Switch Mode

အခန်း (၃၁)

အရာခပ်သိမ်းကိုချေမှုန်းခြင်း

နတ်မျက်စိသည် ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါးမှန်သမျှကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည်။ ဝင်္ကပါဖြစ်စေ ပုံရိပ်ယောင်များဖြစ်စေ တစ်ဖက်လူထံမှ အနိုင်ပိုင်းမခံရသေးသရွေ့ အလွယ်တကူ ဖြတ်ကျော်သွားနိုင်ပေသည်။

သူ၏နတ်မျက်စိအာရုံအောက်တွင် လျှို့ဝှက်နည်းဗျူဟာများစွာသည် သေချာပေါက်ဖော်ထုတ်ခံလိုက်ရသည်။

ဘယ်လိုနည်းဗျူဟာမျိုးပါလိမ့်…..

အမှောင်ထဲရှိ အနက်ရောင်၀တ်လူသုံးယောက်က ထိုအရာကိုမြင်တော့ ထိတ်လန့်သွားကြသည်။

လျှို့ဝှက်မြူဆိုင်းအစီအရင်ကို ကျင်ကြံစဉ်တူသူအချင်းချင်းပင် မြင်နိုင်စွမ်းမရှိ။

သူတို့သုံးယောက်သုံးထားသော အစီအရင်သည် သွေးတွင်းအနှစ်သာရကို လောင်ကျွမ်းစေသည်အထိ ပေးဆပ်ထားသည်ကိုမူ မဆိုထားနှင့်။

ပင်လယ်ရေလှိုင်းအဆင့်အထွတ်အထိပ်ရှိသူတစ်ယောက်ပင်လျှင် ထိုအရာကို ထိုးထွင်းမမြင်နိုင်ချေ။

လျှို့ဝှက်မြူဆိုင်းအစီအရင်သည် ရေအလျဉ်ပြည့်လျှံရေးအဆင့်ကျွမ်းကျင်သူက အင်အားသုံးဖြိုခွင်းမှသာ ကျိုးပျက်သွားနိုင်သောအရာပင်။

သို့သော်လည်း ယဲ့ချိုပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်တွင်သာ ရှိသေးသည်။

သူ့ကျင့်ကြံစဉ်မှာ သူတို့ထက်နိမ့်လှသည်။

သူ ဘယ်လိုလုပ်လိုက်တာလဲ။ ဒါက တိုက်ဆိုင်မှုလား….

သို့သော် သူတို့ ထိုအကြောင်းတွေးတောနေခိုက်မှာပင် ဓားသွားစျာန်အဘိညာဉ်သည် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲမှတစ်ဆင့် ကောင်းကင်ယံဆီသို့ ပျံတက်သွားသည်ကို ခံစားလိုက်ရသည်။

ဓားသိုင်းစျာန်အဘိညာဉ်လား။

ယဲ့ချိုးပိုင်၏အချက်အလက်များအရ သူသည် ကျင့်ကြံရေးသက်တမ်းဆယ်နှစ်မျှသာ ရှိသေးသည်ဟုသိရသည်။

သို့ဖြစ်ရာ ဓားသိုင်းစျာန်အဘိညာဉ်ကို သူ ဘယ်လိုသိမြင်နိုင်မှာတဲ့လဲ ။

မရှေးမနှောင်းမှာပင် ဓားသိုင်းစျာန်အဘိညာဉ်ကိန်းဝပ်နေသော ဓားသွားချီစွမ်းအင်တို့က သူတို့သုံးယောက်ဆီကို တည့်တည့်မတ်မတ်တိုးဝင်လာလေသည်။

သူတို့သုံးယောက်၏အမူအရာလည်း သိသိသာသာပြောင်းလဲသွားပေသည်။

ထိုအခြင်းအရာကိုမြင်တော့ သူတို့ ဘယ်လိုလုပ်မသိဘဲနေနိုင်မှာလဲ။

ယဲ့ချိုးပိုင်သည် အစီအရင်ကိုထိုးဖောက်မြင်နိုင်နေပြီဖြစ်၏။

“အစီအရင်ကိုပြောင်းလိုက်။ အရိပ်သတ်ဖြတ်ရေးအစီအရင်”

သူတို့သုံးယောက်သည် သူတို့၏ အမှတ်အသားများကို တစ်ပြိုင်တည်းထုတ်လွှတ်လိုက်ကြပြီး အမှတ်အသားပေါ်တွင် သွေးများ ထွေးထုတ်လိုက်ကြသည်။

ချက်ချင်းပင် အစီအရင်ပြုလုပ်ထားသောမြူခိုးများ ကွယ်ပျောက်သွားပြီး မရေမတွက်နိုင်သော အနက်ရောင်ဓားမြောင်များသည် ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်ဆီသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။

လျှို့ဝှက်မြူဆိုင်းအစီအရင်သည် အသုံးမဝင်တော့သောကြောင့် ယဲ့ချိုးပိုင်ကိုရင်ဆိုင်တိုက်ခိုက်ရန်အတွက် အရိပ်သတ်ဖြတ်ရေးအစီအရင်ကို အသုံးပြုကြရပေလိမ့်မည်။

သို့သော်လည်း လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် အရိပ်လုပ်ကြံရေးသမားများသည် အမှောင်ထဲမှပုန်းခိုတိုက်ခိုက်ခွင့်ကို ဆုံးရှုံးလိုက်ချေပြီ။

ထိပ်တိုက်ရင်ဆိုင်ရာတွင် သူတို့သည် ယဲ့ချိုးပိုင်နှင့်ယှဉ်နိုင်မည်တဲ့လား။

မရေမတွက်နိုင်သော အနက်ရောင်ဓားမြောင်များသည် ဓားသိုင်းစျာန်အဘိညာဉ်ကြောင့် တစ်စစီကြေမွသွားရလေသည် ။

သူတို့သုံးယောက်ကို တိုက်ခိုက်လိုက်တာတောင်မှ ၎င်း၏အရှိန်က လျော့မသွားပေ။

အနက်ရောင်၀တ်စုံနှင့်လူများ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသော်လည်း ရှောင်ရန်မှာ အလွန်နောက်ကျသွားချေပြီ။ သူတို့သည် ဓားမြောင်ကို ရင်ဘတ်ရှေ့တွင်ကာ၍ ကိုင်ထားလိုက်ကြသည်။

ထက်ရှသောဓားသိုင်းစျာန်အဘိညာဉ်ကို ခုခံတွန်းလှန်ရန်အတွက် ဝိညာဉ်စွမ်းအင်များကို သူတို့ရှေ့တွင် ဖန်ဆင်းလိုက်သည်။

ခရက်…

အက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည် ။

ဓားသိုင်းစျာန်အဘိညာဉ်သည် ဝိညာဉ်စွမ်းအင်အကာအရံအလွှာများကို ပေါင်းပင်ခြောက်များကိုချေမှုန်းပစ်လိုက်သလို ဖြိုခွင်းပစ်လိုက်လေသည်။

ဓားသိုင်းစျာန်အဘိညာဉ်သည် သူတို့သုံးယောက်ပေါ်သို့ တည့်တည့်မတ်မတ်ရောက်သွားပြီး ထိုးခွင်းပစ်လေတော့သည်။

ချက်ချင်းဆိုသလို သူတို့ရင်ဘတ်ထဲမှ သွေးများ ပန်းထွက်လာသည်။

တစ်ချက်တည်းဖြင့် လူသုံးယောက်လုံးကို ချေမှုန်းပစ်လိုက်လေခြင်း…။

ယဲ့ချိုးပိုင်သည် သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ဂရုမစိုက်သလို အေးစက်စက်အကြည့်မျိုးဖြင့် ထိုမြင်ကွင်းကို စိုက်ကြည့်လိုက်သည်။

တစ်ဖက်တွင်မူ ချောင်လီပေသည် ဤမြင်ကွင်းကို ကြောက်ရွံစွာဖြင့် ငေးကြည့်နေလေသည်။

ယခုအချိန်တွင် သူသည် ယဲ့ချိုးပိုင်ကိုသတ်ဖို့စိတ်ကူးမရှိတော့ပေ။

သူ လွတ်မြောက်ဖို့အရေးကိုသာ တွေးနေမိတော့သည်။

သို့သော် သူသည် ယဲ့ချိုးပိုင်၏အရှိန်အဝါဖြင့် ပိတ်လှောင်ခံထားရပုံပေါ်သည်။ သူ့ခြေထောက်များက မြေကြီးပေါ်မှာချုပ်ခံထားရပြီး လှုပ်မရတော့ပေ။

နေမဝင်အင်ပါယာမှ သံချပ်ကာဝတ်လူလေးယောက်လည်း အံ့သြထိတ်လန့်သွားကြရသည်။

သူတို့အမြင်မှာတော့ ယဲ့ချိုးပိုင်ဟာ လျှို့ဝှက်မြူဆိုင်းအစီအရင်ထဲမှာ ပိတ်မိပြီး သေချာပေါက်သေရတော့မည်ဟုပင်။

သို့သော် ယဲ့ချိုးပိုင်သည် အစီအရင်ထဲမှဖောက်ထွက်နိုင်ခဲ့ရုံမျှမက အရိပ်လုပ်ကြံသတ်ဖြတ်ရေးသမားသုံးဦးကိုလည်း တစ်ချက်တည်းဖြင့်ပင် သုတ်သင်ပစ်ခဲ့သည်။

သို့သော် သူတို့သတိထားရမည့်အရာမှာ ထိုကိစ္စမဟုတ်ချေ။

ကြောက်မက်ဖွယ်ရာဓားသိုင်းစျာန်အဘိညာဉ်ကြီးပင်။

ဤမျှငယ်ငယ်ရွယ်ရွယ်နှင့် ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်နားလည်နိုင်သူ တစ်ယောက်မှမရှိဖူးချေ။

မြောက်ပိုင်းနယ်မြေနှင့် နေမဝင်အင်ပါယာမှာပင် မရှိပါ။

ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်နားလည်နိုင်သူများသည် ကြီးမြတ်သောဓားသမားများသာ ဖြစ်ကြသည်။

နေမဝင်အင်ပါယာပင်လျှင် ထိုလူများကို လက်လွတ်စပယ်မစော်ကားဝံ့ချေ။ သူတို့သည် ထိုသူနှင့် ကောင်းမွန်သောဆက်ဆံရေးသာ တည်ဆောက်ကြလိမ့်မည်။

ယဲ့ချိုးပိုင်သည် သူတို့ငါးယောက်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာခဲ့လိုက်သည်။

ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်းမှာ သူ့ခန္ဓာကိုယ်ထက်ရှိ ဓားသွားစျာန်အဘိညာဉ်များ ဆန်တက်လွင့်ပျံလာချေသည်။

သူ့မျက်လုံးများသည် အလွန်တရာအေးစက်နေချေသည်။ သူ့မျက်လုံးထဲမှာမူ ဤငါးယောက်သည် သေလူများပင်။

ဓားသွားကိုယ်ထည်သည် မြွေတစ်ကောင်နှယ်ဖြစ်ပြီး ဓားသိုင်းစျာန်အဘိညာဉ်ကမူ ထိုမြွေ၏တရွှီးရွှီးမှုတ်နေသောလျှာနှင့် အလားသဏ္ဌာန်တူလှသည်။

ချောင်လီပေ၏ခန္ဓာကိုယ်မှာ တုန်ယင်လာလေတော့သည်။

ထိုမြင်ကွင်းကို သံချပ်ကာဝတ်လူလေးယောက်မြင်သောအခါ အနည်းငယ်ကြောက်လန့်သွားကြသည်။

ကြောက်သွားမိမှန်း သတိပြုမိသောအခါတွင်မူ သူတို့မှာ အလွန်တရာအရှက်ရပြီး ဒေါသဖြစ်သွားရလေသည်။

အညတရအရိုင်းအစိုင်းတစ်ယောက်က သူတို့ကို ယခုလိုခံစားချက်မျိုးပေးနိုင်သည်တဲ့လား။

မဖြစ်နိုင်ချေ။

ချက်ချင်းပင် သူတို့ထဲမှတစ်ယောက်ဆီက သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး ကြီးမားလှသောသွေးနီရောင်လက်သီးအဖြစ် အသွင်ပြောင်းသွားကာ ယဲ့ချိုးပိုင်ဆီကို ဦးတည်သွားလေတော့သည်။

ယဲ့ချိုးပိုင်သည် ဧရာမသွေးနီရောင်လက်သီးဆုပ်ကြီး သူ့ဆီကိုချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သူ့ဓားကိုဆွဲမထုတ်တော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

သို့သော် ဧရာမသွေးနီရောင်လက်သီးသည် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခါနီးတွင် ဓားသိုင်းစျာန်အဘိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ တည့်တည့်ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် ဓားသိုင်းစျာန်အဘိညာဉ်မှာ ဝရုန်းသုန်းကားသောင်းကျန်းပစ်လိုက်ချေသည်။

သွေးနီရောင်လက်သီးကြီးလည်း အပိုင်းပိုင်းအစစကွဲထွက်သွားလေ၏။

ထို့နောက် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ဟာ နေရာမှ ပျောက်ကွယ်သွားလေသည် ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သံချပ်ကာဝတ်ထားသောလူ၏အရှေ့မှာ ပြန်ပေါ်လာသည်။ သူသည် ဓားကို နောက်ကျောဘက်တွင်ထားလိုက်ပြီး လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။

သူ့မျက်ခုံးနှစ်ဖက်ကြားနေရာကို ယဲ့ချိုးပိုင်၏လက်ညှိုးလာထောက်လိုက်ချိန်ဝယ် သံချပ်ကာဝတ်သိုင်းသမားမှာ တစ်စုံတစ်ရာတုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

ဖူး….

ထိုလူ၏နောက်စေ့မှ သွေးများပန်းထွက်လာလေသည်။

လက်ချောင်းတစ်ချောင်းသည် ထိုလူ၏နားထင်ကို ထုတ်ချင်းဖောက်ပစ်လိုက်ချေသည်။

“မင်းကများ ငါတို့ကို သတ်ရဲတယ်ပေါ့လေ။ နေမဝင်အင်ပါယာက…”

သို့သော်လည်း သူစကားမဆုံးခင်မှာပင် ယဲ့ချိုးပိုင်က သူ့ဓားကို လွှဲယမ်းလိုက်သည်။

ဦးခေါင်းကြီးဟာ လေထဲဝဲလွင့်သွားပေသည်။

ကျန်နှစ်ယောက်ကလည်း အခြေအနေမဟန်တာကိုမြင်တော့ ချက်ချင်းနောက်ကြောင်းပြန်လှည့်ပြီး ထွက်ပြေးဖို့ပြင်လေသည်။

သို့သော်ငြား ယဲ့ချိုးပိုင်က ကျားကို တောင်ပေါ်သို့ပြန်သွားခွင့်မပြုချေ။

ရောက်လာသူတိုင်းကို သတ်ပစ်မည်သာ။

အနှေးနှင့်အမြန်ဆိုသလို ယဲ့ချိုးပိုင်သည် နေမဝင်အင်ပါယာကိုတိုက်ခိုက်ရန် လက်ဦးမှုရယူမည်ဖြစ်၏။

သူသည် ထိုလူနှစ်ယောက်ကို ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။

ဓားသိုင်းစျာန်အဘိညာဉ် ကောင်းကင်ဘုံကိုချေမှုန်းခြင်း။

ဓားချက်သည် သူတို့၏ချပ်ဝတ်တန်ဆာများကို ဖြတ်တောက်ပစ်လိုက်သည်။

သို့သော် ချပ်ဝတ်တန်ဆာသည် ခုခံကာကွယ်ရေးစွမ်းအားသဖြင့် ခါးကို စက္ကူရွက်လေးတစ်ခုနှယ် ပြတ်ရှသွားစေလေသည်။

နေမဝင်အင်ပါယာမှလူတိုင်း သေဆုံးသွားကြလေပြီ။

သူတို့၏သိုလှောင်ရေးလက်စွပ်အားလုံးကို ဖယ်ရှားလိုက်ပြီးနောက် ယဲ့ချိုးပိုင်သည် ခြေအစုံတုန်ယင်နေလေသော ချောင်လီပေကို လှမ်းကြည့်လိုက်သည်။

ယခုအချိန်တွင် ချောင်လီပေသည် ယခင်ကကဲ့သို့ မောက်မာခြင်းမရှိတော့ပေ။ သူ့မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။

ယဲ့ချိုးပိုင်သည် ချောင်လီပေကို အေးတိအေးစက်စိုက်ကြည့်နေလေသည် ။

“ယဲ့..ယဲ့ချိုပိုင် ငါဘာမှမလုပ်ခဲ့ပါဘူး။ ချောင်မိသားစုထဲကနေ ငါ့ကိုတော့ အသက်ချမ်းသာပေးလို့မရဘူးလား”

ယဲ့ချိုးပိုင် မလှုပ်မယှက်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ချောင်လီပေသည် အသံတုန်တုန်ယင်ယင်ဖြင့် ဆက်လက်တောင်းဆိုလိုက်လေသည်။

“နောင်မှာ မင်းကို ထပ်ပြီးပြဿနာမရှာတော့ပါဘူး။ မင်းလုပ်ချင်တာမှန်သမျှလည်း ငါကူညီပေးပါ့မယ်။ ဘာမဆိုလုပ်ပေးမယ်ကွာ”

ထိုသို့ပြောပြီးနောက် သူသည် မြေပြင်ပေါ်ကိုပင် ဒူးထောက်ချလိုက်ကာ ယဲ့ချိုးပိုင်အား ခယနေလေသည်။

ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချိုးပိုင်သည် ဘာစကားတစ်ခွန်းမှမပြောဘဲ ကျောက်ခဲတစ်တုံးကိုသာ ကန်လိုက်သည်။

ကျောက်တုံးအက်ကွဲသွားပြီး အပိုင်းအစလေးများသည် ချောင်လီပေ၏ ခန္ဓာကိုယ်အတွင်း ဖောက်ထွင်းဝင်ရောက်သွားပြီး သူ၏ထန်းထျန်ကိုပင် ထိုးဖောက်သွား၏။

ချောင်လီပေခမျာ နာကျင်စွာ အော်ညည်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိအရှိန်အဝါများ တစ်မုဟုတ်ချင်းပျောက်ကွယ်သွားသည်။ သူ၏ထန်းထျန်သည်လည်း ကွဲကြေသွားပြီး သူ့ကျင့်ကြံစဉ်ကိုဆုံးရှုံးလိုက်ရသည်မှာ ထင်ရှားလှပေသည်။ သူသည် ဒုက္ခိတဖြစ်သွားချေပြီ။

သူ့ခန္ဓာကိုယ်အခြေအနေကို သတိပြုမိသွားချိန်မှာမူ ချောင်လီပေက အရူးအမူးအော်ဟစ်လေတော့သည်။

“ငါ့ကို သတ်လိုက်ပါတော့။ ငါ့ကို သတ်လိုက်ပါ”

ယဲ့ချိုးပိုင်က စကားမပြန်ပေ။ ဤလူ့အမှိုက်ကိုသတ်ပြီး သူ့ဓားကိုညစ်ပတ်သွားအောင်မလုပ်ချင်ပါ။

ယဲ့ချိုးပိုင် ဟုန်ရင်နှင့်ပြန်တွေ့သည့်အချိန်မှာ သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲပြီးဖို့ တစ်ရက်အလိုတွင်ဖြစ်သည်။

“အစ်ကိုကြီး.. နေမဝင်အင်ပါယာက အဲဒီလူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာလား။”

ယဲ့ချိုးပိုင်ကက ပြုံးလျက်ပြော၏။

“ဟုတ်တယ်။ ငါ သူတို့နဲ့ ဖြေရှင်းပြီးပြီ”

ဟုန်ရင် ခေါင်းညိတ်ပြလိုက်သည်။ ထိုလူများအား သူ ရင်ဆိုင်နိုင်ခြင်းကို သူ(မ) မအံ့သြပေ။

မည်သို့ပင်ဖြစ်စေ သူသည် သူ(မ)ဆရာ၏တပည့်တစ်ဦးပင် ဖြစ်ချေသည်။

မအောင်မြင်ခဲ့မှသာ စိတ်ပျက်မိမှာဖြစ်၏။

ယဲ့ချိုးပိုင်ကလည်း တစ်ပြန်ပြန်မေးလိုက်၏။

“ညီမလေး.. မင်း ကိစ္စတွေရော ပြီးခဲ့ပြီလား”

ဟုန်ရင်က ခေါင်းညိတ်ပြလေသည်။

“ကျွန်မရဲ့ခွန်အားတွေ အထွတ်အထိပ်အဆင့်ကို ပြန်ရောက်တဲ့အခါကျရင် ထပ်ပြီးတိုက်ပွဲဝင်ဦးမယ်။ ဒါပေမယ့် အဲဒီအချိန်ကျရင် ရှင့်ရဲ့အင်အားကိုလည်း ကျွန်မ ငှားဦးမှာနော်”

“ကောင်းပြီ။ မင်း တစ်ခုခုလိုအပ်ရင် ငါ့ကိုသာအသိပေးပါ”

သူတို့နှစ်ယောက်လုံးက ဆရာတူတပည့်များဖြစ်ကြပြီး ဤသည်မှာ သူ့ဂျူနီယာညီမလေးဖြစ်နေသည့်အတွက် ယဲ့ချိုးပိုင်အနေနှင့် သေချာပေါက်ငြင်းမှာမဟုတ်ချေ။

Comment

Leave a Reply

Options

not work with dark mode
Reset