Switch Mode

အခန်း (၃၄)

ရွာငယ်လေးမှဆရာတစ်ဦး

ဆယ်ရက်အကြာတွင် စံအိမ်တော်သည် အေးချမ်းသောနေ့ရက်များဆီသို့ ပြန်ရောက်လာခဲ့ပေသည်။

ယဲ့ချိုးပိုင်သည် ဟုန်ရင်၏တာဝန်ကို လက်လွှဲယူကာ နေ့တိုင်းချက်ပြုတ်ရသည်။

အရိယာအဆင့်ကိုရောက်ပြီးတာ အတော်ကြာခဲ့ပြီဲဖြစ်သည့်ဟုန်ရင်သည် စံအိမ်တော်ကိုရောက်လာပြီးကတည်းက တစ်နေ့ကို ထမင်းသုံးနပ်စားသည့်အလေပအကျင့်မျိုး ရလာခဲ့သည်။

ချက်ပြုတ်သည့်အချိန်ကလွဲလျှင် ယဲ့ချိုးပိုင်သည် ရှင်းဟုန်ယီနှင့်လက်ရည်စမ်းလျှင်စမ်း၊ သို့မဟုတ်ပါက အာဒိကပ္ပဓားသိုင်းကျမ်းကို ကျင့်ကြံနေမည်ဖြစ်၏။

ဟုန်ရင်ကမူ တစ်ခုခုစားလျှင်စား၊ မစားလျှင် လူခြေတိတ်ရာတွင် သွားနေတတ်သည်။ ရံဖန်ရံခါတွင် သူမသည် အပြင်ထွက်တတ်သော်လည်း ဘာအတွက်သွားမှန်းတော့ မည်သူမျှ မသိပေ။

ယဲ့ချိုးပိုင်နှင့် လုချန်ရှန်းကလည်း မမေးပေ။

လုချန်ရှန်းကတော့ အရင်အတိုင်းပင်။ သို့သော် သူ့မျက်နှာထက်မှာ စိုးရိမ်နေသောအရိပ်အယောင်များ ယှက်သန်းနေပေသည်။

“အစားအသောက်တွေ အဆင်သင့်ဖြစ်ပါပြီ”

ထိုအချိန်တွင် ယဲ့ချိုးပိုင်သည် ဟင်းပွဲအနည်းငယ်နှင့်အတူ ရောက်လာသည်။

လုချန်ရှန်းက ထမင်းစားစားပွဲမှာ ဝင်ထိုင်လိုက်ပြီး သူချက်လုပ်ထားသော ဝိုင်တစ်ခွက်ကို ကောက်ယူလိုက်သည်။

“ထမင်းစားရအောင် မင်းရဲ့ဂျူနီယာညီမလေးကို သွားခေါ်လိုက်”

ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြပြီး ဟုန်ရင်ကို သွားခေါ်သည် ။

သူတို့သုံးယောက် ထမင်းစားခါနီးမှာ လုချန်ရှန်းက ရုတ်တရက်ထပြောလေသည်။

“ကဲ.. ချိုးပိုင် နောက်ထပ်ပန်းကန်နဲ့တူတွေ သွားယူလိုက်ဦး”

ယဲ့ချိုးပိုင် အံ့အားသင့်သွားသော်လည်း သူပြောသည့်အတိုင်း ဆက်လုပ်ကာ မီးဖိုချောင်ဆီသို့ ပြေးသွားလိုက်သည်။

ပန်းကန်နှင့်တူများကို ယူပြီးပြန်လာသောအခါ ထမင်းစားစားပွဲ၏ တစ်ဖက်ခြမ်းတွင် သက်လတ်ပိုင်းလူတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“ချန်ရှန်း.. မင်းဘဝက မဆိုးဘူးပဲ”

လုချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

“ဦးလေးချင်း ဘာကိစ္စလဲဆိုတာသာ ကျွန်တော့်ကိုပြောပါ”

ချင်းထျန်းနျန်က ခေါင်းညိတ်ပြလိုက်ပြီး ပန်းကန်လုံးနှင့်တူကို လှမ်းယူလိုက်သည်။ သူက တောက်ပစွာပြုံးလိုက်ပြီး စကားဆို၏။

“ညစာစားပြီးမှ စကားပြောကြတာပေါ့။ ငါ အစာမစားရတာ နှစ်ရာနဲ့ချီနေပြီ”

