မြောက်ပိုင်းဒေသတွင်..
ဤနေရာရှိ လျှို့ဝှက်တာအိုကျောင်းတော်သည် တောင်ပိုင်းဒေသရှိကျောင်းတော်ထက် ပိုမိုချမ်းသာသည်။
ဤသည်မှာ ယဲ့ချိုးပိုင်နှင့်အခြားသူများ ခံစားလိုက်ရသော ပထမဆုံးအမြင်ဖြစ်သည်။
တပည့်တပန်းပေါင်းများစွာလည်းရှိ၍ တစ်ချိန်တည်းမှာပင် ကျောင်းတော်ကြီးထဲ၌ အမျိုးမျိုးသော စိတ်တန်ခိုးရှင်ဘုံအဆင့်များရှိသည်။
သို့သော်လည်း ကွာခြားသည်မှာ မြောက်ပိုင်းဒေသသည် တောင်ပိုင်းဒေသထက် ပို၍ပင် ဖိနှိပ်ချုပ်ချယ်ခံရခြင်းဖြစ်၏။
ခေါင်းဆောင်ရူက ရှင်းပြသည်။
“မြောက်ပိုင်းဒေသရဲ့လျှို့ဝှက်တာအိုကျောင်းတော်က လိုက်လျောညီထွေဖြစ်အောင် ရှင်သန်နေထိုင်ခြင်းကို အသားပေးထားတာ”
“တခြားသူတွေနောက်မှာ နည်းနည်းလောက်များ နောက်ကောက်ကျကျန်နေခဲ့တာနဲ့ ဒီနေရာကနေ ဖယ်ထုတ်ခံရလိမ့်မယ်”
ထိုစကားကိုကြားသောအခါ အားလုံး သဘောပေါက်သွားကြသည်။
ထိုသို့ ဖိအားများသည့်ပတ်ဝန်းကျင်အောက်တွင် သူ သန်မာနေမှသာ ပထမအဆင့်အဖြစ်သတ်မှတ်ခံရမှာ ပုံမှန်ပင်ဖြစ်၏။
သို့သော် ယဲ့ချိုးပိုင်သည် တောင်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်၏အငွေ့အသက်ကို ပိုနှစ်သက်သည်။
ကိုယ်ခံပညာအကြောင်းဆွေးနွေးခြင်း နှင့် သိမြင်နားလည်မှုကို အတည်ပြုရန် လက်ရည်စမ်းကြခြင်း။
အလွန်အေးချမ်းလှပုံပင်။
ထိုအချိန်တွင် လူကြီးသူမအချို့ ရောက်ချလာသည်။
ခေါင်းဆောင်ဖြစ်သူသည် မျက်ခုံးမွေးနှင့် မုတ်ဆိတ်မွေးခပ်ရှည်ရှည်ရှိသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။
သူသည် အနည်းငယ်ဦးညွှတ်ပြီး ပြုံးပြလေသည်။
“အားလုံးကို ကြိုဆိုပါတယ်။ နေအိမ်တွေကိုလည်း စီစဉ်ပြီးပါပြီ။ ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ကြပါ”
ဤပုဂ္ဂိုလ်သည် မြောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်၏ အကြီးအကဲရူ နျဲ့ချင်ဖြစ်သည်။
သိုင်းပညာခန်းမအကြီးအကဲက ရှင်းပြသည်။
သူတို့သည် နေထိုင်ရမည့်နေအိမ်ဆီသို့ ဦးတည်သွားနေစဉ်မှာ မြောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်မှ တစ်စုံတစ်ယောက်က တီးတိုးပြောဆိုနေချေသည်။
သူ့စကားများက ရှုံ့ချမှုများအပြည့်ပင်။
“ဒီလူတွေက တောင်ပိုင်းဒေသရဲ့တောရိုင်းမြေကလာကြတာမဟုတ်လား”
“ဟုတ်တယ်။ ငါက နယ်မြေလေးခုပညာဖလှယ်ပွဲမှာပါဝင်ဖို့ ရောက်လာတာ”
“သူတို့နဲ့ ပြိုင်ရမှာတဲ့လား။ သူတို့အဆင့်တွေက ငါ့လောက်တောင်မမြင့်တာ။ စီနီယာအစ်ကိုကျန်းတောင် အားစိုက်စရာလိုလိုက်မှာမဟုတ်ဘူးထင်တယ်”
သူတို့စကားဝိုင်းသည် လူတိုင်း၏နားထဲကို ရှင်းရှင်းလင်းလင်းရောက်သွားလေသည်။
ဟော်ချင်းမင်က ဒေါသတကြီးပြောသည်။
“သူတို့က ငါတို့ကို တအားတွေအထင်သေးနေတာပဲ”
ရှင်းဟုန်ယီကလည်း သူ့လက်ထဲကဓားကို ထုတ်လိုက်ပြီး အေးစက်စွာဆိုလေ၏။
“သူတို့ ဘယ်လောက်တောင်သန်မာလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်”
လင်းစီ၏အမူအရာမှာလည်း အလွန်ရုပ်ဆိုးအကျည်းတန်နေချေသည်။
ဟွမ်းယွမ်ကမူ တည်ငြိမ်စွာဝင်ပြောလာသည်။
“ယာယီအကျိုးအတွက်နဲ့ တိုက်ခိုက်စရာမလိုပါဘူး။ မနက်ဖြန်သိုင်းပညာဖလှယ်ဖို့အတွက် မင်းတို့ရဲ့ခွန်အားကို ချွေတာထားလိုက်ပါ”
ဟော်ချင်းမင်က နှာမှုတ်ပြီး သူ့နှလုံးသားထဲရှိ ဒေါသများကို မျိုသိပ်ထားလိုက်ရသည်။
ရှင်းဟုန်ယီကမူ နားမထောင်ချေ။ သူ(မ)က ရှေ့ကို ခြေတစ်လှမ်းတိုးတော့မည့်ဆဲဆဲတွင် ယဲ့ချိုးပိုင်က သူ(မ)ကို လှမ်းဖမ်းထားလိုက်၏။
“တကယ်တော့ မလိုအပ်ပါဘူး။ မနက်ဖြန်ကျမှ သူတို့တွေကို ပါးဖြတ်ရိုက်ဖို့ ငါတို့ရဲ့ခွန်အားကို အသုံးချကြတာပေါ့”
ထိုစကားကိုကြားတော့ ရှင်းဟုန်ယီက သူ့လက်ထဲကဓားကို ပြန်ရုပ်လိုက်သည်။
ဟွမ်းယွမ်သည် ယဲ့ချိုးပိုင်ကို တစ်ချက်မျှကြည့်လိုက်မိသည်။
ခုနက သူပြောခဲ့တာတွေကို နားမဝင်ပေမဲ့ ယဲ့ချိုးပိုင်ကတော့ သူ့ကို နားချလိုက်နိုင်တာပဲ..
သူတို့အုပ်စု နေအိမ်သို့ ရောက်လာကြသည်။
မြောက်ပိုင်းဒေသ၏ လျှို့ဝှက်တာအိုကျောင်းတော်သည် မည်သည့်အဆင့်နိမ့်လှည့်ကွက်မျိုးကိုမှ မကစားခဲ့ပေ။ သူတို့နေထိုင်ဖို့ စီစဉ်ထားသည့်နေရာမှာ မဆိုးလှချေ။
“မနက်ဖြန်က သိုင်းပညာဖလှယ်ပွဲနေ့ပါ။ ကျေးဇူးပြုပြီး ကောင်းကောင်းအနားယူကြပါ”
ဤသို့ပြောပြီးနောက် နျဲ့ချင် ထွက်သွားလေသည်။
ခေါင်းဆောင်ရူနှင့် သိုင်းပညာခန်းမအကြီးအကဲကလည်း နောက်ကလိုက်သွားလေသည်။ တစ်စုံတစ်ခုကို ဆွေးနွေးချင်နေသည်မှာ သိသာလှသည်။
ချင်းထျန်းနျန်သည် သူတို့ မြောက်ပိုင်းဒေသထဲကိုရောက်ပါပြီဆိုကတည်းက ပြန်သွားခဲ့ခြင်းဖြစ်သည်။
အကြီးအကဲနှစ်ယောက် ထွက်သွားသည်ကိုမြင်သောအခါ ဟော်ချင်းမင်က ဒေါသတကြီး ကျိန်ဆဲလေသည်။
