Switch Mode

အခန်း (၄၇)

နေရာတိုင်းမှာ အန္တရာယ်ရှိတယ်

ဤအခိုက်အတန့်လေးတွင် လူတိုင်း မတုန်လှုပ်ဘဲမနေနိုင်ကြပေ။

တောင်ပိုင်းနယ်မြေကို အခြားနယ်မြေသုံးခုက တောင်ပိုင်းတောရိုင်းနယ်မြေဟု ခေါ်တွင်ခဲ့ကြသည်။

သိုင်းပညာအမွေဆက်ခံမှုသည် ဆုတ်ယုတ်သွားပြီး အရင်းအမြစ်ပြတ်လပ်မှုနှင့် ဝိညာဉ်ရေးရာချီစွမ်းအင်ချို့တဲ့မှုများလည်း ရှိခဲ့သည်။

ထို့ကြောင့် တောင်ပိုင်းဒေသမှ ကျွမ်းကျင်သူများထွက်ပေါ်လာသည်မှာ အလွန်နည်းပါးလှသည်။

တောင်ပိုင်းနယ်မြေသည် ဆယ်နှစ်တစ်ကြိမ်ကျင်းပသည့် ကျောင်းတော်လေးခု၏ သိုင်းပညာဖလှယ်ပွဲတွင် အမြဲတမ်း နောက်ဆုံးအဆင့်မှာသာ ရပ်တည်နိုင်ခဲ့သည်။

ရလဒ်အနေဖြင့် အခြားနယ်မြေသုံးခုသည် တောင်ပိုင်းကလူများကို အထင်သေးရှုတ်ချခဲ့သည်။

သို့သော် ယခုအခါတွင်မူ ရှင်းဟုန်ယီသည် သူ(မ)၏ပြိုင်ဘက်ကို အပြတ်အသတ်အနိုင်ယူပစ်ခဲ့သည်။

ထို့အပြင် နှစ်ဖက်စလုံးမှာ အဆင့်ချင်းအတူတူပင်။

ထိတ်လန့်စရာဟုပင် ဆိုနိုင်လေသည်။

အရှေ့ပိုင်းရှိလူများလည်း မယုံမကြည်ဖြစ်နေကြသည်။

“ဒါ…ဂျူနီယာညီလေးလီကို တောင်ပိုင်းအရိုင်းအစိုင်းတစ်ယောက်က အနိုင်ယူခဲ့တာလား”

“ဂျူနီယာညီလေးလီရဲ့အစွမ်းက ထိပ်တန်းတော့မဟုတ်ပေမဲ့ ဒီလို မဖြစ်သင့်ဘူးမဟုတ်လား”

ရှီရှန်း လုံးဝမအံ့သြမိပေ။

ယဲ့ချိုးပိုင်က စင်ပေါ်ရှိအမျိုးသမီးကို ယင်စွမ်းအင်နဂါးသွေး ထုတ်ပေးခဲ့သည်ကို သူသိထားသည်။

ယင်စွမ်းအင်နဂါးသွေးသည် ခန္ဓာကိုယ်ကိုမွမ်းမံရသည့်အရာဖြစ်ပြီး အလွန်အဖိုးတန်လှသည်။

သူသာထိုအရာကိုရလိုက်ပါက ခန္ဓာကိုယ်ထိန်းကျောင်းရေးသိုင်းပညာနည်းဗျူဟာကို မြှင့်တင်နိုင်မည်ဖြစ်၏။

ထိုသို့ဆိုပါက ရှီရှန်းအနေဖြင့် ကျန်းချောင်မြန်ကိုပင် တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ထိုအချိန်မှာ အကြီးအကဲက ရလဒ်ကိုကြေညာလာသည်။

“တောင်ပိုင်းကရှင်းဟုန်ယီ ဒီတိုက်ပွဲကို နိုင်သွားပါပြီ။ အရှေ့ပိုင်းက နောက်ထပ်လူတစ်ယောက် ထပ်လွှတ်ရလိမ့်မယ်။ ရှင်းဟုန်ယီလည်း အောက်ဆင်းတော့မလား၊ ဆက်တိုက်ခိုက်မလားဆိုတာ ရွေးချယ်နိုင်ပါတယ်”

ထိုစကားကိုကြားသော် ရှင်းဟုန်ယီခမျာ တဒင်္ဂမျှတွေဝေသွားသည်။ ယင်စွမ်းအင်နဂါးကြီးကို တစ်ကိုယ်တည်းသတ်ဖြတ်ခဲ့သောယဲ့ချိုးပိုင်၏ပုံရိပ်ကို ပြန်သတိရမိလိုက်သည့်အခါ သူ(မ)ခေါင်းမညိတ်ပြဘဲမနေနိုင်ချေ။

“ဆက်တိုက်ချင်တယ်”

သူ့လေသံမှာ တည်ကြည်ခိုင်မာလှသည်။

အကြီးအကဲကလည်း ခေါင်းညိတ်ပြသည်။

“တောင်ပိုင်းနယ်မြေကရှင်းဟုန်ယီ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်”

ဤသို့ဖြင့် သူသည် ကွင်းထဲမှထွက်သွားလေသည်။

တစ်ဖက်မှာလည်း အရှေ့ပိုင်းနယ်မြေဘက်က နောက်တစ်ယောက်စေလွှတ်ပြန်သည်။

“အဲ့ဒီလူကို ငါသိတယ်”

“ဟုတ်တယ်။ သူက အရှေ့ပိုင်းကျောင်းတော်မှာ ရှီရှန်းပြီးရင် ဒုတိယပဲ”

“သူ့နာမည်က ကျန်းဟွေ့ထင်တယ်။ သူက ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ကိုရောက်နေပုံပဲ”

ကျန်းဟွေ့သည် ရှင်းဟုန်ယီကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

“မင်း အားပြန်ပြည့်လာတာကို ငါစောင့်ပေးမယ်။ အားနည်းသူတွေကို အနိုင်ကျင့်နေတယ်လို့ တခြားသူတွေပြောတာမလိုချင်ဘူး”

ရှင်းဟုန်ယီကမူ အေးစက်စက်ပြန်ပြောလိုက်သည်။

“မလိုပါဘူး”

ဤသို့ဖြင့် သူ(မ)သည် ဓားတစ်လက်ကိုကိုင်စွဲကာ ကျန်းဟွေ့ဆီကို ဦးတည်လာလေသည်။

ထိုအခြင်းအရာကို ကျန်းဟွေ့မြင်သောအခါ ဘာမှပြောမနေတော့ဘဲ ရှင်းဟုန်ယီကို လက်ဖဝါးရိုက်ချက်ဖြင့် ရင်ဆိုင်လိုက်သည်။

ခဏအကြာတွင် လက္ခဏာအမှတ်အသားတစ်ခုက ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ရှင်းဟုန်ယီလည်း ထိုရိုက်ချက်ဒဏ်မိသွားပြီး မကြာမီမှာပင် ဒဏ်ရာရသွားလေသည်။

အဆုံးမှာတော့ သူ(မ)သည် ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်မှာ ရှိနေပေသည်။ ထို့အပြင် သူ(မ)သည် သာမန်လူမဟုတ်ပေ။ သူ(မ)သည် ကျောင်းတော်၏ပါရမီရှင်တစ်ဦးလည်းဖြစ်သည်။

ယင်စွမ်းအင်နဂါးသွေးကိုသာ မစုပ်ယူထားလျှင် ရှုံးသွားတာကြာလေပြီ။

ရှင်းဟုန်ယီသည် နှုတ်ခမ်းကိုကိုက်လိုက်မိပြီး လက်ညှိုးကိုကိုက်လိုက်သည်။ အမြုတေသွေးများ စိမ့်ထွက်လာသည်။

ဤသည်မှာ လျှို့ဝှက်မျိုးနွယ်စု၏လျှို့ဝှက်နည်းပညာတစ်ခုပင်။

သွေးစက်စတေးရေးဓားသွား..

ယခင်က သူ(မ)သည် ဤသိုင်းကွင်ကို ယဲ့ချိုးပိုင်နှင့်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။

ယခုတွင် သူ(မ)သည် ပိုမိုအားကောင်းလာပြီဖြစ်ပြီး သွေးစက်စတေးရေးဓားသွား၏စွမ်းအားသည် ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလာလေ၏။

အိုး..

ကျန်းဟွေ့၏အမူအရာမှာ အနည်းငယ်လေးနက်နေသည်။ သူသည် ဤဓားဆီမှတစ်ဆင့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

ထို့နောက် ရှင်းဟုန်ယီသည် ကျန်းဟွေ့ကို ဓားဖြင့်လွှဲရိုက်ပစ်လိုက်သည်။

ကျန်းဟွေ့သည် သူ့လက်ဝါးအတွင်းအားကို ပစ်လွှတ်လိုက်ချိန်မှာ သူ့အမူအရာက တည်ကြည်လေးနက်နေသည်။

ဤလက်ဖဝါးရိုက်ချက်တွင် နည်းနည်းမျှပင်သက်ညှာမထားချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားသွားချီစွမ်းအင်များ ကွဲအက်သွားပြီး လက်က္ခဏာအမှတ်အသားပျောက်ကွယ်သွားလေသည်။

ရှင်းဟုန်ယီ လေထဲလွင့်သွားလေ၏။

ကျန်းဟွေ့လည်း နောက်ပြန်ဆုတ်သွားချေသည်။ သူ့ပါးစပ်ထောင့်မှသွေးများ စီးကျလာပြီး ဒဏ်ရာခပ်ပါးပါးတချို့ရသွားသည်မှာ သိသာလှသည်။

အကြီးအကဲက စင်မြင့်ပေါ်တက်လာပြီး ကြေညာလိုက်သည်။

“အရှေ့ပိုင်းရဲ့ကျန်းဟွေ့ရှန်က ဒီပြိုင်ပွဲမှာအနိုင်ရသွားပါပြီ”

ဟော်ချင်းမင်နှင့် တခြားသူများက ရှေ့ကိုလျှောက်လာပြီး အခြေအနေမေးမြန်းလိုက်သည်။

“မင်းဒဏ်ရာတွေ ဘယ်လိုနေလဲ”

ရှင်းဟုန်ယီက ခေါင်းခါလျက်ပြန်ပြောသည်။

“အဆင်ပြေပါတယ်”

ဟွမ်းယွမ်က မျက်မှောင်ကြုတ်ပြီးပြောလာသည်။

“မင်းမနိုင်ဘူးဆိုတာ မင်းသိရဲ့သားနဲ့.. ။မင်း နောက်ဆုတ်သင့်တယ်လေ။ ဒီလိုဆက်လုပ်နေရင် ငါတို့ နောက်တစ်ဆင့်တက်နိုင်ခဲ့ရင်တောင် တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး”

ရှင်းဟုန်ယီ နှုတ်ခမ်းကိုက်ထားလိုက်မိသည်။

လင်းစီက မျက်မှောင်ကြီးကြုတ်လျက် ဝင်ပြောသည်။

“ဟေ့.. မင်း တအားကြမ်းကြမ်းတမ်းတမ်းကြီးမပြောစမ်းပါနဲ့”

ဟွမ်းယွမ်က သူ့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး ပြန်ချေပ၏။

“ငါက ကျောင်းတော်အတွက်တွေးပြီးပြောနေတာ”

ယဲ့ချိုးပိုင်က ရှင်းဟုန်ယီကို ဆေးပြားတစ်ပြားပေးလိုက်ပြီး ပြောလေသည်။

“နောက်တစ်ချီကို ငါသွားလိုက်မယ်”

မထင်မှတ်ထားဘဲ ဟွမ်းယွမ်က ခေါင်းယမ်းလိုက်သည်။

“ငါသွားမယ်။ မင်းရဲ့လက်ရှိအခြေအနေက တိုက်ခိုက်ဖို့မသင့်တော်ဘူး။ နောက်ပြီး မင်းက အခုမှ ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်မှာပဲရှိနေသေးတာလေ”

ယဲ့ချိုးပိုင်ကလည်း ပခုံးတွန့်ပြပြီး ဘာမှပြန်မပြောချေ။

တစ်ဖက်မှာတော့ ကျန်းဟွေ့က စင်မြင့်ပေါ်မှာရပ်နေဆဲပင်။

စင်မြင့်ပေါ်သို့ ဟွမ်းယွမ် တက်လာလိုက်သည်။

“အိုး..အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်လာတာလား”

ကျန်းဟွေ့က ပြုံးလျက်ပြောလိုက်သည်။

“ငါ့ကို ထပ်မရှုံးစေနဲ့။ မဟုတ်ရင်တော့ မင်းရဲ့လျှို့ဝှက်တာအိုကျောင်းတော်မှာ တစ်ယောက်မှကျန်မှာမဟုတ်တော့ဘူး…”

စကားအဆုံးတွင် ကျန်းဟွေ့၏အမူအရာမှာ မှင်တက်သွားလေသည်။

ဟွမ်းယွမ်၏အရှိန်အဝါ ပေါက်ကွဲသွားချေသည်။

ပင်လယ်ရေလှိုင်းကနဦးအဆင့်၏အရှိန်အဝါကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

ဟွမ်းယွမ်၏စွမ်းအားသည် ရှီရှန်းနှင့်တူညီပေသည်။

ဟွမ်းယွမ်သည် ကျန်းဟွေ့ကို အေးစက်စွာစိုက်ကြည့်နေသည် ။ ထို့နောက် ခြေတစ်လှမ်းလှမ်း၍ နေရာမှပျောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းဟွေ့၏ရှေ့၌ သူပြန်ပေါ်လာသည်။ ကျန်းဟွေ့ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူ့လက်ဝါးက ကျန်းဟွေ့၏ရင်ဘတ်ပေါ်သို့ ရောက်နှင့်နေချေပြီ။

ဖူး..

ထိုအချိန်မှာ ကျန်းဟွေ့၏ရင်ဘတ်ကြီး စုတ်ပြတ်သွားပုံရသည်။ သွေးစိမ်းရှင်ရှင်များပန်းထွက်လာပြီး လူကလည်း လေထဲလွင့်သွားကာ စင်မြင့်အောက်ကို ပြုတ်ကျသွားလေသည်။

ရိုက်ချက်တစ်ချက်မျှဖြင့် ကျန်းဟွေ့ ပြင်းထန်စွာဒဏ်ရာရသွားလေသည်။

ရှီရှန်းက ဟွမ်းယွမ်ကို အေးစက်စွာစိုက်ကြည့်ရင်း စကားဆို၏။

“ဒီလောက်ပြင်းပြင်းထန်ထန်လုပ်ဖို့ လိုလို့လား”

ဟွမ်းယွမ်ကလည်း ပြန်ပြော၏။

“ဒါဆို သူ ရှင်းဟုန်ယီကို စင်ပေါ်ကနေကန်ထုတ်လိုက်တဲ့အချိန်တုန်းကရော ထိန်းထားလို့လား”

ဟွမ်းယွမ်၏စကားများက စိတ်မသက်မသာဖြစ်စရာကောင်းသော်လည်း အကြောင်းအရင်းမှာ သူ စိုးရိမ်နေသောကြောင့်ပင်။

အမှန်ဆိုလျှင် တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်သာ နောက်ဆုံးအဆင့်ထပ်ရခဲ့ပါက သူ့ဆရာသည် ခေါင်းဆောင်ရာထူးကို ဆုံးရှုံးရတော့မည်ဖြစ်၏။

ရှီရှန်းက အေးစက်စွာနှာမှုတ်လျက် စင်မြင့်ပေါ်သို့ ကိုယ်တိုင်လျှောက်သွားလိုက်သည်။

“နှစ်ဖက်ခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ကြပြီပေါ့”

“သူတို့နှစ်ယောက်က အဆင့်ချင်းအတူတူပဲလေ။ ဘယ်သူကပိုတော်လဲဆိုတာ သိချင်မိတယ်”

“ဒါကတော့ ရှင်းနေတာပဲမဟုတ်လား။ ရှီရှန်းပဲလေ။ ရှီရှန်းက နတ်ဘုရားကိုယ်ထည်နဲ့ မွေးဖွားလာတာကွ။ အဲဒီတောင်ပိုင်းအရိုင်းအစိုင်းတွေက သူ့ကို ဘယ်လိုတွန်းလှန်နိုင်မှာလဲ”

“တောင်ပိုင်းမှာ တစ်ယောက်ပဲ ကျန်တော့မဲ့ပုံပဲ။ အမှတ်နဲ့ ပထမရထားတဲ့ ယဲ့ချိုးပိုင်မလား”

“သူ ဘယ်လောက်သန်မာလဲဆိုတာ ငါသိချင်လိုက်တာ”

ဤအခိုက်အတန့်တွင် ပြိုင်ပွဲစင်မြင့်ပေါ်၌ ဟွမ်းယွမ်နှင့် ရှီရှန်းတို့သည် စွမ်းအားချင်း ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။

ပင်လယ်ရေလှိုင်းအဆင့်အရှိန်အဝါနှစ်ခုမှာ ဆက်လက်တိုက်မိနေချေသည်။

ထို့နောက် ဟွမ်းယွမ်ကနှာမှုတ်လျက် လက်ဝါးစောင်းတစ်ချက် ပစ်သွင်းလိုက်သည်။

အစိမ်းရောင်အလင်းအမှုန်အမွှားများနှင့်အတူ လက္ခဏာအမှတ်အသားတစ်ခုမှာ ရှီရှန်းကိုတိုက်ခိုက်လေတော့သည်။

တစ်ဖက်တွင်မူ ရှီရှန်းသည် လုံးဝမကြောက်ပေ။ သူသည် ကြမ်းပြင်ပေါ်ကို အားပါပါဆောင့်ချလိုက်လေရာ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး တုန်ခါသွားပုံရသည်။

သူသည် အစိမ်းရောင်လက္ခဏာအမှတ်အသားပေါ်ကို လက်သီးရွယ်ကာ ထိုးချလိုက်သည်။

ခဏလေးအတွင်းမှာပင် လက်သီးချက်ဖြတ်သွားရာနေရာတိုင်းမှာ ကျယ်လောင်လှစွာသောမြည်ဟည်းသံကြီး ကျန်ရစ်နေခဲ့လေသည်။

လေဟာပြင်ကြီးတစ်ခုလုံးပင် ဖိနှိပ်ခံထားရပုံပေါ်၏။

အုန်း…

ကျယ်လောင်လှသောအသံတစ်သံကို ကြားလိုက်ရသည်။

ထိုလက်သီးချက်က လက္ခဏာအမှတ်အသားကို ထိုးနှက်လိုက်သည် ။

ကြီးမားလွန်းလှသောလှိုင်းလုံးကြီးသည် ပတ်ဝန်းကျင်အနှံ့ပျံ့နှံ့သွား၏။

လက္ခဏာအမှတ်အသား ကွဲကြေသွားပေသည်။

ရှီရှန်းလည်း နောက်ပြန်ဆုတ်လိုက်ရသည် ။

ခဏကြာသည်အထိ နှစ်ဖက်စလုံးငြိမ်သက်နေလေသည်။

စင်မြင့်ကြီးထက်၌..

ဝူဒီရှီက ပြုံးလျက်စကားဆိုသည်။

“ခေါင်းဆောင်ချင် ခင်ဗျားရဲ့တပည့်က မဆိုးဘူး။ ဒီတစ်ခေါက်တော့ တောင်ပိုင်းက တိုးတက်လာနိုင်လိမ့်မယ်လို့ထင်တယ်”

ချင်းထျန်းနျန်က လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ သူသည် အမူအရာတစ်ချက်မပြောင်းဘဲ တည်ငြိမ်စွာပြန်ပြောလိုက်သည်။

အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏အကြီးအကဲက အပြုံးတစ်ပွင့်ဖြင့် ဝင်ပြောသည်။

“ဒါပေမဲ့ ခေါင်းဆောင်ချင်..ခင်ဗျားရဲ့တောင်ပိုင်းကျောင်းတော်မှာ လူတစ်ယောက်ပဲရှိတယ်မဟုတ်လား။ ဒါက တစ်ခုတည်းသောနည်းလမ်းဖြစ်နေမှာစိုးရိမ်မိတယ်”

“ခင်ဗျား အဲ့လိုထင်လား”

ချင်းထျန်းနျန် ရယ်မောလိုက်မိသည်။

ချင်းထျန်းနျန်၏ဝှက်ဖဲက သူ့တပည့်ဟွမ်းယွမ်မဟုတ်ဘူးဆိုသည့်အကြောင်းကို သူတို့ ဘယ်လိုသိနိုင်မတဲ့လဲ။

ဟွမ်းယွမ်တစ်ယောက်တည်းကို အားကိုးပြီး အမြင့်ကိုတက်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

သူသည် ယဲ့ချိုးပိုင်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားထားလေသည်။

တစ်ဖက်မှာတော့ ကျန်းချန်က စင်မြင့်ထက်ကို ကြည့်နေသည်။ သို့သော် သူ့မျက်လုံးများက တောင်ပိုင်းကျောင်းတော်မှကျောင်းသားများကို ကြည့်နေပုံရသည်။

“ဘာလို့လဲ။ မင်း သူ့ကို မမေ့နိုင်သေးဘူးလား”

နံဘေးရှိဟွမ်ထျန်းမင်က ခပ်ပြုံးပြုံးလေးပြောပြလိုက်သည်။

“မင်း ဘာလို့ သူ့ကိုသွားမရှာတာလဲ”

ထိုစကားကို ပြုံးပြုံးလေးနှင့်ပြောနေသော်လည်း သူ့လေသံက အေးစက်မှုများနှင့် ပြည့်နှက်နေသည်။

နောက်ပြီး ငါက သူ့ကို မြောက်ပိုင်းကနေ အသက်ရှင်ရက်ပြန်သွားခွင့်ပေးမယ်လို့များ မင်းထင်နေတာလား…

ထိုစကားကိုတော့ သူ ထုတ်မပြောခဲ့ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset