ထိုအချိန်တွင် ယင်စွမ်းအင်နဂါး၏အရှိန်အဝါများသည် အဆက်မပြတ်ထွက်ပေါ်လာသည်။
ယင်ဓာတ်ချီစွမ်းအင်သည် နေရာအနှံ့သို့ ပျံ့နှံ့သွားချေသည်။ မလှမ်းမကမ်းရှိပန်းများနှင့်အပင်များသည် ထိုစွမ်းအင်ကြောင့် လျင်မြန်စွာညှိုးနွမ်းသွားပုံပင်။
အနက်ရောင်သွေးများရွှဲရွှဲစိုနေသော ဦးခေါင်းထိပ်ပေါ်တွင် စွေစောင်းစောင်းမျက်လုံးနှစ်လုံးသည် ယဲ့ချိုးပိုင်ကို စိုက်ကြည့်နေသည်။ ထိုမျက်လုံးများသည် ဒေါသနှင့်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ခရမ်းရောင်ဘုံဗိမာန်အဆင့်ကျင့်ကြံသူတစ်ယောက်က ၎င်းနှင့် ဘယ်လိုယှဉ်နိုင်မှာတဲ့လဲ။
ယဲ့ချိုးပိုင်သည် လက်ထဲတွင် မှော်နက်မိစ္ဆာဓားကို ကိုင်ထားသည်။
ခဏအကြာတွင် မိစ္ဆာချီစွမ်းအင်များက ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် ယဲ့ချိုးပိုင်သည် နောက်ပြန်မဆုတ်ချေ။
သူ ပြင်းပြင်းထန်ထန်ဒဏ်ရာရနိုင်မလား၊ သို့မဟုတ် ယင်စွမ်းအငိနဂါးကို သူ့လက်ရှိခွန်အားနှင့် သတ်နိုင်လေမလားဆိုသည်ကို သူ သိချင်နေမိသည်။
သူသည် သူ့လက်ထဲရှိ မှော်နက်မိစ္ဆာဓားသွားကိုမြှောက်လိုက်လေရာ အနက်ရောင်ဓားသွားတွင် မိစ္ဆာအရှိန်အဝါများ လွှမ်းခြုံနေပေသည်။
ထိုအခိုက်အတန့်လေးမှာ ယဲ့ချိုးပိုင်သည် သေမျိုးလောကသို့ ဆင်းသက်လာသော မိစ္ဆာနတ်ဘုရားနှင့်အလားသဏ္ဌာန်တူလှပေသည်။
ထို့နောက် သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ယင်စွမ်းအင်နဂါးဆီသို့ ဦးတည်လိုက်သည်။
ထိုအခြင်းအရာကိုမြင်သောအခါ ယင်စွမ်းအင်နဂါးက ယဲ့ချိုးပိုင်ကို ဟိန်းဟောက်လေတော့သည်။
ထိုဟိန်းဟောက်သံသည် အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး ယဲ့ချိုးပိုင်ဆီကို အပြင်းနှင်လေတော့သည်။
ယဲ့ချိုးပိုင်၏အမူအရာမှာ မှင်တက်သွားပြီး လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားကို လွှဲယမ်းလိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား ပထမသိုင်းကွက်။
တစ်ဖက်က အသံလှိုင်းများနှင့် ပြည့်နှက်နေပြီး ကျန်တစ်ဖက်ကမူ အနက်ရောင်ဓားသွားချီစွမ်းအင်များနှင့် ပြည့်နှက်နေသည်။
ထို့နောက်တွင်မူ အသံလှိုင်းကြီးနှင့် ဓားသွားချီစွမ်းအင်များ အရှိန်ပြင်းပြင်းဝင်တိုက်မိကြလေသည်။
အသံလှိုင်းများကို အနက်ရောင်ဓားသွားချီစွမ်းအင်က ဖြတ်တောက်ပစ်လိုက်သည်။
ယင်စွမ်းအင်နဂါးကြီး အံ့သြသွားရလေသည်။
ဤအသံလှိုင်း၏အင်အားသည် ခရမ်းရောင်ဘုံဗိမာန်အဆင့်ကျင့်ကြံသူတစ်ယောက် ခံနိုင်ရည်ရှိသောအရာမဟုတ်ပေ။
သို့သော် ယဲ့ချိုးပိုင်က ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်လေသည်။
ထိုအကြောင်းကို သူတွေးတောနေစဉ်မှာပင်…
ယဲ့ချိုးပိုင်၏ပုံရိပ်သည် ယင်စွမ်းအင်နဂါးရှေ့သို့ ရောက်ရှိနေပြီဖြစ်၏။
သူ့ဓားကို နောက်တစ်ကြိမ်လွှဲယမ်းပစ်လိုက်ပြန်သည်။
မိစ္ဆာချီစွမ်းအင်များလည်း တစ်ဖန်ထွက်ပေါ်လာပြန်လေသည်။
ဓားသွားချီစွမ်းအင်သည် ကမ္ဘာမြေကိုဖြတ်သန်းကာ ယင်စွမ်းအင်နဂါး၏ အကြေးခွံများကို အဆက်မပြတ်ထိုးခွင်းလေတော့သည်။
ယင်စွမ်းအင်နဂါး၏ ဧရာမအမြီးကြီးသည် ယဲ့ချိုးပိုင်ဆီသို့ ရွေ့လျားသွားလေသည်။
လောင်မေ့ရှန်းက ဘေးတစ်ဖက်မှနေ၍ လှောင်ပြောင်လိုက်လေသည်။
“ယဲ့ချိုးပိုင်က ဒီတိုက်ခိုက်မှုကို ဘယ်လိုလုပ်ခံနိုင်မှာလဲ”
ရှီရှန်းကမူ ထိုမြင်ကွင်းကိုကြည့်ပြီး ဘာမှပြန်မပြောပေ။
ယဲ့ချိုးပိုင်သည် ထိုကဲ့သို့စိတ်လိုက်မာန်ပါပြုမူတတ်သူမဟုတ်ကြောင်း သူအတပ်ပြောနိုင်သည်။
သူကိုယ်တိုင်ပင်လျှင် အပြင်းအထန်ဒဏ်ရာမရရလေအောင် သူ့ကိုယ်သူခုခံကာကွယ်ဖို့ အစွမ်းကုန်ထုတ်သုံးရန်လိုအပ်လေသည် ။
ယဲ့ချိုးပိုင်မှာ ဘယ်လိုအခွင့်အရေးမျိုးရှိမှာတဲ့လဲ။
သူ့ခန္ဓာကိုယ်က လုံလုံလောက်လောက်မသန်မာပေ။ သူ့အဆင့်ကလည်း မမြင့်လှချေ။
သူ့မှာ ဝှက်ဖဲတွေ ရှိနေတုန်းပဲလား..
သို့သော် မကြာမီအခိုက်အတန့်လေးတွင် လူတိုင်း အံ့သြသွားကြရသည်။
ယဲ့ချိုးပိုင်၏ဓားသည် နဂါးကြီး၏အမြီးကို ခုတ်ချလိုက်လေသည်။
လူတိုင်းထင်ထားသလို သူ လွင့်မထွက်သွားပေ။
ဆန့်ကျင်ဘက်အနေနှင့် နဂါးကြီး၏အမြီးပေါ်ရှိ အကြေးခွံများသည် အမှန်တကယ်ကွဲအက်သွားတော့သည့်လက္ခဏာများ ပြသလာသည်။
ယင်စွမ်းအင်နဂါးကြီး နာကျင်စွာဟိန်းဟောက်လိုက်သည်။
ယဲ့ချိုးပိုင် အနောက်ကိုဆုတ်လိုက်သည်။
ရေအလျဉ်ပြည့်လျှံရေးလမ်းတစ်ဝက်အဆင့်သည် အလွန်ပင်အားကောင်းလှသည်။
ရှင်းဟုန်ယီ သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ကျောင်းတော်သို့ပြန်ရောက်သည့်အခါ ယခုထက်ပိုပြီး ပိုကြိုးစားအားထုတ်ရမည်ဟု စိတ်ထဲမှာတွေးနေမိသည်။
ယဲ့ချိုးပိုင်ကတော့ဖြင့် ရှေ့ကိုရောက်သည်ထက်ရောက်နေပြီဖြစ်၏။
သည်အတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူ(မ)အနေနှင့် ယဲ့ချိုးပိုင်၏နောက်ကျောကိုပင် မြင်နိုင်တော့မည်မဟုတ်ပေ။
လောင်မေ့ရှန်း၏အမူအရာမှာ အလွန်အရုပ်ဆိုးအကျည်းတန်သွားရသည်။
ယဲ့ချိုးပိုင်၏လက်ရှိခွန်အားသည် ပွဲအခမ်းအနား၌ သူနှင့် တိုက်ခိုက်စဉ်ကထက်ပင် ပိုအားကောင်းနေသည်…။
ရှီရှန်းက ပို၍ပင်အံ့သြသွားရသည်။
ဤအရာကို ဓားတစ်လက်တည်းနှင့် လုပ်ဆောင်နိုင်သည်ကိုထောက်ရှု၍ သူ့ကျင့်ကြံမှုသည် ဓားသိုင်းတာအိုသိမြင်မှု၌ မည်မျှနက်နက်နဲနဲဝင်ရောက်နိုင်နေပြီလဲဆိုသည်ကို သိနိုင်ပေသည်။
ဓားသိုင်းယှဉ်ပြိုင်ပွဲ ဘယ်လိုဘယ်ပုံဖြစ်သွားလေမလဲဆိုသည်ကို သူ မသိတော့ပေ။
ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ရှီရှန်း ခေါင်းတခါခါဖြင့် ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
“ကျန်းချောင်မြန်က ပိုတော်နေဆဲပါပဲ”
ထိုအခိုက်တွင် ယင်စွမ်းအင်နဂါးသည် လုံးဝဒေါသူပုန်ထနေချေပြီ။
သူသည် ဒေါသတကြီးဟိန်းဟောက်ပြီး အရှိန်အဝါများကိုလည်း လွှတ်ထုတ်လိုက်သည်။
ထို့နောက် ယင်စွမ်းအင်နဂါးရေကန်ထဲက ထွက်လာပြီး ယဲ့ချိုးပိုင်ကို အရှိန်ပြင်းပြင်း ဝင်တိုက်လေတော့သည်။
ယဲ့ချိုးပိုင်၏မျက်လုံးများ မှေးကျဉ်းသွားရသည်။ သူ မရှောင်လိုက်ပေ။
သူသည် သူတို့ကို ကြိုဆိုဖို့ ရှေ့ကိုပင်ထွက်လိုက်သေးသည်။
သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားဖြင့် လွှဲယမ်းခုတ်ချပစ်လိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ ပဉ္စမသိုင်းကွက်..
အစိမ်းရောင်မီးလျှံတောင်တန်းရှိ မိစ္ဆာချီစွမ်းအင်များသည် အလွန်သန်မာအားကောင်းလှပြီး ယင်စွမ်းအင်နဂါးရေကန်သို့ရောက်လာသောအခါ ထိုချီစွမ်းအင်များက ပို၍ပင်အားကောင်းလာသည်။
ထိုအရာက ယဲ့ချိုးပိုင်၏ဓားကို ပိုမိုအားဖြည့်ပေးနေချေသည်။
ဓားကို ထုတ်လိုက်သည်နှင့် အနီးအနားရှိ မိစ္ဆာချီစွမ်းအင်များကိုဆင့်ခေါ်လိုက်လေရာ ထိုမိစ္ဆာချီစွမ်းအင်များကလည်း မှော်နက်မိစ္ဆာဓားသွားဆီသို့ တိုးဝင်လာသည်။
ခဏအကြာ မိစ္ဆာချီစွမ်းအင်များ လွတ်ထွက်လာသည်။
ဤစွမ်းအားကို သူခံစားမိသည်။
လောင်မေ့ရှန်းနှင့် ရှီရှန်းတို့၏အမူအရာများ ပြောင်းလဲသွားပေသည်။
ဤဓားချက်အောက်မှာ ရှီရှန်း ခံနိုင်ရည်ရှိလောက်မလားဟု သူ့ကိုယ်သူမေးခွန်းထုတ်လိုက်သည်။
အဖြေကမူ “ခံနိုင်ရည်မရှိ”ဟူ၍ပင်။ သူ ထိုဓားချက်ကိုလက်ခံမည်ဆိုလျှင်ပင် တန်ကြေးကြီးကြီးမားမားပေးဆပ်ရပေလိမ့်မည်။
ထိုတန်ကြေးသည် သူ မစွမ်းသာသောအရာဖြစ်သည်။
ယဲ့ချိုးပိုင်ကိုစိုက်ကြည့်နေသော ယင်စွမ်းအင်နဂါးကြီး၏မျက်ဝန်းအစုံမှာ အံ့သြမှုများဖြင့် ပြည့်နှက်သွားသည်။
ဤဓားချက်လေးက သူ့ကို အန္တရာယ်၏အငွေ့အသက်ကို ခံစားမိလိုက်စေသည်။
ခရမ်းရောင်ဘုံဗိမာန်အဆင့်မျှသာရှိသော ပုရွက်ဆိတ်တစ်ကောင်က သူ့ကို အန္တရာယ်၏အငွေ့အသက်ကို ခံစားမိစေသတဲ့လား။
ရှက်ဖို့ကောင်းလိုက်တာ…
နဂါးကြီးသည် ဒေါသတကြီးဟိန်းဟောက်လျက် သူ့အရှိန်ကို ထပ်မြှင့်လိုက်ပြန်၏။
ယဲ့ချိုးပိုင်ကလည်း ရှေ့သို့တိုးလာသည်။
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီစွမ်းအင်များလွှမ်းခြုံထားသော ဓားသည် ယင်စွမ်းအင်နဂါးကြီး၏ငယ်ထိပ်ကို ခုတ်ချလိုက်သည်။
ခဏအတွင်းမှာပင် နှစ်ယောက်သား ဝင်တိုက်မိကြသည်။
ယင်စွမ်းအင်နဂါးကြီးသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြန်ပြီး ၎င်း၏ငယ်ထိပ်မှာ ယခုအခိုက်အတန့်လေးမှာပင် ကွဲအက်စပြုလာသည်။
ထို့နောက် အနက်ရောင်သွေးများ ပန်းထွက်လာလေသည်။
ယဲ့ချိုးပိုင် ညည်းညူလိုက်မိသည်။ တစ်ဖက်လူက အလွန်အင်အားကြီးလှပေသည်။
ထို့အပြင် နဂါးကြီး၏ကျင့်ကြံမှုအဆင့်သည် သူ့ထက်များစွာမြင့်မားလေသည်။ ပုံမှန်အတိုင်းဆိုလျှင် သူသည် ထိုကဲ့သို့ထိပ်တိုက်ရင်ဆိုင်မှုမျိုးမှာ အသာစီးရလိမ့်မည်မဟုတ်ပေ။
ထိုအချိန်တွင် ယင်စွမ်းအင်နဂါးကြီး နောက်ဆုတ်သွားသည် ။
ထိုနဂါးကြီးသည် ယင်စွမ်းအင်နဂါးရေကန်ဆီသို့ လှည့်ပြန်သွားတော့မည်ဖြစ်သည်။
ယဲ့ချိုးပိုင်က နှာမှုတ်လျက် မြေပြင်ကို ရုတ်တရက်ဆောင့်ကန်လိုက်သည်။
မြေပြင်မှာ ချက်ချင်းကွဲအက်သွားပေသည်။
ယဲ့ချိုးပိုင်သည်လည်း ဤအခွင့်အရေးကိုအသုံးချ၍ ယင်စွမ်းအင်နဂါးဆီသို့ အပြေးအလွှားသွားလိုက်သည်။
သူသည် လက်ကိုဆန့်ထုတ်ပြီး ဓားဖြင့်လွှဲရိုက်လိုက်သည်။ ဓားသွားချီစွမ်းအင်သည် ယင်စွမ်းအင်နဂါးကြီးဆီသို့ တိုးဝင်သွားလေတော့သည်။
ထိုအချိန်မှာ ယင်စွမ်းအင်နဂါး၏ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများကျိုးပဲ့သွားပေတော့သည်။
“ဝေါင်း”
လူတိုင်း၏ကြောက်ရွံ့နေသောအကြည့်အောက်မှာပင် ယဲ့ချိုးပိုင်၏ဓားက တိုက်ခိုက်မှုပြုလေသည်။
ဓားသည် ယင်စွမ်းအင်နဂါးကြီး၏ဦးခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည် ။
ထိုစဉ် ယင်စွမ်းအင်နဂါးကြီး၏အရှိန်အဝါမှာ လုံးဝပျောက်ကွယ်သွားသည်။
ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အလယ်အလတ်အဆင့်မျှဖြင့် ရေအလျဉ်ပြည့်လျှံရေးအဆင့်ရှိသော ယင်စွမ်းအင်နဂါးကြီးကို သတ်ပစ်လိုက်သည်။
“ဘယ်လို… ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လူအချို့မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြသည်။
“သူက ခရမ်းရောင်ဘုံဗိမာန်အဆင့်ရောဟုတ်ရဲ့လား”
“တောင်ပိုင်းမှာ ဒီလိုလူမျိုးဘယ်တုန်းကပေါ်လာတာလဲ”
လောင်မေ့ရှန်း၏အမူအရာ ပျက်ယွင်းသွားလေသည်။
