ရီဖူရှင်းတို့အုပ်စု ကောင်းကင်မှ ကျဆင်းလာကာ လောင်ယွန်မြို့ သခင်လေးတို့ အုပ်စုရှေ့ကို ကျဆင်းသည်။ ယခု တိုက်ပွဲပင် မစသေးဘဲ အရှုံးပေးနေပြီလား…။ သူတို့က ဘယ်ကလဲ…။ ဒီနေရာကို ရယ်စရာဟု သဘောထား နေကြသည်လော…။
ကျိုးရှင်းတောင်ပေါ်တွင် ရီဖူရှင်းတို့အုပ်စုကို ရက်စက်သော မျက်လုံးများဖြင့် ကြည့်နေသူများ ရှိသည်။ တန်ခိုးရှင် တစ်ယောက်က ပြောသည်… “မင်းတို့က ကျိုးရှင်း တောင်ပေါ်ကို ဆင်းသက်လာတယ်… မတိုက်ခိုက်ရသေးဘဲ ဘယ်လိုလုပ် အရှုံးပေးရတာလဲ… ကျိုးရှင်းတောင်ကို မင်းတို့က ဘာမှတ်နေတာလဲ…” သူ၏အမူအရာက ရေခဲတမျှ အေးစက်နေသည်။ ကောင်းကင်မှ လျှပ်စီးများ ဖြစ်ပေါ်လာကာ သူတို့ ဆင်းသက် လာသည်ကို ပြန်စဉ်းစားကာ ကျိုးရှင်းတောင် အပေါ်မှ ပျံသန်း သွားရဲလောက်အောင် မည်သူမှ ဤမျှ အတင့်မရဲကြပေ။ ထို့ကြောင့်ပင် ဤအုပ်စုက ကောင်းကင်မှ ကျဆင်းလာသည် ဖြစ်ရမည်။
ဤသို့ဆိုလျှင် သူတို့က ပိုမို၍ပင် အလွယ်တကူ ထွက်မသွားသင့်…။ သူတို့က ဤနေရာကို ဆင်းသက်ခဲ့မှတော့ ကောင်းကင်ဘုံ၏ ဆန္ဒကို လိုက်နာရမည်။
ချီယွန်က လက်ကို ဝှေ့ယမ်းသည်တွင် အကာနာ တန်ခိုးရှင် လေးယောက်က သူတို့၏ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများကို ထုတ်လွှတ်ကာ ရီဖူရှင်းတို့အား ဝန်းရံ လိုက်ကြသည်။ ချက်ချင်းပင် သူတို့အနီးမှ သဘောဝ စွမ်းအင်များက ကြမ်းတမ်းစွာ စီးဆင်းသွားသည်။
“မင်းက ဒဏ်ရာရပြီးမှ အရှုံးပေးမယ် ဆိုရရင်တော့ အသက်ရှင်ရက် ထွက်သွားနိုင်တယ်…” ချီယွန်က ပြောသည်။ ရီဖူရှင်းက ထိုနေရာတွင်ပင် ရပ်ကာ မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေသည်။
ကျိုးရှင်း တောင်ပေါ်တွင် မရေမတွက်နိုင်သော လူငယ်များ ရောက်နေကြသည်။ ကြည့်ရသည်မှာ ဝင်ခွင့်တစ်ခုခု သို့မဟုတ် စစ်ဆေးမှု တစ်ခုခုကို ခံယူနေကြဟန် ရသည်။ သူတို့ ဘာလုပ်ရမည်နည်း။
ခဏမျှ စဉ်းစားပြီးနောက် တစ်ဖက်လူများက တိုက်ခိုက်တော့မည်ကို မြင်သည်တွင် သူက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောသည်… “လူစုခွဲ…” ထို့နောက် သူတို့ လေးယောက်က လေးဖက်လေးတန်သို့ ခုန်လွှား လိုက်ကြသည်။
သူတို့ လေးယောက်က ကိုယ်ရောင်ကိုယ်ဝါ ကိုယ်စီကို ထုတ်လွှတ် လိုက်ကြသည်တွင် လူအုပ်က ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းတို့ အုပ်စုကား အမှန်ပင် အဆင့်မြင့် အကာနာများ ဖြစ်ကြသည်။ ထို့အပြင် ရီဖူရှင်းနှင့် ယူချင်းတို့က အကာနာအဆင့် ခုနစ်မျှသာ ရှိသေးပြီး ရီဝူချင်းက အဆင့်ရှစ်ဖြစ်သည်။ လို့လန်ရွှီ တစ်ယောက်သာ အကာနာအဆင့် ကိုးတွင်ရှိသည်။
သို့သော်လည်း လက်ရှိ သူတို့၏ တန်ခိုးအဆင့်ဖြင့် ချီယွန်၏လူများကို မည်သို့ အနိုင်ယူမည်နည်း။ ထိုလူလေးယောက်က သာမန်လူများ မဟုတ်ကြပေ။ ထိုလေးယောက်ထဲတွင် ပိုင်ရန်ဟူသော လူကား လောင်ယွန်မြို့မှ အလွန်အမင်း နာမည် ကျော်ကြားသော ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူ့အား လောင်ယွန်မြို့တော်ဝန် ကိုယ်တိုင်က သမက်အဖြစ် လျာထားခြင်း ခံရသူဖြစ်သည်။ အကယ်၍ လောင်ယွန်မြို့ကသာ ဦးဆုံး စိန်ခေါ်ခံရသူ မဟုတ်လျှင် ချီယွန်က သူ့အား ဤမျှ လျင်မြန်စွာ ပွဲထုတ်မည် မဟုတ်ပေ။
ပိုင်ရန်၏ တစ်ဦးတည်း စွမ်းအားကပင် ရီဖူရှင်းတို့ လေးယောက်ကို အနိုင်ယူ နိုင်လောက်သည်ဟု အားလုံးက တွေးထင်ကြသည်။ သူတို့က ရီဖူရှင်းတို့ အုပ်စုက ဘယ်ကလာသည်ကို မသိကြပေ။ ထို့အပြင် နောက်သုံးယောက်မှာလည်း လောက်ယွန်မြို့ သခင်လေးနောက်ကို လိုက်နေသည်က သူတို့ကိုယ်တိုင်က အစွမ်းထက်သော ပါရမီရှင်များ ဖြစ်သည်မှာ ထင်ရှားသည်။
“တိုက်…” ပိုင်ယွန်၏အသံက ခံစားချက် ကင်းမဲ့စွာ ထွက်ပေါ် လာသည်တွင် လူတစ်ယောက်က ကောင်းကင်သို့ ပျံသန်း တက်ရောက် သွားသည်။ ချက်ချင်းပင် ကြီးမားသော မြေဆွဲအား တစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ ရီဖူရှင်း အုပ်စုထံကို ကျဆင်း လာသည်။ ကျောက်တုံး ကျောက်ခဲများကလည်း လေထဲတွင် ဖြစ်ပေးလာကာ ရီဖူရှင်းတို့အုပ်စု၏လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကြိုးစားသည်။
ကောင်းကင်မှလူက သူ၏သက်စောင့် ဝိညာဉ်ကို ထုတ်လွှတ် လိုက်သည်တွင် ဧရာမ ကျောက်ဘီလူးကြီး တစ်ကောင် ထွက်ပေါ်လာသည်။ သဘာဝ စွမ်းအင်များက ကျောက်ဘီလူးကြီး၏ ခြေထောက်ပုံရိပ် ဖြစ်သွားကာ သူတို့ လေးယောက်ထံကို တိုက်ရိုက် ကျဆင်းလာသည်။
ဘယ်နှင့်ညာ နှစ်ဖက်မှ ရန်သူများကလည်း ဆက်တိုက် လှုပ်ရှား လိုက်ကြသည်။ ဘယ်ဘက်မှ တစ်ယောက်က သူ့တွင် သားရဲကောင် သက်စောင့်ဝိညာဉ်ကို ပိုင်ဆိုင်ကာ ကြီးမားသော အားအင်ကို ထုတ်လွှတ်နိုင်သည်။ သူ၏ လှုပ်ရှားမှုတိုင်းက လေထုကို တုန်ခါစေသည်။
ညာဘက်မှ လူက လက်ဝှေ့ယမ်းသည်တွင် လျှပ်စီးကြောင်းများက ရီဖူရှင်းတို့ထံ ပြေးဝင်လာသည်။ မလှုပ်မယှက် ရပ်ကြည့်နေသူကား ပိုင်ရန်ဖြစ်သည်။
တိုက်ခိုက်မှုများက သူတို့ထံ ရောက်လာခါနီးတွင်ပင် လို့လန်ရွှီက သူမ၏ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး အေးစက်သွားကာ မြူများ ဆိုင်းသွားသည်။ တစ်ဖက်လူများ အားလုံးက မြူများ ရစ်ပတ်ခံရကာ ရေခဲရုပ်တုများ အဖြစ်သို့ ပြောင်းလဲ သွားတော့မည်ကဲ့သို့ ဖြစ်သွားသည်။
ထိုစဉ်မှာပင် ယူချင်းနှင့် ရီဝူချင်းတို့ ဘေးပတ်လည်မှ ကျောက်တုံးများ ပြိုပျက်သွားသည်။ ယူချင်းက မြေပြင်ကို ဆောင့်နင်းက အပေါ်ကို ခုန်တက်လိုက်သည်။ သူက လက်ကို မြှောက်ကာ ဧရာမခြေဖဝါးကြီးအား တိုက်ခိုက် ဖျက်ဆီးလိုက်သည်။ ထို့နောက် ထိုတန်ခိုးရှင်၏ ခြေထောက်ကို ကိုင်ဆွဲကာ မြေပြင်ပေါ်ကို ကိုင်ပေါက်လိုက်သည်။
ထိုအခိုက်တွင် ကျောက်ဘီလူး လူငယ်ကား လေထဲတွင် ဟန်ချက်ပျက်ကာ အောက်ကို ကျဆင်းလာသည်။
တစ်ချိန်တည်းမှာပင် ရီဝူချင်း၏ တစ်ဖက်တည်းသော လက်က လေထဲကို ညွှန်လိုက်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော ဓားအသိများက ဘယ်နှင့်ညာကို ခွဲဖြာ၍ ထွက်သွားသည်။ ထိုအခိုက်တွင် သားရဲလူငယ်ကား သူ့ကို ဓားသွား မုန်တိုင်းများက ဝါးမျိုသွားသည်ဟု ခံစားရသည်။ သူက ဒေါသတကြီး အော်ဟစ်ကာ ရုန်းကန်သော်လည်း ထောင်ပေါင်း များစွာသော ဓားအသိများ အကြားတွင် သူ၏ခန္ဓာကိုယ်က သွေး ခြင်းခြင်းနီရဲသွားပြီး ဒဏ်ရာ ပြင်းထန်စွာ ရသည်။
တူညီစွာပင် လျှပ်စီးလူငယ်လည်း အခြေအနေက ထူးမခြားနား သွေးများ နီရဲစွာဖြင့် ထိုနေရာတွင်ပင် ရပ်နေသည်။ ရီဝူချင်းကသာ မညှာခဲ့လျှင် ထိုလူနှစ်ယောက် သေသွားပြီး ဖြစ်သည်။
ဘုန်းခနဲမြည်ကာ ကောင်းကင်မှ လူတစ်ယောက် ပြင်းစွာ ကျဆင်းလာသည်။ မြေကြီးက တုန်ခါကာ လူတစ်ယောက် မြေပြင်၌ တွန့်လိမ်စွာ လဲလျောင်းနေ၏။
ဒါ… လူအုပ်က ထိတ်လန့်သွားသည်။ ထိုလူများက ဘယ်လောက်တောင် အားကောင်းလိုက်သလဲ…။ သူတို့၏ တန်ခိုးအဆင့်က နိမ့်ကျနေသော်လည်း ရန်သူများကို အနိုင်ယူခဲ့ကြသည်။
သို့မဟုတ်လျှင် ရီဖူရှင်း၏ အရှုံးပေးမှုက တစ်ဖက်လူအား တမင် အထင်သေးစေရန် လိမ်ညာ ဟန်ဆောင်ခဲ့သည် များလား…။
ယခုမူကား ပိုင်ရန် တစ်ယောက်သာ ကျန်တော့သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ ရွှေရောင် သဘာဝ စွမ်းအင်များ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် ရွှေမြားများက တဝီဝီဖြင့် သူ့ကို လှည့်ပတ်ကြသည်။
ပိုင်ရန်က ရှေ့ကို ခုန်လွှားကာ သည်တွင် မြားများက အမှန်ပင် လေးကိုင်းများမှ ထုတ်လွှတ်သလို တဝှီးဝှီးဖြင့် ရှေ့ကို ပစ်လွင့်လာသည်။ သူကိုယ်တိုင်ကလည်း ရှေ့ကို တစ်ဟုန်ထိုး ပြေးလာနေ၏။
လူအုပ်က ရီဖူရှင်းတို့ အုပ်စုကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ ပိုင်ရန်ကား တခြား သုံးယောက်က များစွာ အားကောင်းသည်။ ထိုစဉ်မှာပင် ရီဖူရှင်း လှုပ်ရှားသည်ကို မြင်လိုက် ကြရသည်။ သူ၏ခြေထောက်တွင် လျှပ်စီးတစ်ချက် လက်သွားကာ တည်နေရာ ခုန်ကျော်ခြင်းဖြင့် ပိုင်ယွန်၏ရှေ့ကို ရုတ်တရက် ရောက်လာသည်။ သူက လက်ကို ဆန့်တန်း လိုက်သည်နှင့် ဧရာမ လက်ဝါး တံဆိပ်တော်က ပိုင်ရန်အား ဖမ်းဆုပ်ကာ မြေပြင်ပေါ်ကို ရိုက်ချလိုက်သည်။
ဘုန်း…
မည်သို့မှ ခုခံနိုင်စွမ်းမရှိ…။ ပိုင်ရန်ကား မြေပြင်တွင်ပင် မချိမဆံ့ လဲလျောင်းကာ ပါးစပ်မှ သွေးများ အဆက်မပြတ် ကျဆင်းလာသည်။
လူအုပ်ကား မှင်တက် ထိတ်လန့် နေကြသည်။ အကာနာအဆင့် ခုနစ်က အကာနာအဆင့် ကိုးတန်ခိုးရှင်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်သည်။ ဤသို့သော တိုက်ခိုက်ရေး စွမ်းရည်ကား ရှားမှ ရှားပေသည်။ အကာနာ အဆင့်အတွင်း သူတို့ကို အနိုင်ယူနိုင်မည့်လူ ရှိအံ့မထင်။
ကျိုးရှင်းတောင်ပေါ်မှ လူတိုင်း၏ အကြည့်က ရီဖူရှင်းတို့ အုပ်စုထံကို ရောက်နေသည်။ ထိုလူများ၏ အဘယ်၌ကား အလွန်လှပသော မိန်းကလေး တစ်ယောက် ရှိနေသည်။ သူမကား လေမုန်တိုင်း ရှီတန်ခိုးရှင်၏ ချစ်သမီး ချင်ရန် ဖြစ်သည်။
“သူတို့က ဘယ်သူတွေလဲ…” ချင်ရန်က တိတ်ဆိတ်စွာ မေးသည်။ ဘေးမှ လူများ အားလုံးက ခေါင်းယမ်းကြသည်… “မသိဘူး…”
သည်အုပ်စုက အကာနာ အဆင့်မျှသာ ရှိသော်လည်း ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်သည်။ သူတို့က အနည်းငယ်တော့ ကျော်ကြား သင့်ပေသည်။
“ကျိုးရှင်းတောင် ဒေသက ကြီးမားတယ်… အခု တန်ခိုးရှင်တွေ အကုန်လုံးက လာကြတာ ဆိုတော့ သူတို့ကို ဘယ်သူမှ မသိတာလည်း မထူးဆန်းပါဘူး…” တစ်ယောက်က ရှင်းပြသည်တွင် ချင်ယွန်က ခေါင်းညိတ်သည်။
ကံမကောင်းသည်က ထိုလူများက အကာနာ အဆင့်မျှသာ ရှိနေခြင်း ဖြစ်သည်။ သူတို့က သတ္တမအဆင့် နိုဘယ်များ ဆိုပါက တော်ဝင်လမ်းတွင် သူမအတွက် အထောက်အကူ ရနိုင်ပေမည်။ ယခုကား ထိုလူများက ထူးချွန်သည့်တိုင်အောင် အကာနာ အဆင့်မျှဖြင့် ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
သူတို့က နောက်သုံးနှစ် ကြာသောအခါ အခွင့်အရေး ရှိနိုင်ပေသည်။ သို့သော် သူမက ယခု အဋ္ဌမအဆင့် နိုဘယ်သို့ ရောက်နေပြီးဖြစ်ကာ အချိန်ထပ်စောင့်၍ မရတော့။ နောက်သုံးနှစ်တွင် သူမက အဆင့်နိမ့် နိုဘယ်ထက် မြင့်သွားသည်တွင် တောင်ဝင်လမ်းကို ဝင်ရောက်၍ မရတော့ပေ။
ချီယွန်၏ အမူအရာက ရေခဲတမျှ အေးစက်နေသည်။ သူက ဘေးမှလူကို ကြည့်လိုက်သည်တွင် ဘေးမှ လူက နိုဘယ် ကိုယ်ရောင်ကိုယ်ဝါဖြင့် ရှေ့ကို တက်လာသည်။
“နိုဘယ် တစ်ယောက်နဲ့ တိုက်ခိုက်ရမှာ မတရားဘူး ဆိုပေမဲ့ မင်းတို့က ဒီမှာ ရပ်နေမှတော့ ပြင်ဆင်ထားပြီးသားလို့ ငါယုံတယ်…” ချီယွန်က ပြောသည်။
ရီဖူရှင်းက သူ့ရှေ့မှနိုဘယ် တန်ခိုးရှင်ကို ကြည့်သည်။ သူ၏လက်ရှိ အဆင့်ဖြင့် နဝမအဆင့် နိုဘယ်ကို မကြောက်ပေ။ သို့သော် သူတို့က ယခုမှ ဤနေရာကို ရောက်လာကာ အခြေအနေများကို နားမလည်သေးပေ။ သည်အတိုင်းသာ ဆက်သွားပါက ပြဿနာ ကြီးမားလာနိုင်သည်။
“ကျုပ်တို့က နိုဘယ်ကို မယှဉ်နိုင်ဘူး… အရှုံးပေးတယ်…” ရီဖူရှင်းက ပြောသည်။
“မင်းတို့က ဒီကို ရောက်လာမှတော့ မတိုက်ဘဲ နောက်ဆုတ်လို့ ရမလား…” ချီယွန်က ထိုသို့ ပြောလိုက်သည်နှင့် ကြီးမားသော နိုဘယ် အရှိန်အဝါက ထွက်ပေါ်လာကာ ရီဖူရှင်းတို့ထံ ရိုက်ခတ်လာသည်။
“ခဏနဦး…” ထိုအခိုက်တွင် အသံတစ်သံကို ကြားကြရသည်။ သူကား အဓိက မြို့ကြီးငါးမြို့ထဲမှ တစ်မြို့ဖြစ်သော မြို့ရိုးဖြူမြို့မှ ဖြစ်သည်။ လီစွမ်းကား မြို့ရိုးဖြူမြို့၏ သခင်လေးဖြစ်ကာ သူကိုယ်တိုင်က သတ္တမအဆင့် နိုဘယ်ဖြစ်ပြီး နှိမ့်ချတတ်ကာ ဖော်ရွေ စိတ်ကောင်းသူ ဖြစ်သည်။ သူ့ဘေးမှ လူများအားလုံးက သူ့နောက်ကို လိုက်ပါ နေကြခြင်းမှာ ထိုလူများ၏ စိတ်ရင်းကို ပိုင်ဆိုင် သောကြောင့်လည်း ဖြစ်၏။
လီစွမ်းက ရီဖူရှင်းကို ကြည့်ကာ မိတ်ဆက်သည်… “မြို့ရိုးဖြူမြို့က လီစွမ်း…”
“ရီမို…” ရီဖူရှင်းက ပြန်ပြောသည်။ သူက သူ၏ ညီငယ်နာမည်ကို သုံးလိုက်သည်။ ဤနေရာက မိုးမြေ ကောင်းကင်မြို့နှင့် အလွန် ဝေးကွာသော်လည်း ဘေးကင်းမည် မကင်းမည်ကို သူမသေချာ။ အကယ်၍ မိုးမြေကောင်းကင်မြို့မှ သူ၏ရန်သူများကသာ သူ့အား သိသွားပါက အခြေအနေ မကောင်းနိုင်။
“မင်း တက်လာတဲ့ပုံစံက လောင်ယွန်အဖွဲ့ကို စိန်ခေါ်တဲ့ ပုံစံဖြစ်နေတယ်… ဒါကြောင့် လောင်ယွန်မြို့အဖွဲ့က မင်းတို့ကို ရင်ဆိုင်ဖို့ နိုဘယ်အဆင့်ကို စေလွှတ်ခွင့် ရှိနေတယ်… ရီမို… မင်းတို့က ငါတို့ မြို့ရိုးဖြူမြို့အဖွဲ့ကို ဝင်မလား… ဒါဆို ငါတို့က နိုဘယ်တန်ခိုးရှင်ကို စေလွှတ်ပြီး မင်းအစား တိုက်ခိုက် ပေးလို့ရတယ်…” လီစွမ်းက ရှင်းပြသည်။
ရီဖူရှင်း၏ မျက်လုံးများက အရောက်လက် သွားသည်။ အမှန်ပင် ရီဖူရှင်းက ထင်ပေါ်မည်ကို မလိုလားပေ။ သို့သော်လည်း သူက လီစွမ်း နောက်ကိုလည်း မလိုက်လိုပေ။
“မင်းတို့ ဒီကို ရောက်လာတာ တော်ဝင်လမ်း အတွက်ပဲ ဖြစ်ရမယ်… မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားက ပြိုင်ဘက်ကင်းပဲ… ဒါပေမဲ့ တန်ခိုးအဆင့်က နိမ့်နေတယ်… မင်းတို့က တော်ဝင်လမ်းကို တက်မယ်ဆိုရင် တခြားလူတွေနဲ့ ပေါင်းဖို့လိုတယ်…” လီစွမ်းက တိုက်တွန်းသည်။
“တော်ဝင်လမ်း အတွက်လား…” ယခုထိ ရီဖူရှင်းက တော်ဝင်လမ်းကို သေချာစွာ နားမလည်သေးပေ။ ထို့ကြောင့် သူက ခေါင်းညိတ် လိုက်သည်… “ကောင်းပြီ…”
ယခုအချိန်ကား တိုက်ခိုက်ရန် မသင့်တော်ပေ။ သူက ဖြစ်လာမည့် အကျိုးဆက်များကို နားလည်ရန် လိုသေးသည်။
***