Switch Mode

အခန်း (၄၅)

နေမဝင်အင်ပါယာ ရောက်ရှိလာခြင်း

နောက်တစ်နေ့တွင်..

ရှင်းဟုန်ယီသည် ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ၏ခန္ဓာကိုယ်လည်း ပိုမိုကြံ့ခိုင်လာသည်။

သူ(မ) အလွန်တရာပျော်ရွှင်ဝမ်းမြောက်နေချေသည်။ သူ(မ)က ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်ကာ ပြုံးပြလိုက်သည်။

“ရှင့်ကို ကျေးဇူးကြွေးတစ်ခုတင်သွားပြီနော်”

ရှင်းဟုန်ယီသည် တောင်ပိုင်းဒေသ၏လျှို့ဝှက်မျိုးနွယ်စုမှဖြစ်ပြီး ထိုကျေးဇူးကြွေးသည် ရှီရှန်း၏တန်ဖိုးထက် မနိမ့်ကျပေ။

သို့သော်လည်း ယဲ့ချိုးပိုင်ကမူ ထိုအရာများကိုဂရုမစိုက်ပေ။

“ကောင်းပြီ။ အချိန်ကသိပ်မကျန်တော့ဘူး။ အတွင်းပိုင်းအထိဝင်ပြီး အမှတ်နည်းနည်းလောက်ယူကြရအောင်”

ရှင်းဟုန်ယီ ခေါင်းညိတ်၍သဘောတူလိုက်သည်။

မကြာမီမှာပင် ယဲ့ချိုးပိုင်နှင့် ရှင်းဟုန်ယီတို့သည် မှော်ဝင်သားရဲများကို အမဲလိုက်ကြလေတော့သည်။

သူတို့၏အမှတ်များသည်လည်း အလွန်လျင်မြန်စွာတိုးလာခဲ့သည်။

ဤလုပ်ငန်းစဉ်အတွင်း ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်သို့ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်မီးလျှံနယ်မြေတွင်တည်ရှိနေသော မိစ္ဆာချီစွမ်းအင်၏အကူအညီဖြင့် သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားကို ပိုမိုကောင်းမွန်စွာနားလည်လာခဲ့သည်။

အဆုံးတွင် ယဲ့ချိုးပိုင်၏အမှတ်များသည် လေးထောင့်ခုနစ်ရာသို့ရောက်ရှိလာခဲ့သည်။

ရှင်းဟုန်ယီ၏အမှတ်များသည်လည်း နှစ်ထောင့်နှစ်ရာသို့ ရောက်လာသည်။

ရှိသမျှပြိုင်ပွဲဝင်များအားလုံး ရုပ်ရွှေ့ပြောင်းခံလိုက်ရပြီး မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ ပြန်ရောက်သွားသည်။ သူတို့အားလုံး ရင်ပြင်ထဲကို ရောက်သွားကြသည်။

ဟော်ချင်းမင်နှင့်လင်းစီတို့က အနားကိုလျှောက်လာကြသည်။

ဟော်ချင်းမင်က စိတ်ဝင်တစားမေးလာသည်။

“ယဲ့ချိုးပိုင် မင်းမှာ အမှတ်ဘယ်လောက်ရှိလဲ”

သူ့လေသံတွင် ဘဝင်ခိုက်နေသောအရိပ်အယောင် တစ်စွန်းတစ်စပါဝင်နေလေသည်။

လင်းစီက မျက်လုံးလှိမ့်လျက်ပြောပြလေသည်။

“ဟော်ချင်းမင်က သေခါနီးဖြစ်နေတဲ့မှော်ဝင်သားရဲနဲ့ ကြုံခဲ့တာလေ။ အဆင့်ကလည်း ချီစွမ်းအင်ပင်လယ်အဆင့်တဲ့လေ။ သူ့မှာ အမှတ်ပေါင်းနှစ်ထောင့်တစ်ရာရှိတယ်။ ဒီကိုလာတာလည်း သူ ကြွားမလို့”

ဟော်ချင်းမင် ရယ်မောလိုက်မိသည်။ သူသည် ယဲ့ချိုးပိုင်နှင့်မယှဉ်နိုင်သောကြောင့် အခြားကဏ္ဍများတွင် သူ့ကိုအနိုင်ယူနိုင်ပါက အလွန်ကျေနပ်မိမည်ဖြစ်၏။

