ဧည့်ခံပွဲကျင်းပရာနေရာ၏ဘေးတွင် လူအနည်းငယ်ထိုင်နေကြသည့် ခြံဝင်းတစ်ခုရှိသည်။
“အဲဒီကလေးက အိမ်ရှေ့မင်းသားရှင်းပစ်ချင်နေတဲ့လူလား”
“မှားနိုင်စရာမရှိပါဘူး”
“ကောင်းပြီ။ သူ့အင်အားကိုစမ်းသပ်ဖို့ နောက်မှ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ သူ့ကို ပွဲချင်းပြီးသတ်ပစ်နိုင်ပြီး မြောက်ပိုင်းဒေသရဲ့လျှို့ဝှက်တာအိုကျောင်းတော်ကလူတွေနဲ့ ရန်သူဖြစ်လာရင်တော့ အကောင်းဆုံးပေါ့”
“ကောင်းပြီ။ ကျုပ် စီစဉ်လိုက်မယ်”
“စိတ်မပူပါနဲ့။ အိမ်ရှေ့စံမင်းသားက ခင်ဗျားကိုလျစ်လျူရှုထားမှာမဟုတ်ပါဘူး”
ထိုလူခမျာ အပျော်လွန်သွားရှာ၏။ ထို့နောက် သူသည် ရိုသေစွာဦးညွှတ်လိုက်ပြီး ကိစ္စများကိုစီမံရန်ထွက်သွားလေတော့သည်။
…
ဧည့်ခံပွဲတွင်မူ ဟော်ချင်းမင်၊ လင်းစီနှင့် ရှင်းဟုန်ယီတို့သည် ရှေ့နားတွင်ထိုင်နေကြပြီဖြစ်၏။
ကျုံးဝူနှင့် ကျန်းယွမ်ကတော့ ဝင်ပါခြင်းမရှိချေ။
ထိုအခြင်းအရာကို ယဲ့ချိုးပိုင်မြင်လိုက်ရသောအခါ ညစာစားဖို့ အချိန်ရောက်ပြီဟု တွေးလိုက်မိသည်။
ခါတိုင်းဆိုလျှင် စံအိမ်တော်မှာရှိစဉ်အခါက သူသည် အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်ပြီး သူ့သခင်နှင့်ဂျူနီယာညီမလေးနှင့်အတူ စားသောက်လေ့ရှိသည်။
သူသည် ညစာစားနေကျဖြစ်နေသောကြောင့် မစားနိုင်စရာလည်းမရှိပေ။
သို့ဖြစ်ရာ ယဲ့ချိုးပိုင်သည် ရှေ့ကိုတိုုးသွားကာ အနောက်နားရှိခုံမှာ ဝင်ထိုင်လိုက်လေသည်။
သူ စားခါနီးတွင် လူတစ်ယောက်က သူ့အနားကိုလျှောက်လာသည်။
“ဟေ့.. မင်းက တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကမလား”
ယဲ့ချိုးပိုင်က လှည့်ပင်မကြည့်ချေ။
ဟွမ်းယွမ်နှင့်ကျုံးဝူတို့လည်း ထိုလူကြမ်းကြီး ယဲ့ချိုးပိုင်အနားကပ်သွားသည်ကိုတွေ့တော့ လှမ်းကြည့်လိုက်ကြသည်။
“အဲဒီလူက မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကထင်တယ်”
“ဒါပေမဲ့ သူက ပညာဖလှယ်ပွဲမှာပါဝင်မဲ့လူတော့မဟုတ်ဘူး”
“ယဲ့ချိုးပိုင် စိတ်လိုက်မာန်မလုပ်မိဖို့မျှော်လင့်ရတာပဲ”
သို့သော်လည်း သူတို့ဆွေးနွေးနေစဉ်မှာပင် ကြက်သေသေသွားရလေသည်။
ထိုလူကြမ်းကြီးသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ယဲ့ချိုးပိုင်၏ပခုံးကို လှမ်းကိုင်လိုက်သည်။ သို့သော် ယဲ့ချိုးပိုင်၏အရှိန်အဝါကြောင့် တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားချေသည်။
ယဲ့ချိုးပိုင်ကမူ တစ်ချက်မျှပင်လှည့်မကြည့်ဘဲ စားနေဆဲပင်။
သို့သော် သူ့ပတ်ပတ်လည်ရှိ ဓားသွားချီစွမ်းအင်သည် ဓားများအဖြစ်သို့ပြောင်းလဲသွားပြီး ထိုလူကြမ်းကြီးကို တိုက်ခိုက်လေသည်။
ထိုလူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားချေသည်။ ဤဓားသွားချီစွမ်းအင်သည်ပင် သူ့ကို သေခြင်းတရား၏ခြိမ်းခြောက်မှုမျိုးကို ခံစားမိစေသည်။
သူ့လက်ကို အလျင်အမြန်မြှောက်လိုက်သည်နှင့် သူ့ရှေ့တွင် ဒိုင်းကာများပေါ်လာသည်။ ထို့နောက် သိုလှောင်ရေးလက်စွပ်ထဲမှ အဆောင်များကိုထုတ်ပြီး သူ့ကိုယ်သူအလွှာလိုက်ရစ်ပတ်ပစ်လိုက်သည်။
သို့သော် ဒိုင်းကာသည် ယဲ့ချိုးပိုင်၏ဓားစွမ်းအင်နှင့်တွေ့သောအခါ ပါးလျလျစက္ကူချပ်လေးတစ်ခုနှယ် ဖြစ်သွားလေသည်။
ထိုအရာသည် တိုက်ရိုက်ထိုးဖောက်ခံလိုက်ရပြီး ဟက်တက်ကွဲသွားပေသည်. အဆောင်ယတြာအလွှာများကိုလည်း ထိုးခွင်းသွားလေသည်။
ဖူး..
ဓားသွားချီစွမ်းအင်သည် ထိုလူ၏ရင်ဘတ်တည့်တည့်ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်လာသည်။ ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘေးနားရှိများမှာ မတုန်လှုပ်ဘဲမနေနိုင်တော့ချေ။
ဤတိုက်ခိုက်မှုမှာ ပြတ်သားပြီး ရက်စက်လွန်းလှသည်မဟုတ်ပါလား…။
ယဲ့ချိုးပိုင်ကတော့ များများစားစားတွေးမနေပေ။ သူသည် အနောက်နားမှာ ထိုင်နေခြင်းဖြစ်သော်လည်း တစ်စုံတစ်ယောက်ကမူ သူ့ကို လာရန်စနေဆဲပင်။ သို့ဖြစ်ရာ သူ့ဘက်ကလည်း အများကြီးတွေးနေဖို့မလိုချေ။ တစ်စုံတစ်ယောက်က သူ့အား သွေးထိုးလှုံ့ဆော်လာပေသည်။
တစ်စုံတစ်ယောက်က သွေးထိုးလှုံ့ဆော်လာသည်ဖြစ်ရာ သူ့ဘက်ကလည်း သဘာဝကျကျပင် ယဉ်ကျေးပြနေလိမ့်မည်မဟုတ်ပေ။
“အဲဒါ ပညာဖလှယ်ပွဲမှာပါမဲ့ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကလူ မဟုတ်လား”
“ဟုတ်တယ်။ သူ့ကြည့်ရတာ တော်တော်သန်မာပုံရတယ်”
“ဒီလောက်က မဆိုးဘူးလို့ပဲ ယူဆလို့ရတာပါ။ ငါ့စီနီယာအစ်ကိုကျန်းနဲ့ မယှဉ်နိုင်မှာပဲစိုးတယ်”
“အဲဒါက ရှင်းနေတာပဲမဟုတ်လား။ စီနီယာအစ်ကိုကျန်းက ဘယ်လိုလူမျိုးမို့လို့လဲ။ သူက မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်မှာ နံပါတ်တစ်ဓားသိုင်းတာအိုပါရမီရှင်အဖြစ် လူသိရှင်ကြားအသိအမှတ်ပြုခံထားရတာလေ”
ယဲ့ချိုးပိုင်လည်း ထိုစကားကိုကြားလိုက်သည်။
သို့သော် ဤကိစ္စကို သူ သိပ်ဂရုမစိုက်ချေ။
ထိုလူကိုတိုက်ခိုက်ပြီးလျှင် သူသည် နံပါတ်တစ်ဖြစ်လာမည်ကို သူသိသည်။
“မင်း သူ့ကို ဘာလို့ ဒီလောက်ထိ ပြင်းပြင်းထန်ထန်တိုက်ခိုက်ရတာလဲ။ ဒါ ရာဇ၀တ်မှုကျူးလွန်နေတာပဲမဟုတ်လား”
မျှော်လင့်ထားသလိုပင်။ ထိုလူက ရေအတိမ်အနက်ကို လာစမ်းသပ်ခြင်းသာဖြစ်၏။
ယဲ့ချိုးပိုင် နှာမှုတ်လိုက်သည်။ သူသည် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်နှင့် ရန်ငြိုးရန်စမရှိပေ။
