မြောက်ပိုင်းနယ်မြေထဲတွင် ဟုန်ရင်သည် မျက်လုံးကိုဖွင့်ကာ ယွင်မင်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် ယွင်မင်၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
သို့သော်လည်း သူ၏ကျင့်ကြံမှုအဆင့်သည် အထွတ်အထိပ်သို့ပြန်လည်မရောက်ရှိလာသေးပေ။
ဟုန်ရင်က မတ်တတ်ထရပ်လိုက်ပြီး ပြောသည်။
“ကောင်းပြီ။ သွားကြရအောင်”
ယွင်မင်ကလည်း တလေးတစားပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်မ။ အခု ကျန်တဲ့ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုကို ရှာတော့မှာလား။”
ထိုစကားကိုကြားသောအခါ ဟုန်ရင်က ခေါင်းခါပြလိုက်သည်။
“ငါ့ရဲ့စီနီယာအစ်ကိုကို သွားရှာမှာ”
“စီနီယာအစ်ကိုလား”
ယွင်မင်ခမျာ အံ့သြမှင်တက်သွားပြီး ငေးတိငေးကြောင်ဖြင့်မေးလေသည်။
“အရှင်မမှာ စီနီယာအစ်ကို ဘယ်တုန်းကရှိနေတာလဲ။ ဘယ်သူကများ အရှင်မရဲ့အရှင်သခင်ဖြစ်ဖို့ အရည်အချင်းပြည့်မီတာပါလဲ”
ဟုန်ရင်ကမူ ဂရုမစိုက်ဟန်ဖြင့်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
“ငါကိုယ်တိုင်အသိအမှတ်ပြုထားတဲ့ဆရာဆိုမှတော့ သေချာပေါက်ထိုက်တန်လို့ပေါ့”
“ကျွန်တော် အပြစ်ပြုမိသွားပါတယ်”
ယွင်မင်သည် ဟုန်ရင်စိတ်မကျေမနပ်ဖြစ်နေသည်ကို အာရုံခံစားမိသောကြောင့် ချက်ချင်းဒူးထောက်လိုက်ပြီး ကြောက်လန့်တကြားပြောလေသည်။
ထိုအခြင်းအရာကိုမြင်သောအခါ ဟုန်ရင်ကခေါင်းညိတ်ပြပြီး “ဒီလိုမျိုးထပ်မလုပ်နဲ့”ဟုပြောလိုက်သည်။
သူ(မ)သည် ရှေးခေတ်ဧကရီတစ်ဦးဖြစ်သည်။ သူ(မ)ကို တခြားသူတွေက ဘယ်လိုများသံသယဖြစ်ရဲရမှာလဲ။
ထို့အပြင် သူ(မ)သခင်၏ကျင့်ကြံမှုအဆင့်မှာ နားလည်ရခက်လှသည်။ သူ့ခွန်အားကိုတောင် သူ(မ)ဖောက်ထွင်းမမြင်နိုင်ပေ။
သူ အကဲစမ်းကြည့်လိုက်တိုင်း တစ်စွန်းတစ်စသတိထားမိလိုက်သလိုပင်။
သို့သော် သူ့သခင်ကတော့ သူ့ကိုယ်သူသတိပြုမိပုံမပေါ်ပေ..။
ထိုအကြောင်းကိုတွေးမိပြီး ဟုန်ရင်မှာ ကူကယ်ရာမဲ့စွာဖြင့်ရယ်မောလိုက်မိသည်။
“ကောင်းပြီ။ ဆရာ့ဆီကိုမပြန်ခင် စီနီယာအစ်ကိုကို အရင်သွားရှာရအောင်”
“ဟုတ်ကဲ့”
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၌..
ဓားသိုင်းစျာန်အဘိညာဉ်များ ဝှစ်ခနဲဖြတ်သန်းသွားလေသည်။
“ဒီ… ယဲ့ချိုးပိုင်က ဓားသိုင်းစျာန်အဘိညာဉ်ကို တကယ်နားလည်ခဲ့တာလား”
“စီနီယာအစ်ကိုကျန်းထက်တောင် စောနေသေးတယ်။ အဲဒီအပြင် ဒါက ဧရာမအောင်နိုင်ရေးဓားသိုင်းစျာန်အဘိညာဉ်ဖြစ်နှင့်နေပြီးပြီဟ”
“ယဲ့ချိုးပိုင်က ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်လောက်နဲ့ မဟာဓားသိုင်းပညာရှင်အဆင့်ကိုရောက်ပြီးနေပြီပေါ့”
“ကြောက်ဖို့ကောင်းလိုက်တာ”
ကျန်းချောင်မြန်သာ ဓားသိုင်းပညာရှိဖြစ်လာနိုင်ပါလျှင်…
နောက်ပိုင်းတွင် ယဲ့ချိုးပိုင်သည် လမ်းတစ်ဝက်တွင်အသက်မသေသရွေ့ အနာဂတ်တွင် ဓားသိုင်းပညာရှိဖြစ်လာမည်မှာသေချာသည်။
ထို့ကြောင့်လည်း ဟွမ်းထျန်းမင်က ယဲ့ချိုးပိုင်ကို နေရာမှာပင်ပွဲချင်းပြီးသတ်ချင်နေခဲ့ခြင်းပင်။
ယဲ့ချိုးပိုင်သာ ဓားသိုင်းပညာရှိဖြစ်လာပါက အနာဂတ်တွင် နေမဝင်အင်ပါယာအတွက် ပြင်းထန်သောထိုးနှက်ချက်တစ်ခု ဖြစ်လာလိမ့်မည်။
ထိုအချိန်တွင် ပြိုင်ပွဲစင်မြင့်ပေါ်၌..
ယဲ့ချိုးပိုင်သည် သစ်သားဓားကို လက်တစ်ဖက်တည်းဖြင့်ကိုင်ထားပြီး ကျန်းချောင်မြန်ကို ကြည့်လိုက်သည်။ သူက ထူးမခြားနားဟန်ဖြင့်ပြောလိုက်သည်။
ကျန်းချောင်မြန်သည် ဓားသွားချီစွမ်းအင်ကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
သူသည် ဓားသိုင်းကျင့်ကြံရင်း ကြီးပြင်းလာခဲ့သူပင်။
ယခုမူ သူသည် ဓားသိုင်းစျာန်အဘိညာဉ်၏အစွန်အဖျားကို လက်လှမ်းမီထားလေပြီ။
သို့သော် သူနှင့်အသက်အရွယ်တူသော သူ့ရှေ့ရှိလူကတော့ ဓားသိုင်းစျာန်အဘိညာဉ်ကို ကျွမ်းကျင်တတ်မြောက်ထားပြီး ဓားသိုင်းပညာရှင်အဆင့်သို့ပင် ရောက်ရှိထားသည်။
ယခင်က ကျန်းချောင်မြန်သည် အမီလိုက်ရန်ပန်းတိုင်ဆိုတာမျိုးမရှိခဲ့ဘဲ အခြားသူများကသာ သူ့ကိုမော်ကြည့်ခဲ့ရသည်။
သို့သော် ယခုအချိန်မှာမူ သူ့တွင် အမီလိုက်ရမည့်ပန်းတိုင်တစ်ခုရှိနေလေပြီ။
သို့ဖြစ်ရာ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်တဲ့လား။
ကျန်းချောင်မြန်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိပြီးနောက် သူ့အရှိန်အဝါများက ရုတ်ခြည်းထွက်ပေါ်လာသည် ။
ဓားသွားချီစွမ်းအင်သည် အော်ဟစ်သံပေးပြီး ကောင်းကင်သို့ ပျံတက်သွားသည်။
ဝမ်းသာအားရအော်ဟစ်သံမျိုးပင်။
ထိုအရာကိုမြင်လိုက်ရသောအခါ ကျန်းဟယ်၏အမူအရာမှာ ရုပ်ဆိုးသွားရသည်။
မျှော်လင့်ထားသလိုပင် တစ်ဖက်လူသည် သူ့ကိုတိုက်ခိုက်ခဲ့စဉ်က သူ့အင်အားကို အပြည့်အ၀အသုံးမချခဲ့ပေ။
လက်ရှိကျန်းချောင်မြန်သည် အထွတ်အထိပ်သို့ရောက်ရှိနေသော ကျန်းချောင်မြန်ဖြစ်သည်။
သူ့အရှိန်အဝါက သူ့ထက်သာလွန်လှသည်။
ထိုအချိန်တွင် ကျန်းချောင်မြန်သည် လက်ထဲတွင် ဓားရှည်တစ်လက်ကိုကိုင်ထားသည်။ သူ ယဲ့ချိုးပိုင်ဆီသို့ ပြေးဝင်လာသောအချိန်မှာ ဓားသွားရောင်ခြည်များ တောက်ပလာသည်။
