ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုစွမ်းရည်သည် အလွန်ကြောက်စရာကောင်းလှသည်။
ဟုန်ရင်ပင်လျှင် သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို မမြင်နိုင်ပေ။
အနာဂတ်တွင်လည်း သူ့အရည်အချင်းများက ရပ်တန့်မသွားနိုင်သည်မှာ သေချာလှပေသည်။ အချိန်တစ်ခုကြာလာလျှင် သူသည် ဓားသိုင်းပညာရှင်တစ်ဦးဖြစ်လာပေလိမ့်မည်။
ထို့ကြောင့်ပင် ဟုန်ရင်သည် ယဲ့ချိုးပိုင်က သူ(မ)အား ကူညီပေးနိုင်သည်ဟု ခံစားမိခြင်းဖြစ်၏။
ကျန်သောနေ့များတွင် ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့သည် သွေးအကျဉ်းထောင်နယ်မြေတစ်ဝိုက်တွင် ပေါ့ပေါ့ပါးပါးလမ်းလျှောက်နေခဲ့ကြသည်။
သူတို့နှစ်ဦးသည် လမ်းခုလတ်တွင် အမွေအနှစ်တချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း စိတ်မဝင်စားပေ။
ယဲ့ချိုးပိုင်သည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားရှည်ကို ရရှိထားပြီးဖြစ်၏။ သူ့တွင် သေမျိုးလောကမှာမရှိနိုင်လောက်သော အာဒိကပ္ပဓားသိုင်းကျမ်းကဲ့သို့ ကျင့်ကြံရေးနည်းဗျူဟာလည်း ရှိသည်။
ရှေးဟောင်းဧကရီတစ်ဦးအနေဖြင့် ဟုန်ရင်၏အခြေခံအုတ်မြစ်သည် ဤအမွေအနှစ်များထက် အဆပေါင်းများစွာသာလွန်လေသည်။ ထုံးစံအတိုင်း သ
သူ(မ)သည် ထိုအရာများကို အထင်သေးပေသည်။
ထို့အပြင် သူတို့၏ဆရာသခင်လုချန်ရှန်းပိုင်ဆိုင်သောအရာများသည် ဤအမွေများထက် များစွာသာလွန်သည်…။
လမ်းမှာ သူတို့နှစ်ယောက်သည် ဟော်ချင်းမင်၊ လင်းစီနှင့် တခြားသူများကို တွေ့ခဲ့ရသေးသည်။
လင်းစီသည် အနည်းငယ်ဒဏ်ရာရနေခဲ့ပြီး ဟော်ချင်းမင်၏ ဒဏ်ရာမှာအနည်းငယ်ပိုပြင်းထန်သည်။ လင်းစီက သူ့ကိုကယ်တင်ခဲ့ရသည့်အတွက် သူ့မျက်နှာမှာ အလွန်ဖြူဖျော့နေချေသည်။
ရှင်းဟုန်ယီ၏မျက်နှာလည်း ဖြူရော်နေပေသည်။
ကျုံးဝူတစ်ယောက်တည်းသာ ကျောပေါ်တွင် စာအုပ်စင်ငယ်ကို သယ်ဆောင်ထားလျက် မျက်နှာပေါ်တွင် အပြုံးတစ်ခုဆင်မြန်းထားလေသည်။ သူသည် ဒဏ်ရာမရရှိခဲ့သော်လည်း သူ၏အရှိန်အဝါသည် ယခင်ကထက် ပိုမိုပြင်းထန်လာသည်။
လင်းစီသည် ဟုန်ရင်ကိုတွေ့သောအခါ ဟော်ချင်းမင်ကို ချက်ချင်းစွန့်ပစ်လိုက်ပြီး သူမအဆင်ပြေမပြေမေးမြန်းရန်အတွက် အနားသို့ပြေးသွားလိုက်သည်။
ဟုန်ရင်ခမျာ အနည်းငယ်ခေါင်းကိုက်သွားရပြီး သူ့ကို လျစ်လျူရှုထားလိုက်သည်။
ဟော်ချင်းမင်သည် ဤမြင်ကွင်းကိုမြင်သောအခါ မျက်နှာကြီးမည်းမှောင်သွားသော်လည်း အနည်းငယ်အကူအညီမဲ့သွားသလိုလည်း ခံစားလိုက်ရသည်။
“ဒီကောင်လေးက ချစ်သူကို သူငယ်ချင်းထက် ပိုတန်ဖိုးထားပြနေတာပဲ..”
ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်ကိုကြည့်ကာမေးလိုက်သည်။
“ဒီတစ်ခေါက် ရှင်ရထားတဲ့အကျိုးအမြတ်တွေ အခြေအနေဘယ်လိုလဲ”
ယဲ့ချိုးပိုင်က ပြုံးပြီး ခေါင်းညိတ်ပြသည်။
“မဆိုးပါဘူး”
“ဒါဆို ကျွန်မတို့အပြင်ရောက်တဲ့အခါ လက်ရည်စမ်းကြရအောင်”
“အချိန်မရွေးပဲ”
ကျုံးဝူကမူ ထိုမြင်ကွင်းကိုကြည့်ပြီး ဘာမှမပြောဘဲ ပြုံးသာပြုံးလိုက်မိသည်။
သွေးအကျဉ်းထောင်သည် ဤတစ်ရက်ကုန်လွန်လျှင် ပျောက်ကွယ်သွားပေတော့မည်။
ယဲ့ချိုးပိုင်၊ဟုန်ရင်နှင့် တခြားသူများသည် ရုပ်ရွှေ့ပြောင်းရေးမုခ်ဝသို့ ရောက်လာကြပြီး သွေးအကျဉ်းထောင်ထဲကထွက်လာခဲ့လိုက်သည်။
ခေါင်းဆောင်ရူနှင့် ဓားသိုင်းခန်းမအကြီးအကဲတို့က ယဲ့ချိုးပိုင် ဘေးကင်းစွာ ပြန်ထွက်လာသည်ကို တွေ့လိုက်သောအခါတွင် သက်ပြင်းချနိုင်သွားပြီး သူဘာရခဲ့သလဲဆိုသည့်အကြောင်း မေးရန် ရှေ့တက်လာကြသည်။
ကျန်းကျွင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရလေသည်။
ယဲ့ချိုးပိုင် မသေဘူးလား။
ပြီးတော့ သူ့နောက်ကိုလိုက်သွားတဲ့ လူလေးယောက်နဲ့ အရိပ်လုပ်ကြံရေးသမားတွေ ပေါ်မလာသေးဘူးလား။
အဲ့လို ဖြစ်များဖြစ်နေမလား…
ကျန်းကျွင်း၏အမူအရာသည် ဇဝေဇဝါဖြစ်သွားချေသည်။ သူသည် ရှေ့သို့ လျှောက်သွားလိုက်ပြီး သူ၏ရေအလျဉ်ပြည့်လျှံရေးအဆင့်အထွတ်အထိပ်စွမ်းအားကို ယဲ့ချိုးပိုင်ဆီကို ပစ်လွှတ်လိုက်သည်။
“မင်းဘာလုပ်လိုက်တာလဲ။ ငါ့လက်အောက်ငယ်သားတွေနဲ့ အဲဒီဝတ်ရုံနက်တွေ ဘယ်မှာလဲ”
ထိုအခြင်းအရာကိုမြင်သော် ဓားသိုင်းခန်းမအကြီးအကဲက ရှေ့ကိုခြေတစ်လှမ်းတိုးလာသည်။ ဓားသွားချီစွမ်းအင်တစ်မျိုးသည် လေထုအလယ်တွင်ပေါ်လာပြီး ထိုအင်အားအားလုံးကိုတားဆီးကာ ယဲ့ချိုးပိုင်ရှေ့တွင် ပိတ်ဆို့ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ဓားသွားချီစွမ်းအင်သည် ကျန်းကျွင်းဆီသို့ ပစ်ဝင်လာပေသည်။
သူ လှောင်ပြောင်သရော်လိုက်ပြီး ကြောက်မက်ဖွယ်ရာလက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။
ဓားသွားချီစွမ်းအင်မှာ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားပြီး လက်သီးဆုပ်အမှတ်အသားလည်း ပျောက်ကွယ်သွား၏။
နှစ်ဖက်စလုံး မည်သူမျှ အသာစီးမရခဲ့ပေ။
ဓားသိုင်းခန်းမအကြီးအကဲသည် ထိုနေရာတွင်ရပ်နေချေ၏။ သူ့မျက်ဝန်းအစုံမှာ အေးတိအေးစက်နိုင်နေပြီး ခံ့ညားလှပေသည်။
သူက သြရှရှအသံဖြင့် အော်ပြောလိုက်သည်။
