လေလှိုင်းကြီး၏နောက်ဆက်တွဲငလျင်များသည် ပြိုင်ပွဲစင်မြင့်ပေါ်ရှိ နေရာပေါင်းစုံဆီသို့ ဆက်လက်ပျံ့နှံ့သွားသည်။
ပေါက်ကွဲသံများကလည်း စင်မြင့်ပေါ်တွင် အဆက်မပြတ်ထွက်ပေါ်လာသည် ။
ဝိညာဉ်ရေးရာချီစွမ်းအင်က အလွန်ပြင်းထန်လှသည်။
ရှီရှန်းနှင့် ဟွမ်းယွမ်အကြားတိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေချေသည်။
သူတို့နှစ်ဦးမှာ ကျင့်ကြံရေးအဆင့်ချင်းအတူတူပင်။
ရှီရှန်းသည် နတ်ဘုရားခွန်အားများဖြင့် မွေးဖွားလာခဲ့သူဖြစ်၏။
ဟွမ်းယွမ်၏လက်ဝါးသိုင်းပညာသည်လည်း အလွန်ထက်မြက်လှသည်။
နှစ်ယောက်စလုံး တစ်ဖက်ကိုတစ်ဖက်ဘာမှမလုပ်နိုင်ကြချေ။
လောလောဆယ်မှာတော့ အောင်နိုင်သူကိုဆုံးဖြတ်ရန် မဖြစ်နိုင်သေးပေ။
ထိုအခိုက်အတန့်မှာပင် ရှီရှန်းသည် မြေပြင်ပေါ်ကိုခြေဆောင့်လိုက်ပြီး သားရဲတစ်ကောင်နှယ် ဟိန်းဟောက်လိုက်သည် ။
အသံလှိုင်းလုံးကြီး ထွက်ပေါ်လာလေသည်။
ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများသည် အကြမ်းပတမ်းဖောင်းကားလာပြီး ခန္ဓာကိုယ်အရွယ်အစားကလည်း နှစ်ဆတိုးလာသည်။
ထိုအချိန်တွင် ရှီရှန်း၏ခန္ဓာကိုယ်သည် လေဟာပြင်ကြီးဆီမှ ဖိနှိပ်ခံထားရသလို ခံစားနေရသည်။ သူ့ခန္ဓာကိုယ်ဆီမှထုတ်လွှတ်လာသောစွမ်းအားမျှဖြင့် ဘေးပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်လေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ရှီရှန်း မည်မျှအစွမ်းထက်ကြောင်း သိမြင်နိုင်သည်။
ထိုအခြင်းအရာကိုမြင်သောအခါ ဟွမ်းယွမ် မျက်လုံးမှေးကျဉ်းလိုက်မိသည်။
သူ လက်မြှောက်လိုက်သောအခါ အစိမ်းရောင်အလင်းတန်းများက ချပ်ဝတ်တန်ဆာတစ်ခုနှယ်ထွက်ပေါ်လာလေသည်။
အစိမ်းရောင်အလင်းတန်းသည် သစ်သားဒြပ်စင်အဘိညာဉ်အဆင့် ကိန်းဝပ်နေဟန်ပင်။
အမှန်ပင်။ ဟွမ်းယွမ်သည် သစ်သားဒြပ်စင်အဘိညာဉ်အဆင့်ကို ခြေလှမ်းစနေချေပြီ။
ထို့အတွက်ကြောင့် ဟွမ်းယွမ်ပိုင်ဆိုင်ထားသော လက္ခဏာအမှတ်အသားများက အဆုံးမရှိသလို ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း အဆုံးမရှိဖြစ်နေသည်မှာ သေချာပေါက်ပင်။
ရှီရှန်းက ထိုအရာကိုမြင်သောအခါ ပြုံးလိုက်သည်။
“အောင်နိုင်သူကို အဆုံးအဖြတ်ပေးမဲ့တိုက်ကွက်တစ်ကွက်လား”
ဟွမ်းယွမ်က စကားပြန်မပြောပေ။ သို့သေည် သူ့မျက်ဝန်းထဲတွင် လေးနက်မှုများပြည့်နှက်နေပြီး သူ့လက်ဖဝါးထဲသို့ လျင်မြန်စွာစိမ့်ဝင်နေသော ဝိညာဉ်ရေးရာချီစွမ်းအင်များသည် ဟွမ်ယွမ်၏အတွေးများကို ကိုယ်စားပြုနေချေသည်။
ထိုအချိန်မှာ ခွန်အားများစုစည်းလိုက်ပြီးနောက် ရှီရှန်းသည် ရုတ်တရက်ရှေ့တိုးလာကာ ဟွမ်းယွမ်ဆီသို့ ပြေးဝင်သွားသည်။
ဟွမ်းယွမ်ကလည်း နှာမှုတ်လိုက်ပြီး လက်ဝါးကိုလှန်လိုက်သည်။
အစိမ်းရောင်သစ်သားဒြပ်စင်လက္ခဏာအမှတ်အသားများသည် ဆူနာမီကဲ့သို့ ရှီရှန်းဆီကို လွင့်ပျံသွားချေသည်။
အုန်း..
ရှီရှန်းသည် ထိုလက္ခဏာအမှတ်အသားကို လက်သီးဖြင့် ဆက်တိုက်ထိုးနေပေသည်။
လက္ခဏာအမှတ်အသားကလည်း ကွဲအက်သွားပြီး ရှီရှန်း၏ခန္ဓာကိုယ်က ရှေ့ကိုတိုးလာသည်။
သို့သော် ရှီရှန်း၏စွမ်းအားများသည် လျင်မြန်စွာပျောက်ကွယ်သွားသည်။
ရှင်းနေသည့်အချက်မှာ နှစ်ဖက်စလုံးသည် ဝိညာဉ်ရေးရာချီစွမ်းအင်ကို အဆက်မပြတ်ဝါးမျိုပစ်နေခြင်းပင်။
ဝိညာဉ်ရေးရာချီစွမ်းအင် အရင်ကုန်ဆုံးမည့်သူက အရှုံးပင်။
လူအပေါင်းမှာ စင်မြင့်ပေါ်ရှိလူနှစ်ယောက်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
ထိုကဲ့သို့သောတိုက်ပွဲမျိုးတွင် ကျန်းချောင်မြန်နှင့်အခြားသူများသာ ပါဝင်နိုင်စွမ်းရှိသည်။
ခဏကြာပြီးနောက် စင်မြင့်ပေါ်ရှိ ပြင်းထန်လှစွာသောဝိညာဉ်ရေးရာချီစွမ်းအင်သည် တဖြည်းဖြည်းကွယ်ပျောက်သွားသည်။
ပုံရိပ်နှစ်ခုကလည်း တစ်ချိန်တည်းမှာ နောက်ပြန်ဆုတ်သွားသည်။
သေချာကြည့်လိုက်မည်ဆိုလျှင် သူတို့နှစ်ယောက်၏မျက်နှာဟာ အနည်းငယ်ဖြူဖျော့နေမှန်း သူတို့သိကြလိမ့်မည်။
ဤကဲ့သို့ပြင်းထန်သောတိုက်ပွဲသည် သူတို့၏ဝိညာဉ်ရေးရာချီစွမ်းအင်အများအပြားကို ဆုံးရှုံးသွားစေသည်မှာရှင်းနေ၏။
“ဒါဆို ဘယ်သူကအနိုင်ရတာလဲ”
ဒီမေးခွန်းကို မေးလိုက်သောအခါတွင် ဟွမ်းယွမ်ကပြောသည်။
“ဒါပဲမဟုတ်လား”
ရှီရှန်းက ခေါင်းညိတ်သဘောတူလိုက်သည်။
“ဒါဆို သရေပွဲလား”
“ဒါက သရေပဲ”
ထိုအဖြစ်ကိုမြင်သည့်အခါ ဘေးရှိအကြီးအကဲများကလည်း ရလဒ်ကိုကြေညာဖို့ စင်ပေါ်တက်သွားသည်။
“တောင်ပိုင်းနယ်မြေက ဟွမ်းယွမ်နဲ့ အရှေ့ပိုင်းက ရှီရှန်းတို့ရဲ့ယှဉ်ပြိုင်ပွဲက သရေပါ”
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
ဤရလဒ်သည် သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
တောင်ပိုင်းဒေသက ခေတ်နောက်ကျလွန်းသည်။
သာမန်အခြေအနေအရဆိုလျှင် တောင်ပိုင်းနယ်မြေက နှစ်ဖက်အသင်း ထိပ်တိုက်တွေ့တိုင်း ရှုံးနိမ့်လိမ့်မည်သာ။
ယခုမူကား သူတို့သည် မျှခြေညီသွားလေပြီ။
အကြီးအကဲက စင်ပေါ်တက်လာပြီး ပြောလိုက်သည်။
“ကဲ.. အခု တစ်ဖက်စီမှာ တစ်ယောက်ပဲကျန်တော့တယ်။ စင်ပေါ်တက်ရအောင်”
အရှေ့ပိုင်းတွင် ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသော လူတစ်ဦးသာ ကျန်ရှိတော့သည် ။
တောင်ပိုင်းနယ်မြေတွင်မူ ယဲ့ချိုးပိုင်သာကျန်တော့သည်။
လူတိုင်း၏အကြည့်အောက်မှာ သူတို့နှစ်ယောက်သား ပြိုင်ပွဲကွင်းပြင်ဆီသို့ လျှောက်လှမ်းလာသည်။
တီးတိုးသံများ ချက်ချင်းထွက်ပေါ်လာပေသည်။
“နောက်ဆုံးတော့ ယဲ့ချိုးပိုင်ရဲ့အလှည့်ပဲ။ ယဲ့ချိုးပိုင်က ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ခွန်အားလောက်နဲ့ စီနီယာအစ်ကိုကျန်းထက် အမှတ်တွေ ပိုမြင့်နေမလားဆိုတာ ကြည့်ချင်ပါသေးတယ်”
“အဆင့်ခြားနားချက်ကို တခြားအရာတွေနဲ့ပြန်ဖြည့်လို့မရဘူး။ ပြီးတော့လည်း နှစ်ယောက်စလုံးက ကျောင်းတော်ရဲ့ပါရမီရှင်တွေပဲ”
“မြည်းလား၊မြင်းလားဆိုတာ အဆုံးကျရင် ငါတို့သိရမှာပါ”
စင်မြင့်ပေါ်တွင်..
အရှေ့ပိုင်းကအမျိုးသားသည် သူ့ဓားကိုကိုင်ထားပြီး ပြောလေသည်။
“မင်းတို့တောင်ပိုင်းက ဒီအဆင့်အထိရောက်လာတာ မဆိုးလှပါဘူး။ မင်းတို့ အခုတော့ရပ်လိုက်လို့ရပြီ ”
ယဲ့ချိုးပိုင်က ပြန်မဖြေချေ။
စကားအများကြီးပြောနေခြင်းက အသုံးမဝင်ပေ။ သူ့ခွန်အားကိုထုတ်ပြပြီး သက်သေပြနိုင်သည်။
အရှေ့ပိုင်းကလူမှာ ထိုအခြင်းအရာကိုမြင်တော့ မျက်မှောင်ကြုတ်သွားချေသည်။ အကြီးအကဲက “စတော့”ဟုအော်လိုက်သည့်အခါ ထိုလူသည် သူ့ဓားကိုဝင့်လျက် ယဲ့ချိုးပိုင်ကိုတိုက်ခိုက်လေသည်။
ထိုလူ၏ ဓားသိုင်းနည်းဗျူဟာသည် အလွန်ကောင်းမွန်လှသည်။ ဓားသွားချီစွမ်းအင်သည် ယဲ့ချိုးပိုင်၏လွတ်လမ်းအားလုံးကို ပိတ်ဆို့ထားပြီး ရန်သူကို ထိပ်တိုက်ရင်ဆိုင်လာစေရန် ဖိအားပေးနေသည်။
သို့သော် ယဲ့ချိုးပိုင်ကလည်း နောက်ဆုတ်ရန်အစီအစဉ်မရှိပေ။ သစ်သားဓားသည် သူ့လက်ထဲသို့ လျှောကျလာပြီး ဓားသွားချီစွမ်းအင်ကို ထိပ်တိုက်ရင်ဆိုင်ကာ အဆက်မပြတ်တိုက်ခိုက်လိုက်သည်။
“သစ်သားဓားလား”
“သူက တအားမာနကြီးလွန်းနေတာမဟုတ်ဘူးလား။ တစ်ဖက်လူက ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်မှာလေ”
“ဟန်ဆောင်နေတာလေ။ ဒီသစ်သားဓား မကြာခင်ဖျက်ဆီးခံရတော့မှာ”
အမှန်တရားကား ထိုလူများပြောသလိုမဟုတ်ပေ။
သစ်သားဓားသည် ကမ္ဘာပေါ်တွင် အသန်မာဆုံးဓားတစ်လက်အလားပင်။ ၎င်းသည် ဓားသွားချီစွမ်းအင်ကြောင့် လုံးဝမပျက်စီးနိုင်ပေ။ တကယ်တမ်းတွင် ရွေပေါ်စာသည်ပင် ဖျက်ဆီးမခံရနိုင်ချေ။
တစ်ဖက်တွင်မူ ဓားသွားချီစွမ်းအင်သည် သစ်သားဓားအောက်တွင် ကွဲကြေသွားလေသည်။
ဤအရာမှာ အရှေ့ပိုင်းမှအမျိုးသားကို ထိတ်လန့်သွားစေသည်။ သူ ခွန်အားအပြည့်အဝမသုံးထားသော်လည်း ဤသို့မဖြစ်တန်ရာ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက် အလွယ်တကူခုခံနိုင်သည့် အရာမဟုတ်ပေ။
သူ့ဓားကို နောက်တစ်ကြိမ်ကိုင်မြှောက်လိုက်သည့်အချိန်မှာပင်…
ယဲ့ချိုးပိုင်သည် နေရာမှ ပျောက်ကွယ်သွားပြီဖြစ်၏။
ထိုအမျိုးသား အံ့သြသွားလေသည်။
လူတိုင်း၏ ထိတ်လန့်နေသောအကြည့်များအောက်တွင် ယဲ့ချိုးပိုင်သည် မျက်စိတစ်မှိတ်အတွင်း ထိုလူ့ရှေ့တွင်ပြန်ပေါ်လာသည်။ သစ်သားဓားသည် သူ့လည်ပင်းကို ခြေချနေလေပြီ။
ဆန်းပြားလှသော ဓားသိုင်းနည်းဗျူဟာများကိုသုံးမထားပေ။
ကောင်းကင်ကိုပြည့်လျှံလုမတတ်သော ဓားသွားချီစွမ်းအင်များလည်း မရှိပေ။
ဤသည်မှာ စင်စစ်ခွန်အားသက်သက်ဖြင့် ဖိနှိပ်ခြင်းပင်ဖြစ်ချေသည်။
အရှိန်ကြောင့်ပင်ဖြစ်စေ အချိန်ကိုက်တိုက်ကွက်ကြောင့်ဖြစ်စေ အရှေ့ပိုင်းဒေသမှလူဟာ လုံးဝမခုခံနိုင်ခဲ့ချေ။
ထိုလူ၏မျက်နှာမှာ ရုပ်ဆိုးအကျည်းတန်သွားသည်။
သူ့ကို တောင်ပိုင်းမှအရိုင်းအစိုင်းတစ်ယောက်က အပြတ်အသတ်အနိုင်ယူသွားခဲ့တာလား။
ထို့အပြင် တစ်ဖက်လူ၏ကျင့်ကြံရေးအဆင့်မှာ သူ့ထက်နိမ့်သည်။
ယဲ့ချိုးပိုင်၏ ငြိမ်သက်နေသောမျက်လုံးများကို ကြည့်လိုက်လျှင် အံ့သြခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း အလျဉ်းမရှိပေ။
အရာအားလုံးဟာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုယူဆထားသည့်အလားပင်။
ထိုအရာက အရှေ့ပိုင်းမှအမျိုးသားကို ပို၍ပင်စိတ်ဓာတ်ကျသွားစေသည်။
သူ အထင်သေးခဲ့ဖူးသောလူသည် သူ့အား မျက်လုံးထဲပင်ထည့်မထားချေ။
ထိုအခိုက်အတန့်မှာ အကြီးအကဲကစင်ပေါ်တက်လာပြီး ကြေညာသည်။
“တောင်ပိုင်းနယ်မြေက ယဲ့ချိုးပိုင် အနိုင်ရသွားပါပြီ”
“ဒီဖလှယ်ပွဲမှာ တောင်ပိုင်းက လူနှစ်ယောက်ကျန်ပါတယ်။ သူတို့ကတော့ ဟွမ်းယွမ်နဲ့ ယဲ့ချိုးပိုင်ပါ။ အရှေ့ပိုင်းကတော့ ရှီရှန်းတစ်ယောက်ပဲ ကျန်ပါတော့တယ်။ အကျဉ်းချုပ်လိုက်တော့ တောင်ပိုင်းနယ်မြေက နောက်တစ်ဆင့်ကိုတက်နိုင်သွားပြီပဲဖြစ်ပါတယ်”
ရှီရှန်း၏အမူအရာသည် အနည်းငယ်ရုပ်ဆိုးနေလေသည်။
လူတိုင်းမှာ ပို၍ပင်မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရသည်။
အရှေ့ပိုင်းနယ်မြေရှုံးသွားခြင်းကြောင့်တင်မဟုတ်။
ပိုထိတ်လန့်စရာကောင်းသည်မှာ ယဲ့ချိုးပိုင်၏ခွန်အားပင်။
ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသူတစ်ဦးသည် ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသော ယဲ့ချိုးပိုင်ထံ ရှုံးနိမ့်ခဲ့ရသည်။
သူ့ဝှက်ဖဲကိုပင် ရှာမတွေ့ခဲ့ပေ။
“ဒါက ဘာအဓိပ္ပာယ်လဲ”
ဆိုလိုသည်မှာ ယဲ့ချိုးပိုင်၏ခွန်အားက သည့်ထက်အများကြီးပိုကြောင်းပင်။
အနောက်ပိုင်းနယ်မြေမှလူများက ထိုမြင်ကွင်းကို ကြည့်နေကြသည်။ တချို့က တည်ငြိမ်နေပုံရပြီး အချို့ကမူ အနည်းငယ်အံ့သြနေကြသည်။
“ဒီနှစ် တောင်ပိုင်းနယ်မြေက အရင်နှစ်တွေထက် ပိုအားကောင်းနေပုံပဲ”
“ပြီးတော့ ပိုတောင်အားကောင်းလာသေးတယ်။ အရှေ့ပိုင်းက တတိယနေရာမှာရှိနေပေမဲ့ သူ့တို့ရဲ့အင်အားက ငါတို့နဲ့သိပ်ကွာတာမှမဟုတ်တာ”
“တကယ်တော့ ဒါက အရှေ့ပိုင်းရဲ့အပြစ်ပဲ။ ရန်သူကို လျှော့တွက်လွန်းတာလေ”
မြောက်ပိုင်းမှလူတစ်ယောက်က တအံ့တသြပြောလာလေသည်။
“တောင်ပိုင်းက ဒီတစ်ခေါက်ထူးခြားလာတယ်”
ကျန်းချောင်မြန်သည် စင်မြင့်ပေါ်ရှိယဲ့ချိုးပိုင်ကို ဂရုမစိုက်ဟန်ဖြင့် စိုက်ကြည့်ကာ အတွေးနယ်ချဲ့နေလေသည်။ စင်မြင့်ပေါ်၌မူ ချင်းထျန်းနျန်က ပြုံးနေချေသည်။
အရှေ့ပိုင်းနယ်မြေအကြီးအကဲကတော့ အမူအရာကိုခန့်မှန်းမရချေ။ သူ့အဆင့်အတန်းနှင့်ရာထူးကြောင့် သူ့စိတ်ထဲမှာတွေးနေသည့်အရာများကို သူ့မျက်နှာထက်တွင် ထုတ်မပြချေ။
“ဂုဏ်ယူပါတယ် ခေါင်းဆောင်ချင်း”
ခေါင်းဆောင်ချင်းက အရိုအသေပေးလျက်ပြောလိုက်သည်။
“ကံကောင်းသွားတာပါ”
ဝူဒီရှီကလည်း ပြုံးပြီး ပြောလေသည်။
“ဒီတစ်ခေါက် တောင်ပိုင်းနယ်မြေက မျိုးစေ့ကောင်းလေးတွေ အများကြီးရထားပုံပဲ။ မင်းရဲ့တပည့်ဟွမ်းယွမ်ဆိုရင် သစ်သားဒြပ်စင်အဘိညာဉ်အဆင့်ကို ခြေလှမ်းနေပြီ။ တော်တော်ကောင်းတယ်”
သူက ဟွမ်းယွမ်ကို ချီးကျူးနေသော်လည်း ယဲ့ချိုးပိုင်ကိုတော့ သေချာပေါက်ထည့်မပြောခဲ့ပေ။
ယဲ့ချိုးပိုင်ထုတ်ပြခဲ့သောခွန်အားမှာ မလုံလောက်သေးပေ။
ထို့ကြောင့် ထိုလူများက သူ့ကို အလေးအနက်မထားကြခြင်းဖြစ်၏။
ချင်းထျန်းနျန်ကမူ ပြုံးရုံသာပြုံးနေပြီး ဘာမှမပြောချေ။
စားပွဲ၏ထိပ်ဆုံးမှာထိုင်နေသောကျန်းချန်သည် ထိုအခြင်းအရာကိုမြင်သောအခါ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေသည်။