Switch Mode

အခန်း (၅၀)

ကောင်းကင်တစ်ခွင်ပျံ့လွင့်လာသော ဓားသိုင်းစျာန်အဘိညာဉ်၊ သတ်ဖြတ်ရေးအရှိန်အဝါ မြင့်တက်လာခြင်း။

ကျန်းချောင်မြန်သည် သုံးနှစ်အရွယ်တွင် ဓားသိုင်းစတင်လေ့ကျင့်ခဲ့သည်။

အသက်ခြောက်နှစ်အရွယ်တွင် ဓားအလင်းတန်းများကို ထုတ်လွှတ်နိုင်ခဲ့သည်။

အသက်ဆယ့်နှစ်နှစ်အရွယ်မှာမူ ဓားသွားချီစွမ်းအင်ကို ပိုင်ဆိုင်ခဲ့သည်။

ယခု သူသည် ဓားသိုင်းတာအို၏အစွန်အဖျားကို လက်လှမ်းမီနေချေပြီ။

မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ အကြီးအကဲချုပ်တစ်ဦးကလည်း ဓားသိုင်းကျင့်ကြံသူဖြစ်သည်။

ယခု သူသည် မြောက်ပိုင်းနယ်မြေတွင် အသန်မာဆုံးဓားသမားလည်း ဖြစ်၏။

သူက ကျန်ချောင်မြန်သည် အခွင့်အရေးတစ်ခုခုရောက်ရှိလာသည့်အခါ ဓားသိုင်းပညာရှိတစ်ဦးဖြစ်လာနိုင်သည်ဟု တစ်ခါတုန်းကပြောခဲ့ဖူးသည်။

ယဲ့ချိုးပိုင် ဘယ်လိုအောင်မြင်မှုများ ရခဲ့ဖူးသလဲ။ အထူးတလည် ဘာမှမရှိချေ။

သူသည် ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်မျှသာရှိလေသည်။

ကျန်းချောင်မြန်၏ခွန်အားအစစ်သည် သူ့အဆင့်ထက်သာလွန်သောလူများနှင့် တိုက်ခိုက်နိုင်သော်လည်း သူသည် ပင်လယ်ရေလှိုင်းအဆင့်ပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။

ထို့အပြင် ကျန်းချောင်မြန်သည် သူ့ထက်အဆင့်မြင့်သူများကို တိုက်ခိုက်နိုင်သည်။

ထို့အပြင် ထိုအရာသည် မြင့်မားသောအဆင့်၏ဖိနှိပ်မှုတစ်ခုဖြစ်သည်။

ဤဂုဏ်သတင်းများ၏ ဖိနှိပ်မှုအောက်တွင် ယဲ့ချိုးပိုင်အနိုင်ရရန် အခွင့်အလမ်း မည်မျှရှိမတဲ့လဲ။

ကျင့်ကြံရေးအဆင့်ချင်း ဤမျှကွာဟချက်ကြီးကြီးမားမားရှိနေသော အမည်မသိသူတစ်ဦးက အောင်နိုင်လိမ့်မည်ဟု သူထင်နေလေသလား။

ထိုကဲ့သို့သောအတွေးမျိုး ဘယ်သူ့မှာမှရှိမည်မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် ချင်းထျန်းနျန်ကလွဲ၍ စင်မြင့်ပေါ်ရှိခေါင်းဆောင်များကလည်း အတွေးချင်းအတူတူပင်။

ဟွမ်းထျန်းမင်သည် ထိုမြင်ကွင်းကိုကြည့်ပြီးရယ်သည်။

“ကျန်းချောင်မြန် မင်း ဘာကိုဆိုလိုတာလဲ”

ဝူဒီရှီက ခေါင်းယမ်းပြီးပြောလိုက်သည်။

“ကျန်းချောင်မြန်က ဓားသိုင်းကိုအရမ်းရူးသွပ်တာ။ တစ်ခါတလေ သူ့အတွေးတွေကို ကျွန်တော် မှန်းကြည့်လို့မရဘူး”

“ကျန်းချောင်မြန်က ယဲ့ချိုးပိုင်က သူ့ပြိုင်ဘက်ဖြစ်နိုင်တယ်လို့တွေးနေတာများလား”

ချင်းထျန်းနျန် ရယ်မောလိုက်သည်။

“ဘာလို့မဖြစ်နိုင်ရမှာလဲ”

“အိုး”

ဝူဒီရှီက ခပ်ဖျော့ဖျော့ပြုံးလျက် ခွန်းတုံ့ပြန်၏။

“ခေါင်းဆောင်ချင်းက ခင်ဗျားရဲ့တပည့်ကို အရမ်းအထင်ကြီးနေပုံရတယ်။ ခင်ဗျားရဲ့တပည့်အရင်းထက်ကို ပိုနေပုံရတယ်နော်”

ထိုစကားကိုကြားတော့ ချင်းထျန်းနျန်က ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။

ထိုအခိုက်အတန့်တွင် ကျန်းချောင်မြန်သည် စင်မြင့်ကြီးကိုမျှော်ကြည့်ကာ ရှင်းလင်းပြတ်သားသောအသံဖြင့် မေးလိုက်သည်။

“ခေါင်းဆောင်တို့..ချောင်မြန်ရဲ့တောင်းဆိုချက်ကို လက်ခံရဲ့လား။ မဟုတ်ရင်လည်း တခြားဒေသနှစ်ခုရဲ့ခေါင်းဆောင်တွေကို ကျွန်တော် အရင်အနိုင်ယူပြနိုင်ပါတယ်”

သူ့လေသံမှာ အရှိကိုအရှိအတိုင်းပြောနေဟန်ပင်။

ဤသည်မှာ အလွန်လွယ်ကူပြီး သာမန်ကိစ္စတစ်ရပ်အလားပင်။

ထိုစကားကို ဟွမ်းယွမ်နှင့်ရှီရှန်းတို့ကြားသောအခါ သူတို့၏အမူအရာများသည် ရုပ်ဆိုးအကျည်းတန်သွားသော်လည်း ငြင်းလည်း မငြင်းဆန်နိုင်ချေ။

ကျန်းချောင်မြန်မှာ အမှန်တကယ် ထိုအရည်အချင်းမျိုးရှိပေသည်။

ခဏအကြာတွင် ဝူဒီရှီမတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်၏။

“ငါ ခွင့်ပြုတယ်”

ဤအခိုက်အတန့်တွင် လူတိုင်းသည် ကွင်းပြင်ပေါ်ရှိယဲ့ချိုးပိုင်ကို ကြည့်လိုက်ကြသည်။

ဟွမ်းယွမ်သည် ရှုပ်ထွေးနေသောအမူအရာဖြင့် ယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။

ချင်းထျန်းနျန်သည် ယဲ့ချိုးပိုင်ကို မျှော်တလင့်လင့်စောင့်ကြည့်နေသည်။

ဟွမ်းထျန်းမင်ကလည်း တစ်စုံတစ်ခုကိုတွေးတောရင်း ယဲ့ချိုးပိုင်ကို စိုက်ကြည့်နေသည်။

ဟွမ်းထျန်းမင်အနားရှိ ကျန်းချန်ကတော့ သူ့လက်များကိုပွတ်သပ်နေချေသည်။

ကျန်းချောင်မြန်ကလည်း ယဲ့ချိုးပိုင်ကိုလှမ်းကြည့်ကာ “အပေါ်ကို တက်လာခဲ့ပါ” ဟု ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ယဲ့ချိုးပိုင်က မျက်ခုံးပင့်လိုက်မိပြီး ဓားကို လက်နှစ်ဖက်ဖြင့် ပွေ့ထားလိုက်သည်။

“မင်းက ဘာလို့ငါနဲ့တိုက်ခိုက်ချင်ရတာလဲ”

ကျန်းချောင်မြန်က ပြန်ဖြေသည်။

“မင်းမှာ ငါနဲ့ဆင်တူတဲ့အရှိန်အဝါမျိုးရှိတယ်လို့ ခံစားရတယ်…”

“ဒါပဲလား”

“မလုံလောက်ဘူးလား”

ဓားသမားတစ်ယောက်၏အာရုံသည် အန္တရာယ်၊ အခွင့်အလမ်း သို့မဟုတ် အရှိန်အဝါများကိုခံစားသိမြင်ရာ၌ အလွန်တိကျလှသည်။

ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

“မင်းဆန္ဒအတိုင်းပါပဲ”

ပြိုင်ပွဲစင်မြင့်က အမြင့်ကြီးမဟုတ်ပေ။

လှေကားကိုးဆင့်သာရှိသည်။

ယဲ့ချိုးပိုင်သည် ရှေ့ကိုခြေတစ်လှမ်းတိုးပြီး ပထမခြေလှမ်းကိုလှမ်းလိုက်သည်။

ဓားသွားချီစွမ်းအင်များ ရုတ်ခြည်းပေါက်ကွဲထွက်သွားသည်။

လေထုတစ်ခုလုံးသည် ထက်ရှလှသောဓားသွားချီစွမ်းအင်များဖြင့် ပြည့်နှက်နေ၏။

ဤဓားသွားချီစွမ်းအင်သည် လူတိုင်း၏အမူအရာကို ပြောင်းလဲသွားစေသည်။

ထိုဓားသွားချီစွမ်းအင်မှာ အရာခပ်သိမ်းကို ဖြတ်တောက်ပစ်နိုင်သလိုပင်။

ဟွမ်းယွမ်၊ ရှီရှန်းနှင့် ကျန်းဟယ်တို့၏အမူအရာများ ပြောင်းလဲသွားချေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဓားသွားချီစွမ်းအင်၏ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။

ဒါက ယဲ့ချိုးပိုင်ရဲ့ ခွန်အားအစစ်များဖြစ်နေမလား..

ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် ဒုတိယခြေလှမ်းကိုလှမ်းလိုက်သည်။

သူ ဒုတိယလှေကားထစ်ကို လှမ်းတက်လိုက်သည် ။

ထိုအချိန်တွင် ဧရာမမိစ္ဆာချီစွမ်းအင်များပေါ်ပေါက်လာသည်။

၎င်းသည် ကမ္ဘာမြေပေါ်ရှိ ဓားသွားချီစွမ်းအင်များနှင့် ပေါင်းစပ်သွားလေသည်။

လက်ရှိ ဤနေရာတွင်ရှိနေသူတိုင်း၏စိတ်အစဉ်သည် အတိုင်းအတာတစ်ခုအထိထိခိုက်သွားခဲ့သည်။ ကျင့်ကြံရေးအဆင့်နိမ့်သူများက ဒူးထောက်ပြီးအရှုံးပေးချင်သွားကြသည်။

ကျင့်ကြံမှုအဆင့်မြင့်သူတို့၏စိတ်အစဉ်မှာမူ တုန်လှုပ်သွားချေသည်။

ဟွမ်းယွမ်နှင့်တခြားသူများလည်း ထိုနည်းလည်းကောင်းပင်။

စင်မြင့်ပေါ်ရှိ ကျန်းချောင်မြန်သည် ဤမြင်ကွင်းကိုမြင်လိုက်ရပြီးနောက် သူ့မျက်လုံးများက စိတ်ဝင်စားမှုကြောင့်တောက်ပလာချေသည်။

အလွန်အမင်းအဆိပ်ပြင်းလှသော ယဲ့ချိုးပိုင်၏မှော်နက်ဓားသွားအရှိန်အဝါကို တွန်းလှန်နေသကဲ့သို့ ဓားသွားအရှိန်အဝါများကို ထုတ်လွှတ်လိုက်မိသည်။

ဟွမ်းထျန်းမင်ကလည်း စင်မြင့်ကြီးပေါ်ကတစ်ဆင့် ရှေ့သို့ အနည်းငယ် ငုံ့ကြည့်လိုက်သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ စိတ်ထဲမှာ “သူတကယ်ပဲ ကံကြမ္မာဆိုးနဲ့ ကြုံခဲ့ရတာလား”ဟု မတွေးဘဲမနေနိုင်တော့ချေ။

ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်၏နောက်ကျောကို ကြည့်ပြီး မှင်တက်နေမိသည်။

ဤအရှိန်အဝါမှာ သူ(မ)ထက်သာလွန်သည်။

မျှော်လင့်ထားသလိုပင် သူ့ကိုအမီလိုက်ဖို့ ခက်ခဲလွန်းလှသည်…။

သူတက်လှမ်းသွားသည့် ခြေလှမ်းတိုင်းတွင်…

ယဲ့ချိုးပိုင်၏ပတ်ပတ်လည်ရှိ ဓားသွားချီစွမ်းအင်များသည် ပို၍ပင်အားကောင်းလာသည်။

သူ့အရှိန်အဝါကလည်း အဆက်မပြတ်တိုးလာသည်။

ထိုအရာကိုတွေ့လိုက်ရသောအခါ လူတိုင်း အံ့သြသွားကြသည်။

ယဲ့ချိုးပိုင်၏အရှိန်အဝါသည် သာမန်ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသူတစ်ယောက်ထုတ်လွှတ်နိုင်သော အရာမဟုတ်ပေ။

သူ့အရှိန်အဝါသည် ပင်လယ်ရေလှိုင်းအဆင့်ရှိသူတစ်ယောက်၏အရှိန်အဝါနှင့် ယှဉ်နိုင်လေသည်။

ဤအခိုက်အတန့်တွင် စင်မြင့်ကြီးပေါ်တွင် ဝူဒီရှီက အံ့အားသင့်စွာပြုံးလျက် ပြောလေသည်။

“အိုး.. ခေါင်းဆောင်ချင်း ခင်ဗျားရဲ့ဒီကျောင်းသားက တော်တော်အပုန်းကောင်းတာပဲ”

အရှေ့ပိုင်းကျောင်းတော်၏အကြီးအကဲက အပြုံးတုတစ်ခုဆင်မြန်းလျက် ပြောလေသည်။

“ကျိုးရှင်းကို တစ်ချက်တည်းနဲ့အနိုင်ယူနိုင်တာ မအံ့သြတော့ပါဘူး ”

ကျိုးရှင်းသည် ယဲ့ချိုးပိုင်၏ အနိုင်ပိုင်းခြင်းကိုခံခဲ့ရသောခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူဖြစ်သည်။

ချင်းထျန်းနျန်က အပြုံးမပျက်ပြန်ပြောသည်။

“ကျောင်းသားတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ငါ သေချာမသိဘူး”

မြေခွေးအိုကြီး..

ကျန်အကြီးအကဲသုံးဦးသည် စိတ်ထဲမှာ ထိုသို့မကျိန်ဆဲဘဲမနေနိုင်ခဲ့ပေ။

စားပွဲ၏ထိပ်ဆုံးတွင်ထိုင်နေသော ကျန်းချန်သည် လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားပြီး ဒူးနှစ်ဖက်ကြားတွင် ညှပ်ထားလိုက်မိသည်။ ဤမြင်ကွင်းကို မြင်လိုက်ရတော့ သူ(မ) အံ့သြသွားမိသည်။

သူ့အစွမ်းများ အမှန်တကယ်ပြန်ကောင်းလာခဲ့ပြီး ယခင်ကထက်ပင် ပိုသန်မာလာချေသည်။

ဟွမ်းထျန်းမင်ကမူ မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချိုးပိုင်၏အစွမ်းများ ပျောက်ကွယ်သွားကြောင်း သူကြားခဲ့ရသည်။

ယခုအခါတွင် သူ့အစွမ်းများ ပြန်လည်ကောင်းမွန်လာရုံသာမက သူ့ကျင့်ကြံရေးအဆင့်မှာလည်း လျင်မြန်စွာတိုးတက်လာခဲ့သည်။

သူ အရိပ်လုပ်ကြံရေးတပ်ဖွဲ့ကို အရှိန်မြှင့်ခိုင်းရတော့မည်။

သို့သော် နောက်ပိုင်းအခိုက်အတန့်လေးတွင်…

ယဲ့ချိုးပိုင်သည် ခြေလှမ်းကိုးလှမ်းစာလှမ်းပြီး ပြိုင်ပွဲကွင်းပြင်ပေါ်သို့ ရောက်ရှိသွားသောအခါ ဓားသွားကြွေးကြော်သံတစ်ခုက ကောင်းကင်ထိတိုင် ဆန်တက်လာသည်။

ဤနေရာ၌ အလွန်ထူထပ်လှသော ဓားသိုင်းစျာန်အဘိညာဉ်နှင့် မှော်နက်မိစ္ဆာချီစွမ်းအင်အပြင် အခြားအရာတစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောလူအပေါင်း အံ့ဩထိတ်လန့်သွားကြသည်။

ဟွမ်းယွမ်၊ ရှီရှန်းနှင့် ကျန်းဟယ်တို့အားလုံး အံ့သြသွားကြသည်။

စင်မြင့်ကြီးပေါ်ရှိ နယ်မြေလေးခုမှအကြီးအကဲများက ထိုမြင်ကွင်းကို လေးနက်စွာငေးကြည့်နေကြသည်။

ချင်းထျန်းနျန်ပင်လျှင် အံ့သြခြင်းပေါင်းမြောက်များစွာဖြင့် ရှိနေလေ၏။

စင်မြင့်ပေါ်ရှိကျန်းချောင်မြန်သည် ခဏမျှအံ့အားသင့်သွားပြီးနောက် ဝမ်းသာပီတိဖြစ်နေဟန်ကို ထုတ်ဖော်လာသည်။ သူသည် ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ့ဓားကို ထုတ်ယူလိုက်သည်။ ဓားသိုင်းစျာန်အဘိညာဉ်များက ထိုဓားကို သိုင်းခြုံရစ်ပတ်ထားသည်။

“မျှော်လင့်ထားသလိုပဲ ငါ့အာရုံကမမှားဘူး”

ယခုလေးတင်ဖြစ်ပျက်သွားသောအဖြစ်အပျက်ကြောင့် ဟွမ်းထျန်းမင်မှာ သူ့ကိုသတ်သာသတ်ပစ်ချင်နေတော့သည်။

ယခု ယဲ့ချိုးပိုင်ထုတ်ပြလာသောခွန်အားကြောင့် ဟွမ်းထျန်းမင် ရုတ်တရက်မတ်တတ်ထရပ်မိသွားသည်။

သတ်ဖြတ်ရေးအရှိန်အဝါများ သူ့မျက်ဝန်းထဲမှတစ်ဆင့် လျှံကျလာပေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

ဓားသိုင်းစျာန်အဘိညာဉ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

အမှန်ပင်။ ယဲ့ချိုးပိုင်သည် သူ့ဓားသိုင်းစျာန်အဘိညာဉ်ကို မချုပ်တည်းထားဘဲ လွှတ်ထားပေးလိုက်သည်။

ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်နှင့်ပင် မတူချေ။

ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်သည် မဟာဓားသိုင်းပညာရှင်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။

ယဲ့ချိုးပိုင်က ဓားသိုင်းကို ဘယ်နှနှစ်လောက်ကျင့်ကြံခဲ့တာလဲ။

ဓားသိုင်းစျာန်အဘိညာဉ်ကို ဤမျှအတိုင်းအတာအထိ နားလည်နိုင်ပါ့မလား။

ဤသည်မှာ ဘယ်လိုအရည်အချင်းမျိုးလေလဲ။

ဤလူကို ယခုချက်ချင်းမသတ်ရလျှင် ဟွမ်းထျန်းမင်စိတ်သက်သာရာရမည်မဟုတ်ပေ။

ဟွမ်းထျန်းမင်သည် ချက်ချင်းဆိုသလို သူ့အနောက်နားရှိ ကျန်းကျွင်းကိုအမိန့်ပေးလိုက်သည်။

“သံချပ်ကာယန္တရားတပ်တော်ကို ချက်ချင်းစုစည်းပြီး ယဲ့ချိုးပိုင်ကို သတ်ခိုင်းလိုက်”

“ပြီးတော့ အင်ပါယာနန်းတော်ရဲ့မဟာအကြီးအကဲနဲ့ အထိန်းတော်မင်ကို ဒီကိုလာခဲ့ဖို့ အသံပို့လွှတ်လိုက်”

ထိုစကားကိုကြားသောအခါ ကျန်းကျွင်း၏အမူအရာမှာ လေးနက်သွားသည်။သူသည် ခေါင်းညိတ်ပြလိုက်ပြီး နန်းတော်ရှိလူများကို ဆက်သွယ်ရန်အတွက် ချက်ချင်းပင် စစ်သင်္ဘောဆီသို့ပျံသန်းသွားခဲ့သည်။

ဟွမ်းထျန်းမင်က ယဲ့ချိုးပိုင်ကိုသတ်ချင်နေကြောင်း သူသိသည်။

ဘေးနားရှိ ကျန်းချန်မှာ ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ မအံ့သြမိသော်လည်း စိတ်ပူသွားရသည်။

ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် သစ်သားဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားပြီး ကျန်းချောင်မြန်ကို ကြည့်လိုက်သည်။

“စတိုက်ခိုက်တော့လေ”

သူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset