Switch Mode

အခန်း (၄၀)

သိုင်းပညာဖလှယ်ပွဲ၏ပထမအချီ

ပုံရိပ်လေးခုသည် ကွင်းပြင်ကျယ်တွင် မတ်တတ်ရပ်နေပြီး ဤလောကတစ်ခွင်ကို ငုံ့ကြည့်နေချေသည်။

ဤကမ္ဘာလောကကြီး၏ အရှိန်အဝါသည် လေထုထဲတွင်မျောလွင့်နေသော မရေမတွက်နိုင်လောက်အောင်များပြားသည့် စွမ်းအားနိယာမတရားများကြောင့် အလွန်တရာနောက်ကျိနေချေသည်။

ဤသည်မှာ ပျက်စီးသွားသော ကောင်းကင်ဘုံတာအိုဖြစ်သည်။

လူတစ်ယောက်က စကားစလာလေသည်။

“ဒီလိုအညတရနေရာလေးမှာ တာအိုစွမ်းအားနိယာမကိုကျင့်သုံးနေတဲ့ ပညာရှင်တစ်ယောက်ရှိတယ်လို့ မင်းပြောနေတာလား”

“ဟုတ်ပါတယ်”

အစိမ်းရောင်မျက်နှာရှင်အမျိုးသားတစ်ဦးက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“ဒါပေမဲ့ သူက လတ္တီတွဒ်ပိုမြင့်တဲ့ကမ္ဘာက ဖြစ်မယ်ထင်တယ်”

လုချန်ရှန်းသာ ဤနေရာမှာရှိနေမည်ဆိုလျှင် စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်အထက်ဘုံမှာ သူ့ကိုရင်ဆိုင်ခဲ့ဖူးသူအဖြစ် သေချာပေါက်မှတ်မိနိုင်မည်ဖြစ်၏။

“သူက လတ္တီတွဒ်ပိုမြင့်တဲ့ကမ္ဘာကလူတစ်ယောက် ဖြစ်နိုင်လောက်တယ်။ ဒီကမ္ဘာကြီးရဲ့ ကောင်းကင်ဘုံတာအိုကပျက်စီးပြီး စွမ်းအားနိယာမကလည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီ။ တာအိုနိယာမကို နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ဒါပေမဲ့ သံသယဖြစ်စရာအချက်နှစ်ချက်တော့ရှိတယ်။”

အမျိုးသမီးတစ်ယောက်၏အသံတစ်သံ ထွက်ပေါ်လာလေသည်။

“အိုး..ဘာများလဲ”

အစိမ်းရောင်မျက်နှာရှင်အမျိုးသားက ဟိုကြည့်သည်ကြည့်လုပ်လျက် လေးနက်စွာ ပြောလေသည်။

“ပထမအချက်က လတ္တီတွဒ်ပိုမြင့်တဲ့ကမ္ဘာကလူတစ်ယောက်က ဒီအညတရနယ်မြေလေးကို ဘာကြောင့်မျက်စိကျသွားရတာလဲ။ ဒီကမ္ဘာကြီးရဲ့လျှို့ဝှက်ချက်ကို လျှောက်ဖြန့်လို့မရဘူး။ ငါတို့လေးယောက်ကလည်း ကောင်းကင်ဘုံတာအိုကျမ်းသစ္စာကို မပေါက်ကြားစေရဘူးလို့ သစ္စာဆိုထားတာပဲလေ”

“ဒုတိယအချက်အနေနဲ့ သူဘယ်လိုဝင်လာတာလဲ။ ဒီကမ္ဘာကြီးက ချိတ်ပိတ်ထားလိုက်ပြီဆိုတော့ ဘယ်သူမှ ဝင်ထွက်သွားလာလို့မရတော့ဘူး။ ငါတို့ကိုယ်တိုင်တောင်မှ ဒီကမ္ဘာကြီးထဲကို အဝင်အထွက်လုပ်ဖို့ တန်ကြေးကြီးကြီးမားမားပြန်ပေးဆပ်ရသေးတာကို”

အမျိုးသားတစ်ယောက်က ခေါင်းတခါခါဖြင့်ပြောလေသည်။

“ငါလည်း မသိဘူး။ ဒါပေမဲ့ ငါတို့လေးယောက် စီမံကိန်းသေချာဆွဲနိုင်ရင် အဲဒီလူနဲ့ရင်ဆိုင်နိုင်လိမ့်မယ်လို့ထင်တယ်”

