Switch Mode

အခန်း (၃၅)

တပည့်တစ်ဦးကို ခေါ်ဆောင်လာခြင်း၊ စာပေကြယ်ပွင့်တစ်ပွင့် ကမ္ဘာမြေပေါ်ကို ဆင်းသက်လာခြင်း

ယဲ့ချိုးပိုင် နေအိမ်မှထွက်ခွာသွားပြီးနောက် လုချန်ရှန်းသည် တပည့်များထပ်မံခေါ်ယူပါက ဆုလာဘ်များလည်း ပိုမိုရရှိနိုင်မည်ဟု တွေးမိလိုက်သည်။

ထိုအကြောင်းကိုတွေးမိပြီး လုချန်ရှန်းမှာ လျှို့ဝှက်တာအိုကျောင်းတော်ကထွက်လာခဲ့ပြီး နယ်မြေလေးခုဆီသို့ လမ်းလျှောက်ထွက်လာခဲ့သည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။

အမွှေးတိုင်မီးရှို့သလောက်သာကြာသည့်အချိန်အတွင်းမှာပင် သူသည် တောင်ပိုင်းဒေသရှိ ချောင်ကြိုချောင်ကြားများထဲအထိပါ ရောက်ခဲ့သည်။

မြောက်ပိုင်းနယ်မြေထဲကို သူ ရောက်လာပြီး ဤတောင်တန်းငယ်လေးကို ဖြတ်သွားချိန်မှာမူ စနစ်ဆီမှအသံတစ်သံ ထွက်ပေါ်လာလေတော့သည်။

[လုပ်ဆောင်ရမည့်တာဝန် ; တပည့်တစ်ယောက်လက်ခံရန် မြစ်ဝှမ်းရွာသို့သွားပါ]

[အမည် : နင်ချန်းရှင်း]

[စွမ်းရည် : SSS အဆင့်]

[အထုံပါရမီ : အထက်တန်းစားစိတ်ဝိညာဉ်၊ စာပေကြယ်ပွင့်တစ်ပွင့် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာခြင်း၊ ဧကရာဇ်ဖြစ်ရန် အရည်အချင်းရှိသူ]

ကောင်းလိုက်တာ.. ဧကရာဇ်ဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့ နောက်ထပ်တစ်ယောက်ပဲ..

ဤသို့ဖြင့် ယခုလိုဖြစ်ပွားလာရခြင်းပင်။

နင်ချန်းရှင်းသည် သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး လေထဲတွင်လွင့်မျောနေသော လုချန်ရှန်းကို ကြည့်လိုက်ပြီး အံ့သြမှင်တက်စွာပြောလိုက်၏။

“အမတအရှင်သခင်.. သင်က ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်ပေမဲ့ ကျွန်တော်က သိုင်းပညာမကျင့်ကြံနိုင်ပါဘူး”

လုချန်ရှန်းက တခစ်ခစ်ရယ်လိုက်သည်။

“ဒါဆို မင်း တာအိုဆိုတာကို ဘယ်လိုယူဆထားလဲ”

ထိုအရာကိုကြားတော့ နင်ချန်းရှင်း အံ့သြသွားသည်။

တာအိုက ဘာလဲ။

Daoက ဘာကြီးလဲ။

သူ ထိုအကြောင်းကို တစ်ခါမှမတွေးဖူးသလို ဤလမ်းကြောင်းအတိုင်းလည်း မတွေးဖူးပေ။

နင်ချန်းရှင်း လေလေးနက်နက်တွေးတောလိုက်မိသည်။

ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းက သူ့ကို မနှောင့်ယှက်ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အကာအကွယ်အရံအတားတစ်ခု ဖန်ဆင်းလိုက်သည်။ သို့မှသာ သူတို့နှစ်ယောက်ကို မည်သူမှမနှောက်ယှက်နိုင်မှာဖြစ်၏။

တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာ၏။

နင်ချန်းရှင်းကတော့ တွေးနေတုန်းပင်။ ဒါပေမယ့် သေမျိုးတစ်ယောက်အနေနှင့် သူ မစားမသောက်ဘဲနေသော်လည်း သူ့ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များက ယိုယွင်းမသွားဘဲ မျက်နှာလေးနီမြန်းရုံသာရှိ၏။

စတုတ္ထနေ့တွင် နင်ချန်းရှင်းကို ဖြူဖျော့ဖျော့အရှိန်အဝါတစ်ခု ဝန်းရံထားလိုက်ပေသည်။

ဤသည်မှာ ဖြောင့်မတ်ခြင်းလမ်းစဉ်ပင်။

နင်ချန်းရှန် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ တာအိုလမ်းစဉ်ကို အနည်းငယ်မျှ သူဖမ်းဆုပ်ထားနိုင်လိုက်ပြီဟု ခံစားမိသော်လည်း အမိအရယူကြည့်သောအခါတွင်လည်း ချက်ချင်းပျောက်သွားပြန်သည်။

ငါးပေါက်စလေးတစ်ကောင်လိုပင်။ မြင်နိုင်သော်လည်း ဖမ်းမမိချေ။

နင်ချန်းရှင်းက လုချန်ရှန်းကိုကြည့်ပြီး မေးလိုက်သည်။

“တာအိုလမ်းစဉ်ဆိုတာ ဘာလဲ ”

သူသည် ပညာရှင်တစ်ဦးဖြစ်သည်။

သုတစာအုပ်များကိုဖတ်တိုင်း သူနားမလည်သည့်အရာတစ်ခုတွေ့လျှင် တွေးတောအဖြေထုတ်နေမိသည်။

နားမလည်လျှင် ပြန်မေးသည်။

လုချန်ရှန်းကလည်း နင်ချန်းရှင်းကိုကြည့်ပြီး အဖြေကို တိုက်ရိုက်မပေးလိုက်ချေ။ ထိုအစား သူက “မင်း ဘာလို့ စာလေ့လာနေရတာလဲ”ဟု မေးလိုက်သည်။

နင်ချန်းရှင်း၏နှလုံးခုန်သံမှာ စည်းချက်တစ်ချက်လွဲသွားသည်။ သူ ခဏလောက်စဉ်းစားကြည့်ပြီး ပြန်ဖြေလိုက်သည်။

“ကမ္ဘာကြီးကို ပညာပေးဖို့နဲ့ ကမ္ဘာပေါ်ကစစ်ပွဲတွေကို တားဆီးဖို့”

အမှန်ပင်။ သူသည် စာအုပ်များကိုအသုံးပြုပြီး ကမ္ဘာကြီးကို အသိပညာပေးပြီး ငြိမ်းချမ်းမှုများကို ဖြည့်စွမ်းပေးချင်သည်။

၎င်းသည် ငြိမ်ချမ်းပြီး စိတ်ချမ်းမြေ့ဖွယ်ရာပင်။ ကမ္ဘာကြီးလည်း ငြိမ်းချမ်းလာပေလိမ့်မည်။

နင်ချန်းရှင်း ထိုသို့ပြောလိုက်သောအခါ ကောင်းကင်ထက်မှ ရွှေရောင်ဗုဒ္ဓရောင်ခြည်တစ်ဖြာသည် နင်ချန်းရှင်း၏ခန္ဓာကိုယ်ပေါ် ဖြာကျလာလေသည်။

ဤသည်မှာ ကုသိုလ်တော်ရောင်ခြည်ဖြစ်သည်။ ကောင်းကင်ဘုံမှကုသိုလ်တော်တရားသည်လည်း သူ့အား တာဝန်တစ်ရပ်ပေးအပ်ခဲ့သည်။

ထိုအခြင်းအရာကိုမြင်တော့ လုချန်ရှန်းက ခေါင်းညိတ်ပြပြီး စကားဆို၏။

“တာအိုဆိုတာက တာအိုပါပဲ။ အဲ့ဒါက ပန်းတစ်ပွင့်လည်းဖြစ်နိုင်သလို သစ်ပင်တစ်ပင်လည်းဖြစ်နိုင်တယ်။ ဖုန်မှုန့်တွေလည်း ဖြစ်နိုင်တာပဲ။ အရာအားလုံးဟာ တာအိုဖြစ်နိုင်ပါတယ်”

နင်ချန်းရှင်းလည်း အတွေးနက်သွားရချေတော့သည်။

လုချန်ရှန်းက သူ့စကားကိုဆက်၏။

“မင်းက ကမ္ဘာကြီးကိုဉာဏ်အလင်းပေးဖို့ စာဖတ်တယ်။ ဒါလည်း တာအိုပဲ”

“ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဆိုတာလည်း တာအိုပဲ”

ထိုစကားကိုကြားတော့ နင်ချန်းရှင်း၏ခန္ဓာကိုယ် တုန်လှုပ်သွားရသည်။

သူ့စိတ်ထဲတွင် ရွှေရောင်အလင်းတန်းများ ပေါ်ပေါက်လာသည် ။ သူ့လက်ကို ဆန့်ထုတ်လိုက်ရုံဖြင့် ထိုအရာကို ဖမ်းဆုပ်နိုင်ပေသည် ။

နင်ချန်းရှင်းသည် လက်လှမ်းမီနေပြီဖြစ်၏။ ရှေ့တစ်လှမ်းတိုးဖို့သာ လိုပြီး မကြာခင် ကျော်ဖြတ်နိုင်တော့မည်သာ။

လုချန်ရှန်းက ခပ်တိုးတိုးအော်ဟစ်လိုက်သည်။

“တာအိုက တာအိုပဲ။ သာမန်ထက်ထူးကဲတဲ့တာအိုတစ်ခု။ အမည်နာမတစ်ခုဆိုတာလည်း အမည်နာမတစ်ခုသက်သက်ပဲ။ ထူးကဲတဲ့အမည်နာမတစ်ခုပဲ။ တာအိုက တာအိုပါပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ တာအိုလို့ခေါ်တာမဟုတ်ဘူး။ အမည်နာမဆိုတာလည်း အမည်နာမတစ်ခုပါပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ မတူနိုင်ဘူး”

အုန်း..

နင်ချန်းရှင်း၏ခန္ဓာကိုယ်သည် လျှပ်စီးလက်သလို တုန်ခါသွားသည်။

သူသည် မျက်လုံးမှိတ်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ ဖြောင့်မတ်ရေးစွမ်းအင်လှိုင်းလုံးများက သူ့ခန္ဓာကိုယ်ကို အဆက်မပြတ်ဝန်းရံထားသည်။

နင်ချန်းရှင်း၏ မျက်ခုံးနှစ်ဖက်ကြားမှ ရွှေရောင်အလင်းတန်းများ တောက်ပနေချေသည်။

နင်ချန်းရှင်းသည် သူ့စိတ်အာရုံထဲရှိ ရွှေရောင်အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။

သူ၏တာအိုနှလုံးသားသည် အတုအယောင်ဖြစ်နေခဲ့သည်။

နင်ချန်းရှင်းသည် ကွန်ဖြူးရှပ်အယူဝါဒဖြင့် တာအိုလမ်းစဉ်သို့ ဝင်ရောက်လာခဲ့သည်။

သူ၏ကျင့်ကြံရေးနည်းဗျူဟာသည် သာမန်ကျင့်ကြံသူများနှင့် လုံးဝမတူပေ။

အခြားသူများသည် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ကျင့်ကြံကြရသည်။

နင်ချန်းရှင်းကမူ သူ၏ဖြောင့်မတ်ရေးလမ်းစဉ်ကို ကျင့်ကြံရန်သာ လိုအပ်သည်။

အနာဂတ်တွင် ရန်သူများနှင့်တွေ့ကြုံရသောအခါ ထိုရန်သူကိုသုတ်သင်ရန် ဖြောင့်မတ်ခြင်းချီစွမ်းအင်ကို အသုံးပြုနိုင်လေသည်။

ခဏအကြာတွင် နင်ချန်းရှင်းသည် မျက်လုံးဖွင့်လာပြီး လုချန်ရှန်းကို ကြည့်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ စကားဆို၏။

“နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်”

[မစ်ရှင်အောင်မြင်သွားပါပြီ။ ရရှိသောဆုလာဘ်များ : တာအိုနိယာသုတစာအုပ်၊ တာအိုကျမ်းဂန်၊ ကျင့်ကြံရေးသက်တမ်းနှစ်နှစ်ထောင်]

မဆိုးပါဘူး..

လုချန်ရှန်းက ပြုံးလျက်ခေါင်းညိတ်ပြလိုက်သည်။ သူသည် နင်ချန်းရှင်းကို မြေကြီးပေါ်က ထူမလိုက်ပြီး ပြောလိုက်သည်။

“မင်းက ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုထားပေမဲ့ ငါ့မှာ ပေးစရာဆိုလို့ ကောင်းကောင်းကန်းကန်းဘာမှမရှိဘူး။ ဒါကြောင့် မင်းကို ဒါလေးပေးမယ်”

ထို့နောက် လုချန်ရှန်းသည် သူ့လက်ကိုဝှေ့ယမ်းလိုက်လေရာ သူ့လက်ထဲတွင် ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်လာလေသည်။ သူက ထိုစာအုပ်ကို နင်ချန်းရှင်းအား ပေးလိုက်သည်။

“ဒါက တာအိုကျမ်းဂန်တစ်ခုပဲ။ ရန်သူတွေကို တိုက်ခိုက်ဖို့သုံးနိင်သလို သိမြင်ရှုမှတ်ဖို့ရာလည်း သုံးနိုင်တယ်။ ဒါကို ယူထားလိုက်ပါ”

နင်ချန်းရှင်းသည် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး ဂရုတစိုက်ကိုင်တွယ်လိုက်သည်။ စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါတွင် တာအိုနိယာမ၏စွမ်းအားကို သူခံစားလိုက်ရသည် ။

သူ့အမူအရာ ပြောင်းလဲသွားချေသည်။

ဤစာအုပ်သည် သာမန်ပစ္စည်းတစ်ခုမဟုတ်ပေ။

“ကျေးဇူးတင်ပါတယ် ဆရာ”

လုချန်ရှန်းက ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။

“မင်းမှာ ယဲ့ချိုးပိုင်လို့ခေါ်တဲ့ စီနီယာအစ်ကိုတစ်ယောက်နဲ့ ဟူန်ရင်လို့ခေါ်တဲ့ စီနီယာအစ်မတစ်ယောက် ရှိတယ်။ နောင်မှာ မင်း အခက်အခဲတစ်ခုခုကြုံလာရင် သူတို့ကို သွားရှာနိုင်တယ်”

နင်ချန်းရှင်း ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ။ ငါ့နဲ့အတူ ဂိုဏ်းကိုပြန်ရအောင်”

လုချန်ရှန်းက နင်ချန်းရှင်းကို ခေါ်သွားချင်သော်လည်း နင်ချန်းရှင်းက သူ့ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။

“ဆရာ..ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော် ဂိုဏ်းထဲကိုမလိုက်နိုင်သေးပါဘူး”

လုချန်ရှန်းက သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

နင်ချန်းရှင်းက ပြောပြလိုက်သည်။

“ကျွန်တော်ရဲ့ပညာတွေက တာအိုနှလုံးသားကိုထောက်ပံ့ပေးဖို့ မလုံလောက်သေးဘူးလို့ခံစားမိလို့ လေ့ကျင့်မှုတွေဆက်လုပ်ချင်လို့ပါ”

ထိုစကားကိုကြားသည့်အခါ လုချန်ရှန်းခေါင်းညိတ်ပြလိုက်သည်။

တကယ်တမ်းတွင် လူတိုင်းမှာ သူတို့ကိုယ်ပိုင်ကျင့်ကြံရေးနည်းဗျူဟာများ ရှိကြသည်။

နင်ချန်းရှင်းသည် သေမျိုးကမ္ဘာတွင် ဆက်လက်လေ့ကျင့်လိုသည့်အကြောင်းကို သူ နားလည်နိုင်သည်။

လုချန်ရှန်း သဘောတူရုံသာတတ်နိုင်သည်။

“ကောင်းပြီ။ ဒါလေး မင်းကို ငါပေးလိုက်မယ်”

ထိုအချိန်တွင် လုချန်ရှန်းသည် ကျောက်စိမ်းဆွဲသီးလေးတစ်ခုကို နင်ချန်းရှင်းအား ပေးလိုက်သည်။

“ဒါက..”

နင်ချန်းရှင်း အံ့အားသင့်သွားသည်။

လုချန်ရှန်းက ပြောလိုက်သည်။

“ဒီကျောက်စိမ်းဆွဲသီးထဲမှာ ငါတည်ဆောက်ထားတဲ့ ဓားသိုင်းအစီအရင်တစ်ခုပါတယ်။ မင်းအန္တရာယ်ကြုံတဲ့အခါ အသုံးပြုနိုင်တယ်။ ပြီးတော့ မင်းရဲ့စီနီယာအစ်ကိုနဲ့အစ်မကို ဆက်သွယ်ဖို့အတွက်လည်း ဒီကျောက်စိမ်းဆွဲသီးကို သုံးလို့ရတယ်”

၎င်းသည် အသံလွှင့်ကိရိယာနှင့်ဆင်တူသည့် ပစ္စည်းငယ်တစ်ခုဖြစ်သည်။

နင်ချန်းရှင်း လက်သီးဆုပ်ပြီးဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

“ကောင်းပြီ။ ငါအရင်သွားနှင့်မယ်”

ထို့နောက် သူ ထိုနေရာမှာဆက်မနေဘဲ ပျောက်ကွယ်သွားသည်။

နင်ချန်းရှင်းသည် လုချန်ရှန်းပျောက်ကွယ်သွားသော ဦးတည်ရာဆီသို့ လှမ်းကြည့်ကာ ဦးညွှတ်လိုက်သည်။ အတော်ကြာသည်အထိ သူ့ခန္ဓာကိုယ် ပြန်မတ်မလာပေ။

စံအိမ်တော်သို့ပြန်လာပြီးနောက် လုချန်ရှန်းကဆို၏။

“ငါ သူ့ကို ပြန်မခေါ်နိုင်ခဲ့တာ သနားစရာပဲ။ ငါ့အတွက် နောက်ထပ် ထမင်းချက်ပေးမယ့်သူ မရှိတော့ဘူး”

မိုးမခပင် : “…”

ငှက်ကလေး : “…”

သာမန်ကျင့်ကြံသူများဆိုလျှင် အရိယာအဆင့်ကိုရောက်သွားပါက အစားအသောက်မစားကြတော့ပေ။ သူတို့ရှေ့ရှိလူကမူ နက်နဲလှသောကျင့်ကြံမှုအဆင့်ကိုရောက်နေသည့်တိုင် နေ့တိုင်းစားသောက်နေဆဲပင်။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနေမဝင်အင်ပါယာတွင်..

ညှိုးနွမ်းဖျော့တော့နေသောအရှိန်အဝါဖြင့် ကျန်းကျွင်းက ဟွမ်းထျန်းမင်ရှေ့မှာ ဒူးထောက်လိုက်သည်။

“ယဲ့ချိုးပိုင်က လျှို့ဝှက်တာအိုကျောင်းကလူတွေနဲ့အတူ နယ်မြေလေးခုပညာဖလှယ်ပွဲမှာဝင်ပြိုင်ဖို့ မြောက်ပိုင်းဒေသကိုလိုက်လာတယ်ဆိုတဲ့ သတင်းရထားပါတယ်”

“ကောင်းပြီ”

ဟွမ်းထျန်းမင်က ခေါင်းတညိတ်ညိတ်ဖြင့်ပြောလိုက်၏။

“မင်း ဒီအကြောင်း အရိပ်လုပ်ကြံရေးအဖွဲ့အစည်းကို ပြောပြီးပြီလား”

“သူတို့ သိပြီးသားပါ”

“ကောင်းပြီ။ ဒါဆို မြောက်ပိုင်းဒေသရဲ့ လျှို့ဝှက်တာအိုကျောင်းတော်ကလူတွေကို အသင့်ပြင်ထားဖို့အသိပေးလိုက်”

“နားလည်ပါပြီ”

ကျန်းကျွင်းမတ်တတ်ထရပ်ပြီး ထွက်သွားလေသည်။

ဟွမ်းထျန်းမင်သည် လျှို့ဝှက်တာအိုကျောင်းတော်ရှိရာနေရာရှိ ကောင်းကင်ထက်ကို မော့ကြည့်လိုက်သည်။

“မင်းက ကောင်းကင်ဘုံလမ်းစဉ်ကို မလျှောက်ဘဲ ပြန်လမ်းမဲ့တဲ့ငရဲပြည်ကိုမှ တည့်တည့်လျှောက်လာဖို့ ရွေးချယ်လိုက်တာပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset