မြောက်ပိုင်းဒေသရှိ နေမဝင်အင်ပါယာ၏အဆင့်အတန်းသည် အာဏာရှင်တစ်ရပ်ဟု ဆိုနိုင်လေသည်။
သူတို့နှင့်ယှဉ်လိုက်လျှင် လျှို့ဝှက်တာအိုကျောင်းတော်ကပင် သေးသိမ်နေသေးသည်။
ဤရလဒ်မှာ လျှို့ဝှက်တာအိုကျောင်းတော်၏ မတိုက်ခိုက်လိုသောဆန္ဒကြောင့်လည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ လျှို့ဝှက်တာအိုကျောင်းတော်၏ဌာနချုပ်သည် ထင်ရှားကျော်ကြားလှပေသည်။
ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော ရေနဂါးနှစ်ကောင်ကို သူတို့မော့ကြည့်လိုက်ပြီး မအံ့သြဘဲမနေနိုင်ချေ။
“နေမဝင်အင်ပါယာရဲ့ပုဂ္ဂိုလ်ထူးတွေက ဒီကိုရောက်နေတာလား”
“ဒါပေမဲ့ ခေါင်းဆောင်ကို သူ့ထိုင်ခုံနေရာကနေ ဖယ်ပေးရလောက်အောင်အထိ ဘယ်သူကများလုပ်နိုင်တာပါလိမ့်”
နေမဝင်အင်ပါယာ၏အုပ်စိုးသူ ကိုယ်တိုင်ကိုယ်ကျကြွရောက်လာလိမ့်မည်ဟု မည်သူမျှမထင်ထားခဲ့ပေ။
ဤသည်မှာ ကျောင်းတော်များအကြား ပညာဖလှယ်ပွဲတစ်ခုမျှသာဖြစ်သည်။ ကိစ္စကြီးကြီးမားမား မဟုတ်ချေ။
တစ်နည်းဆိုရသော် ဤယှဉ်ပြိုင်ပွဲအတိုင်းအတာလောက်လေးက ဧကရာဇ်ကိုယ်တိုင်လာရောက်ရန် မထိုက်တန်ပေ။
“ဒါဆို ဒီကိုဘယ်သူလာမှာလဲကွ”
ယဲ့ချိုးပိုင်လည်း မော့ကြည့်လိုက်ပြီး မျက်လုံးများကိုမှေးကျဉ်းလိုက်မိသည်။
ရေနဂါးသည် စစ်သင်္ဘောကိုဆွဲလာပြီး သူ မည်မျှ အစွမ်းထက်လှကြောင်း ပြသနေလေသည်။
သို့သော် ဤရေနဂါးနှစ်ကောင်သည် သူ့သခင်မွေးမြူထားသည့်ငှက်ကလေးလောက် မကောင်းလှဟု ဘာကြောင့်ခံစားမိနေလေသလဲ။
ထိုအချိန်တွင် သင်္ဘောသည် ကောင်းကင်ယံ၌ ဖြည်းညင်းစွာရပ်တန့်သွားသည်။
သင်္ဘောနောက်တွင် လေးလံလှသော ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ပုံရိပ်မြောက်များစွာသည် လှံတံများကိုင်ဆောင်လျက် စစ်သူရဲမြင်းများစီးနင်းကာ မတ်မတ်ရပ်နေကြလေသည်။
တစ်ယောက်ချင်းစီတိုင်းမှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ကျင့်ကြံမှုရှိကြသည်။
ထိုနေရာတွင်ရပ်နေရုံမျှဖြင့် ပြင်းထန်လှသော သတ်ဖြတ်ရေးအရှိန်အဝါများကြောင့် ဖိနှိပ်ခံလိုက်ရသည်။
ထိုအရာသည် ငရဲပြည်မှသေမင်းနှင့် အလားသဏ္ဌာန်တူလှပြီး သူတို့၏ခေါင်းဆောင်မှာ ကျန်းကြွင်းဖြစ်သည်။
တစ်စုံတစ်ယောက်က ပြောသည်။
“အဲဒါ သံချပ်ကာယန္တရားတပ်တော်ပဲ”
သံချပ်ကာယန္တရားတပ်တော်သည် နေမဝင်အင်ပါယာတွင် အင်အားအကောင်းဆုံးစစ်တပ်ဖြစ်သည်။