အမျိုးသမီးက ခေါင်းညိတ်သဘောတူသည်။

“ဒါက စိုးရိမ်ရတဲ့ကိစ္စတစ်ခုပဲ။ သူ့ကို ငါတို့ရဲ့အစီအစဉ်ကို ဖျက်ဆီးခွင့်မပေးနိုင်ဘူး”

“ကောင်းပြီ”

တစ်ချိန်လုံးနှုတ်ဆိတ်နေသော အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းညိတ်လျက် ဝင်ပြောလေသည်။

“ဒါဆို အဲဒီလူနဲ့တိုက်ခိုက်ရအောင် ချက်ချင်းသွားဖို့ပြင်ထား”

ဤသို့ဖြင့် သူတို့လေးဦးသည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားလိုက်သည်မှာ တစ်ခါမျှရောက်မလာခဲ့ဖူးသည့်အလားပင်။

တစ်ရက်တာကုန်လွန်သွားပြီးနောက် နယ်မြေလေးခုသိုင်းပညာဖလှယ်ပွဲလည်း တရားဝင်စတင်ချေပြီ။

ယဲ့ချိုးပိုင်နှင့် အခြားလူများသည် ပွဲကျင်းပရာနေရာသို့ ဦးတည်သွားကြလေသည်။

ဟွမ်းယွမ်သည် လမ်းတစ်လျှောက်တွင် သူ့အစီအစဉ်ကို သူတို့အားသတိပေးနေလေသည်။ ပြောနေရင်းဖြင့် အမူအရာကလည်း တည်ငြိမ်လှပေသည်။

“မင်းတို့တွေ ရှင်းထုတ်မခံရစေနဲ့နော်။ တစ်ဖက်အသင်းခေါင်းဆောင်ကို ငါပိတ်ထားပေးမယ်”

ထို့နောက် သူသည် ယဲ့ချိုးပိုင်ကိုကြည့်ကာ သာမန်ကာလျှံကာပြောလိုက်သည်။

“ယဲ့ချိုးပိုင်..မင်းရဲ့တာဝန်က အတတ်နိုင်ဆုံးကိုယ်ယောင်ဖျောက်ထားပြီး အမှောင်ထဲကနေ အမှတ်များများရအောင်လုပ်ဖို့ပဲ။ မင်းရဲ့အင်အားကို ဖော်ထုတ်လိုက်ပြီးပြီဆိုတော့ တစ်ဖက်လူတွေကလည်း မင်းကိုတိုက်ခိုက်ဖို့ သေချာပေါက်ဗျူဟာဆွဲထားကြလိမ့်မယ်”

ဟွမ်းယွမ်သည် ခေါင်းဆောင်၏တပည့်ဖြစ်သောကြောင့် သိုင်းပညာဖလှယ်ပွဲ၏လုပ်ငန်းစဉ်ကို သိထားသည်မှာ သဘာဝကျလှသည်။

သိုင်းပညာဖလှယ်ပွဲ၏ပထမအချီမှာ အမှတ်ပေးစနစ်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သူအားလုံးကို အစိမ်းရောင်မီးလျှံတောင်တန်းနယ်မြေသို့ပို့ဆောင်မည်ဖြစ်၏။

မှော်ဝင်သားရဲတစ်ကောင်ကို အနိုင်ယူလိုက်တိုင်း အမှတ်ရမည်ဖြစ်၏။ ရန်သူနှင့်ထိပ်တိုက်တွေ့ပြီး ရန်သူ့ဆီကအနိုင်ယူခံခဲ့ရမည်ဆိုလျှင် အမှတ်များအားလုံး လုယူခံရပြီး ရှင်းထုတ်ခံရမည်ဖြစ်သည်။

ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်အနားတွင်ရပ်ကာ စနောက်လေသည်။

“ကြည့်ရတာ ရှင်အထင်သေးခံလိုက်ရပုံပဲနော်”

ယဲ့ချိုးပိုင်ကလည်း ပြန်လည်မချေပဘဲ ပခုံးတွန့်ပြလိုက်သည်။

သူတို့ သိုင်းပညာဖလှယ်ပွဲအခမ်းအနားဆီသို့ ရောက်လာကြသည်။

နယ်မြေလေးခုရှိကျောင်းတော်မှ လူများလည်း ဤနေရာမှာစုရုံးရောက်ရှိနေကြသည်။

မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကို ကျန်းချောင်မြန်က ဦးဆောင်လာလေသည်။

လောင်မေ့ရှန်းကမူ သုန်မှုန်နေသောအမူအရာဖြင့် သူ့နောက်တွင်ရပ်နေချေသည်။ ယဲ့ချိုးပိုင်ရောက်လာသည်ကို သူမြင်လိုက်ရသောအခါ သတ်ဖြတ်ရေးရောင်ဝါများကို မထုတ်လွှတ်ဘဲမနေနိုင်ချေ။

ယဲ့ချိုးပိုင်ကမူ သူ့ကိုလျစ်လျူရှုထားလိုက်သည်။

“အရှေ့ပိုင်းရဲ့ခေါင်းဆောင်က ရှီရှန်းပဲ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားက သိပ်ကြောက်ဖို့ကောင်းတာ။ နတ်ဘုရားတန်ခိုးနဲ့ မွေးဖွားလာတဲ့လူလေ”

“အနောက်ပိုင်းကကျတော့ ကျန်းဟယ်။ သူက ဗုဒ္ဓဝိဇ္ဇာခန္ဓာကိုယ်ကို ကျင့်ကြံနေတာ။ ဘယ်သူမှ အဲ့ဒါကိုမကျော်လွှားနိုင်ဘူး။ သူ့ရဲ့လက္ခဏာအမှတ်အသားနည်းဗျူဟာက ပိုလို့တောင် လွှမ်းမိုးနိုင်စွမ်းကြီးသေးတယ်”

ကျုံးဝူက ရှင်းပြလေသည်။

သူသည် နောက်ရက်များတွင် ကွန်ဖြူးရှပ်ဝါဒဖလှယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် သိုင်းပညာဖလှယ်ပွဲတွင် ပါဝင်မည်မဟုတ်ချေ။

“မြောက်ပိုင်းကတော့ ကျန်းချောင်မြန်”

ထိုအချိန်တွင် ကောင်းကင်ယံ၌ ပုံရိပ်လေးခုထွက်ပေါ်လာသည်။ ထိုအထဲတွင် ချင်းထျန်းနျန်လည်း ပါသည်။ ကျန်သုံးဦးမှာ အခြားဒေသများ၏ကျောင်းတော်မှ ခေါင်းဆောင်များဖြစ်ကြသည်။

လူတိုင်းက ထိုလားရာဘက်ကို ဦးညွှတ်လိုက်ကြသည်။

လေးယောက်ထဲမှ တစ်ယောက်က ရှေ့ကိုထွက်လာသည်။

သူသည် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင်ဖြစ်သူ ဝူဒီရှီပင်ဖြစ်သည်။

သူသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်၁၂နေရာ၌ရှိပြီး ချင်းထျန်းနျန်နှင့်နှိုင်းယှဉ်ပါက အဆင့်၁၄ဆင့်သာလွန်လေသည်။

ဝူဒီရှီသည် ချင်းထျန်းနျန်ထက် ပိုအားကောင်းလှကြောင်း သက်သေပြရန် လုံလောက်ပေသည်။

ဝူဒီရှီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် ဒြပ်မဲ့စွမ်းအားတစ်ရပ်က ပါဝင်ယှဉ်ပြိုင်သူတိုင်းကို လေထဲပင့်မြှောက်လိုက်သည်။

“ဒီနေ့က ကျွန်တော်တို့နယ်မြေလေးခုလျှို့ဝှက်တာအိုကျောင်းတော်ရဲ့ သိုင်းပညာနှီးနှောဖလှယ်ပွဲဖြစ်ပါတယ်။ ကျောင်းတော်အသီးသီးက ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေလည်း အခု ဒီနေရာမှာ စုရုံးရောက်ရှိနေကြပါပြီ။ ကျွန်တော်တို့လျှို့ဝှက်တာအိုကျောင်းတော်အတွက်တော့ ဒါက ပျော်စရာကောင်းတဲ့ပွဲတော်တစ်ခုပါပဲ”

“ဒီနေ့ကတော့ သိုင်းပညာဖလှယ်ပွဲပါ။ ပထမအချီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူတိုင်း နားလည်ထားမယ်လို့မျှော်လင့်ပါတယ်။ ကျုပ်နဲ့ ကျန်တဲ့ခေါင်းဆောင်သုံးယောက်က မင်းတို့ကို အစိမ်းရောင်မီးလျှံနယ်မြေကို ပို့ဆောင်ပေးမှာပါ”

ဤသို့ဖြင့် ခေါင်းဆောင်လေးဦးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလာလေသည်။ သူတို့အောက်ဘက်တွင် ရုပ်ရွှေ့ပြောင်းရေးအစီအရင်တစ်ခုသည် အထက်သို့ တဖြည်းဖြည်းမြင့်တက်လာသည်။

သူတို့လေးယောက်က ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်ခြင်းဖြစ်သောကြောင့် ရုပ်ရွှေ့ပြောင်းရေးအစီအရင်၏ ဘေးပတ်ပတ်လည်က ကမောက်ကမဖြစ်သွားလေသည်။

ဤအခိုက်အတန့်မှာပင် ဝူဒီရှီက ပြောလိုက်သည်။

“ကောင်းပြီ။ သိုင်းပညာဖလှယ်ပွဲမှာပါဝင်တဲ့ကျောင်းသားတွေ ရုပ်ရွှေ့ပြောင်းရေးအစီအရင်ထဲကိုဝင်လိုက်ပါ”

ထို့နောက် ဒေသလေးခုမှ ကျောင်းသားများလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့ကိုလှမ်းလာကြသည်။

ယဲ့ချိုးပိုင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ငါ မင်းကို အားကိုးမယ်နော်”

ဤသည်မှာ ချင်းထျန်းနျန်၏အသံပင်။

ယဲ့ချိုးပိုင်သည် သူ့ကိုတစ်ချက်မျှကြည့်လိုက်ပြီးနောက် ချင်းထျန်းနျန်ကလည်း သူ့ကိုကြည့်နေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ တုံ့ပြန်သည့်အနေနှင့် ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။

သူ့ဆရာနှင့် စံအိမ်တော်၏ကောင်းကျိုးအတွက် ချင်းထျန်းနျန်ကို ခေါင်းဆောင်ရာထူးတွင် ဆက်မြဲနေနိုင်အောင်ကြိုးစားမှဖြစ်မည်။

ခေါင်းဆောင်အသစ်တစ်ယောက်သာ ရောက်လာပါက စံအိမ်တော်သည် ယခင်လို အေးအေးလူလူနေနိုင်ဦးမည်တဲ့လား။ ထိုသို့သောမတော်တဆမှုမျိုး ယဲ့ချိုးပိုင် ဖြစ်မလာစေချင်ပေ။

ထိုအကြောင်းကိုတွေးရင်း ယဲ့ချိုးပိုင်သည် ရုပ်ရွှေ့ပြောင်းရေးအစီအရင်ထဲသို့ ဝင်သွားလိုက်သည်။

ကမ္ဘာကြီးက ချာလပတ်လည်နေချေသည်။

သူ့မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်မှာ စိမ်းလန်းစိုပြည်နေသော မိုးထိအောင်မြင့်မားလှသည့် ရှေးဟောင်းသစ်ပင်ကြီးမြောက်များစွာပင်။

သို့သော် ယဲ့ချိုးပိုင်သည် မိစ္ဆာချီစွမ်းအင်ခပ်ဖျော့ဖျော့ကိုလည်း အာရုံခံစားမိလိုက်သည်။

မှော်နက်မိစ္ဆာဓားသွားသည် ရုတ်ခြည်းတုန်ယင်သွားသည်ဖြစ်ရာ ၎င်း၏စိတ်လှုပ်ရှားမှုများကို ယဲ့ချိုးပိုင် ခံစားမိလိုက်ချေသည်။

ဤနေရာရှိမိစ္ဆာချီစွမ်းအင်သည် အလွန်သန့်စင်လှသည်။ ယဲ့ချိုးပိုင်၏ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားသည် ဤနေရာတွင် ပို၍ပင်အားကောင်းနေပေတော့မည်။

ထိုအချိန်မှာပင် ယဲ့ချိုးပိုင်၏လက်ထဲတွင် ကျောက်တုံးတစ်တုံးပေါ်လာလေသည်။

ကျောက်တုံးမျက်နှာပြင်ပေါ်တွင် နံပါတ်တစ်ခုရိုက်နှိပ်ထားသည်။ သို့သော် လက်ရှိနံပါတ်သည် သုညဖြစ်၏။ အမှတ်တွက်ချက်ရေးစနစ်တစ်ခု ဖြစ်ပုံရသည်။

သူ အမှတ်များရယူချင်ပါက မှော်ဝင်သားရဲများကို သုတ်သင်ရမည်။ သို့မဟုတ်… တခြားလူဆီကလည်း လုယူနိုင်သည်။

ဤအချိန်တွင် ယဲ့ချိုးပိုင်သည် တစ်ဖက်ကိုလှည့်လိုက်လေရာ ခပ်ဝေးဝေးဆီမှ ဟိန်းဟောက်သံတစ်ခုက သူ့ကို တိုက်ခိုက်လာလေသည်။

ကြီးမားလှသော ဖုန်လုံးကြီးတစ်ခု လိပ်တက်လာပြီး ခြေလေးချောင်းရှိသော မှော်ဝင်သားရဲတစ်ကောင်သည် မြေမှုန့်များကြားမှ ဖြတ်ပြေးလာသည်ကို ယောင်ဝါးဝါးမြင်လိုက်ရသည်။

ဝေါင်း..

ဤဟိန်းဟောက်သံသည် အသံလှိုင်းမှတစ်ဆင့် အသံလှိုင်းပေါက်ကွဲသံကြီးတစ်ခုကိုပါ သယ်ဆောင်လာသည်။

ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်ရှိသူများဆိုလျှင် ထိုအသံလှိုင်းကိုမခုခံနိုင်ဘဲ ချက်ချင်းချေမှုန်းခံလိုက်ရမည်ဖြစ်၏။

ယဲ့ချိုးပိုင်သည် သူ့သစ်သားဓားကို ရှေ့ဘက်သို့ ဖြည်းညင်းစွာဝှေ့ယမ်းလိုက်သည်။

ဓားသွားစွမ်းအင်တစ်ရပ် ပေါ်ပေါက်လာပြီး ထိုအသံလှိုင်းကို နှိမ်နှင်းလိုက်ပေသည်။

တစ်ချိန်တည်းမှာပင် ဓားသွားချီစွမ်းအင်အမြောက်အများက ယဲ့ချိုးပိုင်၏ပတ်ပတ်လည်တွင် လှည့်ပတ်နေချေသည်။

ထိုအရာသည် ဧရာမချီစွမ်းအင်ဓားရှည်များအဖြစ်သို့ ပြောင်းလဲသွားပြီး အပြင်းနှင်လာနေသော ခြေလေးချောင်းမှော်ဝင်သားရဲကြီးကို ခုတ်ထစ်ပစ်လိုက်သည်။

ခြေလေးချောင်းမှော်ဝင်သားရဲကြီးသည် ဉာဏ်တော့ရှိပုံရသည်။ ချီစွမ်းအင်ဓားသွားက သူ့ဆီကိုရောက်ချလာသည်ကိုမြင်သောအခါ အန္တရာယ်ကိုခံစားမိလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းလမ်းစဉ်ကို မရွေးလိုက်ချေ။

ထိုအစား ထိုအကောင်ကြီးသည် သူ့ခြေလေးချောင်းကို ထောက်ကန်ကာ အရှိန်သတ်လိုက်သည်။

ထို့နောက် ဘေးတစ်ဖက်သို့ ရုတ်တရက်လွှားခုန်လိုက်ပြီး သူ့ဆီကိုပစ်ဝင်လာနေသော မိစ္ဆာဓားသွားအနည်းငယ်ကို ရှောင်တိမ်းလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်လေးမှာ ယဲ့ချိုးပိုင်၏ရုပ်သွင်သည် လက်ရှိနေရာကပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ခြေလေးချောင်းမှော်ဝင်သားရဲကြီးရှေ့သို့ ရောက်ရှိသွားလေတော့သည်။

သူ့ဓားဖြင့် ခုတ်ချလိုက်လေသောအခါ ထိုအကောင်ကြီးမှာ အသံတစ်သံပင်မထွက်နိုင်လိုက်ဘဲ ဦးခေါင်းကြီးက မြေကြီးပေါ်သို့ပြတ်ကျသွားချေသည်။

ယဲ့ချိုးပိုင်လည်း အမှတ်တွက်ချက်ရေးကျောက်တုံးကို ထုတ်ကြည့်လိုက်သည်။

အမှတ်သည် သုညမှ တစ်ဆယ်အထိတက်သွားပြီဖြစ်၏။

Comment

Leave a Reply

Options

not work with dark mode
Reset