Switch Mode

အခန်း (၃၀)

လောကီအမြင်ကိုစွန့်ပယ်ခြင်း၊ နတ်မျက်စိ

ပြင်ပလောကတွင် တိမ်မည်းများက မြို့တော်ကိုလွှမ်းမိုးထားပြီး သူတို့၏နှလုံးသားများကိုပါ ဖုံးအုပ်ထားလေသည်။

ကျန်းကျွင်းတစ်ယောက်သာလျှင် ပြုံးနေချေသည်။

“အဲဒီယဲ့ချိုးပိုင် အခုလောက်ဆိုရင်အသတ်ခံရပြီးလောက်ပြီမလား”

လျှို့ဝှက်တာအိုကျောင်းတော်ရှိရာဘက်ခြမ်းတွင်မူ…

ဓားသိုင်းခန်းမအကြီးအကဲ၏မျက်၀န်းအစုံသည် မှေးကျဉ်းသွားရသည်။

“မင်း ဘာလုပ်ထားတာလဲ”

ခေါင်းဆောင်ရူသည်လည်း သူ့လက်ထဲမှစာအုပ်ဆီက အကြည့်ခွာလိုက်ပြီး အလွန်အေးစက်လှသောအကြည့်ဖြင့် ဗိုလ်ချုပ်ကို ကြည့်လိုက်သည် ။

ဗိုလ်ချုပ်ကမူ ရေအလျဉ်ပြည့်လျှံရေးအဆင့်အထွတ်အထိပ်ရှိ ပညာရှင်နှစ်ဦး၏ အရှိန်အဝါဖိနှိပ်မှုကို လျစ်လျူရှုထားသည်။ ဤအရှိန်အဝါများကို တွန်းလှန်နေရင်း သူ၏ကျင့်ကြံစဉ်များလည်း ပေါက်ကွဲထွက်လာသည်။

သူက လက်ဆန့်လျက် ပြုံးပြသည်။

“ဒီတစ်ခေါက် ကျုပ်တို့လာရတဲ့ရည်ရွယ်ချက်က ယဲ့ချိုးပိုင်ကြောင့်ပဲ။ မဟုတ်ရင် ငါတို့နေမဝင်အင်ပါယာမင်းဆက်ကလူတွေကို ဘာမဟုတ်တဲ့စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်ပြိုင်ပွဲလေးအတွက်နဲ့ ဒီအရိုင်းအစိုင်းတောင်ပိုင်းနယ်မြေကို ဘာလို့အထူးတလှယ်လွှတ်ရမှာလဲ”

နေမဝင်အင်ပါယာမှလူများ ဘာကြောင့်ရောက်လာရသလဲဆိုတာကို သူတို့ အံ့သြခဲ့ကြရသေးသည်။

မြောက်ပိုင်းဒေသတွင် စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်ကဲ့သို့သော စမ်းသပ်ရေးပြိုင်ပွဲများစွာရှိသည်။

သို့ဖြစ်ရာ တောင်ပိုင်းဒေသကို အထူးတလည်ရောက်လာဖို့မလိုချေ။

ယခုတော့ အမှန်တရားကို သိလိုက်ရချေပြီ။

နေမဝင်အင်ပါယာ၏ပစ်မှတ်မှာ ယဲ့ချိုးပိုင်ဖြစ်သည်။

ဓားသိုင်းဈာန်အဘိညာဉ်သည် ဓားသိုင်းခန်းမအကြီးအကဲ၏ ခန္ဓာကိုယ်တစ်ဝိုက် ဝန်းပတ်လိုက်လေသည်။ သူ့လက်ထဲတွင်လုံး ဓားတစ်ချောင်းကို ကိုင်ထားရင်း သူ့မျက်လုံးများက လူသတ်ချင်စိတ်အပြည့်ပင်။

“ယဲ့ချိုးပိုင်သာတစ်ခုခုဖြစ်ခဲ့ရင် ငါတို့လျှို့ဝှက်တာအိုကျောင်းတော်က အသာငြိမ်ခံနေမှာမဟုတ်ဘူး”

ခေါင်းဆောင်ရူသည် အမြဲလိုလိုတည်ငြိမ်နေခဲ့သော်လည်း ယခုတစ်ကြိမ်တွင်ဓားသိုင်းခန်းမအကြီးအကဲကို မတားခဲ့ပေ။

သူ့သဘောထားကလည်း အတူတူပင်ဖြစ်ချေသည်။

ကျန်းကျွင်းက အထင်အမြင်သေးစွာ သရော်လေသည်။

“သိုင်းပညာကျင့်ကြံရေးလမ်းစဉ်က ရှင်သန်ခြင်း၊သေဆုံးခြင်းတွေနဲ့ ပြည့်နှက်နေတာ။ သူ့စွမ်းဆောင်ရည်ကနိမ့်လို့ သိုင်းပညာကျင့်ကြံရေးလမ်းတစ်ဝက်မှာ သေရတာကို ယဲ့ချိုးပိုင်က ဘယ်သူ့ကိုအပြစ်တင်နိုင်မှာတဲ့လဲ”

“ဒါ့အပြင်… ခင်ဗျားတို့ လျှို့ဝှက်တာအိုကျောင်းတော်က ကျုပ်တို့နေမဝင်အင်ပါယာနဲ့ စစ်ဖြစ်ရဲလို့လား။ ခင်ဗျားရဲ့ပင်မကျောင်းတော်ကြီးက သဘောမတူမှာကိုတော့ စိုးရိမ်မိပါတယ်နော်”

လျှို့ဝှက်တာအိုကျောင်းတော်၏အမွေသည် ဒေသလေးခုလုံးတွင် ဖြန့်ကြက်ထားသောကြောင့် သူတို့အထက်တွင် ပင်မကျောင်းတော်ကြီးတစ်ခုရှိနေတာ သဘာဝကျသည်။

လျှို့ဝှက်တာအိုကျောင်းတော်၏ ရည်မှန်းချက်မှာ ကမ္ဘာကြီးကို ဟောပြော သင်ပြရန်ဖြစ်လေရာ အခြားအဖွဲ့အစည်းများနှင့် စစ်ဖြစ်ရန် သဘောတူလိမ့်မည်မဟုတ်။

ကျန်းကျွင်းက ဆက်ပြောသည်။

“ခင်ဗျားတို့ပင်မကျောင်းတော်နဲ့ စစ်ဖြစ်ရမယ်ဆိုရင်တောင် နေမဝင်အင်ပါယာအရှင်က စနိုးစနောင့်ဖြစ်ချင်ဖြစ်နေဦးမယ်။ ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်းဆိုရင်တော့လား”

သူ ဆက်မပြောတော့သော်လည်း သူဆိုလိုရင်းကို လူတိုင်းနားလည်ကြသည်။

ဓားသိုင်းခန်းမအကြီးအကဲသည် ဒေါသတကြီးဖြင့် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သော်လည်း ခေါင်းဆောင်ရူက သူ့ကိုတားလိုက်သည်။

“မတိုက်ခိုက်ဘဲ ခဏလောက်စောင့်ကြည့်ရအောင်ပါ”

ဓားသိုင်းခန်းမအကြီးအကဲသည် ဤစကားကိုကြားသောအခါ ရပ်တန့်လိုက်သည်။

သူ့အမြင်အရဆိုလျှင် ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုစွမ်းရည်သည် လျှို့ဝှက်တာအိုကျောင်းတော်အတွက် အလွန်အရေးပါလှသည်။

ယဲ့ချိုးပိုင်သည် လမ်းခုလတ်တွင်သာ မသေဆုံးပါက နယ်မြေလေးခုတွင် ထင်ရှားကျော်ကြားသော ဓားသမားတစ်ဦးဖြစ်လာမည်မှာ မလွဲဧကန်ပင်။

ဤသည်မှာ ဓားသိုင်းခန်းမအကြီးအကဲဒေါသထွက်ရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။

“ဒီအကျပ်အတည်းကနေ ယဲ့ချိုးပိုင်လွတ်မြောက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်…”

….

တစ်ချိန်တည်းမှာပင် စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်၌…

ယဲ့ချိုးပိုင်သည် သွေးစွန်းနေသောလွင်ပြင်ရိုင်းကို ဖြတ်ကျော်ကာ အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားလာနေသည်။

သူ့လက်တစ်ဖက်တွင်မူ ဆေးလုံးတစ်လုံးကိုကိုင်ထားပြီး ထိုဆေးထဲမှ စွမ်းအားများကို စုပ်ယူလိုက်ပြီး သူ၏ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ်ပြန်လည်ဖြည့်တင်းနေရသည်။

ဤဆေးသည် လုချန်ရှန်းပေးထားခြင်းဖြစ်သောကြောင့် အာနိသင်က ထုံးစံအတိုင်း ထူးကဲလှပေသည်။

ခဏအကြာတွင် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းစတုတ္ထသိုင်းကွက်ကို အသုံးပြုခြင်းဖြင့် ဝိညာဉ်စွမ်းအင်ချို့တဲ့မှုက ထက်ဝက်ခန့်ပြန်လည်ကောင်းမွန်လာခဲ့သည်။

ယဲ့ချိုးပိုင်၏ လက်ရှိခွန်အားဖြင့် စတုတ္ထသိုင်းကွက်ကို အသုံးပြုနိုင်သော်လည်း ၎င်းကို အဆက်မပြတ်အသုံးပြုဖို့ရာတော့ အလွန်အားနည်းနေသေးသည်။

ထို့ကြောင့်လည်း ယဲ့ချိုးပိုင်က အရင်တပ်ပြန်ဆုတ်ခဲ့ခြင်းဖြစ်၏။

ယဲ့ချိုးပိုင်က သူ့နောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူ့နောက်တွင် အနက်ရောင်ဝတ်ရုံဝတ်ထားသော လူသုံးယောက်က တကောက်ကောက်လိုက်နေဆဲပင်။

သူတို့နောက်တွင် သံချပ်ဝတ်တပ်သားလေးယောက်ရှိပြီး နောက်တွင် ချောင်လီပေရှိသည်။

သူသည် ယဲ့ချိုးပိုင်သေတာကို သူ့မျက်လုံးနှင့် တပ်အပ်မြင်ချင်လှသည်။

သို့မှသာ သူစိတ်သက်သာရာရမည်ဖြစ်၏။

“သေစမ်း။ သူက ဝိညာဉ်စွမ်းအင်ကို ပြန်ဖြည့်နေတာ”

ရုတ်ခြည်းပင် အနက်ရောင်ဝတ်ရုံများထဲမှလူတစ်ယောက်က သတိပေးလေသည်။

“ငါတို့ တိုက်တော့မယ်”

“ဘယ်လိုဆေးလုံးမျိုးက သူ့ကို ဒီလောက်အရှိန်နဲ့ပြေးနေတုန်း ပြန်ကောင်းလာအောင် လုပ်ပေးနိုင်လို့လဲ”

” အဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာရပ်တော့။ မင်းရဲ့သွေးတွင်းအနှစ်သာရကို မီးရှို့လိုက်။ မဟုတ်ရင် သူပြန်ကောင်းလာတဲ့အခါ အခြေအနေတွေ တစ်မျိုးပြောင်းသွားလိမ့်မယ်”

ထိုစကားကြောင့် ကျန်နှစ်ယောက်၏အမူအရာမှာ တည်ငြိမ်နေပြီး ကန့်ကွက်ခြင်းအလျဉ်းမရှိချေ။

ထိုစကားမှာ သာမန်ဆန်လွန်းလှသည့်အလားပင်။

ထို့ကြောင့် အရိပ်လုပ်ကြံရေးအဖွဲ့အစည်းမှ လုပ်ကြံသတ်ဖြတ်သူများကို စိတ္တဇ သမားများဟု ခေါ်ကြခြင်းဖြစ်သည်။

အတူတူပျက်စီးကြရမည်ဆိုလျှင်ပင် သို့မဟုတ် သူတို့၏သွေးတွင်အနှစ်သာရကိုမီးရှို့လိုက်ရလျှင်ပင် မစ်ရှင်အတွက်သာဆို ဘာမဆိုလုပ်ကြလိမ့်မည်သာ။

အသင်းဖော်များကို နစ်နာစေသည်ဆိုလျှင်တောင်…

ပစ်မှတ်ကို သတ်ပစ်နိုင်သရွေ့ ဘာမဆိုလုပ်ကြမှာပင်။

ထို့နောက် သူတို့သုံးယောက်သည် သွေးရောင်အရှိန်အဝါများကို တစ်ပြိုင်နက် ဝန်းပတ်ထားလိုက်ကြသည် ။

သူတို့၏သွေးတွင်းအနှစ်သာရက စတင်လောင်မြိုက်လာပြီး သူတို့၏အရှိန်အဝါမှာ ရုတ်ခြည်းဆန်တက်လာသည်။