လုချန်ရှန်းက မျက်လုံးလှိမ့်လိုက်ပြီး ပြန်စားလေတော့သည်။

“အင်း.. ဒီဝိုင်က မဆိုးဘူးပဲ”

“ဟင်.. နှစ်ပေါင်းများစွာကြာတဲ့အထိ မတိုးတက်လာခဲ့တဲ့ငါ့ရဲ့ကျင့်ကြံမှုက ဒီဝိုင်ကိုသောက်ပြီးမှ ထိုးတက်လာတယ်လို့ခံစားလိုက်ရတယ်”

“…”

“ချန်ရှန်း.. ဒါကို မင်းကိုယ်တိုင်ချက်ထားတာလား”

လုချန်ရှန်း နောက်ဆုံးတော့ သည်းမခံနိုင်တော့ချေ။ သူသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဝိုင်ပုလင်းကြီးတစ်ပုလင်းသည် ချင်းထျန်းနျန်၏ရှေ့သို့ ရောက်ချလာလေသည်။

“ယူသွားလိုက်ပါတော့”

ထို့နောက် ချင်းထျန်းနျန်ကပြုံးပြီး ပြောလိုက်သည်။

“ဒါကလက်ခံဖို့ ဝန်လေးစရာပဲ”

သို့သော် ချင်းထျန်းနျန်က သူပြောသည့်စကားနှင့်ဆန့်ကျင်စွာပင် ဝိုင်ပုလင်းကို သိမ်းထားလိုက်လေသည်။

ဟုန်ရင် : “…”

ယဲ့ချိုးပိုင် : “…”

စားသောက်ပြီးစီးသည်နှင့် ချင်းထျန်းနျန်သည် လာရင်းကိစ္စကိုပြောလေတော့သည်။

“ငါ ဒီကိုရောက်လာတာ ကျောင်းတော်ကြီးရဲ့ ကျောင်းသားလဲလှယ်မှုကြောင့်ပါ”

“မင်းတို့သိတဲ့အတိုင်းပဲ။ ငါတို့ရဲ့လျှို့ဝှက်တာအိုကျောင်းတော်ကို ဒေသလေးခုမှာ ဖြန့်ကြက်ထားပြီး ငါတို့က တောင်ပိုင်းဒေသရဲ့ဌာနခွဲတစ်ခုပဲ”

“ဒေသလေးခုမှာရှိတဲ့ လျှို့ဝှက်တာအိုကျောင်းတော်တွေက ပင်မကျောင်းတော်ဆီက ခွဲဝေပေးသည့်အရင်းအမြစ်များကို ဖြန့်ဝေရယူဖို့အတွက် ဆယ်နှစ်မှာတစ်ကြိမ် အချင်းချင်းပညာရပ်ဆိုင်ရာနှီးနှောဖလှယ်မှုတွေ လုပ်ကြမှာလေ”

“သိုင်းပညာယှဉ်ပြိုင်ပွဲကျင်းပတာလည်း ဒီအတွက် ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ။ အဲဒါကြောင့် ချိုးပိုင် ငါနဲ့အတူ မြောက်ပိုင်းကိုလိုက်ခဲ့”

ဤနယ်မြေလေးခုပညာဖလှယ်ပွဲသည် မြောက်ပိုင်းနယ်မြေတွင် ရှိနေခြင်းပင်။

ထိုစကားကိုကြားတော့ ယဲ့ချိုးပိုင်က ခဏမျှမှင်တက်သွားပြီး လုချန်ရှန်းကိုလှည့်ကြည့်လိုက်သည်။

လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်စွာပြောလေသည်။

“သွားတာမသွားတာက မင်းသဘောပဲလေ”

မြောက်ပိုင်းဒေသသည် နေမဝင်အင်ပါယာ၏ နယ်မြေဖြစ်သည်။

ကျန်းချန်လည်း ထိုနေရာမှာရှိနေလေသည်။

ထိုကိစ္စကိုတွေးမိသောအခါ သူသည် သေချာရေရာမှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုအခြင်းအရာကိုမြင်တော့ ချင်းထျန်းနျန်က ကျေနပ်အားရစွာဖြင့်ဆိုလေသည်။

“ကောင်းလိုက်တာ။ ဟုန်ရင်ရော ဘယ်လိုလဲ”

သိုင်းပညာယှဉ်ပြိုင်ပွဲတွင် သူ(မ) မပါဝင်ခဲ့သော်လည်း ဟုန်ရင်၏ ကြံ့ခိုင်မှုမှာ သံသယဖြစ်စရာမရှိပေ။ ဟုန်ရင်သာ သွားချင်စိတ်ရှိလျှင် အကောင်းဆုံးပင်။

သို့သော် ဟုန်ရင်က ခေါင်းခါလိုက်သည်။

“အရင်ဆုံး လုပ်စရာတစ်ခုရှိသေးတယ်။ ဒါပေမဲ့ ကျွန်မလည်း မြောက်ပိုင်းကို သွားရမှာ။ ကိစ္စပြီးတာနဲ့ တစ်ချက်လာကြည့်မယ်လေ”

ချင်းထျန်းနျန် ခေါင်းညိတ်သဘောတူလိုက်သည်။

“ကောင်းပြီ။ ဒါဆို မနက်ဖြန်ကျရင် ကျောင်းပေါက်ဝမှာ စုကြရအောင်”

နောက်တစ်နေ့တွင် အမတကြိုးကြာငှက်တစ်ကောင်သည် လျှို့ဝှက်တာအိုကျောင်းတော်မှ ထွက်ခွာလေသည်။

ဤတစ်ကြိမ်တွင် ချင်းထျန်းနျန်ကိုယ်တိုင် အဖွဲ့ကိုဦးဆောင်ခဲ့သည်။

ဟုန်ရင်သည် စံအိမ်တော်မှ တစ်ယောက်တည်းထွက်ခွာသွားပြီး မြောက်ပိုင်းနယ်မြေကို ဦးတည်ထွက်ခွာသွားခဲ့သည်။

သည်တစ်ကြိမ်မှာတော့ ယဲ့ချိုးပိုင်၊ ဟော်ချင်းမင်၊ လင်းစီ၊ ကျုံးဝူ၊ ရှင်းဟုန်ယီနှင့် ယဲ့ချိုးပိုင် တစ်ခါမှမမြင်ဖူးသော နောက်ထပ်လူတစ်ယောက်လည်း ပါဝင်လာခဲ့သည်။

သို့သော် ရှင်းဟုန်ယီ၏အဆိုအရ ဤလူသည် ချင်းထျန်နျန်၏တပည့်ဖြစ်သည်ဟုသိရသည်။

သူ့နာမည်က ဟွမ်းယွမ်ပင်။

သူသည် ချင်းထျန်းနျန်နှင့်အတူ သိုင်းပညာကျင့်ကြံအားထုတ်နေခဲ့ပြီး ယနေ့မှပင် ပေါ်လာသည်ဟု ဆိုသည်။

ဤအခိုက်အတန့်တွင် ခေါင်းဆောင်ရူက စကားစလာသည်။

“ကောင်းပြီ။ ဒီသင်တန်းကျောင်းပညာဖလှယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ရှင်းပြပါရစေ”

လူတိုင်းက သူ့ကို လှမ်းကြည့်လာကြသည်။

“ကျောင်းသားဖလှယ်ပွဲကို ကဏ္ဍနှစ်ခုခွဲထားတယ်။ တစ်မျိုးက သိုင်းပညာဖလှယ်တာ။ နောက်တစ်ခုက ကွန်ဖြူးရှပ်ဝါဒဖလှယ်တာ”

“ဟွမ်းယန်က သိုင်းပညာဖလှယ်ပွဲကို ဦးဆောင်လိမ့်မယ်။ ယဲ့ချိုးပိုင်၊ ဟော်ချင်းမင်၊ လင်းစီနဲ့ ရှင်းဟုန်ယီတို့က ပါဝင်ရလိမ့်မယ်။ ကျုံးဝူက ကွန်ဖြူးရှပ်ဝါဒဖလှယ်ပွဲကို တာဝန်ယူရမယ်”