“သူတို့က အစွမ်းအားကိုးနဲ့ မာန်တက်နေကြတာပဲ။ အကြိမ်နည်းနည်းလောက်ပဲ ပထမရခဲ့ရုံလေးပဲမဟုတ်ဘူးလား။ ဒီတစ်ခါတော့ ငါ သူတို့ကို ဖြုတ်ချပြမယ်”
လင်းစီကလည်း မျက်နှာမသာမယာနှင့်ဆို၏။
“မနက်ဖြန်ကျရင် ဘယ်သူကဘာဆိုတာ သိရတော့မှာပါ”
ယဲ့ချိုးပိုင်ကမူ ပခုံးတွန့်ပြလိုက်ပြီး သိုင်းကျင့်ကြံရန်ပြင်သည်။
ထိုအချိန်တွင် လူတစ်စုက ခြံတံခါးကိုတွန်းဖွင့်ပြီး မနှုတ်ဆက်ပါဘဲ ဝင်လာကြလေသည်။
“မင်းတို့က ဘယ်သူတွေလဲ”
ကျုံးဝူက အနည်းငယ်မျက်မှောင်ကြုတ်လျက် ဆို၏။
“ယဉ်ကျေးမှုမရှိလိုက်တာ”
အရပ်ရှည်ရှည်နှင့် ခပ်ပိန်ပိန်ယောက်ျားတစ်ယောက်က လှောင်ပြောင်လေတော့သည်။
“တောင်ပိုင်းအရိုင်းသားတွေကို ယဥ်ကျေးပြစရာလိုလို့လား”
“မင်း”
ဟွမ်းယွမ်က ဟော်ချင်းမင်ကို နောက်ပြန်ဆွဲလျက် ရှေ့သို့လျှောက်သွားလိုက်သည်။
“မင်းတို့ ငါတို့ကိုရန်စဖို့ရောက်လာတာဆိုရင် လှည့်ပြန်လိုက်ပါတော့ ”
ရှေ့ဆုံးမှလူငယ်လေးသည် အရပ်မြင့်မြင့်နှင့် ပိန်ပါးပါးလူငယ်ကို အေးစက်စွာ ကြည့်လိုက်၏။
ထိုအခြင်းအရာကိုမြင်တော့ ထိုအရပ်ရှည်ရှည်နှင့် ပိန်လှီသောလူက ပါးစပ်ပိတ်သွားသည်။
“တောင်းပန်ပါတယ်။ အားလုံးပဲ.. ကျွန်တော့်ဂျူနီယာညီလေးက အရမ်းရိုင်းပျမိသွားပါတယ်”
“ကျွန်တော် ဒီကိုလာတာ အားလုံးကို ဧည့်ခံပွဲကိုလာခဲ့ဖို့ လာဖိတ်တာပါ”
“နယ်မြေလေးခုကကျောင်းတော်ကြီးတွေရဲ့ ပါရမီရှင်တွေကို ဒီည အခမ်းအနားအတွက် ဖိတ်ကြားရတာပါ။ ဒါက နယ်မြေလေးခုက လူငယ်ပါရမီရှင်အချင်းချင်း ရင်းနှီးချစ်ခင်ဖို့လည်း အဆင်ပြေစေပါတယ်”
ဟွမ်းယွမ်က ခဏမျှစဉ်းစားပြီး လူတိုင်းကို လှည့်ကြည့်လိုက်သည်။
သူသည် ယဲ့ချိုးပိုင်နှင့် အခြားသူများ၏ထင်မြင်ချက်ကို တောင်းဆိုနေသည်မှာ ရှင်းနေချေသည်။
ဟော်ချင်းမင်က နှာမှုတ်လျက် ဘာမှမပြောလာချေ။
ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင် ခေါင်းညိတ်ပြသည်ကိုမြင်တော့ သူပါ လိုက်ခေါင်းညိတ်ပြလိုက်သည်။
ကျုံးဝူနှင့် လင်းစီတို့ကလည်း ကန့်ကွက်ခြင်းမရှိပေ။
သို့မှသာ ဟွမ်းယွမ်ကဆို၏။
“ကောင်းပါပြီ။ ငါတို့ ဒီညဧည့်ခံပွဲကို အချိန်မီတက်ရောက်ပါ့မယ်”
ထိုအခြင်းအရာကိုမြင်တော့ ထိုလူက ကျေနပ်စွာခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ကျွန်တော် မင်းတို့ကိုမျှော်နေပါ့မယ်”
ထို့နောက် သူတို့ထွက်ခွာသွားလေသည်။
လင်းစီက ပြောလာလေသည်။
“ဒီပွဲက ဟုန်မန်ဧည့်ခံပွဲပဲဖြစ်ရမယ်။ နယ်မြေအသီးသီးကလူတွေရဲ့အင်အားကို ဖော်ထုတ်ချင်လို့လုပ်တာ”
ကျံးဝူကလည်း ခေါင်းညိတ်ပြီး သဘောတူသည်။
“ဒါက သူတို့ရည်ရွယ်ချက်ပဲဖြစ်လိမ့်မယ်။ အချိန်တန်လာရင် ငါတို့ရဲ့ခွန်အားကို ပြသရလိမ့်မယ်”
ဟွမ်းယွမ်ကလည်း ဝင်ပြောလေသည်။
“မင်းတို့ရဲ့ဝှက်ဖဲတွေကိုမဖော်ထုတ်ဘဲ ထိန်းသိမ်းထားနိုင်အောင် အစွမ်းကုန်ကြိုးစားပါ။ ချစ်ကြည်ရေးကိုလည်း အာရုံစိုက်ပါ။ ဒီတစ်ကြိမ်သာ ငါတို့ နောက်ဆုံးမှာပဲရှိနေသေးရင် ငါတို့တောင်ပိုင်းဒေသရဲ့လျှို့ဝှက်တာအိုကျောင်းတော်ကို တခြားလူတွေသိမ်းပိုက်သွားမှာစိုးတယ်”
ပင်မကျောင်းတော်သည် သူတို့ နောက်ဆုံးအဆင့်မှာတင် အကြိမ်ပေါင်းများစွာရှိနေသေးသည်ကိုမြင်လျှင် ကျောင်းတော်ကြီးကိုတာဝန်ယူခိုင်းရန် အခြားလူများကိုစေလွှတ်တော့မည်ဖြစ်၏။
ထိုအချိန်တွင် ချင်းထျန်းနျန်သည်လည်း အပြစ်ပေးခံရမည်ဖြစ်၏။
ဤအရာသည် မည်သူမျှမမြင်ချင်သောအရာဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် စိတ်အလှုပ်ရှားဆုံးဖြစ်နေသော ဟော်ချင်းမင်သည် လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ဟွမ်းယွမ်က ယဲ့ချိုးပိုင်ကိုကြည့်လျက် ပြောသည်။
“နေမဝင်အင်ပါယာကလူတွေလည်း ဧည့်ခံပွဲမှာ ပေါ်လာနိုင်တယ်။ မင်းလည်း ဒါကို သည်းခံရမယ်”
ယဲ့ချိုးပိုင်၏ကိစ္စသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ထျန်းယွမ်မြို့အနှံ့ ပျံ့နှံ့သွားခဲ့သည်။ အကြောင်းအရာအစုံအလင်ကို နည်းနည်းမျှစုံစမ်းရုံဖြင့် အကုန်သိနိုင်လေသည်။
စိတ်ဝင်စားမှုမရှိသော ယဲ့ချိုးပိုင်၏မျက်ဝန်းများသည် အေးစက်သွားလေသည်။ သူသည် မျက်ခုံးပင့်လိုက်ပြီး ဘာမှတော့ပြန်မပြောပေ။
ထိုအရာကိုမြင်တော့ ဟွမ်းယွမ်က ဘာမှထပ်မပြောတော့ချေ။
သူ့ဆရာသခင်ပင်လျှင် ယဲ့ချိုးပိုင်၏အရည်အချင်းကို ချီးကျူးထားသည်။
အချိန်ကား လျင်လျင်မြန်မြန်ကုန်ဆုံးသွားပြီး ညနေခင်းအချိန်ကို ရောက်ရှိလာသည်။
ဟွမ်းယွမ်နှင့် အခြားသူများသည် ဧည့်ခံပွဲသို့သွားကြလေတောြသည်။
ဧည့်ခံပွဲကာ သိုင်းပညာခန်းမမှာ ကျင်းပလေသည်။
ယခုအချိန်တွင် သိုင်းပညာခန်းမ၌ စားပွဲနှင့်ထိုင်ခုံများ တစ်ရာကျော်ရှိသည်။ စားပွဲတစ်ခုစီတွင်လည်း အစားအသောက်မျိုးစုံခင်းကျင်းထားသည်။
