စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်ထဲရှိ ရာသီဥတုဘည် ပြင်ပကမ္ဘာနှင့်မတူပေ။
စိတ်တန်ခိုးရှင်ဘုံရှိကောင်းကင်သည် ကြက်သွေးနီရောင်အဆင်းရှိပြီး နေအလင်းရောင်လည်း မရှိချေ။
သွေးနီရောင်လက်သီးကြီးသည် တစ်ချက်တည်းဖြင့် ကွဲကြေသွားကာ နေမဝင်အင်ပါယာမင်းဆက်မှလူများကို ထိတ်လန့်သွားစေသည်။
ဤတိုက်ခိုက်မှုကို သူတို့ မထိန်းထားနိုင်ဟု ဆိုရပေမည်။
သူ့စွမ်းအားက ပင်လယ်ရေလှိုင်းအဆင့်ကျွမ်းကျင်သူကိုပင် သတ်ပစ်ဖို့ လုံလောက်ပေသည်။
မကြာသေးခင်က ထွန်းသစ်စနေမင်းဂိုဏ်း၏အကြီးအကဲသည် ဤတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်။
ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်အလယ်အလတ်သာ ရှိသေးသည်။ သူသည် သူတို့ထက် အဆင့်နိမ့်နေသည်။
ဤသို့ဖြစ်ရာ ဤတိုက်ခိုက်မှုဒဏ်ကို သူ ဘယ်လိုများခံနိုင်ရည်ရှိသလဲလေ။
ချောင်လီပေသည်လည်း အလားတူအတွေးမျိုး တွေးနေချေသည် ။
သူပင်လျှင် ဤတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်မရှိတာ သေချာသည်။
သို့သော် ယဲ့ချိုးပိုင်ကမူ ၎င်းကို တားဆီးလိုက်ရုံသာမက တန်ပြန်တိုက်ခိုက်မှုပါ ပြုခဲ့သေးသည်။
ထိုအကြောင်းကိုတွေးမိတော့ ချောင်လီပေ၏အမူအရာမှာ အကျည်းတန်သွားရသည်။ တစ်ချိန်တည်းမှာပင် သူသည် ယဲ့ချိုးပိုင်အား တစ်ယောက်တည်းလာမရှာမိခဲ့သည့်အတွက် အနည်းငယ်ဝမ်းသာမိသည်။
တစ်ဖက်တွင်မူ ယဲ့ချိုးပိုင်သည် ဤတိုက်ခိုက်မှုကို တစ်ဖက်လူ ခံနိုင်ရည်ရှိမရှိ ဂရုမစိုက်ပေ။
ထိုပြဿနာကို သူ တစ်ခါမျှ မတွေးဖူးချေ။
သူ့အာရုံသည် ဤနယ်မြေတစ်ဝိုက်ရှိနေရာများကို ပျံ့နှံ့သွားသည်။
အနက်ရောင်၀တ်ရုံဝတ်ထားတဲ့ လူတွေက ဘယ်ရောက်သွားတလဲ။ သူတို့ရဲ့ပစ်မှတ်က သူ မဟုတ်ဘူးလား။
သို့တည်းမဟုတ် သူတို့မှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခု ရှိကောင်းရှိနိုင်လောက်လား။
ယဲ့ချိုးပိုင်သည် သူ့သတိကို မလျှော့ချရဲချေ။
အနက်ရောင်ဝတ်ထားသော ထိုလူအုပ်စုသည် သူ့အား လုံးဝ စိတ်မသက်မသာဖြစ်စေသည်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ”
“မင်းရဲအဆင့်လောက်လေးနဲ့ ဒီတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေတာ မဖြစ်သင့်ဘူး”
အသံတိုးတိုးနှင့်မေးလာသော သံချပ်ကာတပ်သား၏အမူအရာမှာ ရုပ်ဆိုးအကျည်းတန်သွားရသည်။
သူတို့လေးယောက်ပေါင်းလိုက်လျှင် ပင်လယ်ရေလှိုင်းအဆင့်ရှိသူများကိုပင် အလွယ်တကူသတ်ပစ်နိုင်သည်။
သို့သော် ခရမ်းရောင်ဘုံဗိမာန်အလယ်အလတ်အဆင့်ရှိသူတစ်ယောက်ကိုမူ မကိုင်တွယ်နိုင်ခဲ့ချေ။
ယဲ့ချိုးပိုင်က အေးဆေးတည်ငြိမ်စွာပြောသည်။
“ငါဆန္ဒရှိရင် လုပ်နိုင်တယ်”
ယဲ့ချိုးပိုင်၏ အေးဆေးတည်ငြိမ်သောအမူအရာကိုမြင်သောအခါ ထိုလူများ၏အမူအရာမှာ မည်းမှောင်သွားသည်။
သူတို့လေးယောက်သည် ရှေ့ကို တစ်ပြိုင်တည်းခြေတစ်လှမ်းတိုးလိုက်သည် ။
သတ်ဖြတ်ရေးအရှိန်အဟုန်များက ချက်ချင်းပွက်ပွက်ဆူသွားချေသည်။
သွေးရောင်လွှမ်းသော သတ်ဖြတ်ရေးအရှိန်အဟုန်များသည် တိုက်ခိုက်ရေးနတ်ဘုရားအဖြစ်သို့အသွင်ပြောင်းကာ ယဲ့ချိုးပိုင်ဆီသို့ လှမ်းလာခဲ့သည် ။
ယဲ့ချိုးပိုင်ကလည်း လှောင်ပြောင်သရော်လျက် မှော်နက်မိစ္ဆာဓားရှည်ကို ကောင်းကင်ယံသို့ လွှဲယမ်းပစ်လိုက်သည် ။
အံ့မခန်းမိစ္ဆာချီစွမ်းအင်များသည် အဆက်မပြတ်ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်လေးတွင် ယဲ့ချိုးပိုင်သည် မှော်နက်မိစ္ဆာဓားသွားကို ရုတ်ခြည်းထုတ်သုံးလိုက်ပုံမှာ မိစ္ဆာအရှင်တစ်ပါးနှယ်။
သူသည် ကမ္ဘာပေါ်ရှိမိစ္ဆာစွမ်းအင်အားလုံးကိုဆင့်ခေါ်ပြီး ဤဓားပေါ်တွင် စုစည်းနေသကဲ့သို့ပင်။
“စတုတ္ထသိုင်းကွက်”
လက်ရှိယဲ့ချိုးပိုင်သည် မှော်နက်မိစ္ဆာဓားရှည်၏ အဆင့်မြှင့်တင်မှုဖြင့် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ စတုတ္ထမြောက်သိုင်းကွက်စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်နေပြီဖြစ်၏။
ထိုစွမ်းအားသည် တတိယသိုင်းကွက်နှင့်ယှဉ်လျှင် ခွန်အားနှစ်ဆရှိပေသည်။
၎င်း၏အရှိန်အဝါကလည်း အလွန်ကြောက်မက်ဖွယ်ရာပင်။
ချောင်လီပေက ထိုအရှိန်အ၀ါကို ခံစားလိုက်ရသည့်အတွက် သူ့မျက်နှာထက်တွင် ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေချေသည်။
အမှန်ပင်။
အကယ်၍ သူသာ ထိုတိုက်ခိုက်မှုကိုပိတ်ဆို့ရန် ရှေ့တိုးသွားလိုက်ပါက ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်။ ဤစွမ်းအားကြောင့် အပိုင်းပိုင်းအစစ ပင် ကျိုးကြေသွားပေလိမ့်မည်။
ထိုအကြောင်းတွေးကြည့်မိတော့ ချောင်လီပေ၏အမူအရာက ရုပ်ဆိုးအကျည်းတန်သွားသည်။
ကွာခြားချက်က ကြီးလွန်းလှသည်။
ထို့အပြင် ထိုကွာဟချက်သည် အနာဂတ်တွင် ပို၍ကြီးမားလာလိမ့်မည်သာ။
ဓားသွားထဲသို့ များပြားလှသောမိစ္ဆာချီစွမ်းအင်များ စိမ့်ဝင်နေသည်ကိုမြင်သောအခါ ချပ်၀တ်တန်ဆာဝတ်ဆင်ထားသောလူလေးယောက်၏အမူအရာမှာ သိသိသိသာပြောင်းလဲသွားလေသည်။
ဒါက ခရမ်းရောင်ဘုံဗိမာန်အဆင့်ကျင့်ကြံသူတစ်ယောက် သုံးနိုင်တဲ့အရာလား။
တစ်ဖက်လူက သူ့ကျင့်ကြံစဉ်ကို ဖုံးကွယ်ထားတာများလား။
ဤသည်မှာ သူတို့လေးယောက်တွေးမိသော ပထမဆုံးအတွေးပင်။
သို့သော် တိုက်ခိုက်မှုသည် တစ်ခဏအတွင်း ရောက်လာတော့မည်။
သူတို့လေးယောက်တွင် စဉ်းစားနေဖို့ အချိန်မရှိတော့ချေ။