“ဒါက မင်းတို့နေမဝင်အင်ပါယာမဟုတ်ဘူး။ နှိမ့်နှိမ့်ချချလေးနေဖို့ မင်းကို အကြံပေးချင်တယ်”
ကျန်းကျွင်း၏အမူအရာမှာ ရုပ်ဆိုးအကျည်းတန်သွားချေသည်။
“နှိမ့်နှိမ့်ချချနေရမယ်ဟုတ်လား။ ယဲ့ချိုးပိုင်က ငါ့လူတွေကို သတ်ပစ်လိုက်တာလေ။ ငါ့မှာ အပေးအယူတစ်ခုပဲ ရှိတယ်။ သူ့ကို ငါ့လက်ထဲ အပ်လိုက်။ ဒါဆို ဖြစ်ခဲ့တာတွေကို မေ့ထားပေးမယ်”
“မအပ်ရင်ရော ဘာဖြစ်လဲ”
“ဒါဆို အနာဂတ်မှာ ငါတို့နေမဝင်အင်ပါယာရဲ့သံချပ်ကာယန္တရားတပ်က မင်းတို့လျှို့ဝှက်တာအိုကျောင်းတော်ကို ချီတက်လာရလိမ့်မယ်”
ခေါင်းဆောင်ရူက ရယ်မောလျက် ပြောလိုက်သည်။
“ဒါဆို မင်းရောက်လာတာကို ငါတို့စောင့်နေပါ့မယ်။”
ယဲ့ချိုးပိုင်ကလည်း ဝင်ပြောလေသည်။
“နောင်မှာ ကျွန်တော် နေမဝင်အင်ပါယာကို ဆက်ဆက်လာခဲ့ပါ့မယ်”
ကျန်းကျွင်း၏မျက်လုံးအစုံမှာ မှေကျဉ်းသွားပြီး ရယ်မောလိုက်လေသည်။
“မင်းက ကလေးပဲရှိသေးတာကို။ တော်တော် မောက်မာနေတာပဲ”
ဤအချိန်မှာပင် သူ၏လက်အောက်ငယ်သားများနှင့် အရိပ်လုပ်ကြံရေးသမားများကို ယဲ့ချိုးပိုင်သတ်ပစ်လိုက်ပြီဖြစ်ကြောင်း သဘာဝကျကျပင်သိလိုက်သည်။
သို့သော်လည်း ယဲ့ချိုးပိုင်တစ်ယောက်တည်းလုပ်ခဲ့သည်ဟု သူမယုံပေ။ သူသည် လျှို့ဝှက်တာအိုကျောင်းတော်နှင့် အခြားသူများ၏ခွန်အားကို ငှါးယူခဲ့ခြင်းဖြစ်ပေလိမ့်မည်။
“ငါပြန်ရောက်ရင် ဒီအကြောင်းကို ဧကရာဇီဆီကို တင်ပြလိုက်ပါ့မယ်”
ဗိုလ်ချုပ်သည် ယဲ့ချိုးပိုင်ကို လေးလေးနက်နက်စိုက်ကြည့်လျက် စကားဆို၏။
“သံချပ်ကာယန္တရားတပ်က မင်းတို့ကို အကြာကြီးစောင့်ခိုင်းမှာ မဟုတ်ပါဘူး။ ဒါကို မင်းတို့ခုခံနိုင်ဖို့ပဲ မျှော်လင့်ပါတယ်”
ထို့နောက်တွင်မူ သူသည် ဤနေရာမှ ရုတ်ခြည်းပျောက်ကွယ်သွားသည်။
ခေါင်းဆောင်ရူနှင့် ဓားသိုင်းခန်းမအကြီးအကဲတို့သည် အတူတကွပူးပေါင်းလိုက်လျှင် သူ့ကို ပြန်ထိန်းထားနိုင်သော်လည်း ယခုအချိန်မှာတော့ သူတို့တိုက်ခိုက်မည်မဟုတ်ပေ။
အကယ်၍ သူတို့သည် ဤကဲ့သို့သောရာထူးကြီးသူကို သတ်ခဲ့မည်ဆိုလျှင် နေမဝင်အင်ပါယာသည် တောင်ပိုင်းနယ်မြေကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဖြစ်လာမည့်အကျိုးဆက်များက စိတ်ကူးကြည့်၍မရနိုင်ပေ။
ထို့ကြောင့် သူတို့သည် တစ်ဖက်လူထွက်သွားသည်ကိုသာ အသာစောင့်ကြည့်နေနိုင်သည်။
ထိုအချိန်တွင် ချောင်မိသားစုမှ တစ်စုံတစ်ယောက်သည် ယဲ့ချိုးပိုင်ကို နီမြန်းနေသောမျက်ဝန်းအစုံဖြင့် စိုက်ကြည့်လျက် ပြောလာလေသည်။
“ယဲ့ချိုးပိုင်.. မင်း ဘာလို့ ချောင်လီပေကို ဒုက္ခတိဖြစ်အောင်လုပ်ရက်ရတာလဲ။”
ယဲ့ချိုးပိုင်က ဂရုမစိုက်ဟန်ဖြင့်ကြည့်လျက် ခွန်းတုံ့ပြန်လိုက်သည်။
“သူက ကျုပ်ကိုသတ်ချင်နေမှတော့ သူ့ကိုဒဏ်ခတ်တာက ပုံမှန်ပဲမဟုတ်ဘူးလား”
“အဲ့ဒီအပြင် ကျုပ် ချောင်မိသားစုဆီကို အနှေးနဲ့အမြန်လာခဲ့ပါဦးမယ်”
ချောင်မိသားစုမှ လူကြီးသည် ဒေါသအမျက်ခြောင်ခြောင်းထွက်တော့မည့်ဆဲဆဲတွင် ဓားသိုင်းခန်းမအကြီးအကဲ၏ မဖော်ရွေသောအကြည့်ကို မြင်လိုက်သောအခါ သူ့ဒေါသကို ထိန်းထားရုံသာတတ်နိုင်လေသည် ။
ချောင်မိသားစုသည် လျှို့ဝှက်တာအိုကျောင်းတော်နှင့်ယှဉ်နိုင်ဖွယ်ရာပင်မရှိချေ။
“သွားကြရအောင်”
ချောင်မိသားစုသည် အံ့သြမှင်တက်နေသောချောင်လီပေနှင့်အတူ မကျေမချမ်းထွက်ခွာသွားခဲ့ကြသည်။
ခေါင်းဆောင်ရူသည် လူတိုင်း အမွေအနှစ်တစ်စုံတစ်ခုစီရရှိထားပြီး မည်သူမျှမထိခိုက်ထားကြောင်း မြင်လိုက်ရသောအခါတွင် သက်သာရာရစွာ ပြုံးမိလေတော့သည်။ သူတို့သည် ဒဏ်ရာတချို့တလေသာ ရခဲ့ကြခြင်းပင်။
“တော်တယ်။ ကျောင်းတော်ကိုပြန်ကြရအောင်။ ပြန်ရောက်ရင် မင်းတို့ကို ဆုပေးစရာရှိသေးတယ်”
လျှို့ဝှက်တာအိုကျောင်းတော်သည် စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲတွင် အမြတ်အစွန်းများများစားစားရလိုက်သော ကျောင်းတော်တစ်ခု ဖြစ်သည်။
ဤအဖြစ်သည် ကျောင်းတော်ကို ဂုဏ်တက်စေသည်။
အဆင့်မြင့်မြင့်ရခဲ့သောကြောင့် သူတို့ကို ကျောင်းတော်က ဆုတချို့ချီးမြှင့်မှာ သဘာဝကျပေသည်။
ဟော်ချင်းမင်နှင့် အခြားသူများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။
ယဲ့ချိုးပိုင်၊ဟုန်ရင်။ ရှင်းဟုန်ရီနှင့် ကျုံးဝူတို့၏အမူအရာများကတော့ မပြောင်းလဲပေ။
လျှို့ဝှက်တာအိုကျောင်းတော်မှလူများသည် သူတို့၏တောင်ပေါ်သို့ ထွက်ခွာသွားကြလေတော့သည်။
…
ထိုအချိန်တွင်
စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်၏ အထက်ဘုံဝယ် အတားအဆီးတစ်ခုဖြင့် ချိတ်ပိတ်ထားနေရာတစ်ခုတွင် အတွင်းဘက်ကအခြေအနေကို မည်သူမျှမမြင်နိုင်အောင် တားဆီးထားသည်။
ချင်းထျန်းနျန်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်ပင်လျှင် ထိုအတားအဆီးကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ကောင်းကင်ထက်၌ တိမ်ညိုတိမ်မည်းများ ဖုံးလွှမ်းသွားသည်။ မရေမတွက်နိုင်သော မိုးကြိုးနဂါးများ ရွေ့လျားသွားနေသည့်တိမ်တိုက်ကောင်းကင်ထက်တွင် ဧရာမမျက်နှာကြီးတစ်ခုရှိလေသည်။