သို့သော် စားပွဲနှင့်ထိုင်ခုံများသည် အနောက်ဘက်ကိုရောက်လေလေ အစားအသောက်များက ပိုရိုးရှင်းလေလေဖြစ်ကြောင်းကို မျက်စိလျင်သူများ ရှာဖွေတွေ့ရှိနိုင်ပေသည်။
ရှေ့ဆုံးခုံနှင့်နီးလာလေလေ အရသာပိုရှိလေလေပင်။
ကျုံးဝူက မပြုံးဘဲမနေနိုင်တော့ချေ။
“ထူးထူးခြားခြားအစီအစဉ်တစ်ခုရှိပုံရတယ်”
သူပြောပြီးသည်နှင့် လူတစ်စု အနားကဖြတ်သွားကြသည်။
“မင်းရဲ့ရှေ့မှာ စားပွဲနဲ့ထိုင်ခုံတွေရှိနေတာကို လူတိုင်း မြင်ကြမှာပါ။ စားချင်ရင် ထိုင်ခုံမှာနေရာယူလိုက်ပါ”
“ဟုတ်တယ်။ မင်းတို့နေရာအတွက် မင်းတို့ကိုယ်တိုင် တိုက်ပွဲဝင်ရမယ်။ စားပွဲတစ်ခုတည်းကိုပဲ လူနှစ်ယောက်ရွေးထားတယ်ဆိုရင်တော့ မင်းတို့အချင်းချင်း ကြည့်ကြပ်ညှိနှိုင်းကြပေါ့”
ထိုလူ၏စကားက အလွန်ယဉ်ကျေးသော်လည်း ထိုစကားလုံးများ၏ နောက်ကွယ်ကအဓိပ္ပါယ်ကို လူတိုင်းနားလည်နိုင်သည်။
နေရာအတွက် တိုက်ခိုက်ဖို့လိုအပ်သည်။ အနိုင်ရသူက ထိုနေရာမှာထိုင်ဖို့ အရည်အချင်းပြည့်မီလိမ့်မည်။
ထိုစကားကိုပြောပြီးနောက် ထိုလူသည် ရှေ့ဆုံးခုံ၌သွားထိုင်ပြီး ပြုံးပြလေသည်။
“သေချာတာပေါ့။ မင်းတို့ ငါ့စားပွဲပေါ်ကအစားအသောက်တွေကို စားချင်ရင်လည်းရပါတယ်။ ယှဉ်ပြိုင်နိုင်တဲ့ခွန်အားရှိသရွေ့ ပြဿနာမဟုတ်ပါဘူး”
“ကောင်းပြီ။ အားလုံးထိုင်ကြတော့”
ဘယ်သူကမှ ချက်ချင်းမလှုပ်ရှားကြပေ။
သို့သော်လည်း အချိန်အနည်းငယ်ကြာပြီးနောက်တွင် အမျိုးသားတစ်ဦးက တောက်ပသောအပြုံးဖြင့် ရှေ့ထွက်လာလေသည်။
“လူတိုင်းက တအားနှိမ့်ချနေတော့ ငါလည်း ယဉ်ကျေးပြမနေတော့ဘူးနော်”
ထို့နောက် သူသည် ပထမထိုင်ခုံ၏နောက်ဘက်ရှိခုံပေါ်သို့ ခုန်လွှားတက်ထိုင်လိုက်သည်။
“ဒီစားပွဲကိုလိုချင်တဲ့သူတိုင်း အခု လာနိုင်ပါပြီ”
ထိုအခြင်းအရာကိုမြင်တော့ လူအများကထွက်လာပြီး စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။
သို့သော် လက်ရှိအချိန်တွင် မည်သူကမှ နေရာကိုလုယူလိုခြင်း မရှိကြချေ။
(Note : ဟုန်မန်ဧည့်ခံပွဲဆိုတာ ပွဲကိုတက်ရောက်တဲ့ဧည့်သည်တွေကိုသုတ်သင်ဖို့ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ ပွဲတစ်ခုပါ။ ဟန်ဧကရာဇ်လျှိုပန်းက သူ့ပြိုင်ဘက် ရှန်းယွီရဲ့ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ဘီစီ၂၀၆တုန်းက ကျော်ကြားခဲ့တဲ့ဇာတ်လမ်းတွဲကို ရည်ညွှန်းတာပါ)