ထိုဧည့်ခံပွဲနေ့တုန်းက သူသည် သူ့ခွန်အားကို အကုန်ထုတ်သုံးခဲ့ရသော်လည်း ကြည့်ရသည်မှာ ယဲ့ချိုးပိုင်ကမူ သူ့ခွန်အားကို အပြည့်အဝသုံးခဲ့ပုံမရပေ။
ထိုအချိန်တုန်းကသာ ဤသိုင်းကွက်ကို ထုတ်သုံးခဲ့ပါက သူ လုံးဝ ခံနိုင်ရည်ရှိမှာမဟုတ်ပေ။
ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရှီရှန်းတစ်ယောက် စိတ်အစဉ်ကမောက်ကမဖြစ်သွားရသည်။
သူကိုယ်တိုင်ပင်လျှင် ယင်စွမ်းအင်နဂါးကြီးကို မတိုက်ခိုက်နိုင်ပေ။
သို့သော် ရှီရှန်းအနေနှင့် ထိုနဂါးကြီးကိုသတ်ချင်လျှင်ပင် သတ်နိုင်စွမ်းမရှိပေ။
အဆုံးမှာတော့ ထိုနဂါးကြီးသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်တွင်ရှိနေပြီး ရေနဂါး၏သွေးမျိုးရိုးကို ဆက်ခံထားသည်။
ဤမှော်ဝင်သားရဲသည် အစိမ်းရောင်မီးလျှံတောင်တန်းနယ်မြေတွင်ပင် ထိပ်တန်းစာရင်းဝင်နိုင်လေသည်။
ပင်လယ်ရေလှိုင်းကနဦးအဆင့်ကျင့်ကြံသူက ထိုသားရဲကို ဘယ်လိုသတ်နိုင်မတဲ့လဲ။
သို့သော် ယဲ့ချိုးပိုင်ကမူ ထိုအရာကို လုပ်နိုင်ခဲ့သည်။
ထို့အပြင် သူသည် ခရမ်းရောင်ဘုံဗိမာန်အလယ်အလတ်အဆင့်မျှဖြင့် ထိုနဂါးကြီးကိုအောင်နိုင်ခဲ့လေသည်။
အဓိကအဆင့်ကြီးတစ်ခုလုံးကို သူဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်၏။
ထိုအကြောင်းကိုတွေးပြီးနောက် မတိုင်မီက ရှီရှန်း၏အတွေးများက လုံးဝပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်၏ရှေ့သို့လှမ်းလာသည်။
“ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား”
ယဲ့ချိုးပိုင်၏မျက်နှာသည် အနည်းငယ်ဖျော့တော့နေသည်။ သူက ခေါင်းယမ်းပြလိုက်ပြီး ပြောလာသည်။
“ဒါက ပြဿနာကြီးကြီးမားမားမဟုတ်ပါဘူး။ ငါ အတွင်းအားတွေအရမ်းသုံးလိုက်မိလို့ ဆေးတစ်လုံးစားမှရမယ်”
ရှင်းဟုန်ယီ : “,,,”
အဆင့်မြင့်ဆေးဖက်ဝင်ဆေးပြားတွေက ဘယ်ကလာတာမို့လို့လဲ။ မသိရင် သကြားလုံးစားနေသလိုမျိုး ပြောနေတာပဲ..
ထို့ပြင် သူ့ဆီမှာတောင် ထိုဆေးမျိုးမရှိချေ။
စီနီယာလု သန့်စင်မွမ်းမံပေးထားတာများဖြစ်လေမလား။
အကယ်၍ အတိတ်တုန်းကသာဆိုလျှင် ယဲ့ချိုးပိုင်သည် ထိုဆေးပြားကို ဤကဲ့သို့အသုံးမပြုချင်ပေ။
ဤဝိညာဉ်ရေးရာချီစွမ်းအင်ပြန်လည်ထူထောင်ရေးဆေးပြားကို အပြင်သို့လုယူသွားမည်ဖြစ်၏။
ထိုဆေး၏အဆင့်အတန်းနှင့် အရည်အသွေးသည် အလွန်မြင့်မားလှသည်။
သို့သော် သူ့သခင်က “သိမ်းထားရမယ်ဟုတ်လား။ ဘာလို့သိမ်းထားမှာလဲ။ ဒါနဲ့မလောက်သေးရင် နောက်ထပ်တစ်အိုးစာကြီးကျန်သေးတယ်”ဟု ပြောပြီးကတည်းက…
ထိုနေ့မှစ၍ ယဲ့ချိုးပိုင်သည် ထိုဆေးပြားများကိုသိမ်းထားဖို့ မကြိုးစားတော့ပေ။