Switch Mode

အခန်း (၃၉)

လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား

မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၌..

ကျန်းချောင်မြန်သည် ဓားသိုင်းခန်းမဆီမှ အသိအမှတ်ပြုခံရချိန်မှာ ကျောင်းတော်ထဲကိုရောက်တာ တစ်နှစ်သာရှိသေးသည်။ သူသည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ဓားသိုင်းတာအိုပါရမီရှင်ဟုလည်း လူသိများသည်။

ဤအခိုက်အတန့်တွင် သူသည် ဓားသိုင်းအဘိညာဉ်ကိုသိမြင်ရန် လက်တစ်ကမ်းအလိုတွင် ရှိသည်။

ဘယ်လိုအရည်အချင်းမျိုးလေလဲ…။

နေမဝင်အင်ပါယာ၏မင်းသားများပင် ကျန်းချောင်မြန်ကို သူတို့နှင့်တန်းတူရည်တူဆက်ဆံရသည်။

ယခင်က နေမဝင်အင်ပါယာ၏အရှင်သခင်သည် ကျန်းချောင်မြန်ကို နေမဝင်အင်ပါယာသို့ဝင်ရောက်ရန် ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်ခဲ့ပြီး သူ၏ကျင့်ကြံရေးအတွက်လည်း အရင်းအမြစ်များစွာကို ထောက်ပံ့ပေးခဲ့သည်။

သို့သော် ကျန်းချောင်မြန်သည် ဓားသိုင်းကျင့်ကြံရေးကိုသာ အာရုံစိုက်နေပြီး တော်ဝင်နန်းတော်သို့ မဝင်ချင်သောကြောင့် တစ်ဖက်လူလက်လျှော့သွားခဲ့ခြင်းပင်။

ကျန်းချောင်မြန်၏မျက်နှာသည် အမူအရာကင်းမဲ့နေ၏။။ သူ ဝမ်းနည်းနေလား၊ ပျော်ရွှင်နေလားဆိုသည်ကို တပ်အပ်မပြောနိုင်ပေ။ သူက ယဲ့ချိုးပိုင်ကိုကြည့်ပြီး စကားဆိုလိုက်၏။

“ငါ့မှာ ဓားသိုင်းနှလုံးသားလုံလုံလောက်လောက်မရှိဘူး။ ငါ့ကိုယ်ငါရှက်မိပါတယ်” လို့ပြောလိုက်တယ်။

ယဲ့ချိုးပိုင်သည် ကျန်းချောင်မြန်ကို သေချာကြည့်လိုက်သည်။ ဒီလူကလည်း သူ့လူပဲလား…

ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်၏အတွေးများကိုရိပ်မိပြီး ခေါင်းယမ်းလိုက်သည်။

“စိတ်မပူပါနဲ့။ ငါဘယ်သူ့ဆီကအမိန့်ကိုမှ နာခံနေတာမဟုတ်ပါဘူး”

သူ့လေသံက သာမန်ဆန်လှသော်ငြား ဂုဏ်ယူဝင့်ကြွားမှုအပြည့်ပင်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မျက်ကန်းမာနမျိုးမဟုတ်ချေ။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့မာနက သူ့ကို ထိုသို့ပြုလုပ်ရန် ခွင့်မပြုသောကြောင့်ပင်။

ထို့နောက် သူထွက်ခွါသွားလေသည်။ ယဲ့ချိုးပိုင်ကလည်း သူ့ကျောပြင်ကို တွေးဆဆဖြင့်စိုက်ကြည့်နေခဲ့သည်။

အမှောင်ထဲရှိလူနှစ်ယောက်ကမူ ထိုမြင်ကွင်းကိုကြည့်နေခဲ့သည်။

“အိုး..ဒီယဲ့ချိုးပိုင်မှာ ခွန်အားတော့ရှိပုံရတယ်”

“သူ လောင်မေ့ရှန်းကို အနိုင်ယူနိုင်တယ်ဆိုမှတော့မဆိုးပါဘူး”

“ဒါဆို ဘယ်တော့လုပ်ငန်းစမှာလဲ”

ကျင်ခပ်ဝတ်ရုံဝတ်ဆင်ထားသောအမျိုးသားက ရယ်မောလျက် ပြန်ပြောသည်။

“ငါကိုယ်တိုင် လုပ်စရာမလိုပါဘူး။ တစ်ယောက်ယောက်က သူ့ကို ထိပ်တိုက်တွေ့ဖို့ရောက်လာလိမ့်မယ်”

“ဒီနေ့က စမ်းသပ်ရုံသက်သက်ပဲ”

ဤသို့ဖြင့် အမှောင်ထဲရှိ အနက်ရောင်အရိပ်တစ်ခုမှာ နေရာမှပျောက်ကွယ်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့်အခြားသူများသည် သူတို့၏နေအိမ်ဆီသို့ ပြန်ခဲ့ကြသည်။

ဟွမ်းယွမ်သည် ယဲ့ချိုးပိုင်ကိုတည့်တည့်ကြည့်ကာ စကားစလာ၏။

“ယဲ့ချိုးပိုင် မင်း ဘာလို့ စိတ်လိုက်မာန်ပါလုပ်လိုက်ရတာလဲ။ ခဏလောက် ဝင့်ကြွားပြတာက ပျော်စရာတော့ကောင်းပါတယ်။ ဒါပေမဲ့ မင်းရဲ့ဝှက်ဖဲပေါ်သွားပြီလေ”

ယဲ့ချိုးပိုင်သည် ဟွမ်းယွမ်ကို ပြန်ကြည့်လိုက်သည်။ သူ့အနေနှင့် တစ်ဖက်လူ၏ခံစားချက်ကို နားလည်သည်။

ဟွမ်းယွမ်သည် ချင်းထျန်းနျန်၏တပည့်ဖြစ်သည်။

တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏အဆင့်သည် ဤနှစ်များတစ်လျှောက်လုံးတွင် အလွန်နိမ့်ပါးနေခဲ့သည်။ ဒေသလေးခုအတွင်း နောက်ဆုံးအဆင့်ထပ်ရသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်သည် ချင်ထျန်းနျန်၏ရာထူးကို အစားထိုးရယူသွားမည်ဖြစ်၏။

ဤသည်မှာ ဟွမ်းယွမ် မမြင်ချင်သောအရာပင်။ ထို့ကြောင့် ယဲ့ချိုးပိုင်ကလည်း စိတ်မဆိုးပေ။

“ဒါကပြဿနာကြီးမဟုတ်ပါဘူး။ စိတ်မပူပါနဲ့”

မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားသည် သူ၏တစ်ခုတည်းသောဝှက်ဖဲမဟုတ်ပေ။ ထို့ပြင် ထိုဓားကို ဝှက်ဖဲဟုလည်း မယူဆနိုင်ပေ။

ဟွမ်းယွမ်က အေးတိအေးစက်ပြောလိုက်သည်။

“အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်”

ထို့နောက် ဟွမ်းယွမ်သည် အခန်းထဲသို့ဝင်သွားပြီး လေ့ကျင့်ရေးလုပ်လေတော့သည်။

ကျုံးဝူက ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်လိုက်သည်။

“စိတ်မဆိုးပါနဲ့။ ဒီဖလှယ်ပွဲက ဟွမ်းယွမ်အတွက် အရမ်းအရေးကြီးတာလေ”

ယဲ့ချိုးပိုင်လည်း နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းဒေသ၏မြောက်ဘက်အစွန်ဆုံးအပိုင်းတွင် လှံတံကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးသည် ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေပြီး မြေလွှာကျွံချိုင့်ဝှမ်းကြီးတစ်ခုသို့ မရောက်ခင်အထိ လေနှင့် နှင်းများကို တွန်းလှန်နေရလေသည်။

မြေလွှာကျွံချိုင့်ဝှမ်းကြီးဟာ အသူတရာချောက်နက်ကြီးတစ်ခုနှယ်..။

အောက်ခြေကို လုံးဝမမြင်ရပေ။

အေးခဲလှသောလျှပ်စီးကြောင်းသည် အတွင်းပိုင်းမှဆန်တက်လာသည်။ လေထုထဲတွင်လည်း ခပ်ဖျော့ဖျော့အတားအဆီးလေးတစ်ခု ရှိနေ၏။

ဤအတားအဆီးသည် အင်အားမရှိသော်လည်း ပျံသန်းမှုကို တားမြစ်ထားသောကြောင့် လူများပျံသန်းရန် မဖြစ်နိုင်ပေ။

လျှပ်စီးကြောင်းသည် ဝိညာဉ်စွမ်းအင်၏ကာကွယ်မှုကို လျစ်လျူရှုထားပုံရပြီး အပေါ်ယံအလွှာမှတစ်ဆင့်ထိုးဖောက်ဝင်ရောက်ကာ ရိုးတွင်းခြင်ဆီအတွင်းပိုင်းထဲသို့ ဝင်ရောက်သွားလေသည်။

ဧရာမကျောက်တုံးကြီးတစ်ခု လိမ့်ဆင်းလာပြီးနောက် ထိုလျှပ်စီးကြောင်းကြောင့် စိစိညက်ညက်ကြေသွားရချေသည်။

သို့သော် ထိုအမျိုးသမီးသည် တုန်လှုပ်ချောက်ချားမှုမရှိဘဲ ခုန်ဆင်းသွားခဲ့သည်။

အေးစက်သောလျှပ်စီးကြောင်းသည် ထိုအမျိုးသမီးကို တိုက်ခိုက်လာသော်လည်း ၎င်းမှာ သူ(မ)၏ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် အနီရောင်မီးတောက်ကြောင့် အရည်ပျော်သွားချေသည်။

မီးလျှံရောင်ဝါအဆင့်

ထို့နောက် သူ(မ)သည် လှံတံကိုထုတ်ယူကာ အောက်ခြေသို့ဆင်းခါနီးတွင် ထိုလှံကိုလွှဲယမ်းပစ်လိုက်သည်။

လှံတံဖိအားတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာပြီး ရေခဲပြင်ကိုထိမိသွားသောအခါ ထိုအမျိုးသမီး၏ဆင်းသက်မှုကို အရှိန်နှေးကွေးသွားစေသည်။

ထို့နောက် လှံတံသည် ရေခဲပြင်နံရံနှစ်ဖက်ကိုခုတ်ထစ်ကာ သူ(မ)၏ခန္ဓာကိုယ်ကို ချိုင့်ဝှမ်းအောက်ခြေဆီသို့ ဖြည်းဖြည်းမှန်မှန်ဆင်းသက်နိုင်အောင် လုပ်ဆောင်ပေးလေသည်။

အမျိုးသမီးက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူ့ရှေ့တွင် အေးစက်စက်သံမဏီနှင့် ပြုလုပ်ထားသောသံချိန်းကြိုးကြီးများရှိနေပြီး အနားရှိ ရေခဲတုံးများပေါ်မှာ ခိုင်မြဲစွာချည်နှောင်ထားလေသည်။

မြေပြင်ပေါ်သို့ပုံကျနေသောဆံရှည်လူတစ်ယောက်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထိုသံကြိုးများကရစ်ပတ်ထားပြီး သူ့ခန္ဓာကိုယ်က ဇောက်ထိုးဖြစ်နေသဖြင့် ဦးခေါင်းသည် မြေပြင်ထက်သို့ တွဲလောင်းကျနေလေသည်။

ထိုမြင်ကွင်းကို အမျိုးသမီးကမြင်သောအခါ ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။

ထိုအမျိုးသားကလည်း သူ့ရှေ့ရှိအမျိုးသမီး၏အရိပ်အယောင်ကို ခံစားမိလိုက်ပြီး ငေးကြောင်ကြောင်ဖြင့် ခေါင်းထူလာ၏။

“အ..အရှင်မ”

ဟုန်ရင်က ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ကိုလျှောက်သွားသည်။

“မင်းဒုက္ခရောက်နေတာပဲ”

ထိုလူ ခေါင်းယမ်းပြလိုက်သည်နှင့် သူ့မျက်လုံးထဲတွင် မီးဟုန်းဟုန်းတောက်နေချေသည်။

“အရှင်မ.. အရှင်မ ဒီကိုရောက်လာပြီဆိုတော့ အဲဒီကျင့်ကြံရေးနည်းဗျူဟာကို အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ခဲ့ပြီဆိုတဲ့သဘောလား”

ဟုန်ရင် ခေါင်းညိတ်ပြလိုက်သည်။

ထိုအရာကိုမြင်တော့ ထိုလူက အားအင်ချည့်နဲ့နေသော်ငြား စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပေသည်။

“ကျွန်တော်တို့တိမ်လွှာဖီးနစ်ဂိုဏ်းကို ဘုရားမတာပဲ”

ဟုန်ရင်သည် သူ(မ)၏နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးလိုက်သည်။

“ယွင်မင် မင်းကိုချိတ်ပိတ်ထားတာကို အခုပြန်ဖျက်ပေးမယ်”

ဤနေရာတွင်ချိတ်ပိတ်ထားသောအရာသည် တိုက်တိုက်ဆိုင်ဆိုင်ပင် ဟုန်ရင်၏ကျင့်ကြံရေးနည်းဗျူဟာဖြစ်နေသည်။ ထို့ပြင် အားပျော့စပြုလာသော သံကြိုးများကို ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာဖြင့် ဖြေလျှော့ရန်မှာ မခက်ခဲလှချေ။

စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်ထဲမှာတုန်းက လှောင်အိမ်ကြီးနှင့်ပတ်သက်သည့် အတားအဆီးများသည် အချိန်ကြာလာသည်အထိ မပျောက်ကွယ်သွားသောကြောင့် ဟုန်ရင် အရင်ဆုံးထွက်လာခဲ့ခြင်းဖြစ်၏။

ယွင်မင် ခေါင်းညိတ်ပြလိုက်သည်။

ဟုန်ရင်ကလည်း သူ(မ)၏လှံတံကို ထုတ်ယူလိုက်သည်။

ပြန်လည်ဝင်စားရေးစွမ်းအားများသည် သူ(မ)၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လှံတံကို ပြန်လည်ဝင်စားရေးစွမ်းအင်များက ဖုံးအုပ်ထားရုံသာမက ထိုလှံတံကိုရစ်ပတ်ယှက်နွယ်ထားသော မီးတောက်မီးလျှံများကလည်း မီးလျှံမြွေဟောက်တစ်ကောင်အလားပင်။

ပြန်လည်ဝင်စားရေးစွမ်းအားများ အတိုင်းအတာတစ်ခုအထိ စုစည်းပြီးသွားသည့်အခါ ဟုန်ရင်သည် သူမ၏လှံတံဖြင့် ထိုးခွင်းပစ်လိုက်သည် ။

ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ၏ ပထမသိုင်းကွက်..

အုန်း..

ပြန်လည်ဝင်စားရေးစွမ်းအင်များသည် အဆက်မပြတ်ပေါက်ကွဲထွက်လာပြီး တိမ်တိုက်များဆီသို့ တည့်တည့်ပစ်လွှတ်ခံလိုက်ရသည်။

လှံ၏အဖျားက သံချိန်းကြိုးကို ထိုးစိုက်ချလိုက်သည်။

တစ်ခဏချင်းမှာပင် သံကြိုးသည် ပြင်းထန်စွာတုန်ခါလာပြီး သန့်စင်မွမ်းမံထားသော သံမဏိအသံလှိုင်းများကို ထုတ်လွှတ်လာလေသည်။

သံကြိုးကိုဖုံးအုပ်ထားသော ရေခဲများသည် အက်ကွဲကြောင်းများ စတင်အက်ကွဲလာ၏။

ယွင်မင်သည် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ မထိတ်လန့်ဘဲမနေနိုင်ချေ။

ဤလှံတံစွမ်းရည်သည် အရှင်မ၏ယခင်လှံတံစွမ်းရည်ထက်ပင် ပိုမိုအားကောင်းနေသေးသည်။

ဤတစ်ခုသည် ပို၍လက်ရာမြောက်လှပြီး ယခင်တစ်ခုနှင့်အဆင့်ချင်းကွာခြားလှသည်ဟု ဆိုနိုင်ပေသည်။

ဟုန်ရင်သည် ရေခဲများကွဲအက်လာသည်ကို မြင်လိုက်ရသည်။ သံကြိုးများကလည်း ထိုဒဏ်ကိုမခံနိုင်ချေ။

ထို့နောက် ဒုတိယသိုင်းကွက်ကို အလျားလိုက်ခုတ်ချလိုက်သည် ။

လှံတံစွမ်းအားသည် လေဟာပြင်ကိုထိမှန်ပြီး လှိုင်းဂယက်များကို ဖြစ်ပေါ်လာစေသည်။

ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ၏ ဒုတိယသိုင်းကွက်..

အဆုံးမှာမူ ၎င်းသည် သံကြိုးပေါ်ကို ဆင်းသက်သွား၏။

အုန်း..

သံကြိူးကြီးသည် ရေခဲအက်ကွဲကြောင်းများတစ်လျှောက် ကလေးငယ်၏လက်မောင်းများအတိုင်း ကွဲအက်သွားလေသည်။

ယွင်မင်၏ခန္ဓာကိုယ်ပေါ်ရှိ ကျင့်ကြံရေးအငွေ့အသက်များကလည်း စတင်ပြောင်းလဲလာသည်။

ရှင်းနေသည့်အချက်မှာ အတားအဆီးများစတင်ပြေလျှော့နေပြီဖြစ်၏။

ထို့နောက် ဟုန်ရင်က အသံခပ်တိုးတိုးဖြင့် အော်ဟစ်လိုက်သည်။

ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ၏ တတိယသိုင်းကွက်ထွက်ပေါ်လာပြီး သံကြိုးပေါ်သို့ အရှိန်ဖြင့်ဆင်းသက်လာသည်။

ခရက်.. ခရက်..

သံကြိုး လုံးဝပျက်စီးသွားသည်။

ရေခဲများသည်လည်း အလွှာလိုက်ကွဲကြေစပြုလာသည်။

ဟုန်ရင်သည် ယွင်မင်၏အင်္ကျီအစွန်းနားကို ဆွဲကိုင်လိုက်ပြီး ချိုင့်ဝှမ်းထိပ်ဆီသို့ ပျံတက်သွားလိုက်သည်။

သူတို့ အပြင်ကိုခြေချလိုက်သည်နှင့် ရေခဲတောင်ချိုင့်ဝှမ်းကြီးက လုံးဝပြိုကျသွားလေသည်။

မြေလွှာကျွံချိုင့်ဝှမ်းကြီးသည် ရေခဲများဖြင့်ဖုံးလွှမ်းသွားပြီး လုံးဝပျောက်ကွယ်သွားလေတော့သည် ။

ယွင်မင်သည် ဟုန်ရင်၏ရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး ရုတ်ခြည်းဒူးတစ်ဖက်ထောက်ချလိုက်သည်။

“ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုက ယွင်မင်.. အရှင်မနဲ့အတူ ကောင်းကင်ဘုံကို ထပ်တိုက်ခိုက်လိုစိတ်ရှိပါတယ်”

ဟုန်ရင် ခေါင်းညိတ်ပြလိုက်သည်။

“မင်းက အခု အရမ်းအားနည်းနေသေးတယ်။ ငါ့အနားမှာပဲနေပြီး ဖြည်းဖြည်းချင်း သက်သာလာအောင်လုပ်ဦး

“ကျွန်တော်နားလည်ပါပြီ”

ထိုအခိုက်အတန့်တွင် ဤလွင်ပြင်ကြီး၏ အခြားတစ်ဖက်တွင် ခန့်မှန်းရခက်သောအရှိန်အဝါများထုတ်လွှတ်နေသည့် ပုံရိပ်အချို့က ဒေသကြီးလေးခုကို အကဲခတ်စူးစမ်းနေချေသည်။

Comment

  1. heintayzar955588257 says:

    😍😍😍😍😍

Leave a Reply

Options

not work with dark mode
Reset