ရှင်းဟုန်ယီက လင်းစီကိုစိုက်ကြည့်လိုက်ပြီး မေး၏။

“ရှင်ရော ဘယ်လိုလဲ”

လင်းစီက သူ့လက်ကိုဖြန့်ကားလျက်ပြောသည်။

“ထောင့်ရှစ်ရာ”

ထိုအချိန်တွင် ဟွမ်းယွမ်နှင့်အခြားသူများလည်း ရောက်လာကြသည်။ သူတို့မေးတော့မြန်းတော့မည့်ဆဲဆဲမှာ အကြီးအကဲတစ်ယောက်က ရှေ့ကိုလျှောက်လာပြီး စကားဆိုလေသည်။

“အားလုံးပဲ။ အမှတ်စုဆောင်းရေးကျောက်တုံးကို လွှဲပေးပါ။ ဒီနေရာမှာပဲ အဆင့်သတ်မှတ်ပြီးရင် တချို့လူတွေကို ပြိုင်ပွဲကထုတ်မယ်ပစ်ရမှာ”

ထိုစကားကိုကြားသောအခါ လူတိုင်းက သူတို့၏အမှတ်တွက်ချက်ရေးကျောက်တုံးများကို ပေးလိုက်ကြသည်။

ဟွမ်းယွမ်က ပြောလာလေသည်။

“ဘာပြဿနာမှ မဖြစ်ခဲ့ဘူးမဟုတ်လား”

ထိုစကားပြောနေစဉ်တွင် ဟွမ်းယွမ်သည် ယဲ့ချိုးပိုင်ကို အဓိကထား၍ကြည့်လိုက်ခြင်းပင်။

ယဲ့ချိုးပိုင်ကမူ ပခုံးတွန့်ပြပြီး ဘာစကားမှမပြောချေ။

ရှင်းဟုန်ယီက ခေါင်းညိတ်သည်။

ဟော်ချင်းမင်ကလည်း “ပြဿနာ သိပ်မရှိပါဘူး”ဟု ပြော၏။

မကြာခင်မှာပင် အကြီးအကဲများက အဆင့်များကို စတင်တွက်ချက်တော့သည်။

ထို့နောက် အံ့အားသင့်နေဟန်အကြည့်များဖြင့် ရလဒ်များကို စတင်ကြေညာလေသည်။

“မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က လူတစ်ယောက်ကို ထုတ်ပယ်လိုက်ပါပြီ။ ပထမနေရာက ကျန်းချောင်မြန်၊ အမှတ် လေးထောင့်ငါးရာဖြစ်ပါတယ်”

ရလဒ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

လေးထောင့်ငါးရာတဲ့လား။

ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့် သားရဲတစ်ကောင်ကို ဆယ်မှတ်သာပေးပြီး ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်သားရဲကမူ အမှတ်သုံးဆယ်သာပေးကြောင်း သူတို့သိထားသည်။

အမှတ်လေးထောင့်ငါးရာတဲ့လား။ သူ ဘယ်နှကောင်လောက်တောင် သတ်ခဲ့တာလဲ။ ဒါမှမဟုတ် အဆင့်မြင့်မှော်ဝင်သားရဲတစ်ကောင်ကိုများ သူသတ်ခဲ့တာလား…

ကျန်းချောင်မြန်၏ခွန်အားအရဆိုလျှင် သူ သေချာပေါက်လုပ်နိုင်သည်သာ။

သူသည် မြောက်ပိုင်းဒေသ၏ မျိုးဆက်သစ်လူငယ်များထဲမှာ နံပါတ်တစ်ဓားသမားဖြစ်သည်။

“ကျန်းချောင်မြန်ရဲ့ရမှတ်ကို ကျော်နိုင်တဲ့သူမရှိလောက်ဘူးမလား”

“အဲဒါကိုကျော်လွှားနိုင်တဲ့သူမရှိတာ သေချာတယ်”

“စီနီယာအစ်ကိုကျန်းက ပင်လယ်ရေလှိုင်းအလယ်လတ်တန်းအဆင့် မှော်ဝင်သားရဲသုံးကောင်နဲ့ ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့် မှော်ဝင်သားရဲတစ်ကောင်ကိုသတ်ခဲ့တယ်လို့ ငါ့တပည့်တွေဆီကကြားထားတယ်”

“စီနီယာအစ်ကိုကျန်းတစ်ယောက်ပဲ ပင်လယ်ရေလှိုင်းအလယ်လတ်တန်းအဆင့်မှာ ရှိနေတာထင်တယ်။ ပင်လယ်ရေလှိုင်းအလယ်လတ်တန်းအဆင့် မှော်ဝင်သားရဲတစ်ကောင်က ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်သူရဲကောင်းတစ်ယောက်နဲ့ ညီမျှတယ်”

“မျိုးဆက်သစ်နံပါတ်တစ်ဓားသမားပီသပါပေတယ်”

မရေမတွက်နိုင်သောလူများက ကျန်းချောင်မြန်ကို ရိုသေစွာကြည့်နေကြသည်။

ဟွမ်းယွမ်၏မျက်လုံးများသည်လည်း တည်ငြိမ်နေခဲ့သည်။

ကျုံးဝူက ပြောလေသည်။

“သူက ကြောက်စရာကောင်းတဲ့ပြိုင်ဘက်ပဲ”

ဟွမ်းယွမ်ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

“သူ့ကိုအနိုင်ရနိုင်ခြေက သုံးဆယ်ရာခိုင်နှုန်းပဲရှိတယ်လို့ထင်တာပဲ”

ထို့နောက် ထိုအကြီးအကဲက ထပ်မံကြေညာလာသည်။

“အရှေ့ပိုင်းကလူတစ်ယောက် ထုတ်ပယ်ခံရမှာဖြစ်ပြီး ပထမနေရာကတော့ ရှီရှန်း၊ စုစုပေါင်းအမှတ် သုံးထောင့်ကိုးရာ”

အမှတ်သုံးထောင့်ကိုးရာ…

ကျန်းချောင်မြန်၏ရမှတ်နှင့် မယှဉ်နိုင်သော်ငြား ဤသည်မှာ အလွန်မြင့်မားလှသောရမှတ်တစ်ခု ဖြစ်နေဆဲပင်။

အရှေ့ပိုင်းကျောင်းတော်၏အကြီးအကဲကလည်း ပြုံးလိုက်မိသည်။

ဤရလဒ်မှာ သူထင်ထားသည်ထက် ကျော်လွန်သွားချေသည်။

သို့သော် ရှီရှန်းက မပြုံးပေ။ ထိုအစား သူ့အမူအရာက လေးနက်နေသည်။ သူဘာတွေးနေသလဲဆိုသည်ကို ဘယ်သူမှမသိနိုင်ချေ။

“အနောက်ပိုင်းက လူတစ်ယောက်ကိုထုတ်ပယ်လိုက်ပါပြီ။ ပထမနေရာကတော့ ကျန်းဟယ်၊ စုစုပေါင်းရမှတ်သုံးထောင့်ရှစ်ရာ့ခြောက်ဆယ်”

ရှီရှန်းနှင့် သိပ်မကွာလှပေ။

အလွန်နီးစပ်သည်ဟုပင် ဆိုနိုင်သည်။

ဤသည်မှာ အလွန်ထူးခြားသော ရလဒ်တစ်ခုလည်းဖြစ်သည်။

ယခုအချိန်တွင်မူ အားလုံးက တောင်ပိုင်းကျောင်းတော်ဘက်ကို လှမ်းကြည့်နေကြလေသည်။

“သူတို့အထဲမှာ အမှတ်အများဆုံးရတဲ့သူက ဟွမ်းယွမ်ပဲဖြစ်သင့်တယ်မဟုတ်လား”

“ဟာ့..ဟွမ်းယွမ်က တောင်ပိုင်းရဲ့ တစ်ဦးတည်းသောထူးချွန်သူ ဖြစ်နိုင်လောက်တယ်။ ပြီးတော့ သူက ကျောင်းတော်ခေါင်းဆောင်ရဲ့တပည့်ပဲလေ”

“ဒါပေမဲ့ ကျန်းချောင်မြန်၊ ရှီရှန်းနဲ့ တခြားသူတွေနဲ့ယှဥ်ကြည့်ရင် နည်းနည်းတော့ အားနည်းနေသေးတယ်”

အကြီးအကဲက စကားအဆုံးတွင် ရလဒ်ကိုကြေညာလာသည်။

“တောင်ပိုင်းက လူနှစ်ယောက်ကိုထုတ်ပယ်လိုက်ပါပြီ။ ပထမနေရာကတော့…ယဲ့ချိုးပိုင်၊ အမှတ်လေးထောင့်ခုနစ်ရာ”

ဟွမ်းယွမ်နှင့် အခြားသူများသည် ယဲ့ချိုးပိုင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိကြသည်။

တစ်ယောက်ယောက်က ထမေးလေသည်။

“ဒီယဲ့ချိုးပိုင်က ဘယ်သူလဲဟ”

ကျန်းချောင်မြန်ကလည်း တုံ့ပြန်လာသည်။ သူသည် တစ်ချက်လှည့်လာပြီး ယဲ့ချိုးပိုင်ကို တိုက်ခိုက်လိုဟန်အကြည့်များဖြင့် ကြည့်လာလေသည်။

ရှီရှန်း၏အမူအရာမှာ ရှုပ်ထွေးနေရှာသည်။

ကျန်းဟယ်ကတော့ ပြုံးနေသေးသည်။ သူဘာတွေတွေးနေလဲဆိုသည်ကို ဘယ်သူမှမသိနိုင်ပေ။

“လေးထောင့်ခုနစ်ရာ ဟုတ်လား။ ကျန်းချောင်မြန်ထက် အမှတ်နှစ်ရာတောင် ပိုများတာလား”

“သူဘယ်လိုလုပ်လိုက်တာလဲ။ ဒီလူက ခရမ်းရောင်ဘုံဗိမာန်အဆင့်လောက်ပဲ ရှိသေးတာကို။ အမှတ်လေးထောင့်ခုနစ်ရာအထိ သူဘယ်လိုရနိုင်မှာလဲ”

“သူ တစ်ခုခုကောက်ရတာများ ဖြစ်နိုင်မလား”

ဤနေရာတွင်ရှိနေသူများအတွက်မူ ယဲ့ချိုးပိုင်အနေနှင့် ဤရမှတ်ကိုရဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

သို့သော် ယဲ့ချိုးပိုင်က ဂရုမစိုက်ပေ။

တခြားသူများ၏အမြင်က သူနှင့်ဘာမှမဆိုင်ပေ။

ဟွမ်းယွမ်သည် ရှုပ်ထွေးနေသောအမူအရာဖြင့် ယဲ့ချိုးပိုင်ကိုကြည့်ကာ “တော်တယ်” ဟုပြောလိုက်သည်။

ဟော်ချင်းမင်ကလည်း ခါးသက်သက်ပြုံးလိုက်သည်။

“ဒီတစ်ကြိမ်တော့ ငါ မင်းကိုကျော်နိုင်မယ်လို့ထင်ထားတာ။ မင်း ငါ့ကို ဒီလောက်အမှတ်အများကြီးကျော်သွားမယ်လို့တော့ မမျှော်လင့်ထားဘူး”

လင်းစီကလည်း ကူကယ်ရာမဲ့စွာဝင်ပြောလေသည်။

“ဒီလူကို သာမန်အသိတရားလောက်နဲ့ အကဲဖြတ်လို့မရဘူး”

ဟော်ချင်းမင်က ထိုစကားကိုသဘောကျသွားသည်။

“ဒါ အမှန်ပဲ။ ဒါပေမဲ့ ငါတို့နှစ်ယောက် ဒီလိုပုံစံနဲ့ထုတ်ပယ်ခံရလိမ့်မယ်လို့တော့ ငါမထင်ထားဘူး…”

အမှန်ပင်။ တောင်ပိုင်းဒေသမှ ဖယ်ရှားခံရသောလူနှစ်ယောက်မှာ ဟော်ချင်းမင်နှင့် လင်းစီဖြစ်၏။

ဘေးတစ်ဖက်တွင်ရပ်နေသော သိုင်းပညာခန်းမအကြီးအကဲက အနားကိုလျှောက်လာပြီး ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်လိုက်သည်။ သူက တောက်ပစွာပြုံးလျက် ပြောလာသည်။

“တော်လိုက်တဲ့ကလေး..မင်းက ဒီတစ်ခေါက် ငါတို့တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်အတွက် ဂုဏ်ဆောင်ခဲ့တာပဲ”

ခေါင်းဆောင်ရူကလည်း အပြုံးသားဖြင့် ပြောသည်။

“နောက်လာမဲ့ပြိုင်ပွဲတွေမှာလည်း မင်းရဲ့စံချိန်ကို ဒီအတိုင်းဆက်ထိန်းထား။ ဒီတစ်ခေါက် ငါတို့ရဲ့ပန်းတိုင်က ထိပ်ဆုံးနှစ်ယောက်နေရာပဲ”

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။

မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်မှ အကြီးအကဲတစ်ဦးက ပြောလာလေသည်။

“ကောင်းပြီ။ နောက်တစ်ဆင့်တက်ကြရအောင်။ ဒေသလေးခုကလျှို့ဝှက်တာအိုကျောင်းတော်ရဲ့ပါဝင်ယှဉ်ပြိုင်သူတွေကို အချင်းချင်းနေရာချထားပြီး သိုင်းပညာဖလှယ်ရမယ်”

“နောက်ဆုံးမှာနိုင်ပွဲပိုများတဲ့အသင်းက အနိုင်ပဲ”

သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထိုအကြီးအကဲ၏ရှေ့တွင် သေတ္တာတစ်ခု ပေါ်လာလေသည်။

အကြီးအကဲက ထိုအထဲမှ မဲလိပ်နှစ်လိပ်ကိုဆွဲယူလိုက်သည်။

“ပထမပွဲစဉ်မှာ အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့က ယှဉ်ပြိုင်ရမှာပါ။ နှစ်ဖက်စလုံးက လူတွေဘယ်လိုစေလွှတ်မလဲဆိုတာ ဆွေးနွေးနိုင်ပါတယ်”

သူ(မ)စကားအဆုံးတွင် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင် ဝူဒီရှီသည် ကောင်းကင်ထက်သို့ရောက်ရှိလာပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ရင်ပြင်၏အလယ်ဗဟိုတွင် ပြိုင်ပွဲစင်မြင့်တစ်ခု မြေပြင်ပေါ်မှမြင့်တက်လာလေသည်။

ကွင်းထဲတွင် ထိုင်ခုံနေရာဆယ်နေရာသာရှိသည်။

ထိုနေရာတွင် ဝူဒီရှီနှင့် အခြားနယ်မြေသုံးခု၏ခေါင်းဆောင်များ ထိုင်လိုက်ကြသည်။

မကြာမီမှာပင် ကောင်းကင်ယံမှ ပုံရိပ်အချို့ ဖြတ်သန်းသွားလေသည်။

တခြားခုံတစ်ခုမှာဝင်ထိုင်လိုက်သည်။

ဤတစ်ခေါက်တွင် ဝူဒီရှီက စားပွဲခုံ၏ထိပ်ဆုံးတွင် မထိုင်တော့ပေ။ စားပွဲ၏ထိပ်ဆုံးနားက ဗလာကျင်းနေပြီး ထိုခုံ၏နံဘေးမှာလည်း ထိုင်ခုံအလွတ်တစ်ခု ရှိနေသေးသည်။

ထိုအရာက လူတိုင်းကို အံ့သြသွားစေသည်။

ဝူဒီရှီထက် ဘယ်သူကများ ရာထူးပိုမြင့်လေသလဲ။

ရုတ်ခြည်းပင် ကောင်းကင်ယံထက်တွင် ရေနဂါးနှစ်ကောင် ဟိန်းဟောက်လိုက်သည်။

သူတို့ရှေ့တွင် သင်္ဘောကြီးတစ်စင်းပေါ်လာပြီး ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ရေနဂါးနှစ်ကောင်က ထိုသင်္ဘောကို အရှေ့ကနေ၍ ဆွဲနေချေသည်။

ဤသည်မှာ နေမဝင်အင်ပါယာ၏ စစ်သင်္ဘောပင်ဖြစ်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset