Switch Mode

အခန်း (၄၉)

ငါ တိုက်ခိုက်ချင်တယ်

တောင်ပိုင်းနယ်မြေသည် နောက်တစ်ဆင့်တက်သွားလေပြီ။

နောက်တစ်ချီကတော့ မြောက်ပိုင်းနှင့်အနောက်ပိုင်းတို့အကြား တိုက်ပွဲဖြစ်သည်။

ယခင်ပြိုင်ပွဲများတွင် အနောက်ပိုင်းကျောင်းတော်က ဒုတိယနေရာရခဲ့သည်။

မြောက်ပိုင်းကမူ ပထမနေရာရခဲ့သည်။

သူတို့သည် အဆင့်တစ်ဆင့်မျှသာ ကွာသော်လည်း အင်အားကွာခြားချက်မှာ အလွန်ကြီးမားလှသည်။။

စင်မြင့်ကြီးပေါ်တွင်..

ဟွမ်းထျန်းမင် ပြုံးလိုက်မိသည်။

“မြောက်ပိုင်းမှာ ကျန်းချောင်မြန်ပါနေမှတော့ ဒီတစ်ခေါက်လည်း ငါတို့ပဲထပ်နိုင်ဦးမှာမဟုတ်လား”

ဟွမ်းထျန်းမင်တစ်ယောက် မြောက်ပိုင်းကိုဘက်လိုက်နေခြင်းကို ဘယ်သူကမှ အထူးတဆန်းမဖြစ်ချေ။

အဆုံးတွင်မူ နေမဝင်အင်ပါယာသည် မြောက်ပိုင်းဒေသတွင် တည်ရှိနေပေသည်။

ဝူဒီရှီက ပြုံးပြီးပြောလိုက်သည်။

“ချောင်မြန်က ဓားသိုင်းစျာန်အဘိညာဉ်ကိုလက်တစ်ကမ်းဝင်ရောက်ထားပြီးနေပြီ။ ဒါပေမဲ့ တခြားသူတွေကလည်း အဲ့လောက်မပျော့ညံ့ပါဘူး။ ဥပမာ ခေါင်းဆောင်ချင်းရဲ့တပည့်ဆိုရင် သစ်သားဒြပ်စင်စျာန်အဘိညာဉ်အဆင့်ကို ရောက်နေပြီ။ ကျန်းဟယ်၏ ဗုဒ္ဓရောင်ခြည်ကိုယ်ထည်ကလည်း အဆင့် အရမ်းမြင့်နေပြီ။ ဒါကြောင့် အပြောင်းအလဲတွေအများကြီးရှိနေတာ”

သူ့ပုံစံက နှိမ့်ချနေပုံပေါက်သော်လည်း တကယ်တမ်းမှာတော့ ကျန်းချောင်မြန်က ပိုကောင်းသည်ဟု သူထင်နေဆဲပင်။

ထိုစကားကိုကြားသောအခါ ဟွမ်းထျန်းမင်က အောက်ကိုငုံ့ကြည့်ကာ ပြုံးလိုက်သည်။

“တောင်ပိုင်းကဓားသိုင်းကျင့်ကြံသူတွေရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်စောင့်မျှော်နေပါတယ်”

တောင်ပိုင်း၏ဓားသိုင်းကျင့်ကြံသူတဲ့လား..

ဤသည်မှာ ယဲ့ချိုးပိုင်မဟုတ်လား။

ချင်းထျန်းနျန်သည် တစ်ချက်လှမ်းကြည့်လိုက်ပြီး အနည်းငယ်မျှမျက်မှောင်ကြုတ်လိုက်သည်။

တောင်ပိုင်းနယ်မြေလျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင်တစ်ယောက်အနေနှင့် သူသည် ယဲ့ချိုးပိုင်နှင့်ပတ်သက်သည့်ကိစ္စတချို့ကို သိထားသည်မှာ သဘာဝကျပေသည်။

ယခု ဟွမ်းထျန်းမင်ပြောစကားကို သူကြားလိုက်ရသည့်အခါ…

သူ ဤနေရာကိုရောက်လာရခြင်းမှာ ယဲ့ချိုးပိုင်ကြောင့်ပင်။

ဤကိစ္စကြောင့် ချင်းထျန်းနျန်၏ခံစားချက်များ မကောင်းတော့ပေ။

“ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်စွမ်းအားလောက်နဲ့ သူ့ထက်အဆင့်မြင့်တဲ့လူကို ချေမှုန်းနိုင်တာ တော်တော်လေးထက်မြက်လို့ပဲဖြစ်ရမယ်။ သူနဲ့ကျန်းချောင်မြန်ရဲ့တိုက်ပွဲ ဘယ်လိုအဆုံးသတ်မလဲဆိုတာ ငါသိချင်မိတယ်”

