သူ(မ)သည် တောင်ပိုင်းဒေသမှ တစ်ဦးတည်းသောသူဖြစ်သည်။
ထို့အပြင် သူ(မ)၏ခွန်အားသည် လောင်မေ့ရှန်းနှင့်သာယှဉ်နိုင်လေသည်။
လောင်မေ့ရှန်းကိုယ်တိုင်လည်း ရှီရှန်းနှင့်မယှဉ်နိုင်ချေ။
ထို့ကြောင့် ရှင်းဟုန်ယီသည် ပစ္စည်းများကို မရနိုင်တော့သည်မှာ ကျိန်းသေပေါက်ပင်။
ရှင်းဟုန်ယီလည်း ထိုအချက်ကို နားလည်ထားသည်။
သို့သော် သူ(မ)တစ်ယောက်တည်းနှင့်လည်း ဘာကိုမှမပြောင်းလဲနိုင်ပေ။
သူ(မ)သည် ဗလာကျင်းသောမျက်ဝန်းတစ်စုံဖြင့် ကြည့်နေရုံသာတတ်နိုင်သည်။
ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် တောအုပ်ထဲမှ ပြေးထွက်လာသည်။
ရှင်းဟုန်ယီလှည့်ကြည့်လိုက်သောအခါ သူ(မ)၏ စိုးရိမ်သောကရောက်နေသောအမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ သူ(မ)က ဝမ်းသာအားရဖြင့်ဆို၏။
“ယဲ့ချိုးပိုင်”
လာနေသူမှာ ယဲ့ချိုးပိုင်ဖြစ်သည်။
လောင်မေ့ရှန်း လှမ်းကြည့်လိုက်လေရာ သူ့မျက်လုံးများတွင် လူသတ်ချင်သောအရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
ရှီရှန်းကလည်း တစ်ချက်လှမ်းကြည့်လိုက်သည်။
“အိုး..တောင်ပိုင်းဒေသက တစ်ယောက်လား”
ယဲ့ချိုးပိုင်က သူတို့နှစ်ယောက်ကို မကြည့်ပေ။ ထိုအစား သူက ရှင်းဟုန်ယီကိုကြည့်ပြီး မေးလိုက်သည်။
“ယင်စွမ်းအင်နဂါးကဘယ်မှာလဲ”
ရှင်းဟုန်ယီက ခေါင်းယမ်းပြသည်။
“ယင်စွမ်းအင်နဂါးက ထွက်မလာသေးဘူး၊ ရှီရှန်းနဲ့ တခြားသူတွေက သူ့ကိုမျှားခေါ်ပြီးသတ်ပစ်ဖို့စီစဉ်ထားတယ်”
ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်သည်။
ရှီရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကြည်လင်ပြတ်သားသောအသံဖြင့် ပြောလေသည်။
“မင်းက တောင်ပိုင်းကမလား။ မင်းလည်း နဂါးသွေးကိုလိုချင်တာလား”
ယဲ့ချိုးပိုင်က ရှီရှန်းကိုကြည့်ကာ ပြောလိုက်သည်။ “သွေးတဲ့လား။ ငါက အမှတ်တွေပဲလိုချင်တာ”
အမှတ်တွေတဲ့လား။
ရှီရှန်း ကြက်သေသေသွားလေသည်။
သူ့အမြင်မှာတော့ ယင်စွမ်းအင်နဂါးသွေးနှင့် ယင်စွမ်းအင်အရိုးပန်းက အမှတ်များထက် ပိုအရေးကြီးသည်။
အမှတ်များက ပြီးမှရှာဖွေစုဆောင်းနိုင်သည်။
သို့သော် ယင်စွမ်းအင်နဂါးသွေးနှင့် ယင်စွမ်းအင်အရိုးပန်းတို့ကမူ ကံကောင်းမှသာ ရနိုင်သောအရာများဖြစ်သည်။
“မင်း အမှတ်တွေပဲလိုချင်တာ သေချာလား
ရှင်းဟုန်ယီကလည်း ဝင်ပြောသည်။
“ယဲ့ချိုးပိုင် ကျန်တဲ့နှစ်ခုက ပိုအဖိုးတန်တယ်နော်”
ဤအရာနှစ်ခုသည် သူ(မ)၏လျှို့ဝှက်မျိုးနွယ်စုအတွင်းမှာပင် အလွန်ရှားပါးလှသည်။
သို့သော် သူမ ဘယ်လိုများသိနိုင်မှာလဲ။
ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်သည် သူ့ဆရာပေးထားသော ယန်စွမ်းအင်အနီရောင်သွေးစက်ဆေးဝါးဖြင့် သန့်စင်ခဲ့သည်မှာ ကြာလှရှိချေပြီ။
ယင်စွမ်းအင်နဂါးသွေးကို သုံးလျှင်လည်း အသုံးမဝင်ပေ။
ယင်စွမ်းအင်အရိုးပန်းကတော့လား။
သူ့ဆရာ၏ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲတွင် ထိုအရာထက် အဆင့်အတန်းပိုမြင့်သော ပန်းပေါင်းများစွာရှိသည်။ ထိုယင်စွမ်းအင်အရိုးပန်းကို ဟင်းချက်ရာ၌သုံးလိုက်လျှင်ပင် သူ့ဆရာက သူ့ကို အထင်အမြင်သေးပေလိမ့်မည်။ သူက ဘာကြောင့်လိုချင်ရမှာလဲ…
ထိုအကြောင်းကိုတွေးပြီးနောက် ယဲ့ချိုးပိုင်ကခေါင်းခါပြလိုက်သည်။
“ငါ အမှတ်တွေပဲ လိုချင်တယ်။ ဒါပေမဲ့ အမှတ်အားလုံးရမှဖြစ်မှာ”
အားလုံးတဲ့လား။
လောင်မေ့ရှန်းက မျက်လုံးကိုမှေးကျဉ်းလျက် ဝင်ပြောလေသည်။
“မင်းက လောဘတော်တော်ကြီးတာပဲ။ ဒီမှာ လူတွေအများကြီးပဲလေ။ သူတို့ကျတော့ ဘာယူရမှာလဲ”
ယဲ့ချိုးပိုင်က ခေါင်းခါပြသည်။
“အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ”
လောင်မေ့ရှန်း တစ်ခုခုထပ်ပြောချင်နေသေးသော်လည်း ရှီရှန်းက သူ့ကိုတားလိုက်သည်။
“ကောင်းပြီ။ ငါ မင်းကို အမှတ်တွေပေးမယ်”
“တခြားဂျူနီယာညီလေးတွေကိုတော့ ငါ ပြန်လျော်ပေးပါ့မယ်”
“ဒါပေမဲ့ မင်း သင့်တော်တဲ့ခွန်အားကိုမပြနိုင်ရင်တော့ အမှတ်တွေအားလုံးကို မင်းယူမယ်ဆိုရင်တောင်မှ လက်ခံမယ့်သူမရှိမှာကို ငါစိုးရိမ်မိတယ်”
ထိုစကားပြောနေစဉ်တွင် ရှီရှန်းနှင့် လောင်မေ့ရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
တစ်ဖက်လူ၏ရည်ရွယ်ချက်တွေကို နားလည်ပုံပေါက်သော်လည်း သူတို့ အကျယ်ကြီးထုတ်မပြောခဲ့ကြပေ။
“ကောင်းပြီ။ အားလုံး အဆင်သင့်ပြင်ထား။ အစီအရင်ကိုအသက်သွင်းလိုက်တဲ့အခါ ယင်စွမ်းအင်နဂါးပေါ်လာလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ရှီရှန်းနှင့် အရှေ့ပိုင်းမှတပည့်များသည် လက်ဟန်အနေအထား ပြင်လိုက်လေသည်။
ပတ်ဝန်းကျင်ရှိ အစီအရင်အဆောင်များမှာ မှိန်ဖျော့ဖျော့အလင်း ထုတ်လွှတ်လာသည်။
ဖိနှိပ်အားကောင်းသောအင်အားတစ်ရပ် စတင်ထွက်ပေါ်လာပြီး ယင်စွမ်းအင်နဂါးရေကန်အထက်ကို ဖိအားပေးလိုက်လေသည်။
လောင်မေ့ရှန်းသည် သူ့ဓားရှည်ကို ထုတ်ယူလိုက်သည်။ ဓားသွားချီစွမ်းအင်များက သူ့ကိုဝိုင်းရံထားပြီး အချိန်မရွေး တိုက်ခိုက်ရန်အသင့်ဖြစ်နေချေသည်။
ရှင်းဟုန်ယီက သူ့ကို ဖျောင့်ဖျနေခြင်းကိုရပ်တန့်လိုက်သည်။ သူ(မ)လည်း သူ(မ)၏ဓားရှည်ကိုထုတ်လိုက်လေရာ ဓား၏ပတ်ပတ်လည်တွင် မီးတောက်မီးလျှံများ ရစ်ပတ်ထားလေတော့သည်။
ယဲ့ချိုးပိုင်လည်း သစ်သားဓားကို မှော်နက်မိစ္ဆာဓားသွားအဖြစ် ပြောင်းလဲလိုက်သည်။
တစ်ဖက်ရန်သူသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်လမ်းတစ်ဝက်၌ ရှိနေသည်။ သူတို့ကြားရှိ ကျင့်ကြံရေးအဆင့်မှာ အလွန်ကွာဟနေပေသည်။
ပလုံ ပလုံ ပလုံ…
ဖိနှိပ်ရေးစွမ်းအားများ တိုးလာသည်နှင့်အမျှ ယင်စွမ်းအင်နဂါးရေကန်မှ ရေများ ပွက်ပွက်ဆူလာလေသည်။
ရုတ်ခြည်းပင်။
ထူးဆန်းလှသောဟိန်းဟောက်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
အနီးတစ်ဝိုက်ရှိ ကျင့်ကြံစဉ်နိမ့်သောလူများ ခြေတစ်လှမ်းနောက်ပြန်ဆုတ်သွားကြရသည်။
ရှင်းဟုန်ယီပင်လျှင် လေးလေးနက်နက်ဖြစ်သွားသည်။
ယဲ့ချိုးပိုင်ကမူ သူ့ဓားကို လက်နှစ်ဖက်ဖြင့် ပွေ့ထားလိုက်သည်။ သူ့ဝတ်ရုံသည် လေထဲတွင်တဖျပ်ဖျပ်လွင့်နေ၏။ သူကိုယ်တိုင်ကမူ ထိုမြင်ကွင်းကို သာမန်ကာလျှံကာမျှကြည့်နေချေသည်။
အုန်း…
ကန်ထဲရှိရေများ ပေါက်ကွဲသွားလေသည်။
ဧရာမသန္ဓေပြောင်းသားရဲတစ်ကောင်သည် ရေထဲမှထွက်လာ၏။
ထိုသန္ဓေပြောင်းသားရဲသည် မြွေတစ်ကောင်၏ကိုယ်ထည်မျိုးရှိပြီး တြိဂံပုံစံသရဖူတစ်ခု ပါရှိသည်။
ထိုသားရဲကောင်ကြီးသည် လူတိုင်းကို ဟိန်းဟောက်လိုက်လေရာ သူ့မျက်ဝန်းထဲတွင် ဒေါသများနှင့်ပြည့်နှက်နေလေသည်။
ထိုအချိန်မှာ ရှီရှန်းက တည်ငြိမ်စွာစကားဆိုလိုက်၏။
“နဂါးထောင်ချောက်အစီအရင် နိုးထလော့”
ဝိညာဉ်ရေးရာချီစွမ်းအင်ကို အသက်သွင်းလိုက်သည့်အခါ အစီအရင်မှလာသော ဖိနှိပ်ရေးစွမ်းအားသည် ယင်စွမ်းအင်နဂါးကို တောင်တစ်တောင်နှယ် ဖိချထားလေသည် ။
ယင်စွမ်းအင်နဂါး၏ခန္ဓာကိုယ်မှာ ရုတ်ခြည်းဖိချခံလိုက်ရသည်။
ရှီရှန်းပြောလိုက်သည်။
“အခုစတော့”
သူ့စကားအဆုံးမှာ အားလုံးက ယင်စွမ်းအင်နဂါးကို တိုက်ခိုက်ကြလေတော့သည်။
လောင်မေ့ရှန်းသည် သူ့ဓားကို ဝှေ့ယမ်းလိုက်လေရာ ဓားရောင်ခြည်သုံးခုသည် ယင်စွမ်းအင်နဂါးကို တစ်ပြိုင်နက်တည်းတိုက်ခိုက်လေတော့သည်။
ရှင်းဟုန်ယီသည် သူ(မ)၏ မီးလျှံဓားသွားကို ဝှေ့ယမ်းပစ်လိုက်သည် ။
မီးတောက်များသည် မီးတောက်ကျာပွတ်တစ်ခုနှယ် ယင်စွမ်းအင်နဂါးဆီသို့ ကျရောက်သွားသည်။
ထိုအခိုက်တွင် တိုက်ခိုက်မှုတစ်ခုပြီးတစ်ခု ယင်စွမ်းအင်နဂါးပေါ်သို့ ကျရောက်သွားလေတော့သည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုများသည် အကြေးခွံများပေါ်တွင်သာ ကျရောက်သွားပြီး အမှတ်အသားပင် မကျန်ရစ်ခဲ့ချေ။
ရှီရှန်းသည် အေးစက်စွာနှာမှုတ်လိုက်ပြီး ယင်စွမ်းအင်နဂါးကိုမတိုက်ခိုက်ခင် အစီအရင်ကို အခြားသူတစ်ဦးထံသို့ပေးလိုက်သည်။
ဝိညာဉ်ရေးရာချီစွမ်းအင်အတက်အကျ မရှိသည့်အလားပင်။
သူသည် ယင်စွမ်းအင်နဂါး၏သရဖူကို လက်သီးနှင့်ထိုးလိုက်သည်။
လက်သီးချက်က သရဖူကို ရိုက်ချလိုက်သည့်အတွက် ယင်စွမ်းအင်နဂါး၏ခေါင်းက ချက်ချင်း ရေထဲကိုလဲကျသွားလေသည်။
ယင်စွမ်းအင်နဂါးကြီး နာကျင်စွာအော်ဟစ်လိုက်လေသည်။
သရဖူဆီမှ အနက်ရောင်သွေးစက်များ စီးကျလာသည်။
ယင်စွမ်းအင်နဂါးကြီး ဒဏ်ရာရသည်မှာ ပထမဆုံးအကြိမ်ပင်။
လောင်မေ့ရှန်းသည် ထိုအခြင်းအရာကိုမြင်သောအခါ မျက်လုံးများမှေးကျဉ်းလိုက်မိသည်။
ရှီရှန်း၏သဘာဝစွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
အရှေ့ပိုင်းကလူများက လက်ခုပ်သြဘာပေးနေကြလေသည်။
“စီနီယာအစ်ကိုရှီကတော့ ထင်ထားတဲ့အတိုင်းပဲ”
“စီနီယာအစ်ကိုရှီရဲ့ခွန်အားနဲ့ဆိုရင် တခြားလူတွေနဲ့ပူးပေါင်းဖို့ ဘာလို့လိုမှာလဲ”
“အမှန်ပဲ။ တခြားသူတွေရဲ့တိုက်ခိုက်မှုကို ကြည့်လိုက်စမ်းပါဦး။ ယင်စွမ်းအင်နဂါးရဲ့ခန္ဓာကိုယ်ကို ကလိထိုးနေသလိုပဲ။ လုံးဝအကောင်းကြီး။ စီနီယာအစ်ကိုရှီကတော့ ဒီသားရဲကို လက်သီးတစ်ချက်နဲ့တင် ဒဏ်ရာရအောင်လုပ်ပစ်လိုက်တာ”
ရှီရှန်းသည် မူလနေရာသို့ ပြန်သွားလိုက်ပြီး လူတိုင်းကိုကြည့်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်လျက်ပြောလိုက်၏။
“အားလုံးပဲ။ မင်းတို့ရဲ့ခွန်အားကို ဖုံးကွယ်ထားမနေနဲ့။ အစွမ်းရှိသလောက် တိုက်ခိုက်ကြစမ်းပါ”
လောင်မေ့ရှန်းနှင့် အခြားသူများကို ရှီရှန်းမကျေမနပ်ဖြစ်နေကြောင်း ထင်ရှားသည်။
“ပြီးတော့ ယဲ့ချိုးပိုင်.. မင်းဘာလို့မတိုက်ခိုက်တာလဲ။”
လောင်မေ့ရှန်းနှင့် အခြားသူများသည် ဓားကို လက်နှစ်ဖက်ဖြင့်ပွေ့ထားသည့် ယဲ့ချိုးပိုင်ကို ကြည့်လိုက်ကြသည်။
“ငါတို့အားလုံးက အလုပ်ကြိုးစားနေကြတာကို မင်းတစ်ယောက်တည်းဘာလုပ်နေတာလဲ”
ယဲ့ချိုးပိုင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။
“ငါမတိုက်ခိုက်ခင် မင်းတို့တိုက်ခိုက်လို့ပြီးတဲ့အချိန်ကို စောင့်ချင်လို့လေ။ မင်းတို့နဲ့ အတူတူတိုက်ခိုက်လိုက်ရင် ငါလုပ်တာကို တခြားလူတစ်ယောက်လုပ်တာပါလို့ ငြင်းနေမှာစိုးလို့”
ရှင်းဟုန်ယီမှာ မရယ်ဘဲမနေနိုင်တော့ချေ။
လောင်မေ့ရှန်းနှင့် အရှေ့ပိုင်းမှလူများ၏မျက်နှာများသည် ပို၍ပင်အကျည်းတန်သွားရသည်။
ရှီရှန်းက အနည်းငယ်မျက်မှောင်ကြုတ်လျက်ပြော၏။
“ငါတို့အားလုံးက ကျောင်းတော်တစ်ခုတည်းကပဲလေ။ ဒီလောက် ညစ်ပတ်မှာတဲ့လား”
ယဲ့ချိုးပိုင်က ပခုံးတွန့်ပြပြီး စကားပြောရပ်လိုက်သည်။ သူသည် မှော်နက်မိစ္ဆာဓားသွားကို လက်ထဲတွင်ဆုပ်ကိုင်ထားပြီး သူ့ခန္ဓာကိုယ်ဆီမှ ပြင်းထန်လှသော မိစ္ဆာအရှိန်အဝါတစ်ခု ထွက်ပေါ်လာချေသည်။
ဤအခိုက်အတန့်တွင် ယင်စွမ်းအင်နဂါးရေကန်မှ ယင်စွမ်းအင်နဂါးသည် မတ်တပ်ထရပ်လာပြီး ဟိန်းဟောက်နေပြန်သည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်အရှိန်အဝါများ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲထွက်လာသည်။
နဂါးထောင်ချောက်အစီအရင်သည်လည်း ရုတ်ခြည်းပျက်စီးသွားသည်။
ရှီရှန်း မအံ့သြပေ။ နဂါးထောင်ချောက်အစီအရင်သည် ထိုအကောင်ကြီးကို ခဏသာ ဖမ်းချုပ်ထားနိုင်လေသည်။
ထို့ကြောင့် သူပြောလိုက်သည်။
“နောက်ပြန်ဆုတ်ပြီး တိုက်ကွက်ကို ပြန်လည်ဖွဲ့စည်းကြ”
ယင်စွမ်းအင်နဂါးဆီသို့ လူတစ်ယောက်လျှောက်သွားနေတာကလွဲလျှင် လူတိုင်းက နောက်ပြန်ဆုတ်ခွာသွားကြသည်။
ထိုလူမှာ ယဲ့ချိုးပိုင်ပင်။
ရှီရှန်းက တိုးညင်းသောလေသံဖြင့် အော်ဟစ်လိုက်သည်။
“ယဲ့ချိုးပိုင်..မြန်မြန်နောက်ပြန်ဆုတ်”
ဤအခိုက်အတန့်တွင် ယင်စွမ်းအင်နဂါးသည် နဂါးထောင်ချောက်အစီအရင်ကို ဖြိုခွင်းလိုက်လေရာ သူ့ခွန်အားများလည်း ပြန်လည်ရရှိလာသည်။ ခရမ်းရောင်ဘုံဗိမာန်အလယ်အလတ်အဆင့်ရှိသူတစ်ယောက်က ၎င်းကို မည်သို့ခုခံနိုင်မည်နည်း။
လောင်မေ့ရှန်းက လှောင်ပြောင်သရော်လိုက်လေသည်။
“သူသေချင်နေမှတော့ လွှတ်ထားလိုက်လေ”
ရှင်းဟုန်ယီကမူ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်တိုင် လုံးဝမစိုးရိမ်မိချေ။
ယဲ့ချိုးပိုင်အကြောင်း သူ(မ)ကောင်းကောင်းသိသည်။
သူ ယုံကြည်ချက်မရှိသောဘယ်အရာကိုမျှ လုပ်လိမ့်မည်မဟုတ်ပေ။