သူသည် အောက်ဘက်ရှိ မြေခွေးဖြူမျက်နှာဖုံးကိုဝတ်ဆင်ထားသည့် လူတစ်ယောက်ကို တည်ငြိမ်စွာစိုက်ကြည့်နေသည်။
ထိုယောက်ျားက သူ့ဓားကို နောက်ကျောဘက်မှာ လက်တစ်ဖက်ဖြင့်ကိုင်ထားသည်။ သူသည် လေထုအလယ်တွင် ပျံဝဲနေပြီး သူ့အင်္ကျီအနားစွန်းများက လေထဲမှာ တဖျပ်ဖျပ်လွင့်ပျံနေချေသည်။
“မင်း ဘယ်သူလဲ”
ကောင်းကင်ထက်မှမျက်နှာကြီးက လေးနက်စွာမေးလေ၏။
“မင်းလိုခွန်အားမျိုးနဲ့လူက ဒီကမ္ဘာမှာ မရှိသင့်ဘူး”
ထိုလူက ရယ်မောလိုက်လေသည်။
“ကျွန်တော်က တခြားသူတွေ မမှတ်မိအောင်မျက်နှာဖုံးစွပ်ထားတာလေ။ ဒီလိုဦးနှောက်မဲ့မေးခွန်းမျိုး မမေးဘဲမနေနိုင်ဘူးလား”
“,,,”
ထိုမျက်နှာကြီးသည် အသက်ပြင်းပြင်းရှူရှိုက်လိုက်လေရာ မိုးကြိုးအရှိန်အဝါများပင် ထွက်ပေါ်လာလေသည်။
“ဒါဆို မင်းငါ့ကို ဘာလို့တားရတာလဲ”
ထိုအမျိုးသားက စကားဆို၏။
“ခင်ဗျားကရော ဘာလို့ ကျုပ်တပည့်ကို မကောင်းကြံရတာလဲ”
ထိုလူသည် လုချန်ရှန်းကလွဲ၍ အခြားသူမဟုတ်ချေ။
ထိုမျက်နှာကြီးသည် ဒေါသတကြီးအော်ဟစ်လေတော့သည်။
“တိမ်တိုက်ဖီးနစ်အင်ပါယာရဲ့ဧကရီက ပြန်လည်ဝင်စားရေးစက်ဝန်းရဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုပြီး ကိုးဘဝပြန်လည်ဝင်စားရေးစက်ဝန်းကို အတင်းအကျပ်ကျင့်ကြံခဲ့တယ်လေ။ ယခု သူ အောင်အောင်မြင်မြင်ကျင့်ကြံနိုင်သွားပြီဆိုတော့ ကောင်းကင်ဘုံကိုသိမ်းပိုက်ပြီး ကောင်းကင်ဘုံတာအိုကို ပြန်တည်ထောင်ချင်နေတယ်။ ဒါက ကြီးလေးတဲ့ပြစ်မှုကြီးပဲ”
လုချန်ရှန်းခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်သိပြီ။ ဒါပေမဲ့ အဲ့လိုဆိုတော့ရော ဘာဖြစ်သေးလဲ။ ဒီနေရာက ကောင်းကင်ဘုံတာအိုက ပျက်စီးသွားပြီမဟုတ်ဘူးလား။ နောက်တစ်ခုထပ်ဆောက်တော့ရော ဘာပြဿနာရှိလို့လဲ။ ဒါမှမဟုတ်…”
ထိုအချိန်တွင် လုချန်ရှန်း၏မျက်လုံးများ မှောင်မိုက်သွားရပြီး ပြောလိုက်ချေသည်။
“ဟုန်ရင်ကို တည်ဆောက်ခွင့်မပေးတာက ကောင်းကင်ဘုံတာအိုကို ခင်ဗျားကိုယ်တိုင်တည်ဆောက်ချင်လို့မဟုတ်လား”
ထိုမျက်နှာကြီး၏အမူအရာမှာ အေးစက်သွားပြီး အသက်ပြင်းပြင်းရှူရှိုက်လိုက်ချေသည်။ တိမ်တိုက်ထဲမှ မိုးကြိုးနဂါးများသည်လည်း အားနှင့်မာန်နှင့်ထွက်ပြူလာကြပြီး လုချန်ရှန်းကိုတိုက်ခိုက်ရန်ကြိုးပမ်းလေတော့သည်။