Switch Mode

အခန်း (၄၄)

ငါ မင်းကို အခွင့်အရေးပေးရင်တောင် အသုံးမဝင်ဘူး

ထိုအချိန်တွင် ရှီရှန်းသည် ဘေးဘက်ဆီမှလျှောက်လာလေသည်။

သူက ကျယ်လောင်စွာရယ်မောလျက်ပြော၏။

“အစ်ကိုယဲ့ မင်းကောင်းကောင်းကြီးလျှိုထားတာပဲ”

ယဲ့ချိုးပိုင်သည် သူ့ကိုတစ်ချက်မျှကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။

ထို့ကြောင့် ရှီရှန်းခမျာ တုံ့ခနဲရပ်တန့်သွားရသော်လည်း စကားတော့ဆက်ပြန်၏။

“စိတ်မပူပါနဲ့ အစ်ကိုယဲ့ ယင်စွမ်းအင်နဂါးသွေးပဲဖြစ်ဖြစ် ယင်စွမ်းအင်အရိုးပန်းပဲဖြစ်ဖြစ် ဒီမှာရှိသမျှအရာအားလုံးက မင်းအတွက်ပါပဲ”

ထိုစကားကြောင့် ရှင်းဟုန်ယီထိတ်လန့်သွားရသည်။

မူလက ရှီရှန်းသည် သူ့ခန္ဓာကိုယ်ကိုဖြည့်ဆည်းရန်အတွက် ယင်စွမ်းအင်နဂါးသွေးကို အသုံးပြုလိုခဲ့သည်။

အခုတော့ဖြင့် သူ သည်အတိုင်း လက်လွှတ်လိုက်တော့မည်တဲ့လား။

သို့သော် ထိုအကြောင်းကို သေချာတွေးတောကြည့်ပြီးနောက်တွင်မူ ပုံမှန်ပါပဲဟု မြင်လာမိသည်။ အမှန်တော့ ရှီရှန်းပင်လျှင် ယဲ့ချိုးပိုင်ထုတ်ပြခဲ့သောခွန်အားကိုမခံနိုင်မှန်း သူ့ကိုယ်သူသိလေသည်။

ဤယင်စွမ်းအင်နဂါးသွေးကိုလည်း စွန့်လွှတ်ဖို့ဝန်မလေးပေ။ သူ့အတွက်တော့ ယဲ့ချိုးပိုင်ဆီက မျက်နှာသာရဖို့သာအရေးကြီးသည်။

ဤအချိန်တွင် လောင်မေ့ရှန်းက ဒေါသတကြီးဝင်ပြောလာသည်။

“ရှီရှန်း..ငါတို့လည်း ဝေစုတစ်ခုရသင့်တယ်လေ။ ငါတို့သာ ဒီနေရာကို ရှာမတွေ့ခဲ့ရင် ယင်စွမ်းအင်နဂါးကို အစီအရင်နဲ့မျှားမခေါ်ခဲ့ရင် ယင်စွမ်းအင်နဂါးကို သူ ဘယ်လိုလုပ်သတ်နိုင်မှာလဲ”

ရှင်းဟုန်ယီက ဒေါနှင့်မောနှင့် ဝင်ပြောလေသည်။

“နင် အရှက်မရှိဘူးလား။ ယဲ့ချိုးပိုင်ကြောင့်သာမဟုတ်ရင် ယင်စွမ်းအင်နဂါးကို နင်ကသတ်နိုင်မှာတဲ့လား”

လောင်မေ့ရှန်းက သူ့လက်ချောင်းများကို အေးစက်စက်အမူအရာဖြင့်ပွတ်လိုက်ပြီး လက်ညှိုးဆီမှဖိအားတစ်ရပ်ကို ဓားအဖြစ်ပြောင်းလဲကာ ရှင်းဟုန်ယီဆီသို့ ပစ်လွှတ်လိုက်သည်။

ရှင်းဟုန်ယီမှာ တစ်ဖက်လူက ယခုလိုတိုက်ရိုက်တိုက်ခိုက်လာဖို့ မမျှော်လင့်ထားသဖြင့် ခဏလောက်ကြာသည်ထိ မတုံ့ပြန်နိုင်ခဲ့ချေ။

ထိုဖိအားတစ်ရပ်က ဓားတစ်ချောင်းအဖြစ်ပြောင်းလဲကာ ဖောက်ဝင်လာသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရုံသာတတ်နိုင်လေသည် ။

ထိုဓားချက် ရှင်းဟုန်ယီအပေါ်ရောက်လာသည်နှင့် သူ(မ)မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာရပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး လက်ညှိုးညွှန်လိုက်သည်။

သူသည် ဓားတစ်ချောင်းအဖြစ်သို့ပြောင်းလဲသွားသော ထိုအတွင်းအားများကို ပိတ်ဆို့ကာဆီးထားလိုက်သည်။

“အရမ်းလွန်လွန်းတယ်မဟုတ်လား”

သို့သော် လောင်မေ့ရှန်းက နှာမှုတ်လျက်လှောင်ပြောင်လေသည်။

“သူက တောင်ပိုင်းအရိုင်းအစိုင်းတစ်ယောက်လေ။ သူ့မှာ ခွန်အားမရှိရင် ဖိနှိပ်ခံရမှာထုံးစံပဲ”

“နင်..”

ရှင်းဟုန်ယီ ရှေ့ကိုခြေတစ်လှမ်းတိုးမည့်ဆဲဆဲမှာပင် ယဲ့ချိုးပိုင်က သူ(မ)တားလိုက်သည်။

ယဲ့ချိုးပိုင်ကက အေးစက်စွာပြောလိုက်သည်။

“မင်းက ယင်စွမ်းအင်အရိုးပန်းပွင့်ကိုလိုချင်တာမလား။ ငါပေးမယ်”

ထိုစကားကိုကြားသောအခါ ရှိသမျှလူအားလုံး အံ့ဩသွားကြသည်။

ရှင်းဟုန်ယီက ပို၍ပင်စိုးရိမ်ကြောင့်ကြများသွားရလေသည်။

“ရှင် ဘာလို့ သူ့ကို ယင်စွမ်းအင်အရိုးပန်းပေးလိုက်ရတာလဲ။ ရှင့်အတွက် အသုံးမကျရင်တောင် အရင်းအမြစ်တွေအများကြီးနဲ့ လဲလှယ်လို့ရတယ်”

ယဲ့ချိုးပိုင်က သူ(မ)ကိုလျစ်လျူရှုပြီး ယင်စွမ်းအင်နဂါးရေကန်ဘေးကိုလျှောက်လာလိုက်သည်။ ရေကန်၏အလယ်ဗဟိုတွင် မြေဆီလွှာအကွက်လေးတစ်ကွက် ပေါလောပေါ်နေချေသည်။

ထိုမြေဆီလွှာ၏အထက်တွင် ဖူးသစ်စပန်းပွင့်တစ်ပွင့်ရှိသည်။

အရိုးဖူးလေးကို ယင်ဓာတ်ချီစွမ်းအင်မြောက်များစွာက ဝန်းရံထားသည်။

ဤသည်မှာ ယင်စွမ်းအင်အရိုးပန်းဖြစ်သည်။

ပြင်ပကမ္ဘာရှိလူတိုင်းသည် ဤအရာကို ဆေးဝါးပြုလုပ်ရန်နှင့် အစီအရင်များကိုဖန်တီးရန် သို့မဟုတ်… အလောင်းများကို သန့်စင်ရန်အသုံးပြုကြသည်။

၎င်း၏တန်ဖိုးမှာ အလွန်မြင့်မားလှသည်။

ယဲ့ချိုုးပိုင်ကလက်လှမ်းပြီး ယင်စွမ်းအင်အရိုးပန်းကို နုတ်ယူလိုက်သည်။

ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသောအကြည့်များအောက်တွင် သူသည် ယင်စွမ်းအင်အရိုးပန်းပွင့်ကို လောင်မေ့ရှန်းဆီသို့ လှမ်းပစ်လိုက်သည်။

လောင်မေ့ရှန်းလည်း မယုံကြည်နိုင်လောက်အောင်ဖြစ်သွားပုံရသည်။

“မင်း ငါ့ကို တကယ်ပေးတာလား”

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။

လောင်မေ့ရှန်းသည် တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် ယဲ့ချိုးပိုင်က သူ့အားတိုက်ခိုက်လာသည်ကို မြင်လိုက်ရသည်။

သူ့အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး နောက်ပြန်ဆုတ်ကာ အရေးကြီးသောချက်ကောင်းနေရာများကို မထိမိမခိုက်မိအောင် ခက်ခက်ခဲခဲရှောင်တိမ်းလိုက်ရသည်။ သို့သော် ယင်စွမ်းအင်အရိုးပန်းကို ကိုင်ထားသော သူ့လက်မှာ ပြတ်သွားချေသည် ။

ယဲ့ချိုးပိုင်သည် ရှေ့ကိုလျှောက်သွားပြီး ယင်စွမ်းအင်အရိုးပန်းကို ပြန်ယူလိုက်သည်။

“မင်းဘာလုပ်တာလဲ”

ယဲ့ချိုးပိုင်သည် ယင်စွမ်းအင်အရိုးပန်းကို တစ်ဖက်ပို့လိုက်ပြီး ဒေါသူပုန်ထနေသော လောင်မေ့ရှန်းကို ကြည့်ကာပြောလိုက်၏။

“မင်းမြင်တဲ့အတိုင်းပဲ။ သတ်တာဖြတ်တာနဲ့ လုယက်ဖို့က ငါ့အတွက်ပြဿနာမရှိဘူး ဟုတ်ပြီလား”

လောင်မေ့ရှန်း : “…”

ရှီရှန်း : “…”

လောင်မေ့ရှန်း၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားချေသည်။ သူသည် ပြတ်သွားသောလက်မောင်းတစ်ဖက်ကိုကိုင်ရင်း ပြောလာသည်။

“မင်း အကုန်လုံးကို တကယ်ထုတ်ပစ်တော့မလို့လား”

ယဲ့ချိုးပိုင်က ပြန်မဖြေပေ။

လောင်မေ့ရှန်းသည် နေမဝင်အင်ပါယာနှင့် ပတ်သက်နေသောကြောင့် သူမလုပ်နိုင်တာမရှိပေ။

သူတို့သည် ကမ္ဘာမကျေရန်သူများ ဖြစ်ကြသည်။

သူသေကိုယ်သေတိုက်ခိုက်ရမည့်သူများဖြစ်၏။

ယဲ့ချိုးပိုင်က သူ့ကိုလွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသောအခါ လောင်မေ့ရှန်းက အော်မပြောဘဲမနေနိုင်တော့ပေ။ယ

“ချစ်ကြည်ရေးအတွက်ပူးပေါင်းနေတုန်းမှာ သတ်လို့မရဘူးလေ။ မင်းက စည်းကမ်းတွေကို ဒီလိုမျိုးချိုးဖောက်နေတာပဲ။ ကျောင်းတော်က မင်းကိုအပြစ်ပေးလိမ့်မယ်”

“အဲ့တော့ ဘာဖြစ်လဲ”

လူသားများသည် အသက်တစ်သက်သာရှိကြသောကြောင့် ထိုအရာကို ဘာကြောင့်များ ဂရုစိုက်နေရမလဲ။

သူသည် ဓားသမားတစ်ဦးဖြစ်သည်။ သူသည် ဟိုဟိုသည်သည်အရာများကို အလွန်အကျွံတွေးနေပါက ဓားသမားတစ်ယောက်၏ သန့်ရှင်းစင်ကြယ်မှုကိုဆုံးရှုံးရလိမ့်မည်။

သူ့ကျင့်ကြံမှုလည်း ပျက်စီးလိမ့်မည်။

သို့ဖြစ်ရာ သူတို့၏အဆုံးသတ်လည်း မဝေးတော့ပေ။

ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်က ရှေ့ကိုအပြေးသွားလေတော့သည်။

သူ့လက်ထဲရှိဓားရှည်ကြီးကို ရုတ်တရက်လွှဲယမ်းပစ်လိုက်သည်။

သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားကို တိုက်ရိုက်အသုံးချခဲ့သည်။

သူသည် လောင်မေ့ရှန်းကို ခုခံရန်ပင် အခွင့်အရေးမပေးချေ။

ဤဓားချက်ကိုမြင်လိုက်ရသောအခါ လောင်မေ့ရှန်း၏အမူအရာက သိသိသာသာပြောင်းလဲသွားသည်။

ဤဓားချက်အောက်မှာ သူ ခုခံဖို့အခွင့်အရေးမရှိတော့ပေ။

အကယ်၍ သူသာ ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် ခံနိုင်ရည်ရှိမှာမဟုတ်ပေ။ လွတ်မြောက်ဖို့အတွက်ကတော့လား။

သူ့အရှိန်အဝါများက ပိတ်လှောင်ခံထားရသည်မှာ ကြာလှပြီဖြစ်သောကြောင့် သူ ဘယ်လိုများလွတ်မြောက်နိုင်မည်တဲ့လဲ။

ထို့ကြောင့် လောင်မေ့ရှန်းမှာ အံတင်းတင်းကြိတ်လျက် အမှတ်စုဆောင်းရေးကျောက်တုံးကိုထုတ်ပြီး ယဲ့ချိုးပိုင်ကိုပစ်ပေးလိုက်သည်။

လောင်မေ့ရှန်း၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ဤနေရာမှပျောက်ကွယ်သွားပြီး ရုပ်ရွှေ့ပြောင်းခံလိုက်ရသည်။ ထွက်မသွားခင်မှာ သူသည် စကားအနည်းငယ်သာ ပြောထွက်လိုက်နိုင်သည်။

“ယဲ့ချိုးပိုင် မင်းကိုသာလက်စားမချေရရင် ငါ လူမလုပ်တော့ဘူးလို့ကျိန်ရဲတယ်”

ယဲ့ချိုးပိုင်က ထိုအရာကို ဂရုမစိုက်ချေ။ သူသည် သူ့ဓားကိုဖယ်ထုတ်လိုက်ပြီး လောင်မေ့ရှန်း၏ အမှတ်စုဆောင်းရေးကျောက်တုံးကို ကောက်ယူလိုက်သည်။

ယင်စွမ်းအင်နဂါး၏ရမှတ်မှာ တစ်ထောင်ဖြစ်ပြီး လောင်မေ့ရှန်း၏ကျောက်တုံးမှာ အမှတ်လေးရာဖြစ်သည်။

ယဲ့ချိုးပိုင်၏မူလရမှတ် လေးရာ့ခုနစ်ဆယ်နှင့်ပေါင်းလိုက်လျှင် သူ့ရမှတ်များသည် နှစ်ထောင့်တစ်ရာအထိ တက်သွားလေသည်။

ရှင်းဟုန်ယီက ရှေ့ကိုလျှောက်လာပြီး ပြောလေသည်။

“ရှင် သူ့ကိုတကယ်ပေးတော့မယ်လို့ ကျွန်မထင်ခဲ့တာ”

ယဲ့ချိုးပိုင်က ခေါင်းခါပြပြီးပြောသည်။

“ငါ သူ့ကို မပေးပါဘူး။ ငါကိုယ်တိုင်လည်း မယူချင်ဘူး”

ထိုအချိန်တွင် ရှီရှန်းကလည်း ရှေ့ကိုတက်လာပြီး အပြုံးတစ်ပွင့်ဖြင့်ဝင်ပြောသည်။

“အစ်ကိုယဲ့ ယင်စွမ်းအင်နဂါးသွေးကို ကိုယ်တိုင်သုံးချင်တာလား။ ဒါမှမဟုတ် အပြင်မှာရောင်းချင်တာလား”

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်က ရှီရှန်းကိုကြည့်လျက်ပြောသည်။

“ဒါက ငါ့အတွက် အသုံးမဝင်ဘူး။ ငါရောင်းမယ်ဆိုရင်တောင် ဘာတစ်ခုမှလိုအပ်တာမရှိဘူး”

သူ့သခင်က ဆေးလုံးအိုးတစ်လုံးစာကို ချက်ချင်းသန့်စင်နိုင်သည်။

သူ့လက်ထဲတွင်လည်း မှော်နက်မိစ္ဆာဓားသွားနှင့် အစိမ်းရောင်တိမ်တိုက်ဓားတစ်လက် ရှိသည်။

ကျင့်ကြံရေးနည်းဗျူဟာများစွာနှင့် ကိုယ်ခံပညာရပ်များအပြင် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားနှင့် သူ့သခင်ပေးထားသော အာဒိကပ္ပဓားသိုင်းကျမ်းတို့လည်း ရှိသည်။

သူ့တွင် ဘာတစ်ခုမှချို့တဲ့မနေပေ။

ထိုစကားကိုကြားသောအခါ ရှီရှန်း၏မျက်နှာမှာတောက်ပလာချေသည်။

“ဒါဆို ကျွန်တော့်ကို ဘာလို့မရောင်းတာလဲ။ အစ်ကိုယဲ့ကို ကျေနပ်လောက်တဲ့ဈေးနဲ့ပေးရုံတင်မကဘူး။ ကျေးဇူးကြွေးလည်းပြန်ဆပ်ပါ့မယ်”

လူတော်တော်များများက တစ်စုံတစ်ခုဝယ်ဖို့ ပိုက်ဆံအများကြီးအကုန်ခံနိုင်ကြသည်။

အမှန်တကယ်တော့ ငွေနှင့်ဖြေရှင်း၍ရသည့်အရာများက အရိုးရှင်းဆုံးပင်။

သို့သော် ကျေးဇူးကြွေးဆပ်ခြင်းကတော့ မတူသောအရာတစ်ခုဖြစ်၏။

ကမ္ဘာပေါ်တွင် ပြန်ဆပ်ရန်အခက်ခဲဆုံးသောအကြွေးမှာ ကျေးဇူးကြွေးဆပ်ခြင်း ဖြစ်သည်။

အရှေ့ပိုင်းမှတပည့်များမှာ အလွန်တုန်လှုပ်သွားကြသည်။

“စီနီယာအစ်ကိုရှီက ဒီလောက်တောင်ပေးဆပ်လိုက်တာလား”

“စီနီယာအစ်ကိုရှီက အကူအညီတောင်းခဲတယ်။ အဲ့ဒါကြောင့် သူ ဘယ်သူ့အပေါ်ကိုမှလည်း အကြွေးမတင်ဖူးဘူး”

“ဒါကိုကြည့်ရုံနဲ့ ဒီယင်စွမ်းအင်နဂါးသွေးက သူ့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာသိနိုင်တယ်..”

“ယဲ့ချိုးပိုင်က စီနီယာအစ်ကိုရှီအတွက် ယင်စွမ်းအင်နဂါးသွေးကို ဝမ်းသာအားရထုတ်ပေးလိမ့်မယ်”

ထင်မထားသည့်အချက်မှာ သူ့စကားဆုံးသည်နှင့် ယဲ့ချိုးပိုင်က ခေါင်းခါလျက်ပြောလာလေသည်။

“ငါ ဘာမှ မလိုချင်ဘူး။ မင်းမျက်နှာသာပေးတာလည်း ငါမလိုချင်ဘူး”

ထိုသို့ပြောပြီးသည်နှင့် ယင်စွမ်းအင်နဂါး၏အလောင်းနားသို့ လျှောက်သွားလိုက်ပြီး အမြုတေသွေးကိုထုတ်ယူကာ ရှင်းဟုန်ယီကို ပစ်ပေးလိုက်သည်။

ရှီရှန်းခမျာ ကြက်သေသေသွားပြီး သူ့အမူအရာမှာ အလွန်အရုပ်ဆိုးအကျည်းတန်သွားသည်။

ထို့နောက် သူက သရော်လိုဟန်နှာမှုတ်လျက် ပြောလိုက်သည်။

“ဒါဆိုရင်လည်း မင်းကို မနှောင့်ယှက်တော့ဘူး။ သွားရအောင်”

သူသည် အရှေ့ပိုင်းကလူများနှင့်အတူ ထွက်ခွာသွားလေသည်။

ရှင်းဟုန်ယီ ပြုံးလိုက်မိသည်။

“ရှီရှန်းရဲ့အရည်အချင်းက အရမ်းမြင့်တယ်နော်။ ရှင် ဒီအတိုင်း ဖြုန်းတီးပစ်တော့မလို့လား”

ယဲ့ချိုးပိုင်ကမူ ပခုံးတွန့်ပြပြီးပြောလိုက်၏။

“သူ မျက်နှာသာပေးတော့ရော ဘာလုပ်ရမှာလဲ။ သူ ငါ့ကို အနိုင်မယူနိုင်ပါဘူး”

“အမှန်ပဲ”

ရှင်းဟုန်ယီက ယင်စွမ်းအင်နဂါးသွေးကိုကြည့်လိုက်သည်။

“ဒီယင်စွမ်းအင်နဂါးသွေးက အရမ်းအဖိုးတန်ပြီး ခန္ဓာကိုယ်သန့်စင်ရေးအတွက် အရမ်းအရေးကြီးတယ်နော်။ ရှင် ကျွန်မကို ဒီအတိုင်းပေးပစ်တော့မလို့လား”

“ငါမှ မလိုတာ”

ထို့နောက် ယဲ့ချိုးပိုင်ကပြောသည်။

“ကောင်းပြီ။ မင်းကို ငါကာကွယ်ပေးမယ်။ မြန်မြန်စုပ်ယူလိုက်။ အချိန်တန်ရင် မင်းလည်း အမှတ်တချို့ရမှာပါ”

ဤအရာသည် ယဲ့ချိုးပိုင်အတွက် အသုံးမဝင်ပေ။ သူ ပေးပစ်လိုက်လည်း အဆင်ပြေပါသည်။

ထို့ပြင် ရှင်းဟုန်ယီက သူတို့အဖွဲ့ထဲကတစ်ယောက်လည်း ဖြစ်နေသည်မဟုတ်လား…

Comment

Leave a Reply

Options

not work with dark mode
Reset