အနားကိုနီးကပ်လာသောအခါ ကျန်းချောင်မြန်သည် သူ့ဓားကို ဝှေ့ယမ်းလိုက်သည်။
ဓားသိုင်းစျာန်အဘိညာဉ်ခပ်ပါးပါး ကိန်းဝပ်နေသောဓားသွားသည် ယဲ့ချိုးပိုင်၏ရင်ဘတ်ဆီသို့ ဦးတည်သွားသည် ။
၎င်းသည် မိုးကြိုးစွမ်းအားကို သယ်ဆောင်ထားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားချေသည်။
အချိန်မရွေး ပြိုကွဲသွားနိုင်သည့်အလားပင်။
ယဲ့ချိုးပိုင်သည် သူ့လက်ဖဝါးကို ဆတ်ခနဲလှုပ်ရှားလိုက်ပြီး ကျန်းချောင်မြန်ကို လက်ထဲကသစ်သားဓားဖြင့် ထိုးချလိုက်သည်။
ချက်ချင်းပင် ကမ္ဘာမြေပေါ်ရှိ ဓားသိုင်းစျာန်အဘိညာဉ်အလုံးစုံသည် ယဲ့ချိုးပိုင်၏စကားကို နာခံနေပုံရသည်။
သစ်သားဓားသည် ကျန်းချောင်မြန်ဆီသို့ ဖြတ်သန်းသွားချိန်မှာ ကြောက်မက်ဖွယ်အရှိန်အဝါများကိန်းအောင်းနေသော ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ရှည်ကြီးအလားပင်။
ထိုအဖြစ်ကိုမြင်သောအခါ ကျန်းချောင်မြန်၏အမူအရာက ပြောင်းလဲမသွားဘဲ သူ့မျက်လုံးထဲမှာ တစ်ယူသန်မှုများနှင့်ပြည့်နှက်နေသည်။
သူသည် ဓားသိုင်းစျာန်အဘိညာဉ်၏အစွန်အဖျားကို ထိရုံမျှထိထားသော်လည်းမဝင်ရောက်နိုင်သေးပေ။
ယခုအခါတွင် သူ့ပြိုင်ဘက်က သူ့ကို ဓားသိုင်းစျာန်အဘိညာဉ်ဖြင့်တိုက်ခိုက်လာလေရာ သူ နောက်ပြန်မဆုတ်နိုင်သည်မှာ သဘာဝကျပေသည်။
ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်ကို အသုံးပြု၍ အစွန်အဖျားနားမှ ဖြတ်ကျော်လာနိုင်ရန် ကြိုးစားချင်နေခြင်းပင်။
၎င်းမှာ အန္တရာယ်ရှိလား။
သေချာပေါက် အန္တရာယ်ရှိသည်။
ထို့အပြင် ထိုအန္တရာယ်သည် သေစေနိုင်လေသည်။
သို့သော် ဓားသမားတစ်ယောက်ဆိုသည်မှာ အဘယ်နည်း။
ဓားသိုင်းအတွက် သူမလုပ်နိုင်တာမရှိမှန်း သူသိသည်။
သူ နောက်ပြန်မဆုတ်နိုင်ပေ။
သူသာ ခြေလှမ်းနောက်ပြန်ဆုတ်လိုက်လျှင် ဓားသိုင်းတာအိုလမ်းစဉ်တွင် အတွင်းစိတ်နတ်ဆိုးတစ်ကောင်ကို မွေးမြူထားသလိုဖြစ်သွားပြီး ရှေ့ကို လုံးဝမတက်လှမ်းနိုင်တော့ပေ။
ကျန်းချောင်မြန် ထိုအကြောင်းကို ကောင်းကောင်းသိသည်။
သူ့ဓားသိုင်းတာအိုနှလုံးသားက သူ့ကို နောက်ပြန်ဆုတ်ဖို့ခွင့်မပြုချေ။
ထိုသို့တွေးကြည့်မိသောအခါ ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်က ပိုမိုသိပ်သည်းလာပုံပင်။
ဓားနှင့် သစ်သားဓားတို့ ထိခတ်မိကြသည်။
ဓားသိုင်းစျာန်အဘိညာဉ်သည် ငါးပေါက်ကလေး မြစ်ပြင်ကျယ်ကြီးနှင့်ဝင်တိုးမိလိုက်သည့်အလား ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကျယ်ကြီးနှင့် ဝင်တိုးမိလေသည်။
အဖြေက သိသာလှသည်။
လူတိုင်း၏အံ့အားသင့်နေသောအကြည့်များအောက်တွင် ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်သည် ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကျယ်ကြီး၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ကျန်းချောင်မြန်သည် ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကျယ်ကြီး၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။
စင်မြင့်အောက်က အကြီးအကဲများ၏အမူအရာများလည်း ပြောင်းလဲသွားသည်။ သူတို့ ဝင်ရောက်ကူညီတော့မည့်ဆဲဆဲမှာပင် လူတစ်ယောက်က သူတို့ကို တားလိုက်သည်။
ထိုအခြင်းအရာကိုမြင်တော့ အကြီးအကဲက ချက်ချင်းပြောလေသည်။
“ကျောင်းအုပ်ကြီး ချောင်မြန် သူ…”
ထိုလူမှာ ဝူဒီရှီပင်။
ဝူဒီရှီက ပြောသည်။
“ချောင်မြန်ရဲ့အရှိန်အဝါက နည်းနည်းအားနည်းနေပေမဲ့ သူက လျှို့ဝှက်ဆန်းကြယ်တဲ့အခြေအနေတစ်ခုကို ရောက်နေပုံပဲ ”
“ဟုတ်လား”
ထိုမှသာ အကြီးအကဲက စိတ်သက်သာရာရသွားလေသည်။ ခေါင်းဆောင်ကိုယ်တိုင်က ထိုသို့ပြောလာသည့်အတွက် အမှားအယွင်းမရှိသည်မှာ သေချာသည်။
လူတိုင်းက ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီးကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
ကျန်းချောင်မြန် ဘယ်လိုလုပ်မလဲဆိုသည်ကို သူ(မ)သိချင်နေမိသည်။
မျိုးဆက်သစ်နံပါတ်တစ်ဓားသမားဟု လူသိများသော ကျန်းချောင်မြန်က ဒီအတိုင်းတော့မသေနိုင်လောက်ပါဘူး..ဟုတ်တယ်မလား။
ယနေ့မှစ၍ ထိုဂုဏ်ပုဒ်သည် ယဲ့ချိုးပိုင်အတွက်ဖြစ်လာလိမ့်မည်။
ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် သူ၏သစ်သားဓားကို ဝှေ့ယမ်းလိုက်လေရာ ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီး ပျောက်ကွယ်သွားသည်။
ကျန်းချောင်မြန်၏ပုံရိပ်လည်း ပေါ်လာလေသည်။
ကျန်းချောင်မြန်သည် မျက်လုံးများကို မှိတ်ထားပြီး သူ့ပတ်ပတ်လည်တွင်လည်း အလွန်တရာလျှို့ဝှက်ဆန်းကြယ်လှသော အရှိန်အဝါတစ်ခု ရှိနေချေသည်။
ဉာဏ်အလင်းပွင့်ခြင်း..
ကျန်းချောင်မြန်သည် ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ဝင်ရောက်သွားလေသည်။
ဝူဒီရှီ၏မျက်နှာမှာ တောက်ပသွားသည်။
စင်မြင့်ကြီးပေါ်တွင် အရှေ့ပိုင်းကျောင်းတော်၏အကြီးအကဲက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။
“ဒီကလေးက အစွန်အဖျားကို ဖြတ်ကျော်ပြီး ဓားသိုင်းစျာန်အဘိညာဉ်ကို တကယ်နားလည်သွားပုံရတယ်”
အနောက်ပိုင်းကျောင်းတော်၏အကြီးအကဲက ပြုံးလျက်ပြောလေသည်။
“ခေါင်းဆောင်ချင်း ဒီကျောင်းသားက စိတ်ထားကောင်းပြီးထက်မြက်တယ်။ ဘာလို့ သူ့ကို ကျုပ်တို့အနောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကို လွှဲမပေးတာလဲ”
“တိုက်ဆိုက်ဆိုင်ဆိုင်ပဲ။ ကျုပ်တို့ဘက်မှာ အကြီးအကဲတစ်ယောက်က ဓားသိုင်းကိုအာရုံစိုက်နေတာ။ သူ့အောင်မြင်မှုအတွက် ဒီလိုလုပ်တာပိုကောင်းလိမ့်မယ်”
ချင်းထျန်းနျန်က ရယ်လိုက်သည်။
“မဖြစ်ဘူး။ ပြီးတော့ ငါက ယဲ့ချိုးပိုင်ကိုသင်ပေးတာမဟုတ်ဘူး။ သူ့ဆရာကို ငါမယှဉ်နိုင်ဘူး”
“အိုး.. ဒီလိုဆိုရင် ဒီလိုတပည့်တစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်တဲ့သူက ဘယ်သူလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်”
“အမှန်ပဲ”
ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီးသည် ကြမ်းကြုတ်ခြင်းအလျဉ်းမရှိချေ။
ယဲ့ချိုးပိုင်က တမင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းပင်။
ကျန်းချောင်မြန်သည် သူနှင့်ရန်ငြိုးရန်စမရှိသလို သူ၏ဓားသိုင်းတာအိုလိုက်စားခြင်းကလည်း အလွန်သန့်စင်လှသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်အနေနှင့် သူ့ကိုကူညီပေးချင်စိတ်ဖြစ်လာခြင်းပင်။
ဤသို့ဖြင့် ကျန်းချောင်မြန်၏ဆန္ဒ ပြည့်ဝသွားခဲ့ရသည်။
နေ့တစ်ဝက်မျှကြာပြီးသောအခါ ကျန်းချောင်မြန်၏ခန္ဓာကိုယ်မှ ဓားသွားသံစုံမြည်သံများ ထွက်ပေါ်လာသည်။
ဓားသိုင်းစျာန်အဘိညာဉ်သည် ကောင်းကင်ထိတိုင် ဆန်တက်သွားသည်။
ကျန်းချောင်မြန်သည် ဓားသိုင်းစျာန်အဘိညာဉ်ကို အောင်အောင်မြင်မြင်နားလည်သိမြင်သွားပြီး ဓားသိုင်းပညာရှင်အဆင့်သို့ရောက်ရှိသွားသည် ။
သို့သော် ယဲ့ချိုးပိုင်၏အဆင့်နှင့် ဝေးကွာနေဆဲပင်။
ကျန်းချောင်မြန်က မျက်လုံးများကိုဖွင့်ကာ ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို အမှတ်ရနေမှာပါ”
ယဲ့ချိုးပိုင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး စိတ်ထဲမထားချေ။
ထို့နောက် ကျန်းချောင်မြန်ဘက်က ရှုံးနိမ့်ကြောင်းဝန်ခံခဲ့သည်။
ဓားသိုင်းစျာန်အဘိညာဉ်ကို နားလည်ပြီးသည့်တိုင် သူသည် ယဲ့ချိုးပိုင်၏ပြိုင်ဘက်မဖြစ်နိုင်သေးပေ။
ဝူဒီရှီသည်လည်း စင်မြင့်ပေါ်တွင်ရပ်ကာ ယဲ့ချိုးပိုင်အား ကြည်ညိုလေးစားစွာဖြင့် ကြည့်နေလေသည်။
“ယဲ့ချိုးပိုင် အနိုင်ရသွားပါပြီ။ တောင်ပိုင်းနယ်မြေက ဒီတစ်ခေါက်ဖလှယ်ပွဲမှာ ပထမအဆင့်ဗိုလ်စွဲသွားပါတယ်”
အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့လည်း လက်ရည်စမ်းခဲ့ကြသည်။ နောက်ဆုံးတွင် အရှေ့ပိုင်းနယ်မြေသည် နောက်ဆုံးအဆင့်ရသွားလေသည်။
အဆုံးမှာမူ ယဲ့ချိုးပိုင်ကို ဘယ်သူမှစိန်မခေါ်ခဲ့ကြချေ။
ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်သည် ဧရာမအောင်နိုင်ရေးအဆင့်သို့ရောက်ရှိနေပြီဖြစ်၏။ စင်ပေါ်တက်သွားသူကတော့ ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုပင်။
ဝူဒီရှီ ရလဒ်များကိုကြေငြာပြီးနောက် ကောင်းကင်တွင် သံချပ်ကာယန္တရားတပ်ကြီးသည် သွေးရောင်လွှမ်းနေသော သတ်ဖြတ်ရေးအရှိန်အဝါဖြင့် ယဲ့ချိုးပိုင်ဆီကိုဦးတည်လာလေသည်။
ယဲ့ချိုးပိုင်၏အမူအရာမှာ ပြောင်းလဲသွားပြီး အနည်းငယ်ခါးကုန်းလိုက်သည်။
ဤအခိုက်အတန့်တွင် ဟွမ်းထျန်းမင်သည် မတ်တတ်ထရပ်လိုက်ပြီး အဝေးမှာရှိနေသောယဲ့ချိုးပိုင်အား ပြောလိုက်သည်။
“ယဲ့ချိုးပိုင်.. မင်း ဘာပြစ်မှုကျူးလွန်ထားလဲဆိုတာကိုသိလား”