“အဲ့ဒါက သောက်ကျိုးနည်းဘယ်သူလဲ”
များမကြာမီတွင် လူတိုင်း၏ စူးစမ်းလိုစိတ်နှင့်လေးစားမှုတို့ရောယှက်ထားသော အကြည့်အောက်တွင် ပုံရိပ်နှစ်ခုသည် သင်္ဘောပေါ်မှ တဖြည်းဖြည်း ဆင်းသက်လာသည်။
ထိုအမျိုးသားသည် အဖိုးတန်ကျင်ခပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အလွန်တော်ဝင်ဆန်လှသည်။
အမျိုးသမီးကမူ ရိုးရှင်းလှသောနှင်းပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကြော့ရှင်းကာ တော်ဝင်ဆန်လှသည်။
သူတို့နှစ်ယောက်ကို တွေ့လိုက်သောအခါ လူအပေါင်းမှာ “အဲဒါ အိမ်ရှေ့စံမင်းသားပဲ”ဟု မအော်ဘဲမနေနိုင်ကြတော့ပေ။
“အိမ်ရှေ့စံမင်းသားက ဘာလို့ ဒီကိုရောက်နေတာလဲ”
“အိမ်ရှေ့စံမင်းသားက နေမဝင်အင်ပါယာရဲ့ နောက်တက်မဲ့အုပ်ချုပ်သူဖြစ်တယ်ဆိုတာကို မင်းသိထားရမယ်”
“သူ့ဘေးနားကပုဂ္ဂိုလ်က ဧကရီလောင်းလျာဖြစ်မယ်ထင်တယ်။ သူ့အလှကို ငါကြားဖူးတာကြာပြီ။ အခုမြင်လိုက်ရတော့လည်း အမှန်ပဲ”
တောင်ပိုင်းဒေသရှိလူတိုင်းက ယဲ့ချိုးပိုင်ကိုလှည့်ကြည့်လိုက်ကြသည်။
သူတို့သည် အချို့သောအကြောင်းအရာများကို ကြားဖူးနားဝရှိထားသည်။
ယဲ့ချိုးပိုင်သည် အပေါ်ဘက်ရှိ အမျိုးသားနှင့်အမျိုးသမီးကို ကြည့်လိုက်သည်။
သူ့မျက်လုံးထဲတွင် တွယ်တာလွမ်းဆွတ်ခြင်းအရိပ်အယောင်များ မရှိပေ။
အေးစက်မှုများသာရှိနေခဲ့သည်။
သူသည် အလွန်အမင်းအေးစက်နေခဲ့သည်။
ယဲ့ချိုးပိုင်နှင့်ရင်းနှီးသောလူများက လက်ရှိယဲ့ချိုးပိုင်သည် သတ်ဖြတ်ရေးအရှိန်အဝါများ စတင်ထုတ်လွှတ်နေပြီဖြစ်ကြောင်း သိနေကြသည်။
အမှန်ပင်။ အပေါ်ဘက်ရှိအမျိုးသမီးမှာ ကျန်းချန်ပင်။
ယဲ့ချိုးပိုင်ပြောခဲ့ဖူးသော စကားတစ်ခွန်းလိုပင်။
လက်ရှိကျန်းချန်သည် သူ့နောက်က တကောက်ကောက်လိုက်နေပြီး သူ့ကို “အစ်ကိုချိုးပိုင်”ဟု ခေါ်တတ်သော ငယ်ကျွမ်းဆွေတစ်ယောက်မဟုတ်တော့ပေ။
ယခုတော့ဖြင့် ကျန်းချန်သည် သူ့အတွက် ဖြတ်လျှောက်တစ်ယောက်မျှသာဖြစ်၏။
လေထဲတွင်ရှိနေသည့် ကျန်းချန်သည် တစ်ခုခုကိုခံစားမိသွားပုံရပြီး ယဲ့ချိုးပိုင်ကို လှမ်းကြည့်လိုက်သည်။
သူ(မ)၏မျက်လုံးများထဲတွင် အံ့သြမှုအရိပ်အယောင်တချို့ယှက်သမ်းသွားသော်လည်း ထိုအရိပ်အယောင်လေးက ယဲ့ချိုးပိုင်၏မျက်လုံးထဲရှိတည်ငြိမ်အေးစက်မှုကို မြင်လိုက်ရသောအခါ မှိန်ဖျော့သွားလေသည်။
ဟွမ်ထျန်းမင်သည် ကျန်းချန်၏စိတ်ခံစားချက်ကို အာရုံခံစားမိသွားပုံရပြီး သူ(မ)၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
သူသည် ယဲ့ချိုးပိုင်ရှိနေသောနေရာကို အစောကတည်းက ရှာဖွေတွေ့ရှိထားသည်။
အောက်ဘက်တွင်မူ ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်ဘက်ကိုလှည့်ကြည့်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“ယဲ့ချိုးပိုင်.. ရှင့်ရဲ့လက်ရှိအရည်အချင်းနဲ့ခွန်အားနဲ့ဆိုရင် အဲဒီတုန်းက သူ(မ)ရွေးချယ်ခဲ့တဲ့အရာအတွက် နောင်တရလာလိမ့်မယ်”
ယဲ့ချိုးပိုင်ကပြုံးပြီး ပခုံးတွန့်ပြလိုက်သည်။
ဤကိစ္စကို သူ ဂရုမစိုက်တော့ပေ။
လက်ရှိတွင် သူသည် နေမဝင်အင်ပါယာနှင့် သူသေကိုယ်သေရန်ငြိုးရန်စမျိုးရှိထားရုံမျှသာ ဖြစ်သည်။
ဤမျှပင်။
ထိုစဉ်တုန်းက ယဲ့ချိုးပိုင်သည် အနာဂတ်တွင် သူဟာ သူ့ဓားကို
စွဲကိုင်ပြီး နေမဝင်အင်ပါယာထဲသို့ ဝင်ရောက်လာခဲ့မည်ဖြစ်ကြောင်း ပြောခဲ့လေသည်။
သို့ဖြစ်လေရာ ဟော်ချင်းမင်နှင့် လင်းစီမှာ စိတ်သက်သာရာရဟန်ဖြင့် သက်မမချဘဲမနေနိုင်တော့ပေ။
ယခု သူတို့ဘက်တွင် ပါဝင်ယှဉ်ပြိုင်သူသုံးယောက်သာ ရှိတော့သည်။ ယဲ့ချိုးပိုင်သာ စိတ်ဓာတ်ကျသွားပါက သူတို့ အမှန်တကယ်နိဂုံးချုပ်သွားလိမ့်မည်။
ထိုအချိန်တွင် ဟွမ်ထျန်းမင်သည် ကျန်းချန်ကို ထိုင်ခုံဆီသို့ခေါ်ဆောင်သွားပြီး ဝူဒီရှီကို အရိုအသေပေးလိုက်သည်။
“မင်္ဂလာပါ ခေါင်းဆောင်”
ဝူဒီရှီသည် စီနီယာတစ်ယောက်ဖြစ်ပြီး နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးအဖြစ် အဆင့်သတ်မှတ်ခံထားရသူဖြစ်၏။ ထို့အပြင် သူသည် မရေမတွက်နိုင်သော ဂိုဏ်းအုပ်စုများ၏ပံ့ပိုးမှုကိုရထားသော လျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင်လည်းဖြစ်သည်။
အပြင်ပန်းတွင် ဟွမ်ထျန်းမင်သည် အငယ်တစ်ယောက်လိုဦးညွှတ်ရသည်မှာ သဘာဝကျသည်။
ဝူဒီရှီကပြုံးပြီး ခေါင်းညိတ်ပြသည်။
“ထျန်းမင် ထိုင်ပါဦး”
ဟွန်ထျန်းမင်ကလည်း ကျန်းချန်နှင့်အတူဝင်ထိုင်လိုက်သည်။
လူစုံနေပြီဖြစ်ရာ အကြီးအကဲတစ်ယောက်သည် ဝူဒီရှီ၏ညွှန်ကြားချက်အတိုင်း ကြေညာလိုက်သည်။
“ဒုတိယအကြိမ်သိုင်းပညာဖလှယ်ပွဲစတင်ပါပြီ။ နှစ်ဖက်စလုံးက ယှဉ်ပြိုင်ဖို့လူတစ်ယောက်ယောက်ကို လွှတ်ရပါလိမ့်မယ်”
တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်နှင့် အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်တို့အကြား တိုက်ပွဲဖြစ်သည်။
အရှေ့ပိုင်းဘက်က သိပ်မကျော်ကြားလှသောလူတစ်ယောက် ထွက်လာသည်။
သို့သော် သူထုတ်ပြခဲ့သောခွန်အားမှာ ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ကိုရောက်ရှိနေပေသည်။
ဟွမ်းယွမ်သည် ရှင်းဟုန်ယီနှင့် ယဲ့ချိုးပိုင်ကို လှည့်ကြည့်လိုက်သည်။
“ယဲ့ချိုးပိုင်က ခဏလောက်အနားယူနေပြီး ရှင်းဟုန်ယီကိုလုပ်ခွင့်ပေးလိုက်ပါ”
ဟွမ်းယွမ်သည် ယဲ့ချိုးပိုင်၏စိတ်ခံစားချက်များ ထိခိုက်မှုရှိမရှိကို စိုးရိမ်နေသည်မှာ ရှင်းနေချေသည်။
ယဲ့ချိုးပိုင်ကမူ ဂရုမစိုက်ချေ။
သူ ပြန်လည်မချေပတော့ပေ။
ထိုအခြင်းအရာကိုမြင်သောအခါ ရှင်းဟုန်ယီက ဓားကိုကိုင်စွဲကာ စင်ပေါ်သို့တက်သွားလေသည်။
ထိုအခါ တစ်ဖက်လူက လှောင်ပြောင်သရော်လေသည်။
“ထင်ထားတဲ့အတိုင်း အရိုင်းအစိုင်းနယ်မြေက ဒုတိယပွဲစဉ်မှာ သုံးယောက်ပဲကျန်တော့တယ်”
အခြားတစ်ဖက်တွင်မူ အရှေ့ပိုင်းဘက်မှာ လူလေးဦးကျန်ရှိနေသေးသည်။
“ဘာလို့ အရှုံးမပေးလိုက်တာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် နယ်မြေလေးခုသိုင်းပညာဖလှယ်ပွဲတိုင်းမှာ မင်းတို့က အမြဲနောက်ဆုံးဖြစ်နေတာလေ။ အရှုံးပေးတာရှက်စရာမဟုတ်ပါဘူး”
ရှင်းဟုန်ယီသည် သူ(မ)၏ဓားကို လက်တစ်ဖက်တည်းဖြင့်ကိုင်ထားပြီး ထိုလူကို အေးတိအေးစက်စိုက်ကြည့်လိုက်သည်။
“အရေးမပါတာတွေ တအားပြောတာပဲ”
ထိုသို့ပြောပြီးသည်နှင့် သူ(မ)ဓားသည် မီးလျှံများဖြင့် ရစ်ပတ်ခြင်းခံလိုက်ရသည်။
တစ်ဖက်လူက နှာမှုတ်သရော်ပြီး အသွားနှစ်ဖက်ပုဆိန်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ရှင်းဟုန်ယီဆီသို့ အပြေးသွားလေတော့သည်။
ရှင်းဟုန်ယီကလည်း ကြောက်ရွံ့ခြင်းအလျဉ်းမရှိသောကြောင့် ရှေ့ကိုချီတက်သွားလိုက်သည်။
အရှေ့ပိုင်းနယ်မြေမှ တစ်စုံတစ်ယောက်က ရှီရှန်းကိုကြည့်ပြီး ပြောလိုက်သည်။
“စီနီယာအစ်ကိုရှီ ကျွန်တော်တို့ကံက သိပ်တော့မဆိုးပါဘူး။ ပထမပွဲစဉ်မှာတုန်းက နောက်ဆုံးအဆင့်ရခဲ့တဲ့ တောင်ပိုင်းသားတစ်ယောက်နဲ့ လာတိုးနေတာပဲ”
“ဟီးဟီး.. ဒီတောင်ပိုင်းအရိုင်းအစိုင်းအဖွဲ့မှာ လူသုံးယောက်ပဲကျန်တော့တယ်။ ကျွန်တော်တို့လည်း သုံးယောက်ပဲလွှတ်ရုံပဲမလား”
ရှီရှန်းသည် ထိုစကားကိုကြားလိုက်ရသောအခါ လုံးဝစိတ်မသက်သာသွားပေ။ ထိုအစား သူ့မျက်လုံးများက လေးနက်မှုများဖြင့်ပြည့်နှက်နေပြီး ပြောလာလေသည်။
“ခဏနေ စင်ပေါ်တက်သွားတဲ့အခါ မပေါ့ဆမိစေနဲ့။ ဒီတစ်ခေါက်တော့ တောင်ပိုင်းကိုအနိုင်ရဖို့မလွယ်မှာစိုးတယ်”
ထိုအခိုက်အတန့်လေးတွင် ရှီရှန်းသည် ယင်စွမ်းအင်နဂါးကို ယဲ့ချိုးပိုင်တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည့်မြင်ကွင်းကို ပြန်ပြောင်းသတိရမိလိုက်သည်။
“ဒီတစ်ခါ တောင်ပိုင်းကျောင်းတော်က လူတိုင်းကိုအံ့သြသွားအောင်လုပ်နိုင်နေမှာ ကြောက်မိတယ်”ဟု တစ်ကိုယ်တည်းတွေးနေမိသည်။
တစ်ဖက်မှာလည်း စင်အောက်တွင်ရှိနေသော ဟော်ချင်းမင်က မေးခွန်းထုတ်လေသည်။
“ရှင်းဟုန်ယီနိုင်မယ်လို့ မင်းထင်လား”
လင်းစီက ခေါင်းတခါခါဖြင့်ပြောလေသည်။
“သူတို့နှစ်ယောက်က အဆင့်အတူတူပဲ။ လောလောဆယ် အနိုင်ရမဲ့လူကိုဆုံးဖြတ်လို့ရဦးမယ်လို့မထင်ဘူး”
ဟွမ်းယွမ်လည်း ထိုသို့တွေးမိသည်။
ထိုအခါ ကျုံးဝူက ယဲ့ချိုးပိုင်ကိုလှည့်ကြည့်လိုက်သည်။
“အစ်ကိုယဲ့ ခင်ဗျားရောဘယ်လိုထင်လဲ”
ယဲ့ချိုးပိုင်ကခေါင်းခါယမ်းလိုက်ပြီး သူများနှင့်မတူသောအဖြေကိုပေးလာလေသည်။
“ရှင်းဟုန်ယီ သေချာပေါက်အနိုင်ရလိမ့်မယ်”
ဟော်ချင်းမင်က အံ့အားသင့်သွားချေသည်။
“သူတို့နှစ်ယောက်က အဆင့်ချင်းလည်းတူသလို ခွန်အားချင်းကလည်း အတူတူပဲ။ ဘယ်လိုအနိုင်ရနိုင်မှာလဲ”
ဟွမ်းယွမ်လည်း အတော်လေးအံ့သြသွားသည်။ သူသည် ယဲ့ချိုးပိုင်ကိုစိုက်ကြည့်ရင်း သူ့ထံမှရှင်းပြချက်ကို စောင့်နေလေသည်။
ယဲ့ချိုးပိုင်ကမူ တခြားဘာမှထပ်မပြောတော့ပေ။
အကယ်၍ ရှင်းဟုန်ယီသာ ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပါက ပြောရခက်နေပေဦးမည်။
သို့သော်လည်း ရှင်းဟုန်ယီသည် မတိုင်မီက သူ(မ)၏ခန္ဓာကိုယ်ကိုချိန်ညှိရန်အတွက် ယင်စွမ်းအင်နဂါးသွေးကို အသုံးပြုခဲ့သည်။
သူ့ခွန်အားသည် သာမန်ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသော ကျင့်ကြံသူများထက် ပိုမိုပြင်းထန်သည်။
မကြာခင်မှာပင် သူ့ရှေ့ရှိမြင်ကွင်းက ယဲ့ချိုးပိုင်၏စကားကို အတည်ပြုလိုက်ချေသည်။
ရလဒ်ကို သိုင်းကွက်အကွက်နှစ်ဆယ်မျှဖြင့် အဆုံးအဖြတ်ပေးလိုက်လေသည်။
ရှင်းဟုန်ယီက သူ့ပြိုင်ဘက်ကို ချေမှုန်းပစ်လိုက်လေသည်။
ဟော်ချင်းမင်ခမျာ ကူကယ်ရာမဲ့စွာဖြင့် မမေးဘဲမနေနိုင်ချေ။
“ရှင်းဟုန်ယီက ဒီလောက်တောင်သန်မာတာလား”
ဟွမ်းယွမ်သည် ယဲ့ချိုးပိုင်ကို လေးနက်လှသောအကြည့်များဖြင့် ငေးကြည့်နေချေသည်..။