသော ထိုသတ်ဖြတ်ရေးအရှိန်အဝါကြီးကို သူ့ဘာသာတွန်းလှန်နေရသည်။
သူ့ပုံစံမှာခန့်ညားနေပြီး သူ့မျက်နှာသည် အမှန်စင်စစ်အနည်းငယ်ဖြူဖျော့နေချေသည်။
သိသာလွန်းလှစွာပင် ဤအရာမှာ သူ့အတွက် အလွန်ခက်ခဲလှပေသည်။
သံချပ်ကာယန္တရားတပ်တော်ရှိ လူတိုင်းသည် အခြေခံအားဖြင့် ခရမ်းရောင်ဘုံဗိမာန်အဆင့်ရှိကြသည်။ ထို့အပြင် လက်နက်ကိရိယာများသည် အလွန်ကောင်းမွန်လှပြီး ထိုလူအားလုံးသည် သွေးထွက်သံယိုမုန်တိုင်းများကို ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်၏။ သို့ဖြစ်ရာ သူတို့ဆီမှထုတ်လွှတ်လာသောအရှိန်အဟုန်သည် မသန်မာဘဲမနေချေ။
ဟွမ်းထျန်းမင်သည် စင်မြင့်ပေါ်ရှိ ထိုမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေရင်း လန့်ဖျပ်သွားလေသည်။
ခရမ်းရောင်ဘုံဗိမာန်အဆင့်မျှသာရှိသော ယဲ့ချိုးပိုင်သည် သံချပ်ကာယန္တရားတပ်၏ဖိနှိပ်မှုကို တွန်းလှန်နိုင်လေသလား။
ယဲ့ချိုးပိုင်၏သတ်ဖြတ်ရေးအရှိန်အဝါ သည့်ထက်ပိုပြီးဆက်လက်ကြီးထွားခွင့်ပြုလိုက်ပါက ပြဿနာတက်ပေတော့မည်။
သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်၏။
“ကျန်းကျွင်း.. သံချပ်ကာယန္တရားတပ်ကိုဦးဆောင်ပြီး ယဲ့ချိုးပိုင်ကို သွားသတ်စမ်း”
ကျန်းကျွင်းသည် ဟွမ်းထျန်မင် ထိုသို့အမိန့်ပေးရန်မလိုအပ်ဟု ခံစားမိသော်လည်း မနာခံဘဲမနေဝံ့ပေ။ သူ ခေါင်းညိတ်ပြလိုက်ပြီး သံချပ်ကာယန္တရားတပ်၏ရှေ့ကို လျှောက်သွားလိုက်သည်။
ကျန်းကျွင်းသည် ရေအလျဉ်ပြည့်လျှံရေးအဆင့် အထူးကျွမ်းကျင်သူဖြစ်ပြီး သူပါပါလာသောအခါ ယဲ့ချိုးပိုင်ရင်ဆိုင်နေရသော ရန်သူ့အင်အားသည် အဆပေါင်းများစွာ ထိုးတက်သွားလေသည်။ ဤသတ်ဖြတ်ရေးအရှိန်အဝါအတက်အကျသည် ယဲ့ချိုးပိုင်အား အသက်ရှူရခက်ခဲအောင်လုပ်နေသည်။
ချင်းထျန်းနျန်နှင့် တခြားသူများမှာ ကူညီချင်သော်လည်း ပိတ်ဆို့ခံထားရဆဲပင်။
ထိုမြင်ကွင်းကိုစောင့်ကြည့်ရင်း ယဲ့ချိုးပိုင်၏အမူအရာမှာ သုန်မှုန်သွားချေသည်။
ယခုအခါ ကျန်းကျွင်လည်းပါဝင်လာသောကြောင့် ယဲ့ချိုးပိုင်အနေနှင့် ဤစွမ်းအားကို မှော်နက်မိစ္ဆာဓားသွားတစ်ခုတည်းနှင့် မခုခံနိုင်တော့ချေ။
သူ အစိမ်းရောင်တိမ်တိုက်ဓားသွားကို ဆွဲထုတ်မည့်ဆဲဆဲမှာပင်…
“ကျုပ်တို့ဆီမှာ ကျွမ်းကျင်သူတွေများများစားစားမရှိလို့ နေမဝင်အင်ပါယာက ကျုပ်တို့ကျောင်းတော်ကို အနိုင်ကျင့်နေတာလား”
ယဲ့ချိုးပိုင်၏ရှေ့တွင် အကြီးအကဲတစ်ယောက်ပေါ်လာလေသည်။
ယဲ့ချိုပိုင်သည် သူ့ခန္ဓာကိုယ် ရုတ်ခြည်းပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ရေးအရှိန်အဝါအားလုံးကို သူ့ရှေ့ရှိအကြီးအကဲက ချေမှုန်းပစ်လိုက်သည်။
ထိုလူကြီးကို မြင်လိုက်ရသည်နှင့် ဟွမ်းထျန်းမင်၏အမူအရာမှာ ချက်ချင်းအုံ့မှိုင်းသွားသည်။
ချင်းထျန်းနျန်တစ်ယောက် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဟွမ်းထျန်းမင်က စင်မြင့်ပေါ်မှနေ၍ အသံနက်ကြီးဖြင့်ပြောလာလေသည်။
“အကြီးအကဲယွင်.. ဒီလူက ငါတို့ရဲ့နေမဝင်အင်ပါယာနဲ့ ရန်ငြိုးရှိတဲ့လူပဲ။ သူက တောင်ပိုင်းဒေသကဆိုတာတော့ ပြောနေစရာကိုမလိုဘူး”
မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်တွင် ယွမ်းထျန်းမင်ကို ကြောက်လန့်အောင်လုပ်နိုင်သူတစ်ယောက်ယောက်သာရှိခဲ့ပါက ထိုလူသည် ဤအကြီးအကဲယွင်ကျင်းသာ ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအကြီးအကဲသည် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ အမြင့်မြတ်ဆုံးအကြီးအကဲဖြစ်ပြီး မြောက်ပိုင်းနယ်မြေတွင် အသန်မာဆုံးဓားသမားလည်း ဖြစ်နေသောကြောင့်ပင်။
သူ့အဆင့်မှာ ဓားသိုင်းစံပြအဆင့်ကိုရောက်နေပြီဖြစ်၏။
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင်မူ ဆဋ္ဌမအဆင့်ရှိသော်လည်း စတုတ္ထအဆင့်ရှိသော နေမဝင်အင်ပါယာ၏အရှင်သခင်သည်ပင် သူ့ဓားသိုင်းကို အလွန်ကြောက်လေသည်။
“သူက တောင်ပိုင်းနယ်မြေကဆိုတော့ရောဘာဖြစ်လဲ။ သူက ငါတို့ကျောင်းတော်ရဲ့လူပါပဲ”
ယွင်ကျင်းက ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။
“ဒါဆို အကြီးအကဲယွင်နဲ့ မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က သူ့ကို သေတဲ့အထိကာကွယ်ပေးမယ်လို့ ဆိုလိုတာလား”
ဟွမ်းထျန်းမင်၏အမူအရာမှာ ပျက်ယွင်းသွားချေသည် ။
ယွင်ကျင်းက ပြန်မဖြေသော်လည်း ယဲ့ချိုးပိုင်၏ရှေ့မှာဆက်ရပ်ရင်း သူ့ဆန္ဒကို ရှင်းရှင်းလင်းလင်းဖော်ပြနေလေသည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲယွင်”
ယဲ့ချိုးပိုင်က ချက်ချင်းပြောလိုက်သည်။
ယွင်ကျင်းက နောက်ပြန်လှည့်ကြည့်ကာ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြသည်။
“မင်းက မျိုးစေ့ကောင်းလေးတစ်ခုပဲ။ မင်းမှာ ချောင်မြန်ထက်ပိုသာတဲ့အရည်အချင်းမျိုးရှိပြီး ဓားသိုင်းပညာရှိတစ်ယောက်ဖြစ်လာဖို့လည်း ဘာအတားအဆီးမှမရှိသင့်ဘူး”
ကျန်းချောင်မြန်တဲ့လား။
“ကျန်းချောင်မြန်က ငါ့တပည့်ပဲ”
ယွင်ကျင်းက ပြန်ဖြေသည်။
ထိုအချိန်မှသာ ယဲ့ချိုးပိုင် သဘောပေါက်လိုက်ပေသည်။
သို့သော် ကောင်းမွန်လှသောအခိုက်အတန့်များက ကြာရှည်မခံချေ။ ကောင်းကင်ယံထက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။
ထိုရယ်သံသည် အမည်မသိလူတစ်ယောက်ဆီမှလာသောရယ်သံပင် ဖြစ်ချေသည်။
“အဘိုးကြီးယွင် မင်းရဲ့ဓားသိုင်းက ဒီအတောအတွင်း ဘယ်လောက်တောင်တိုးတက်လာသလဲဆိုတာ ကြည့်စမ်းပါရစေ”
“မင်းသဘောပဲလေ”
ယွင်ကျင်းက လေသံထွက်ရုံမျှရေရွတ်ရင်း ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် လွှားခုန်လိုက်ပြီး ကောင်းကင်ထက်ရှိအထိန်းတော်နှင့် တိုက်ခိုက်လေတော့သည်။
“အခု မင်းကိုဘယ်သူကူညီနိုင်ဦးမလဲ ယဲ့ချိုးပိုင်”
ဟွမ်းထျန်းမင်က လှောင်ပြောင်သရော်လိုက်လေသည်။