“ငါတို့နဲ့အနောက်ပိုင်းရဲ့ပြိုင်ပွဲကို အရင်ကြည့်ကြတာပေါ့’

တစ်ဖက်တွင်လည်း ပြိုင်ပွဲစင်မြင့်ပေါ်၌ မြောက်ပိုင်းနှင့်အနောက်ပိုင်းတို့၏တိုက်ပွဲစတင်နေပြီဖြစ်၏။

နှစ်ဖက်စလုံးတွင် လူလေးယောက်ရှိသည်။

သူတို့သုံးယောက်ကြားရှိ ခွန်အားကွာခြားချက်က ကြီးကြီးမားမားမဟုတ်ပေ။

ကျန်းဟယ်သည် လူတစ်ယောက်ကို ဖယ်ရှားလိုက်ပြီးနောက် အနောက်ပိုင်းနှင့်မြောက်ပိုင်းတွင် တစ်ဦးစီသာကျန်ရှိတော့သည်။

သူတို့သည် နှစ်ဖက်စလုံး၏ခေါင်းဆောင်များ ဖြစ်နေကြသည်။

ကျန်းချောင်မြန်နှင့်ကျန်းဟယ်တို့၏ တိုက်ပွဲပင်။

သူတို့နှစ်ယောက်မှာ အဆင့်လည်းအတူတူပင်။

သူတို့သည် ပင်လယ်ရေလှိုင်းကနဦးအဆင့်တွင်ရှိကြသည်။

ကျန်းဟယ်သည် ဗုဒ္ဓရောင်ခြည်ခန္ဓာကိုယ်ကို ကျင့်ကြံထားပြီး သူ၏ကာယစွမ်းအားမှာ ပြိုင်ဘက်ကင်းလေသည်။

ကျန်းချောင်မြန်ကလည်း ဓားသိုင်းစျာန်အဘိညာဉ်၏ကနဦးအဆင့်ကို အလှမ်းမီနေပြီဖြစ်ပြီး သူ့စွမ်းအားကလည်း ချေမှုန်း၍မရနိုင်ချေ။

ဤတိုက်ပွဲသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။

သို့သော် ကျန်းချောင်မြန်သည် ပို၍အသိအမှတ်ပြုခံထားရသူဖြစ်သည်။

ကျန်းချောင်မြန်သည် မြောက်ပိုင်းနယ်မြေတွင်သာမက အခြားနယ်မြေသုံးခုတွင်လည်း အလွန်ကျော်ကြားသည်။

သူသည် မျိုးဆက်သစ်လူငယ်များကြားတွင် နံပါတ်တစ်ဓားသိုင်းကျင့်ကြံသူဖြစ်၏။

သူသည် ဓားသိုင်းပညာရှင်ဖြစ်လာရန် အခွင့်အလမ်းရှိသည်။

ထိုဂုဏ်ဒြပ်များကြောင့် ကျန်းချောင်မြန် အလွန်ကျော်ကြားနေခြင်းပင်။

ယဲ့ချိုးပိုင်လည်း သိချင်စိတ်ဖြင့်မော့ကြည့်လိုက်သည်။

သူသည် ရွယ်တူတန်းတူများအကြား နံပါတ်တစ်ဓားသမားဟုခေါ်တွင်နေကြသော ထိုလူ၏ခွန်အားကို သိချင်မိသည်။

အကြီးအကဲ စင်ပေါ်မှဆင်းသွားပြီးနောက်မှာ ပြိုင်ပွဲစတင်လေသည်။

ကျန်းဟယ်က လက်သီးဆုပ်ထားပြီး သူ့တစ်ကိုယ်လုံးတွင်လည်း ထိုဗုဒ္ဓရောင်ခြည်များ သိုင်းခြုံထားပုံပင်။ သူသည် ခြေထောက်ကိုဆောင့်နင်းကာ ကျန်းချောင်မြန်ဆီသို့ အပြေးသွားလေတော့သည်။

ကျန်းချောင်မြန်က ဓားကို လက်တစ်ဖက်နှင့်ကိုင်ထားပြီး ကျန်တစ်ဖက်ကို သူ့နောက်ကျောမှာ ထားလိုက်သည်။ ကျန်းဟယ် သူ့အနားချဉ်းကပ်လာသည်ကို ကြည့်နေရင်း သူ မလှုပ်မယှက်ငြိမ်နေလေသည်။

ကျန်းဟယ် အနားကိုနီးကပ်လာလေသည်။

ထို့နောက် ဓားကိုမြှောက်ကာ တိုက်ခိုက်လာသည်။

ဤတိုက်ခိုက်မှုသည် ထူးထူးခြားခြားဓားရောင်ခြည်လည်းမပါဘဲ အလွန်ရိုးရှင်းလှသည်။

ဓားသွားကိုလွှမ်းခြုံထားသည့် ဓားသိုင်းစျာန်အဘိညာဉ်သာရှိ၏။

မသိသာမမြင်သာသော ဓားသိုင်းစျာန်အဘိညာဉ်ခပ်ပါးပါးပင်။

သို့သော် လူတိုင်းကို မျက်မှောင်ကြုတ်သွားအောင်ပြုလုပ်နိုင်ခဲ့သော ဓားသိုင်းစျာန်အဘိညာဉ်လည်းဖြစ်သည်။

အလွန်တရာထက်ရှလှပေသည်။

ကျန်းဟယ်၏အမူအရာပင် ပြောင်းလဲသွားသည်။

ထို့နောက် သူအော်ဟစ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးအနှံ့ အလင်းတန်းများ ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ရွှေရောင်ချပ်ဝတ်တန်ဆာကဲ့သို့ ဖုံးလွှမ်းထားသည်။

ဗုဒ္ဓရောင်ခြည်ကိုယ်ထည်ပင်။

၎င်းသည် အနောက်ပိုင်းနယ်မြေ၏ ခန္ဓာကိုယ်ထိန်းကျောင်းရေးနည်းဗျူဟာဖြစ်၏။

ထိုအရာကို အထွတ်အထိပ်ရောက်သည်အထိ ကျင့်ကြံနိုင်ပါက ပြိုင်ဘက်ကင်းနိုင်လိမ့်မည်ပင်။

သို့သော် ဤကမ္ဘာတွင် ဖျက်ဆီး၍မရနိုင်သောနည်းလမ်းမျိုး ဘယ်လိုရှိနိုင်မလဲ။

ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်နှင့် ရင်ဆိုင်လိုက်ရသောအခါ ကျန်းဟယ်၏ လက်သီးပေါ်တွင် သွေးစွန်းနေသော အပေါက်ကြီးတစ်ခု ပေါ်လာသည်။

ထိုဗုဒ္ဓရောင်ခြည်ခန္ဓာကိုယ်သည် ကျန်းချောင်မြန်၏ဓားချက်အောက်တွင် အလွန်အားနည်းနေချေသည်။

ထိုအရာက လူတိုင်းကို ထိတ်လန့်သွားစေသည်။

ကျန်းဟယ်၏အမူအရာ သိသိသာသာပြောင်းလဲသွားသည်။ သူ့လက်သီးကိုဆုပ်ကိုင်ထားလျက် နောက်ပြန်ဆုတ်သွားလေသည်။

ကျန်းချောင်မြန်၏အမူအရာမှာ မပြောင်းမလဲရှိနေဆဲပင်။

“သူတို့က ကျင့်ကြံမှုအဆင့်ချင်းတူပေမဲ့ ကျန်းချောင်မြန်ကိုလှုပ်ရှားသွားအောင် မလုပ်နိုင်ဘူးပေါ့”

“တစ်ချက်လေးထိုးရုံနဲ့ ကျန်းဟယ်ရဲ့ဗုဒ္ဓရောင်ခြည်ခန္ဓာကိုယ်ကို အနိုင်ပိုင်းပစ်လိုက်တာပဲ”

“ငါက အစနားကို လက်လှမ်းမီရုံပဲရှိသေးတာ။ ကျန်းချောင်မြန်က ဓားသိုင်းစျာန်အဘိညာဉ်ကို တကယ်ကြီးနားလည်သွားတာဆိုရင် သူ့ခွန်အားက ဘယ်အဆင့်အထိ ရောက်နေတာဖြစ်မလဲ”

ဟွမ်းယွမ်သည် ထိုမြင်ကွင်းကို လေးနက်သောအမူအရာဖြင့် ကြည့်နေချေသည်။

သူဟာ သစ်သားဒြပ်စင်စျာန်အဘိညာဉ်၏အစွန်းနားကို လက်လှမ်းမီထားသော်လည်း သစ်သားဒြပ်စင်စျာန်အဘိညာဉ်၏အဆင့်သည် ဓားသိုင်းစျာန်အဘိညာဉ်ထက် များစွာနိမ့်ပါးလှသည်။

သူသာဆိုလျှင် ကျန်းဟယ်ထက် ပိုကောင်းအောင်လုပ်ဆောင်နိုင်မည်မဟုတ်ချေ။

ထို့အပြင် ကျန်းဟယ်၏ကျင့်ကြံရေးနည်းဗျူဟာသည် ဟွမ်းယွမ်ထက် သာလွန်သည်။

ထိုသို့ဆိုလျှင် တောင်ပိုင်းနယ်မြေက တတိယနေရာကိုသာ ရနိုင်လိမ့်မည်။

တတိယနေရာလောက်ရရုံဖြင့် ချင်းထျန်းနျန်နေရာကို အစားထိုးခံရမည့်အချက်ကို ပြောင်းလဲဖို့ မလုံလောက်သေးပေ။

ထို့ကြောင့် ဟွမ်းယွမ်၏အမူအရာမှာ အလွန်ရုပ်ဆိုးသွားရသည်။

ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်အနားသို့ လျှောက်သွားလိုက်သည်။

သူ့မျက်နှာမှာ ဖြူဖျော့နေဆဲပင်။

“ယဲ့ချိုးပိုင်.. ရှင်နဲ့ကျန်းချောင်မြန်တိုက်ခိုက်ရင် ဘယ်သူအနိုင်ရမလဲ”

ယဲ့ချိုးပိုင်က ပြန်ဖြေသည်။

“ငါ နိုင်လိမ့်မယ်”

ဓားသမားများသည် တဲ့တိုးဆန်ပြီး တစ်ပုံစံတည်းပြောဆိုတတ်ကြသည်။

လိမ်လည်းမလိမ်တတ်သလို ဝေ့လည်ကြောင်ပတ်လည်း လုပ်မနေချေ။ ယဲ့ချိုးပိုင်သည် ကျန်းချောင်မြန်က သူ့ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ခံစားမိသည်။

ထိုအချိန်တွင် စင်မြင့်ထက်ရှိ တိုက်ပွဲ၏ရလဒ်ကို ဆုံးဖြတ်ပြီးဖြစ်၏။

ကျန်းဟယ်၏ ရွှေချပ်ဝတ်တန်ဆာနှင့်တူသောခန္ဓာကိုယ်ပေါ်တွင် သွေးရွှဲရွှဲစိုနေသောအပေါက်များ ပေါ်လာနေပြီဖြစ်၏။

သူ့အရှိန်အဝါမှာ အလွန်အားနည်းလှသည်။

ကျန်းချောင်မြန်ကလည်း တစ်နေရာတည်းမှာရှိနေလေသည်။

သူ့အမူအရာမှာ ပြောင်းလဲခြင်းမရှိချေ။

မည်သူအနိုင်ရမလဲဆိုသည်မှာ သိသာလှသည်။

အကြီးအကဲသည် စင်မြင့်ပေါ်သို့လျှောက်သွားပြီး ကျန်းချောင်မြန်အား ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်နေလေသည်။

ထို့နောက် သူကြေညာလိုက်သည်။

“ဒီတိုက်ပွဲမှာ ကျန်းချောင်မြန်နိုင်သွားပါပြီ”

“မြောက်ပိုင်းကလူတစ်ယောက် နောက်တစ်ဆင့်ကိုတက်သွားပါပြီ”

မြောက်ပိုင်းနယ်မြေ နောက်တစ်ဆင့်ကိုတက်သွားခြင်း..။

ဤသည်မှာ တောင်ပိုင်းနယ်မြေ နောက်တစ်ဆင့်တက်သွားလိမ့်မည်ဟု မမျှော်လင့်ထားသလိုမျိုး မဟုတ်ချေ။

မျှော်လင့်ထားသလို ဖြစ်ပျက်သွားခြင်းပင်။

သို့သော်လည်း မြောက်ပိုင်းနယ်မြေသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက အိမ်ရှင်အဖြစ်ရပ်တည်လာခဲ့သည်။

ပထမနေရာကို သူတို့မရမှသာ ထူးဆန်းနေပေလိမ့်မည်။

ကျန်းဟယ် စင်ပေါ်မှဆင်းလိုက်သည်။

သို့သော်လည်း ကျန်းချောင်မြန်ကတော့ မဆင်းပေ။ သူသည် ထိုနေရာမှာ ဆက်ရပ်နေခဲ့သည်။

လူတိုင်း ပဟေဠိဖြစ်သွားကြသည်။

ဝူဒီရှီကပင် လှမ်းကြည့်လာသည်။

အားလုံး အံသြနေသည့်အချိန်မှာပင်..

ကျန်းချောင်မြန်က တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်သားများရှိရာကို လှမ်းကြည့်လိုက်သည်။

သူ့အကြည့်က ယဲ့ချိုးပိုင်ပေါ်ကို ကျရောက်သွားသည်။

သူ့စကားများက ထိတ်လန့်ဖွယ်ရာပင်။

“နောက်ပိုင်းအဆင့်တွေက အဓိပ္ပာယ်မရှိဘူး။ ငါတို့နှစ်ယောက်ကပဲ အနိုင်ရသူကို ဆုံးဖြတ်ပေးနိုင်လိမ့်မယ်”

လူတိုင်း တုန်လှုပ်သွားကြသည်။

“ဘယ်သူလဲ”

“တောင်ပိုင်းကျောင်းတော်ကလူတွေနဲ့ တိုက်ရိုက်ချတော့မှာလား”

“ဟွမ်းယွမ်ဖြစ်နိုင်လောက်လား။ ဒါပေမဲ့ ဟွမ်းယွမ်ရဲ့ခွန်အားက ကျန်းဟယ်နဲ့အတူတူပဲဟာကို။ စီနီယာအစ်ကိုကျန်းရဲ့တိုက်ခိုက်ချင်စိတ်ကို ဘယ်လိုလှုံ့ဆော်ပေးနိုင်လိုက်တာလဲ”

သို့သော် ဟွမ်းယွမ်ကမူ ထိုသို့မထင်ပေ။ အကြောင်းမှာ ကျန်းချောင်မြန်၏အကြည့်က သူ့ဆီကိုရောက်မလာပေ။

ထိုအစား သူက သူ့နောက်ရှိယဲ့ချိုးပိုင်ကို ကြည့်နေသည်။

ကျန်းချောင်မြန်၏မျက်လုံးထဲတွင် ဟွမ်းယွမ်သည် သူ့ကိုယ်သူမမြင်ရပေ။

ထို့ကြောင့် ဟွမ်းယွမ်တုန်လှုပ်သွားသည်။ ကျန်းချောင်မြန်သည် ကျင့်ကြံရေးအဆင့် များစွာကွာခြားလှသောယဲ့ချိုးပိုင်ကို ဘာကြောင့်များ စတင်စိန်ခေါ်ရသလဲ။

စင်မြင့်ကြီးပေါ်တွင် ခေါင်းဆောင်လေးဦးသည် ဤမြင်ကွင်းကို စိတ်ဝင်တစားကြည့်ရှုနေကြသော်လည်း သူတို့က သူ့ကို မတားဆီးခဲ့ကြပေ။

ယဲ့ချိုးပိုင်သည် ကျန်းချောင်မြန်နှင့်အကြည့်ချင်းဆုံလိုက်ပြီး ဖျတ်ခနဲပြုံးလိုက်သည်။

“ဒါက စည်းကမ်းနဲ့ညီလို့လား”

ကျန်းချောင်မြန်သည် အမူအရာကင်းမဲ့နေသည်။

“ဘာလို့ စည်းကမ်းနဲ့ဆန့်ကျင်ရမှာလဲ။ တခြားဘယ်သူကမှ ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။ မင်းတစ်ယောက်ကိုပဲ နားလည်ရခက်နေတာ”

မောက်မာလွန်းလှသည်။

သူသည် အလွန်မောက်မာလှသည်။

သို့သော် ကျန်းချောင်မြန်၏စကားကို မည်သူမျှငြင်းဆိုခြင်းမရှိပေ။

ကျန်းချောင်မြန်က ကျန်းဟယ်ကို အသာလေးအနိုင်ယူလိုက်ပုံကိုကြည့်ခြင်းအားဖြင့် သူပြောသည့်စကားများမှာ အမှန်ပင်။

သို့သော် ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်ကို နားလည်ရခက်သည်ဟု ဘာကြောင့်ပြောရသလဲ။

တစ်ဖက်လူသည် ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသေးသည်မှာ ထင်ရှားလှသည်။

သူသည် ကျန်းချောင်မြန်နှင့် အဆင့်ချင်း မိုးနှင့်မြေလိုကွာခြားလှသည်။

ယဲ့ချိုးပိုင် ဘယ်လိုလုပ်စွမ်းနိုင်မည်တဲ့လဲ။

Comment

Leave a Reply

Options

not work with dark mode
Reset