ခဏအကြာတွင် အရှိန်ကထိုးတက်လာပြီးနောက် ယဲ့ချိုးပိုင်ဆီသို့ ပစ်ဝင်သွားချေသည်။

ယဲ့ချိုးပိုင်သည် မျက်လုံးများ မှေးကျဉ်းလိုက်မိသည်။

သူတို့က သူ့ကိုသတ်ရန် သွေးတွင်းအနှစ်သာရကိုပင် မီးရှို့ပစ်ချေသည်။

တစ်ဖက်လူများက ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်ထားသလဲဆိုတာ သိနိုင်ပေသည်။

ယဲ့ချိုးပိုင်လည်း တုံ့ခနဲရပ်သွားသည်။ ဆေးလုံးကို လုံးဝစုပ်ယူလိုက်နိုင်ပြီး သူ့ခွန်အားသည်လည်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားပြန်သည်။

အနက်ရောင်ဝတ်လူသုံးယောက်က ယဲ့ချိုးပိုင်ကို ဝိုင်းထားလိုက်ကြသည်။

တြိဂံပုံသဏ္ဌာန် ဝန်းပတ်ထားခြင်းပင်။

ယဲ့ချိုးပိုင်၏ခွန်အားများ ပြန်လည်ကောင်းမွန်လာကြောင်း သူတို့ အတိုင်းသားခံစားမိလိုက်သည်။

သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူများအနေဖြင့် သူတို့သည် အဓိပ္ပါယ်မဲ့သောစကားများကို မပြောပေ။

သူ့ခွန်အားများ ပြန်ကောင်းလာတော့ရော ဘာအရေးလဲ။

ယဲ့ချိုးပိုင်သည် သူတို့၏ပစ်မှတ်ဖြစ်နေဆဲပင်။

စကားများများပြောလျှင် အမှားလုပ်မိမည်သာ။

များများပြောလေ အမှားတွေများလေလေပင်။

ဤသည်မှာ လူသတ်သမားများ၏ စံနှုန်းသတ်မှတ်ချက်ဖြစ်သည်။ သူတို့သည် သူတို့၏မစ်ရှင်ကိုကျရှုံးစေမည့် အမှားသေးသေးလေးတစ်ခုမျှပင် ပြုလုပ်မည်မဟုတ်ပေ။

ထို့နောက် သူတို့သုံးဦးသည် ရှေးဟောင်းတံဆိပ်တစ်ခုကို တစ်ပြိုင်တည်း ဆွဲထုတ်လိုက်ကြလေရာ သတ်ဖြတ်ရေးအစီအရင်တစ်ခုက ယဲ့ချိုးပိုင်ကို ချက်ချင်းဝိုင်းရံထားလိုက်ပေတော့သည်။

ယဲ့ချိုးပိုင်ကိုဝန်းပတ်ထားသော ဤသတ်ဖြတ်ရေးအစီအရင်တွင် မြူခိုးများ တရစပ်အုပ်ဆိုင်းနေသည်။

ထိုအစီအရင်ပြီးစီးသွားသည်နှင့် သူတို့သုံးယောက်လည်း ယဲ့ချိုးပိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

သူတို့သုံးယောက်တင် ပျောက်ကွယ်သွားခြင်းမဟုတ်။

ဘေးဘက်ရှိ ရှုခင်းနှင့် ပတ်ပတ်လည်ရှိအရှိန်အဝါများပါ အရိပ်အယောင်လုံးဝပျောက်ကွယ်သွားခြင်းဖြစ်၏။

သံချပ်ကာဝတ်လူလေးဦးနှင့် ချောင်လီပေလည်း ရောက်ချလာကြသည်။

ဤမြင်ကွင်းကိုမြင်တော့ သူ မပြုံးဘဲမနေနိုင်ချေ။

“အရိပ်လုပ်ကြံရေးသမားတွေရဲ့ လျှို့ဝှက်မြူဆိုင်းအစီအရင်ပဲ။ ဒီအစီအရင်ကို သူတို့ရဲ့သွေးတွင်းအနှစ်သာရကိုလောင်ကျွမ်းပြာချပြီးမှ လုပ်ထားတာ။ ယဲ့ချိုးပိုင်တော့ လွတ်လမ်းမရှိတော့ဘူး”

“ဒီလျှို့ဝှက်မြူဆိုင်းအစီအရင်ထဲမှာ ယဲ့ချိုးပိုင်ရဲ့အမြင်အာရုံက ကွယ်ပျောက်နေမှာ။ သူဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး”

သူတို့လေးယောက်သည် လျှို့ဝှက်မြူဆိုင်းအစီအရင်ကို အလွန်ကြောက်ကြသည်။

ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် မြူခိုးထဲတွင် သူတို့သုံးယောက်၏အရှိန်အဝါကို အာရုံမခံနိုင်သဖြင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော် သူတို့သည် မြူခိုးထဲတွင် ပုန်းနေမည်ကိုသူသိသည်။

ထိုမြူခိုးများက ကျောင်းတော်တွင်ပြိုင်ပွဲကျင်းပတုန်းက ပုံရိပ်ယောင်အစီအရင်ထက် အများကြီးပိုပြင်းထန်သည်။

ရုတ်ခြည်းပင် အနက်ရောင်အရိပ်တစ်ခုသည် ယဲ့ချိုးပိုင်ကို အနောက်ကလာတိုက်ခိုက်သည်။

ယဲ့ချိုးပိုင်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး ပြင်းထန်သောထိုးနှက်ချက်ကို ရှောင်တိမ်းရန် လှုပ်ရှားလိုက်သော်လည်း သူ့ပခုံးပေါ်သို့ကျရောက်လာသည့် ကြီးမားသောပြတ်ရှရာကြီးကိုမူ မရှောင်နိုင်ခဲ့ချေ။

ဒဏ်ရာက အလွန်နက်လှသဖြင့် အရိုးများကိုပင် မြင်နေရလေသည်။

ယဲ့ချိုးပိုင်သာ အချိန်မီမတုံ့ပြန်ခဲ့ပါက သူသည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားမည်ဖြစ်၏။

အမှောင်ထဲတွင်ရှိနေသော ဝတ်ရုံအနက်ရောင်ဝတ်ထားသူသည် အံ့အားသင့်စွာကြည့်နေချေသည်။

ပြင်းထန်လှသော သူ့တိုက်ခိုက်မှုကို တစ်ဖက်လူရှောင်တိမ်းနိုင်လိမ့်မည်ဟု ထင်မထားပေ။

ယဲ့ချိုးပိုင်၏အမူအရာမှာ တည်ငြိမ်လှသည်။ ပတ်ပတ်လည်ကို သူစစ်ဆေးကြည့်လိုက်သောအခါ အစီအရင်တွင် အားနည်းချက်ဟူ၍မရှိကြောင်း သတိထားမိလိုက်သည်။

သူမြင်သမျှမှာ မြူခိုးများသာဖြစ်၏။

သူ့မျက်လုံးကို အသုံးမပြုနိုင်မှတော့ …..

ယဲ့ချိုးပိုင်သည် မျက်လုံးမှိတ်ပြီး မြူခိုးထဲတွင် ရပ်နေလိုက်သည်။

သူသည် အမြင်အာရုံကိုပိတ်ထားလိုက်ပြီး ကမ္ဘာပေါ်ရှိအရာအားလုံးကို နှလုံးသားဖြင့် ခံစားရှုမြင်လိုက်သည်။

“မင်းက ထူးဆန်းထွေလာကိစ္စတွေကို တမင်တကာလုပ်ပြနေတာပဲ”

သူ့စကားမဆုံးခင်မှာပင် ယဲ့ချိုးပိုင်၏နှလုံးတည့်တည့်ဆီသို့ ဓားမြှောင်တစ်စင်း ထိုးဖောက်ဝင်ရောက်လာသည်။

ယဲ့ချိုးပိုင်က သူ့လက်ထဲရှိဓားရှည်ဖြင့် ဓားမြှောင်ကိုခုတ်ချလိုက်သည့်တိုင် မျက်လုံးကိုလည်း မဖွင့်သေးပေ။

ချွမ်း…

သတ္တုအချင်းချင်းထိခတ်မိသံကို ကြားလိုက်ရပြီးနောက် ဓားမြှောင်ဟာ လွင့်ပျံသွားပြီး မြူခိုးထဲ ပျောက်ကွယ်သွားလေတော့သည် ။

ဤသည်မှာ အာဒိကပ္ပဓားသိုင်းကျမ်းထဲရှိ စိတ်ပိုင်းဆိုင်ရာကျင့်ကြံရေးနည်းဗျူဟာတစ်ခုဖြစ်သည်။

ထိုအရာမှာ နတ်မျက်စိပင်ဖြစ်ချေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset