ဤခြေလေးချောင်းမှော်ဝင်သားရဲကြီးသည် ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်တွင်ရှိသော်လည်း သူ့စွမ်းအားမှာ သာမန်ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသူနှင့် နှိုင်းယှဉ်နိုင်လေသည်။ ထိုသို့ဆိုလျှင်ပင် အမှတ်ကိုတော့ ဆယ်မှတ်သာပေးလေသည်။
သာမန်အခြေအနေအရဆိုလျှင် မှော်ဝင်သားရဲ၏အဆင့်က ပိုမြင့်လေလေ အမှတ်က ပိုများလေလေပင်။
ယဲ့ချိုးပိုင် မျက်ခုံးပင့်လိုက်မိသည်။ သူ့အနေနှင့် အမှတ်တက်ချင်လျှင် ဤအဆင့်မျှသာရှိသည့် မှော်ဝင်သားရဲတစ်ကောင်ကိုသတ်ရုံနှင့် မလုံလောက်ချေ။
သူ မြေပုံကို ထုတ်ယူလိုက်သည်။ ရှင်းဟုန်ယီက သူ့အား ဤမြေပုံပေးခဲ့ခြင်းပင်။
လက်ရှိတွင် သူသည် အစိမ်းရောင်မီးလျှံတောင်တန်းနယ်မြေ၏ အပြင်ဘက်ဆုံးနေရာတွင် ရှိနေလေသည်။
အတွင်းဘက်ကို ရောက်လာလေလေ မိစ္ဆာစွမ်းအင်များ ပိုအားကောင်းလေလေပင်။
တစ်ချိန်တည်းမှာပင် မှော်ဝင်သားရဲများကလည်း ပိုအဆင့်မြင့်ပြီးပိုသန်မာလာသည်။
အတွင်းဘက်ရှိမှော်ဝင်သားရဲများသည် ပင်လယ်ရေလှိုင်းအဆင့်တွင်ရှိကြသည်။
အတွင်းအကျဆုံးအပိုင်းတွင် ပင်လယ်ရေလှိုင်းအဆင့်ထက်မြင့်မားသော သဘာဝလွန်မှော်ဝင်သားရဲများပင် ရှိသည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်သို့ ရောက်သွားပြီးနောက်တွင် မှော်ဝင်သားရဲများ၏ ဉာဏ်ရည်ဉာဏ်သွေးကလည်း လုံးလုံးလျားလျားဉာဏ်အလင်းပွင့်သွားပြီဖြစ်၏။
ယဲ့ချိုးပိုင်သည် အတွေးများမနေဘဲ အတွင်းသို့ ပြေးဝင်သွားလိုက်သည် ။
လမ်းတစ်လျှောက်ရှိ နေရာတိုင်းတွင် မှော်ဝင်သားရဲများ ပြည့်နှက်နေချေသည်။
ထိုမှော်ဝင်သားရဲများကို ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ပစ်ပြီးနောက် အမှတ်တွက်ချက်ရေးကျောက်တုံးပေါ်ရှိ အမှတ်သည်လည်း 230 သို့ရောက်ရှိသွားသည်။
တစ်ချိန်တည်းမှာပင် သဘာဝရတနာအချို့လည်း ရရှိခဲ့သည်။
သေချာပေါက်ပင်။ ကောင်းကင်ဘုံရတနာဟုခေါ်သော ဤရတနာများဟာ သူ့ဆရာ၏ ဟင်းသီးဟင်းရွက်ဥယျာဉ်၏အရည်အသွေးနှင့်ယှဉ်ပါက တစ်သောင်းပုံပုံ၍ တစ်ပုံစာတောင် မပြည့်ချေ။
ဤပစ္စည်းများကို အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုခဲ့လျှင်ပင် သူ့ဆရာက သူ့အား အထင်အမြင်သေးသွားပေလိမ့်မည်။
သူ့ဆရာသည် အစားအသောက်နှင့်ပတ်သက်လာလျှင် အလွန်ဇီဇာကြောင်လှသည်။
ထိုအကြောင်းကိုတွေးရင်း ယဲ့ချိုးပိုင်ခမျာ ခေါင်းတခါခါဖြင့် မရယ်ဘဲမနေနိုင်ချေ။ ထို့နောက် သူသည် အတွင်းဘက်သို့ ဆက်လက်ပျံသန်းလာခဲ့သည်။
ရုတ်ခြည်းပင် ယဲ့ချိုးပိုင် တုံ့ခနဲရပ်တန့်လိုက်သည်။
ဝိညာဉ်ရေးရာချီစွမ်းအင်က သူ့ကို အရပ်မျက်နှာအဖက်ဖက်မှ ဝိုင်းရံထားလေသည်။
“သြော်..နောက်ဆုံးတော့ ဧည့်သည်တစ်ယောက်ရောက်လာပြီပဲ”
ဝတ်ရုံနီဝတ်ဆင်ထားသော လူတစ်ယောက် ဘေးနားမှ ထွက်ပေါ်လာသည်။
ယဲ့ချိုးပိုင်ကလည်း ဘာသိဘာသာဖြင့် လှမ်းကြည့်လိုက်သည်။
“ဒီငါးက သိပ်တော့ဝဝဖြိုးဖြိုးရှိပုံမရဘူး။ တောင်ပိုင်းဒေသက တောသားအရိုင်းအစိုင်းတစ်ယောက်ပဲ”
“ဒီလိုဆိုရင်ရော..မင်းလက်ထဲက အမှတ်တွက်ချက်ရေးကျောက်တုံးကို လွှဲပေးလိုက်။ ဒါဆို ငါတို့ မင်းကိုလွှတ်ပေးမယ်။ ဘယ်လိုလဲ”
ယဲ့ချိုးပိုင် ထိုလူကို အပြင်မှာမြင်ဖူးသည်။ သူသည် အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်မှဖြစ်ပုံရသည်။
တင်းလုံသိထားသလောက်ဆိုလျှင် အဖွဲ့ခေါင်းဆောင်ဖြစ်သူကလွဲ၍ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ခွန်အားသည် အခြားအဖွဲ့များထက် များစွာနိမ့်ကျသည်ဟုပင်။
ထို့ကြောင့် အစီအရင်ထဲတွင် ပိတ်မိနေသောအခြေအနေအောက်မှာ တစ်ဖက်လူသည် သူနှင့်ယှဉ်နိုင်မည်မဟုတ်ပေ။
ငါးက သေးသေးလေးဆိုသော်ငြား အသားတော့ရှိစမြဲပင်။
ယဲ့ချိုးပိုင်က တင်းလုံကိုကြည့်ကာ အပြုံးခပ်ဖျော့ဖျော့ဖြင့်ပြောလိုက်သည်။
“မင်း ငါ့ကိုယှဉ်နိုင်တာ သေချာရဲ့လား”
ထိုစကားကိုကြားသောအခါ တင်းလုံက ရယ်မောလိုက်သည်။
“ဘာလို့လဲ။ ငါ့ရဲ့အချုပ်အနှောင်က ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ကျင့်ကြံသူကိုတောင် ထောင်ချောက်ဆင်နိုင်တယ်။ မင်းက ငါ့ရဲ့အချုပ်အနှောင်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ ထင်လို့လား”
ပြေးမယ်တဲ့လား။ သူက ဘာလို့ပြေးရမှာလဲ။
ယဲ့ချိုးပိုင်သည် သစ်သားဓားကိုထုတ်ကာ တင်းလုံ၏လှောင်ပြောင်လိုသောအကြည့်အောက်မှာပင် ထိုဓားကို လွှဲယမ်းလိုက်သည်။
သစ်သားဓားသည် ခင်းကျင်းထားသောအစီအရင်ပေါ်သို့ ကျရောက်သွားသည်။
အုန်း…
အစီအရင်မှာ တစ်ခဏတွင်းချင်း ကွဲအက်ပျက်စီးသွားသည် ။
နေရာတိုင်းတွင်ပြန့်ကျဲနေသော အစီအရင်အဆောင်များသည် ဖုန်မှုန့်များအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော တင်းလုံ၏မျက်လုံးများမှာ ကြောက်ရွံ့မှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
သူသိထားသလောက်ဆိုလျှင် တစ်ဖက်လူသည် ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်ရှိသော တောင်ပိုင်းတောသားတစ်ဦးမျှသာဖြစ်သည်။
သူက ဘယ်လောက်များ သန်မာနိုင်မှာတဲ့လဲ။
သို့သော် သူအထင်သေးနေသော တောင်ပိုင်းတောသားအရိုင်းအစိုင်းက သူ သိပ်ဂုဏ်ယူရပါသော အစီအရင်ကို တစ်ချက်တည်းဖြင့်ဖျက်ဆီးပစ်ခဲ့သည်။
ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသူတစ်ယောက်ယောက်ပင်လျှင် ဤအစီအရင်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
ယဲ့ချိုးပိုင်က တစ်ချက်တည်းနှင့် ဘယ်လိုများချိုးဖျက်နိုင်လေသလဲ။
တင်းလုံ၏နှလုံးသားသည် သံသယများ၊ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ယဲ့ချိုးပိုင်က သူ့မေးခွန်းကို ပြန်မဖြေချေ။ သူသည် သူ့ဓားကို တင်းလုံ၏မျက်ခုံးနှစ်ဖက်ကြားတွင် ချိန်ရွယ်ထားလိုက်ပြီး ဆို၏။
“အမှတ်တွက်ချက်ရေးကျောက်တုံးကို လွှဲပေး”
တင်းလုံက တံတွေးမျိုချပြီး ပြောလိုက်သည်။
“အမှတ်တွက်ချက်ရေးကျောက်တုံးအစား သတင်းအချက်အလက်တချို့နဲ့ လဲလို့ရမလား”
အမှတ်တွက်ချက်ရေးကျောက်တုံးသာ လုယူခံလိုက်ရလျှင် သူလည်း ဖယ်ရှားခံရမည်ဖြစ်၏။
ယဲ့ချိုးပိုင်က မျက်ခုံးတစ်ချက်ပင့်လျက် ပြောလိုက်သည်။
“ဒါကတော့ မင်းပေးမဲ့အချက်အလက်တွေက တန်ဖိုးရှိမရှိအပေါ် မူတည်တယ်”
အခွင့်အရေးရှိနေသေးသည်ကို သိလိုက်ရသောအခါ တင်းလုံက ခပ်သွက်သွက်ပြောလာလေသည်။
“ရှေ့နားမှာ ယင်စွမ်းအင်နဂါးရေကန်ရှိတယ်။ အဲဒီထဲမှာ ရေအလျဉ်ပြည့်လျှံရေးအဆင့် ယင်စွမ်းအင်နဂါးတစ်ကောင်ရှိတယ်”
“နဂါး”နှင့်ပတ်သက်သောအရာများသည် ရိုးရှင်းသောဖြစ်တည်မှုမျိုး မဟုတ်ပေ။
ယင်စွမ်းအင်နဂါးသည် ရေနဂါး၏မျိုးဆက်ဖြစ်နေသော်ငြား နဂါးအဖြစ်သို့ အသွင်ပြောင်းရန် အခွင့်အရေးရှိနေဆဲပင်။
သို့သော် ထိုအခွင့်အရေးက နည်းပါးလွန်းလှသည်။
ထို့အတွက်ကြောင့် ယင်စွမ်းအင်နဂါး၏သွေးကို ဆေးဝါးသန့်စင်မွမ်းမံရန်နှင့် လူတစ်ယောက်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်အတွက် အသုံးချကြသည်။
အလွန်အဖိုးတန်လှသော ပစ္စည်းတစ်ခုဖြစ်သည်။
“အဲဒါအပြင် ယင်စွမ်းအင်နဂါးကို ယင်စွမ်းအင်အရိုးပန်းပွင့်က ကာကွယ်ပေးထားတယ်”
ယင်စွမ်းအင်အရိုးပန်းပွင့်သည် ဆေးပြားကိုသန့်စင်ရန် အသုံးပြုသည့်ပစ္စည်းတစ်ခုလည်း ဖြစ်၏။ ကံကောင်းမှသာ ကြုံကြိုက်နိုင်သည့်အရာမျိုးဖြစ်၏။
ယဲ့ချိုးပိုင်သည် ထိုအရာများကို စိတ်မဝင်စားသော်လည်း မေးလိုက်ဆဲပင်။
“အဲ့ဒီအကြောင်းကို မင်းသိထားတာ တခြားသူတွေ မသိဘူးလား”
တင်းလုံမှာ လူမိသွားသည့်အတွက် အံ့အားသင့်သွားရပြီး ခေါင်းတကုတ်ကုတ်လုပ်နေချေသည်။
“တစ်ယောက်ယောက်ကတော့ အဲ့ဒီကိုသွားနေပြီ။ ဥပမာဆိုရင် အရှေ့ပိုင်းဒေသက ငါ့စီနီယာအစ်ကိုရှီရှန်း၊ မြောက်ပိုင်းက လောင်မေ့ရှန်းနဲ့ မင်းရဲ့ တောင်ပိုင်းတောရိုင်း… တောင်ပိုင်းနယ်မြေက”
ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်သည်။
ယင်စွမ်းအင်နဂါးသည် ရေအလျဉ်ပြည့်လျှံရေအဆင့်ရှိသော ဖြစ်တည်မှုကြီးပင်။ထိုအရာများကို သူစိတ်မဝင်စားသော်လည်း သူသာ ထိုအကောင်ကြီးကိုသတ်လိုက်နိုင်လျှင် အမှတ်များစွာရနိုင်ပေလိမ့်မည်။
“မင်း.. ငါ့ကို လွှတ်ပေးလို့ရမလား”
ယဲ့ချိုးပိုင်က တင်းလုံကိုကြည့်ကာ ပြောလိုက်သည်။
“အမှတ်တွက်ချက်ရေးကျောက်တုံးကို ငါ့ကိုပေးတော့”
တင်းလုံ၏မျက်လုံးများ အေးခဲသွားရလေသည်။
“သတင်းပေးရင် လွှတ်ပေးမယ်လို့ပြောတာမဟုတ်ဘူးလား”
“ဒါပေမဲ့ မင်းရဲ့အချက်အလက်တွေက လျှို့ဝှက်ချက်မှမဟုတ်တော့တာ။ အဲ့ဒါကို လူတော်တော်များများသိပြီးသွားပြီလေ”
ယဲ့ချိုးပိုင်က အညှာအတာကင်းမဲ့စွာပြောလိုက်သည်။
“မင်းကိုယ်တိုင်ထုတ်ပေးမလား ဒါမှမဟုတ် ငါ့ဘာသာယူရမလား”
ရေသေလိုတည်ငြိမ်နေသော ယဲ့ချိုးပိုင်၏မျက်လုံးများကို စိုက်ကြည့်ရင်း တင်းလုံ၏စိတ်နှလုံးမှာ မတုန်လှုပ်ဘဲမနေနိုင်တော့ပေ။ သူသည် သိုလှောင်ရေးလက်စွပ်ထဲမှ အမှတ်တွက်ချက်ရေးကျောက်တုံးကို ထုတ်ယူလိုက်သည်။
ယဲ့ချိုးပိုင်ကလည်း လှမ်းယူလိုက်သည်။ ဤအမှတ်တွက်ချက်ရေးကျောက်တုံးတွင် အမှတ်၄၇၀ရှိသည်။
တင်းလုံရရှိထားသောအမှတ်များသည် သိသိသာသာပင် များပြားလှချေသည်။
အမှတ်တွက်ချက်ရေးကျောက်တုံးကို ထုတ်ပေးလိုက်ရသောအခါ တင်းလုံသည် အစိမ်းရောင်မီးလျှံတောင်တန်းနယ်မြေ၏အပြင်ဘက်သို့ ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။
ဤသည်မှာ တင်းလုံ ထုတ်ပယ်ခံလိုက်ရသည့်သဘောပင်။
ယဲ့ချိုးပိုင်သည် ရပ်တန့်မနေဘဲ တင်းလုံညွှန်ပြသည့်လမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်။
တောင်စောင်းတစ်ဖက်တွင် ရေတံခွန်တစ်ခု ရှိနေချေသည်။
ရေတံခွန်၏ဘေးမှာ လှိုဏ်ဂူဝင်ပေါက်တစ်ခုရှိ၏။
လှိုဏ်ဂူ၏ရှေ့တွင် ရေကန်တစ်ခုရှိသည်။
ရေကန်သည် ယင်စွမ်းအင်ချီဓာတ်များဖြင့် ပြည့်နေသဖြင့် ပတ်ဝန်းကျင်တွင် အပင်တစ်ပင်မျှပင်မရှိပေ။
ဤသည်မှာ ယင်စွမ်းအင်နဂါးရေကန်ပင်။
ယင်စွမ်းအင်နဂါးရေကန်ပတ်ပတ်လည်တွင် လူပေါင်းများစွာရှိနေပြီဖြစ်၏။
သူတို့ထဲတွင် တောင်ပိုင်းဒေသကမူ ရှင်းဟုန်ယီဖြစ်သည်။
အလွန်အရပ်ရှည်လှသောအမျိုးသားတစ်ဦးက လက်ပိုက်လျက် ပြောလာလေသည်။
“အားလုံးပဲ။ ယင်စွမ်းအင်နဂါးရေကန်ကို ရှာတွေ့ပြီဆိုတော့ ငါတို့တွေ ဘယ်လိုပူးပေါင်းကြမလဲ”
ရှင်းဟုန်ယီက အေးတိအေးစက်ကြည့်ကာ ပြောလိုက်လေသည်။
“ရှီရှန်း.. ရှင်က တကယ်အရှက်မရှိတာပဲ။ ဒီနေရာကို ပထမဆုံးရှာတွေ့ခဲ့တာ ကျွန်မလေ။ ဒါပေမဲ့ ရှင်ကတော့ ပူးပေါင်းရမယ်လို့ပြောနေတယ်ပေါ့လေ”
ရှီရှန်းက ရှင်းဟုန်ယီကို မီးဟုန်းဟုန်းတောက်နေသောအကြည့်ဖြင့် ကြည့်လျက် ပြောလိုက်လေသည်။
“ရှင်းဟုန်ယီ.. မင်း ဒီယင်စွမ်းအင်နဂါးရေကန်ကို တစ်ယောက်တည်းတိုက်ခိုက်နိုင်မယ်လို့ ထင်လို့လား”
ရှင်းဟုန်ယီ ဆွံ့အသွားရလေသည်။
သူ့လက်ရှိအင်အားနှင့်ဆိုလျှင် ပတ်ပတ်လည်ရှိလူများကို ရင်ဆိုင်နိုင်ဖို့ပင်မသေချာပေ။
ရှီရှန်း၏ခွန်အားမှာ သူ့ထက်မြင့်လေသည်။
ထို့အပြင် ယင်စွမ်းအင်နဂါးရေကန်ထဲတွင် ပုန်းကွယ်နေသော ယင်စွမ်းအင်နဂါးသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်ရှိလေသည်။
ရှင်းဟုန်ယီ လုံးဝမဖြေရှင်းနိုင်ပေ။
ရှင်းဟုန်ယီ၏အမူအရာသည် အလွန်တရာအကျည်းတန်သွားပြီး ဘာမှပြန်မပြောလာတော့သည်ကို မြင်သောအခါ ရှီရှန်းက နှာမှုတ်လျက်ပြောလေသည်။
“ရှင်းဟုန်ယီ.. တောင်ပိုင်းကဆိုလို့ မင်းတစ်ယောက်တည်းရှိတယ်ဆိုတာ သဘောပေါက်နော်။ ပူးပေါင်းဆောင်ရွက်ဖို့ မင်းကိုအခွင့်အရေးပေးတာနဲ့တင် တော်လှပြီ”
ထိုမြင်ကွင်းကိုစိတ်ဝင်တစားစောင့်ကြည့်နေသော လောင်မေ့ရှန်းက ပြောလေသည်။
“ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပါတယ်။ ဒီယင်စွမ်းအင်နဂါးကို ကိုင်တွယ်ရတာ မလွယ်ဘူး”
ရှီရှန်းကလည်း ခေါင်းညိတ်ပြသည်။
“ကောင်းပြီ ဝေစုခွဲကြရအောင်။ ငါ ယင်စွမ်းအင်နဂါးရဲ့သွေးကို လိုချင်တယ်”
လောင်မေ့ရှန်းက မအံ့သြပေ။ ရှီရှန်းသည် ခန္ဓာသန့်စင်မွမ်းမံသူဖြစ်သည်။ ယင်စွမ်းအင်နဂါး၏သွေးသည် ခန္ဓာကိုယ်သန့်စင်မွမ်းမံရေးအတွက် ကောင်းမွန်လေသည်။
“ဒါဆို ငါက ယင်စွမ်းအင်အရိုးပန်းကို ယူလိုက်မယ်”
“ကျန်တဲ့အမှတ်တွေအတွက်ကတော့ မင်း တခြားသူတွေနဲ့မျှလို့ရတယ်။ ရှင်းဟုန်ယီ.. အချိန်ကျလာရင် မင်းကိုလည်း နည်းနည်းတော့ခွဲပေးမှာပါ။ အမှတ်တချို့ကိုလည်း ငါပေးမယ်”
ရှင်းရှင်းပြောရလျှင် သူတို့သည် ရှင်းဟုန်ယီအား ပစ္စည်းများမျှဝေပေးဖို့ စိတ်ကူးမရှိသည်မှာ ထင်ရှားလှသည်။