ထိုအချိန်တွင် ချင်းထျန်းနျန်သည်လည်း လေးနက်သောအမူအရာဖြင့် လျှောက်လာခဲ့သည်။

“ငါတို့တောင်ပိုင်းနယ်မြေက နှစ်ပေါင်းအကြာကြီး ဆက်တိုက်အဆင့်တစ်ခုတည်းမှာ ရှိနေခဲ့တာ။ ငါတို့ရဲ့စုစုပေါင်းအင်အားက တခြားနယ်မြေသုံးခုနဲ့ယှဉ်ရင် အားနည်းတယ်လို့ပြောလို့ရတယ်”

“ဒါပေမဲ့ အခုအချိန်က ငါတို့တောင်ပိုင်းနယ်မြေရဲ့ အလားအလာအရှိဆုံးအချိန်လည်း ဖြစ်နေတယ်”

ချင်ထျန်းနျန်က လူတိုင်းကို ဦးညွှတ်လိုက်ပြီး ပြော၏။

“ကျောင်းတော်ရဲ့ဂုဏ်ကျက်သရေတိုးတက်ဖို့ မင်းတို့ကိုပဲအားကိုးရမှာပါ”

ခေါင်းဆောင်ရူကလည်း ချင်းထျန်းနျန်နှင့်အတူ ဦးညွှတ်လေသည်။

သူတို့နှစ်ဦးစလုံးသည် ကျောင်းတော်ထဲတွင် ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြပြီး မြင့်မြတ်သောအဆင့်အတန်းများ ရှိကြသော်လည်း ကျောင်းသားများကိုလည်း ဦးညွှတ်နေကြဆဲဖြစ်၏။

သို့ဖြစ်လေရာ ချင်းထျန်းနျန်သည် ဤကျောင်းတော်ဖလှယ်ပွဲကို မည်မျှတန်ဖိုးထားကြောင်း တွေ့မြင်နိုင်လေသည်။

တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်တွင်..

“ဒီဖလှယ်ပွဲမှာ ပထမနေရာကိုရဖို့ ငါတို့ကြိုးစားရမယ်”

“ထိပ်ဆုံးနေရာကတော့ မြောက်ပိုင်းဒေသပဲဖြစ်လိမ့်မယ်။ သူတို့ရဲ့အခြေခံအုတ်မြစ်က အရမ်းခိုင်မာတယ်။ ဒါပေမဲ့ တောင်ပိုင်းဒေသကတော့ အောက်ဆုံးအဆင့်မှာပဲ ရှိနေမှာပဲ”

“ဟုတ်တယ်။ တောင်ပိုင်းဒေသရဲ့အခြေခံအုတ်မြစ်က အားအနည်းဆုံးပဲ။ သူတို့ မမီမလိုက်နိုင်ဘူးဆိုတာ သေချာတယ်”

အနောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်၌မူ..

“သိုင်းပညာဖလှယ်ပွဲမှာ ငါတို့ တောင်ပိုင်းဒေသကို အနိုင်ယူနိုင်သရွေ့ အဆင်ပြေပါတယ်။ ဒီပွဲက ငါတို့တတ်နိုင်တဲ့ကိစ္စမဟုတ်ဘူး”

“အမှန်ပဲ။ ဒါပေမဲ့ ဒီတစ်ခေါက် ကွန်ဖြူးရှပ်ဝါဒဖလှယ်ပွဲမှာတော့ ငါတို့တွေ မြောက်ပိုင်းဒေသကို သေချာပေါက်အနိုင်ယူရမယ်”

“ရပါတယ်။ ဒီတစ်ခေါက် ငါတို့မှာ ဝူမင်ရှိတယ်လေ”

“ဟုတ်တယ်။ ဂျူနီယာညီလေးဝူမင်က မြင့်မြတ်တဲ့ဗုဒ္ဓဝင်စာသူပဲ။ သူ ကွန်ဖြူးရှပ်တာအိုဖလှယ်ပွဲမှာ ကျိန်းသေပေါက်ရှုံးမှာမဟုတ်ဘူး”

မြောက်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်မှာမူ..

“ဒီတစ်ခေါက်လည်း ငါတို့ပဲ အနိုင်ရသူဖြစ်မယ်ဆိုတာ သံသယဖြစ်စရာကိုမလိုပါဘူး။ ဟုတ်တယ်မလား”

“အမှားတစ်စုံတစ်ရာမရှိရင်တော့ ဒီတစ်ခေါက် ပါရမီရှင် ဘယ်လောက်များများ ထွက်ပေါ်လာနိုင်မှာတဲ့လဲ”

“ကွန်ဖြူးရှပ်ဝါဒဖလှယ်ပွဲအတွက် စီနီယာအစ်ကိုကျန်းနဲ့ စီနီယာအစ်မမူတို့ ဝင်ပြိုင်မှာပဲဟာကို။ သူတို့နှစ်ယောက်နဲ့တင် ထိပ်ဆုံးနေရာကို ငါတို့မြောက်ပိုင်းဒေသက ကျိန်းသေပေါက်ရမှာပဲ”

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းဒေသအတွင်းရှိ အမည်မသိတောင်တန်းပေါ်တွင် ရွာငယ်လေးတစ်ရွာရှိသည်။

ဤရွာသည် အလွန်ခေတ်နောက်ကျပြီး ဘယ်သူမှ သိုင်းပညာကျင့်ကြံခြင်းမပြုကြချေ။ နေထွက်ချိန်မှ နေဝင်ချိန်အထိ လယ်ယာစိုက်ပျိုးရေးသာ လုပ်ကြသည်။

သို့သော် ရွာ၏မြေကွက်လပ်တွင် ပညာရှင်ကဲ့သို့ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးသည် ရွာရှိကလေးများအား စာသင်ပေးနေလေသည်။

“ကောင်းပြီ။ အတန်းဆင်းပါပြီ”

ကလေးတစ်ယောက်က အပြစ်ကင်းစင်စွာ ပြောလေသည်။

“ဆရာ မနက်ဖြန် ထွက်သွားတော့မှာလား”

“မသွားပါနဲ့ ဆရာ။ ဆရာ ကျွန်တော်တို့ကို ဆက်သင်ပေးလို့မရဘူးလား။ ကျွန်တော်တို့ စာဖတ်ချင်သေးတယ်”

ထိုလူက ပြုံးလျက် ပြောလေသည်။

“ကောင်းတာမှန်သမျှ အဆုံးသတ်ကိုရောက်ရစမြဲပါ။ ငါ မင်းတို့ကို ဆက်သင်ပေးချင်ပေမဲ့ ငါကိုယ်တိုင်လည်း သင်ယူနေဆဲမို့ ထွက်သွားမှရမှာ”

ထိုစကားကိုကြားသောအခါ ရွာလူကြီးက ရှေ့ကိုလှမ်းလာပြီး ကြမ်းရှလှသော သူ့လက်ဖြင့် ထိုလူငယ်လေးနှင့် လက်ဆွဲနှုတ်ဆက်ကာ ကျေးဇူးတင်စကားပြော၏။

“ပြီးခဲ့တဲ့လတွေမှာ ကလေးတွေကို လမ်းညွှန်သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဒါကြောင့်လည်း ဒီကလေးတွေ စာပေလေ့လာသင်ယူနိုင်ခဲ့တာပါ”

ထိုလူက ခေါင်းခါပြသည်။

“ဒါက ကျွန်တော်လုပ်သင့်တဲ့အလုပ်ပါ”

နောက်တစ်နေ့ မိုးမလင်းခင်တွင် ထိုလူငယ်သည် စာအုပ်အနည်းငယ်ကို ချန်ထားရစ်ခဲ့ပြီး စာအုပ်ခြင်းလေးတစ်ခုကိုသယ်ကာ ရွာငယ်လေးဆီက ထွက်ခွာလာခဲ့လိုက်သည်။

ရွာထဲမှ လမ်းလျှောက်ထွက်လာခဲ့ပြီးနောက် နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ သက်ပြင်းမချဘဲမနေနိုင်ချေ။

“မင်း သည်းမခံနိုင်ဘူးလား”

ရုတ်တရက်ဆိုသလို အနောက်ဘက်ဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။ ထိုလူက ကြောက်လန့်တကြားနောက်ဆုတ်လိုက်ပြီး ပြောလေသည်။ယ

“ခင်ဗျားက..”

သူ့ရှေ့ရှိ ၀တ်စုံဖြူဝတ်ဆင်ထားသူက တခစ်ခစ်ရယ်မောလိုက်ပြီး စကားဆိုလာလေသည်။

“ငါ့နာမည်က လုချန်ရှန်းပါ။ မင်းကို ငါ့တပည့်အဖြစ် လက်ခံချင်တယ်”

Comment

Leave a Reply

Options

not work with dark mode
Reset