သို့သော် တစ်ဖက်လူက သူ့ကို ယခုလိုပစ်မှတ်ထားနေခြင်းမှာ ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။
တစ်စုံတစ်ယောက်သည် ဤအရာအားလုံးကို ထိန်းချုပ်ထားပြီး ထိုလူသည် နေမဝင်အင်ပါယာမှတစ်စုံတစ်ဦးဖြစ်သည်မှာ သေချာသည်။
မြောက်ပိုင်းဒေသရှိ နေမဝင်အင်ပါယာကသာ ယဲ့ချိုးပိုင်ကို ယခုလိုပစ်မှတ်ထားမည်ဖြစ်၏။ နေမဝင်အင်ပါယာသာလျှင် သူ့အသက်ကို လိုချင်နေခြင်းဖြစ်သည်။
လူတစ်ယောက်က ထိုလူကို သတိထားမိသွားသည်။
“အဲ့ဒါက မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က ချိုးယွီပဲ။ သူက သိုင်းပညာဖလှယ်ပွဲမှာမပါပေမဲ့ သိုင်းပညာခန်းမမှာ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်နေတုန်းပဲလေ”
“ချိုးယွီက ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်လောက်နဲ့တင် ပင်လယ်ရေလှိုင်းအဆင့်ရှိတဲ့ လူတစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာ။ အခု သူက ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်ကို ရောက်သွားပြီဆိုတော့ သူ့ခွန်အားက ဘယ်အဆင့်အထိရောက်နေပြီလဲဆိုတာ သိချင်မိပါရဲ့ကွာ”
တစ်ဖက်တွင်မူ ချီယွီ၏စကားကိုကြားသောအခါ ယဲ့ချိုးပိုင်မှာ မပြုံးဘဲမနေနိုင်ချေ။
“မင်းက သူများရဲ့နောက်လိုက်ခွေးဖြစ်နေပြီဆိုမှတော့ မင်းအသက်ကိုဘယ်အချိန်မဆို စတေးပေးနိုင်ဖို့ အသင့်ပြင်ထားမှဖြစ်မှာပေါ့”
ချိုးယွီ၏မျက်ဝန်းအစုံမှာ အံ့အားသင့်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသော်လည်း သြရှရှအသံဖြင့် ပြန်ပြောလိုက်သေးသည်။
“နောက်လိုက်ခွေးဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါက မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပဲ။ မင်း ဒီလိုမျိုးတွေလုပ်ပြီး သူများတွေကို ဒေါသထွက်အောင်လုပ်မိမှာမကြောက်ဘူးလား”
ယဲ့ချိုးပိုင်က သူ့ပါးစပ်ကိုသုတ်လိုက်ပြီး ပြောလာ၏။
“ပြောလို့ပြီးပြီလား”
ချိုးယွီ အံ့အားသင့်သွားချေသည်။
ယဲ့ချိုးပိုင်သည် သူ၏သစ်သားဓားကိုထုတ်ယူကာ ချိုးယွီကို လှည့်ကြည့်လိုက်သည်။ သူက အေးစက်စွာစကားဆိုလိုက်၏။
“အဓိပ္ပါယ်မရှိတဲ့စကားတွေလည်း ပြောပြီးပြီဆိုတော့ အလုပ်လုပ်ကြရအောင်။ မင်းရဲ့သခင်လည်း မစောင့်နိုင်လောက်တော့ဘူးဆိုတာသေချာတယ်”
ချီယွီ၏အမူအရာသည် အညှာအတာကင်းမဲ့ဟန်ပြောင်းသွားပြီး သံမဏိလက်အိတ်နှစ်လုံးကို လက်မှာဝတ်ဆင်ကာ ယဲ့ချိုးပိုင်အား ရုတ်တရက်ရိုက်ချလိုက်သည်။
ယဲ့ချိုးပိုင်သည် ဤမြင်ကွင်းကို တည်ငြိမ်စွာကြည့်နေခဲ့သည်။ သူ့လက်ထဲရှိဓားရှည်က တုန်ခါသွားပြီး ဓားသွားချီစွမ်းအင်ကလည်း ချိုးယွီကိုတိုက်ခိုက်လေတော့သည်။
ချိုးယွီကလည်းအော်ဟစ်လျက် သူ့လက်သီးဖြင့် အဆက်မပြတ်ထိုးနှက်ကာ ဓားသွားချီစွမ်းအင်ကို ဖြိုခွဲပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ အနည်းငယ်လည်းတုန်လှုပ်သွားရသည်။
ဓားသွားချီစွမ်းအင်ကို ပိတ်ဆို့လိုက်နိုင်သော်လည်း သူ့လက်သီးများသည်ပြင်းထန်စွာနာကျင်သွားရလေသည်။
ဓားစွမ်းအင်သည် ချိုးယွီ၏လက်သီးမှတစ်ဆင့် အရိုးများထဲအထိ ကုပ်တွယ်ကာ ပုပ်သိုးဆွေးမြည့်သွားသလိုပင်။
သူ့ခန္ဓာကိုယ်အတွင်းပိုင်းတစ်ခုလုံးကို ဖျက်ဆီးလိုက်သည့်အလားပင်။
ဓားစွမ်းအင်များ ပိတ်ကာခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် ယဲ့ချိုးပိုင်ကိုယ်တိုင်ရှေ့ကိုထွက်ကာ ဓားဖြင့် တိုက်ခိုက်လေတော့သည် ။
မှော်နက်ဓားသွားချီစွမ်းအင်သည် သစ်သားဓားကို ဝန်းပတ်ထားပေသည်။ လက်သီးနှင့်ဓားတစ်လက် ထိခတ်မိသွားပြီး ချွင်ခနဲမြည်သံထွက်ပေါ်လာသည်။
သို့သော် ကွာခြားချက်မှာမူ ယဲ့ချိုးပိုင်သည် တည်ငြိမ်နေပြီး ချိုးယွီကတော့ ထိတ်လန့်နေဟန်ပင်။ ချိုးယွီ၏လက်ထဲရှိ သံမဏိလက်အိတ်ဟာ အမှန်တကယ်ကွဲကြေသွားလေပြီ။
သူ့လက်ပေါ်တွင် မရေမတွက်နိုင်သော သွေးလိုင်းများ ပေါ်လာသည်။
မရေမတွက်နိုင်သော သွေးအစင်းကြောင်းများ သူ့လက်ပေါ်တွင် ပေါ်ပေါက်လာပြီး ကြေကွဲဖွယ်ရာအော်ဟစ်သံနှင့်အတူ လေထဲလွင့်သွားချေတော့သည်။
ပတ်ပတ်လည်ရှိလူအပေါင်းမှာ အံ့အားသင့်သွားလေ၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချိုးယွီက သူ့ဆီက သိုင်းကွက်တစ်ကွက်လေးတောင် ခံနိုင်ရည်မရှိဘူးတဲ့လား”
“ဒီတောင်ပိုင်းတောရိုင်းသားက ဘယ်လိုတောင်သန်မာနေတာလဲ။ သူက သူြအရှိန်အဝါတစ်ခုတည်းနဲ့တင် ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်ကို ရောက်နေတာထင်တယ်”
“ကြည့်ရတာ ငါတို့တွေအားလုံး တောင်ပိုင်းဒေသကို လျှော့တွက်ထားမိပုံပဲ”
အမှောင်ထဲရှိ တစ်စုံတစ်ယောက်မှာ ထိုမြင်ကွင်းကိုကြည့်ပြီး သူ့ရည်ရွယ်ချက် အောင်မြင်သွားပြီဟူသောအပြုံးမျိုး ပြုံးလိုက်လေသည်။
ယဲ့ချိုးပိုင်ကလည်း ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီး အေးစက်စက်နှင့် စကားဆိုလိုက်သည်။
“ငါ့ကိုတိုက်ခိုက်ချင်တဲ့လူ ရှိသေးလား”
တခြား ဘယ်သူမှပြန်မဖြေသည်ကို မြင်သောအခါ ယဲ့ချိုးပိုင်က သူ့သစ်သားဓားကိုကောက်ကိုင်လိုက်ပြီး စားပွဲနှင့်ထိုင်ခုံများရှိရာဆီကို လျှောက်သွားလိုက်သည်။
ဟွမ်းယွမ်က မျက်မှောင်ကြုတ်လျက်ပြောလေသည်။
“သူက ဒီနည်းနဲ့ နောက်ကွယ်ကကြိုးကိုင်သူကို ဖော်ထုတ်ချင်နေပုံရတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အရမ်းထင်ပေါ်လွန်းအားကြီးတယ်”
ကျုံးဝူသည် ယဲ့ချိုးပိုင်ကို တွေးဆဆဖြင့်ကြည့်လိုက်လေသည်။
ယဲ့ချိုးပိုင်ကမူ ရှေ့သို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။
ခြေလှမ်းတစ်လှမ်းစီတိုင်းတွင် ဓားသွားချီစွမ်းအင်များ ထွက်ပေါ်လာသည်။
သူ နောက်တစ်လှမ်းလှမ်းလိုက်သည်နှင့် ဓားသွားချီစွမ်းအင်သည် ကောင်းကင်ထိတိုင် ဆန်တက်သွားလေသည်။
အဖြူနှင့်အမည်းဓားသွားစွမ်းအင်များက ယဲ့ချိုးပိုင်ကို အဆက်မပြတ်ဝိုင်းရံထားသည်။
ထိုအရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
နတ်ဘုရားတစ်ပါးအလားပင်။
ယဲ့ချိုးပိုင်သည် ဆဋ္ဌမထိုင်ခုံဆီသို့ လျှောက်သွားကာ ထိုင်ခုံပေါ်တွင် အရက်ထိုင်သောက်နေသောအမျိုးသားကို အေးစက်စွာကြည့်လိုက်လေသည်။
“တစ်ပွဲလောက် နွှဲချင်လား”
ယဲ့ချိုးပိုင် အကြောင်းမဲ့လုပ်နေခြင်းမဟုတ်ချေ။ ဤလူသည် ဟိုးအစကတည်းက သူ့ဘက်ကို တစ်ချက်မျှပင်မကြည့်လာပေ။
ယခုအချိန်တွင် ယဲ့ချိုးပိုင်သည် လူမသိသူမသိလေး ဆက်မနေချင်တော့ချေ။
ထိုကဲ့သို့သေးနုပ်လှသော လှည့်ကွက်များကိုထုတ်သုံးခြင်းက သူ့အတွက် အသုံးမဝင်ကြောင်း နေမဝင်အင်ပါယာကို နားလည်စေချင်သည်။
တစ်စုံတစ်ယောက်မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားသည်။
ရိုက်ချက်တစ်ချက်တည်းနှင့် ပြိုင်ဘက်ကင်းလှသော ဓားသိုင်းတာအိုပညာ…
အရက်သောက်နေသောလူက ယဲ့ချိုးပိုင်ကိုကြည့်ကာရယ်မောလိုက်သည်။
“အိုး..ငါက ဘာလို့ မင်းနဲ့တိုက်ခိုက်ရမှာလဲ”
ယဲ့ချိုးပိုင်က မျက်ခုံးပင့်လိုက်ပြီး စကားဆို၏။
“ဒါဆို ငါက မင်းနဲ့တိုက်ခိုက်ဖို့မထိုက်တန်ဘူးလို့ ထင်နေတာလား။”
“ထင်တယ်ဆိုရင်ရော ဘာဖြစ်လဲ”
“ချိုးယွီတစ်ယောက်တည်းကို အနိုင်ယူလိုက်တာနဲ့ပဲ ငါတို့မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ရဲ့ ပါရမီရှင်မှန်သမျှကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်နေတယ်ပေါ့”
ဘုံး..
ဓားသွားချီစွမ်းအင်သည် ကောင်းကင်ထိတိုင်ဆန်တက်သွားပြီး မှော်နက်မိစ္ဆာချီစွမ်းအင်များလည်း ဖုံးလွှမ်းနေချေသည်။
ဓားသွားချီစွမ်းအင်သည် ထိုလူကိုထိုးခွင်းသွားသောအခါ သူ့အကြည့်ကလည်း လေးနက်လာလေသည်။
ဤအရှိန်အဝါကပင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေလေပြီ။
ဤသည်မှာ ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်ရှိသူတစ်ယောက် ထုတ်လွှတ်နိုင်သောစွမ်းအားမျိုး မဟုတ်ပေ။
“အခု ထိုက်တန်သွားပြီလား”