လောင်မေ့ရှန်းသည် ဓားသိုင်းခန်းမမှဖြစ်ပြီး ဤသိုင်းပညာဖလှယ်ပွဲ၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၏။
သူသည် ပင်လယ်ရေလှိုင်းအဆင့်သို့ ခြေလှမ်းတစ်ဝက်ခန့် လှမ်းထားနိုင်ပြီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် လောင်မေ့ရှန်းသည် နေမဝင်အင်ပါယာက စေလွှတ်ထားသူတစ်ဦးလည်း ဖြစ်သည်။
လောင်မေ့ရှန်းသည် ချိုးယွီနှင့်အခြားသူများကို ယဲ့ချိုးပိုင် မသတ်လျှင်ပင် ယဲ့ချိုးပိုင်ကို တိုက်ခိုက်ပြီးသတ်လိမ့်မည်သာ။
သို့သော် ယဲ့ချိုးပိုင်သည် တစ်ဖက်လူက သူ့အား လာမရှာနိုင်ခင်မှာ သူ့ကို ရှာတွေ့လိုက်ပေသည်။
ပြင်းထန်လှသော ဓားစွမ်းအင်ကို ရင်ဆိုင်နေရသည့် လောင်မေ့ရှန်းသည် လက်ထဲကဝိုင်ခွက်ကို ချထားလိုက်သည်။
ပင်လယ်ရေလှိုင်းအဆင့်ကို ခြေလှမ်းတစ်ဝက်ခန့်ရောက်ထားပြီးသားလူတစ်ယောက်၏စွမ်းအားသည် ယုံမှားကင်းဖွယ်ထွက်ပေါ်လာလေတော့သည်။
ထိုအရာသည် မှော်နက်ဓားသွားချီစွမ်းအင်နှင့် ထိခတ်မိပြီးနောက် ဟိန်းဟောက်သံကျယ်ကြီးများက ဤနေရာ၌ ထွက်ပေါ်လာသည်။
အနီးကပ်လေ့လာကြည့်လျှင် တိုက်ပွဲဖြစ်ပွားရာနေရာသည် ဆက်တိုက်ဆိုသလိုပုံပျက်နေမှန်းသိနိုင်ပေလိမ့်မည်။
“အဲဒီတောင်ပိုင်းတောသားက စီနီယာအစ်ကိုလောင်ကို တိုက်ခိုက်လိုက်တာပဲ”
“စီနီယာအစ်ကိုလောင်က သိုင်းပညာဖလှယ်ပွဲရဲ့အဖွဲ့ဝင်တစ်ယောက်ပဲလေ။ ချိုးယွီတောင် သူနဲ့မယှဉ်နိုင်တဲ့ဟာကို”
“ဒီကောင်လေးက မောက်မာလွန်းတယ်”
ရုတ်တရက်ဆိုသလိုပင် လောင်မေ့ရှန်း၏လက်ထဲရှိဝိုင်ခွက်က ဓားသွားချီစွမ်းအင်ထိမှန်ပြီး ကွဲအက်သွားလေသည်။
လောင်မေ့ရှန်းက အနည်းငယ်မျက်မှောင်ကြုတ်လျက် အေးစက်စွာစကားဆို၏။
“မင်းက သေမင်းကိုလက်ယပ်ခေါ်နေတာပဲကွ”
သူ့စကားအဆုံးတွင် လောင်မေ့ရှန်းသည် သူ့ဓားရှည်ကိုထုတ်ပြီး လက်ဖဝါးတစ်ဖက်ဖြင့် မြေကြီးကိုပုတ်လိုက်သည်။ မြေပြင်မှာ အက်ကွဲသွားပြီး လောင်မြေရှန်းသည်လည်း လွှားခနဲခုန်လိုက်သည်။
သူ့လက်ထဲရှိဓားရှည်ဖြင့် ယဲ့ချိုးပိုင်ကို အောက်ခြေမှအပေါ်သို့ ဒေါင်လိုက်ခုတ်ပိုင်းပစ်လိုက်သည်။
ယဲ့ချိုးပိုင်ကလည်း မျက်နှာတစ်ချက်မပျက်ဘဲ သစ်သားဓားဖြင့်ပိတ်ကာလိုက်သည်။
နှစ်ယောက်သား ချက်ချင်းလူချင်းကွဲသွားလေသည်။
ဓားသွားချီစွမ်းအင်သည် ကမ္ဘာမြေပေါ်ဝယ် တဒင်္ဂမျှသောင်းကျန်းနေချေသည်။
လောင်မေ့ရှန်းက အေးစက်စွာဟစ်အော်လိုက်သည်။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ယဲ့ချိုးပိုင်ကို ထပ်မံတိုက်ခိုက်လိုက်သည်။
ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချိုးပိုင်သည် ရှေ့ကို တိုးသွားလိုက်သည်။ သို့သော် လူမရောက်ခင် ဓားသွားကရောက်နှင့်ပြီးချေပြီ။
ဓားသွားထိပ်အချင်းချင်း တိုက်မိသွားကြသည်။ ဓားသွားချီစွမ်းအင်များသည် ရုပ်လုံးပေါ်လာပုံရပြီး တစ်ယောက်ကိုတစ်ယောက် အဆက်မပြတ်တိုက်ခိုက်နေသော ချီစွမ်းအင်ဓားသွားအဖြစ် ပြောင်းလဲသွားလေသည်။
တိုက်ခိုက်မှု ခဏတာမျှရပ်တန့်သွားသည်။
ဤသည်မှာ လောင်မေ့ရှန်းကို အံ့အားသင့်သွားစေသည်။
သူ၏ဓားသွားချီစွမ်းအင်သည် သူကျင့်ကြံနေသော ကျင့်ကြံရေးနည်းဗျူဟာကြောင့် အလွန်လွှမ်းမိုးနိုင်စွမ်းကြီး၏။
၎င်းကို ထိပ်တိုက်ရင်ဆိုင်နိုင်သူ အလွန်နည်းပါးလှသည်။ ထို့အပြင် သူ့အဆင့်သည် ယဲ့ချိုးပိုင်ထက် များစွာမြင့်မားလေသည်။
အလုပ်နှင့်သက်သေပြဖို့ပြောရဲသည်ကို မအံ့သြတော့ချေ။
ရှင်းဟုန်ယီ၊ ဟော်ချင်းမင်နှင့် အခြားသူများသည် ထိုမြင်ကွင်းကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏အကြီးအကဲက စိတ်ဝင်တစားမိန့်မြွက်လေသည်။
“အိုး..တောင်ပိုင်းမှာ ဓားသိုင်းတာအိုဉာဏ်ကြီးရှင်တစ်ယောက်ရှိနေတာပဲ”
အနောက်ပိုင်းဓားသိုင်းတာအိုကျောင်းတော်၏အကြီးအကဲကလည်း ဝင်ပြောသည်။
“တောင်ပိုင်းမှာ ဓားသိုင်းတာအိုအမွေဆက်ခံသူမရှိလောက်ဘူး။ ဒီလူက သူ့ဆရာကြောင့် ဓားသိုင်းတာအိုနယ်ပယ်မှာ အင်မတန်အစွမ်းထက်တဲ့ပုံရိပ်တစ်ခုအဖြစ် အသိအမှတ်ပြုခံထားရတာပဲနေမယ်”
လောင်မေ့ရှန်းသည် ဤသိုင်းကွက်က သူ့အား အရေးမသာစေကြောင်း မြင်လိုက်ရသောအခါ ဒေါသမထွက်ဘဲမနေနိုင်တော့ပေ။
သူ့လက်ထဲရှိဓားရှည်ဟာ ရုတ်တရက်တုန်ခါသွားပြီး ပေါက်ကွဲသံနှင့်အတူ နောက်ပြန်ဆုတ်သွားသည်။ နောက်တော့ သူ ခုတ်ချလိုက်သည်။
ဓားသွားရောင်ခြည်တစ်ခုက ယဲ့ချိုးပိုင်ဆီသို့ ပစ်ဝင်လာသည်။
ဓားသွားရောင်ခြည်သည် သတ်ဖြတ်လိုသောအရိပ်အယောင်များ ဖုံးလွှမ်းနေပြီး အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။
ယဲ့ချိုးပိုင်ကမူ နည်းနည်းမျှမတုန်လှုပ်ပေ။ မှော်နက်မိစ္ဆာချီစွမ်းအင်သည် သူ့လက်ထဲရှိသစ်သားဓားဆီမှ ထကြွလာလေသည်။
တောက်လောင်နေသည့်ဓားရောင်ခြည်ကို ထုတ်လွှတ်ပေးနေသော ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားပင်။
စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်၏ ကောင်းကင်ဘုံမိစ္ဆာစမ်းသပ်မှုကို ကျော်ဖြတ်ပြီးနောက်တွင် ယဲ့ချိုးပိုင်၏ဓားစွမ်းအင်သည် နတ်ဆိုးသဘာဝအရိပ်အယောင်များကို သယ်ဆောင်ထားခဲ့သည်။
ဓားသွားရောင်ခြည်သည် အဆုံးမဲ့သတ်ဖြတ်ရေးရောင်ဝါများနှင့် ပြည့်နှက်နေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ယဲ့ချိုးပိုင် မျက်နှာမဲ့လူများကို ဆက်တိုက် သတ်ဖြတ်ခဲ့ရခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။
အနီးအနားရှိလူများသည် ဤသတ်ဖြတ်ရေးရောင်ဝါကိုသတိပြုမိရုံဖြင့် ခဏတာမျှသတိလွတ်သွားပေလိမ့်မည်။
ပင်လယ်ရေလှိုင်းအဆင့်သို့ ခြေလှမ်းတစ်ဝက်ခန့်ရောက်နေပြီဖြစ်သည့် လောင်မေ့ရှန်းပင်လျှင် ဤသတ်ဖြတ်ရေးရောင်ဝါကိုသတိပြုမိသောအခါ မတုန်လှုပ်ဘဲမနေနိုင်ချေ။
ထိုအဖြစ်ကလည်း သူ့ကို အလွန်ဒေါသထွက်သွားစေသည်။ သူသည် ပင်လယ်ရေလှိုင်းအဆင့်ရှိသူတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။
ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်တွင်ရှိသော တောင်ပိုင်းတောသားတစ်ယောက်က အဘယ်ကြောင့်များ ယခုလိုအခြေအနေကိုရောက်လာအောင် တွန်းအားပေးနိုင်ရသလဲ။ အနာဂတ်မှာ သူ ကျောင်းတော်ကို ဘယ်လိုမျက်နှာပြရပါ့မလဲ..
လွှမ်းမိုးနိုင်စွမ်းကြီးသောဓားရောင်ခြည်သည် မဟူရာရောင်ဓားချက်ကြီးနှင့် တိုက်ခတ်မိလေတော့သည်။
အနက်ရောင်လျှပ်စီးကြောင်းကြီးသည် အရပ်မျက်နှာအဖက်ဖက်သို့ ပျံ့နှံ့သွားချေသည်။
တစ်စုံတစ်ယောက်က ထိုအရာများကို ကမန်းကတန်းတွန်းထုတ်လိုက်သည်။
လက်နှစ်ဖက်စလုံးဖြင့် အကာအကွယ်ဒိုင်းကာကို မြှောက်ကိုင်ထားရသူများလည်း ရှိသည်။
လောင်မေ့ရှန်းသည် ယဲ့ချိုးပိုင်ကို ချေမှုန်းပစ်နိုင်သည်ဟု လူတိုင်းထင်ထားသလိုပင်။
လွှမ်းမိုးနိုင်စွမ်းကြီးသော ဓားရောင်ခြည်သည် ထိုဓားချက်ကို တိုက်ရိုက်မဖြိုခွဲချေ။ ထိုအစား ၎င်းသည် ဝိုးတိုးဝါးတားအရေးနိမ့်သွားချေသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဓားရောင်ခြည်သည် ဝါးမြိုခံလိုက်ရပုံပေါ်သည်။
၎င်းသည် သဲလွန်စပင်မကျန်ရစ်ဘဲ ပျောက်ကွယ်သွားလေတော့သည်။ အနက်ရောင်ဓားချက်သည် အရှိန်အဟုန်မပျက်သွားဘဲ လောင်မေ့ရှန်းကို ထပ်မံတိုက်ခိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်သည် သေဖို့ရာထိုင်စောင့်မနေဘဲ မြေပြင်ကို ခြေနှစ်ချောင်းဖြင့် ရုတ်တရက်ဆောင့်ကန်ချလိုက်ပြီး ထိုအရှိန်ကိုသုံးကာ လောင်မေ့ရှန်းဆီကို အပြေးနှင်လေတော့သည်။ သူ့လက်ထဲရှိ သစ်သားဓားကိုလည်း လွှဲယမ်းလိုက်၏။
လောင်မေ့ရှန်း၏အမူအရာ သိသိသာသာပြောင်းလဲသွားသည်။
ထို့နောက် သူကနှာမှုတ်လျက် ရှေ့သို့တိုးကပ်သွားပေသည်။
ဓားသိုင်းကျင့်ကြံသူတစ်ယောက်က ဘာကိုကြောက်နေရမှာလဲ။
သူ့ထက် အဆင့်နိမ့်သူတစ်ယောက်ကို ရင်ဆိုင်နေရသည်ကိုပင် အသာထားဦးတော့။
မကြာမီအခိုက်အတန့်လေးတွင် လောင်မေ့ရှန်း၏ရုပ်သွင်သည် သုံးပိုင်းကွဲထွက်သွားသည်။
ဓားသွားရောင်ခြည်သုံးစင်းသည် ယဲ့ချိုးပိုင်သို့ ဦးတည်သွားသည် ။
ဤဓားရောင်ခြည်ဟာ အရှိန်ကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲပုံရိပ်တစ်ခုမဟုတ်ဘဲ အစစ်အမှန်သာဖြစ်၏။
တစ်ကျော့ပြန်ပျံလွှားငှက်…
မြောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်မှလူတိုင်းသည် ဤသည်မှာ လောင်မေ့ရှန်းတီထွင်ထားသောဓားသိုင်းစွမ်းရည်တစ်ခုဖြစ်ကြောင်း သိကြသည်။
ထိုစွမ်းအားသည် အလွန်ကြောက်စရာကောင်းလှပေသည်။
ထို့အပြင် ရှောင်ရှားရန်လည်းမဖြစ်နိုင်ပေ။
၎င်းကို အင်အားသုံး၍ဖြိုခွဲမှသာရလေသည်။
ရှင်းဟုန်ယီမှာ မှင်တက်အံ့သြသွားရချေသည်။
အကယ်၍ သူမသာ ဤရိုက်ချက်ကို ရင်ဆိုင်ရပါက ၎င်းကိုတွန်းလှန်ရန်အတွက် သူမ၏ဝှက်ဖဲကိုအသုံးပြုရတော့မည်ဖြစ်၏။
သို့သော် ထိုလူမှာ ယဲ့ချိုးပိုင်ဖြစ်နေသည့်အတွက်…
သူ(မ စိတ်မပူမိပေ။ သူ(မ)သည် ကျောင်းတော်ထဲတွင် ယဲ့ချိုးပိုင်နှင့်အတူ မကြာခဏလေ့ကျင့်ခဲ့ကြသည်။
လောင်မေ့ရှန်း၏အဆင့်သည် သူ့ထက် များစွာမြင့်မားလှသော်လည်း ယဲ့ချိုးပိုင်မှာ ယခုအချိန်တွင် အင်အားကုန်ထုတ်မသုံးရသေးပေ။
သို့သော် အတွင်းသိအဆင်းသိမဟုတ်သူများကမူ ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်တော့ အဆုံးသတ်ပြီဟု ခံစားမိလိုက်ကြသည်။
ယဲ့ချိုးပိုင်သည် လောင်မေ့ရှန်း၏တစ်ကျော့ပြန်ပျံလွှားငှက်ကို ခုခံရန်အခွင့်အရေးမရှိသလို လွတ်လမ်းလည်းမရှိပေ။
ဓားရောင်ခြည်များထဲမှ တစ်ခုသည် အနက်ရောင်ဓားချက်နှင့် ဝင်တိုက်မိလေသည်။
အခြားနှစ်ခုကမူ ယဲ့ချိုးပိုင်ကို တိုက်ခိုက်လေသည်။
ယဲ့ချိုးပိုင်ကတော့ ထိတ်လန့်ခြင်းအလျင်းမရှိချေ။
မရှောင်နိုင်ဘူးတဲ့လား။
ယဲ့ချိုးပိုင်မှာ ရှောင်ပြေးဖို့ ဘယ်တုန်းကမှမတွေးထားခဲ့ပေ။
သူ့လက်ထဲရှိသစ်သားဓားမှာ ယခုအခိုက်အတန့်လေးတွင် မိစ္ဆာချီစွမ်းအင်များ ပေါက်ကွဲထွက်လာလေသည်။
မိစ္ဆာသဘာဝလှိုင်းလုံးကြီးများသည် ပတ်ဝန်းကျင်ရှိလူများ၏စိတ်အစဉ်ကို ထိခိုက်စေသည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ တတိယမြောက်သိုင်းကွက်..
ဓားသွားက လွတ်ထွက်လာပြီး မိစ္ဆာချီစွမ်းအင်သည်လည်း ဆန်တက်လာ၏။
လောင်မေ့ရှန်း၏အမူအရာ တစ်ဖန်ပြောင်းလဲသွားပြန်သည်။
ဤဓားကို သူ ခုခံနိုင်စွမ်းမရှိလောက်တော့ဘူးဟု အမှန်တကယ်ခံစားမိလိုက်သည်။
ဓားရောင်ခြည်နှစ်ခုက တစ်ခုပြီးတစ်ခု ရောက်ချလာသည်။
ယဲ့ချိုးပိုင်ကလည်း ထိုဓားရောင်ခြည်များကို ဓားဖြင့်ပိုင်းပစ်လိုက်သည်။
ဓားရောင်ခြည်နှစ်ခု ချက်ချင်းပြိုကွဲသွားလေသည် ။
လောင်မေ့ရှန်းသည် သူ၏ဓားရှည်ဖြင့်ပြန်တိုက်ခိုက်နေစဉ် အမူအရာ သိသိသာသာပြောင်းလဲသွားသည်။
သို့သော် ဤလျှပ်တပြက်ခုခံမှုသည် ယဲ့ချိုးပိုင်၏ ကြောက်မက်ဖွယ်ကောင်းလှသောတိုက်ခိုက်မှုကို ဘယ်လိုများတားဆီးနိုင်မလဲ။
ယဲ့ချိုးပိုင်သည် ရပ်တန့်ရန်ရည်ရွယ်ချက်မရှိပေ။
မင်းက သူများရဲ့နောက်လိုက်ခွေးဖြစ်ဖို့ ဆုံးဖြတ်ထားပြီဆိုမှတော့ အချိန်မရွေးအသက်စွန့်ရဲဖို့ကိုလည်း အသင့်ပြင်ထားရမှာပေါ့…
တချို့ကအော်ဟစ်လျက် တချို့ကလည်း ရှေ့ကို တိုးလာချင်ကြသည်။
သို့သော် သူတို့ကယ်တင်ရန် အချိန်မရသည်မှာ သိသာလှသည်။
လောင်မေ့ရှန်းသည် ယဲ့ချိုးပိုင်၏ဓားချက်အောက်တွင် သေရတော့မည်ဟု လူတိုင်းထင်နေကြသည့်အချိန်မှာပင် သူတို့နှစ်ဦးကြားတွင် ပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
သူသည် ဤရန်ပွဲကိုတားဆီးရန်အတွက် သူ့ဓားကိုမြှောက်လိုက်သည်။
အုန်း..
ဓားသိုင်းစျာန်အဘိညာဉ်လှိုင်းလုံးကြီး ထကြွလာလေသည်။
ယဲ့ချိုးပိုင်၏ဓားလည်း တားဆီးခံလိုက်ရသည်။
“ဓားသိုင်းစျာန်အဘိညာဉ်လား”
ယဲ့ချိုးပိုင်သည် သူ့ရှေ့ကလူကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူသည် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားပြီး ရှည်လျားလှသော သူ့ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်ဝဲလွင့်နေသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
မဟုတ်ဘူး။ အဲဒါက ဓားသိုင်းစျာန်အဘိညာဉ်မဟုတ်ဘူး..
သူသည် ဓားသိုင်းစျာန်အဘိညာဉ်၏အစွန်အဖျားလေးကိုသာ ထိမိခဲ့ခြင်းပင်။
သို့သော် သူ၏ကျင့်ကြံမှုသည် သူ့ထက် အမှန်တကယ်ပင်မြင့်မားလှသည်။
လောင်မေ့ရှန်းသည် သူ့ရှေ့ကလူကိုကြည့်ပြီး ရှက်ရွံ့စွာပြောလိုက်သည်။
“ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကျန်း”
စီနီယာအစ်ကိုကျန်းက ပတ်ပတ်လည်ကိုလှည့်လည်ကြည့်ရှုလိုက်ပြီး လောင်မေ့ရှန်းကို အေးစက်စွာစိုက်ကြည့်လိုက်သည်။
“ဓားသိုင်းကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်း တခြားလူတွေအသုံးချတာကို ဘာလို့ခံရတာလဲ။ သိုင်းပညာဖလှယ်ပွဲပြီးသွားရင် ဓားတောင်ထွတ်ကိုသွားပြီး ဆယ်နှစ်လောက် နံရံကိုမျက်နှာမူနေ”
လော်မေ့ရှန်းက ခေါင်းညိတ်ပြလာပြီး ဘာမှအထွန့်မတက်ဘဲ အရိုအသေပေးလိုက်သည်။
ဤလူသည် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ အသန်မာဆုံးပါရမီရှင်ပင် ဖြစ်ချေသည်။
ကျန်းချောင်မြန်