တစ်ချိန်တည်းမှာပင် အော်ဟစ်လျက် သူတို့၏မျက်ခုံးနှစ်ဖက်ကြားမှ သွေးတွင်းအနှစ်သာရကို ထုတ်ယူလိုက်ကြသည်။
သူတို့လေးယောက်၏ မျက်နှာများသည် ဖြူဖျော့လာပြီး စိတ်ဓာတ်ကျနေပုံရသည်။
သွေးတွင်းအနှစ်သာရလေးခုသည် တိုက်ခိုက်ရေးနတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
ချက်ချင်းပင် သွေးနီရောင်အလင်းတန်းတစ်ခု တောက်ပစွာ လင်းလက်သွားသည်။
သတ်ဖြတ်ရေးရောင်ခြည်လှိုင်းလုံးများက ကောင်းကင်ဆီသို့ အဆက်မပြတ် လိပ်တက်လာလေသည် ။
ထိုအခြင်းအရာကြောင့် အနီးအနားရှိလူများသည် ထိုသတ်ဖြတ်ရေးရောင်ခြည်ကို ခံစားမိပြီး လှည့်မကြည့်ဘဲမနေနိုင်ကြပေ။
“ဒါက ဘယ်သူလဲ။ သူ့သတ်ဖြတ်ရေးရောင်ခြည်က ဘာလို့ပြင်းထန်နေရတာလဲ”
“နေမဝင်အင်ပါယာက လူလေးယောက်များလား”
“ဒီအရှိန်အဝါမျိုးနဲ့ဆိုရင် သွေးအကျဉ်းထောင်ထဲ၀င်သွားတဲ့လူတွေအကုန် သူတို့ကိုယှဉ်နိုင်မယ်မထင်ဘူး…”
ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်၏အမူအရာမှာ လုံးဝပြောင်းလဲသွားခြင်းမရှိပေ။ သူသည် မှော်နက်မိစ္ဆာဓားရှည်ကို ထပ်မံလွှဲယမ်းလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီစွမ်းအင်ဖြင့်ဖွဲ့စည်းထားသော ရိုက်ချက်သည် ချီစွမ်းအင်သွေးပင်လယ်မှ ဖြစ်တည်လာသော တိုက်ခိုက်ရေးနတ်ဘုရားကို တိုက်ခိုက်လေတော့သည်။
အုန်း….
တစ်ကမ္ဘာလုံးအနှံ့ ကျယ်လောင်လှစွာသောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ဤသည်မှာ မြေပြင်အက်ကွဲသွားပြီး ကောင်းကင်ကြီးပြိုကျသွားသလိုပင်။
မရေမတွက်နိုင်သော လှိုင်းလုံးကြီးများသည် နေရာအနှံ့ ပျံ့နှံ့သွားချေသည်။ ချောင်လီပေသည် သူ့ကိုယ်သူ အစွမ်းကုန်ကာကွယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ထိုအဖြစ်ကြောင့် သူ့မှာ အလွန်အမင်းဒေါသဖြစ်သွားရသည်။
တိုက်ပွဲ၏နောက်ဆက်တွဲလှိုင်းလုံးဒဏ်ကို သူ အစွမ်းကုန်ခုခံကာကွယ်ခဲ့ရသည်။
သူနှင့် သူတို့ကြားက ခွန်အားကွာခြားမှုက တကယ်ကို ကြီးမားတာလား။
ချောင်လီပေ၏တာအိုနှလုံးသားမှာ တဒင်္ဂမျှရှုပ်ထွေးသွားရသည်။
သိုင်းပညာလမ်းစဉ်တွင် တာအိုစိတ်နှလုံးကို ရှုပ်ထွေးစေခြင်းက အကြီးမားဆုံးတားမြစ်ချက်ပင်။
နေမဝင်အင်ပါယာမင်းဆက်မှ လူလေးယောက်သည် အလွန်ဖြူရော်နေပြီဖြစ်၏။
သွေးရောင်လွှမ်းသော တိုက်ခိုက်ရေးနတ်ဘုရားကို ထိန်းချယ်ရန် သူ့လက်ကိုရှေ့သို့ ဆန့်ထုတ်လိုက်သော်လည်း အလွန်ခက်ခဲနေပုံရသည်။
ယဲ့ချိုးပိုင်ကမူ သူ့ဓားကို လက်တစ်ဖက်တည်းနှင့်ကိုင်ထားပြီး စိတ်အေးလက်အေးအမူအရာဖြင့် ကြည့်နေသည် ။
မိစ္ဆာချီစွမ်းအင်ကြီးကို အဆက်မပြတ်စုစည်းပြီး တိုက်ခိုက်ပစ်လိုက်သည် ။
မကြာမီတွင် သွေးရောင်လွှမ်းသော တိုက်ခိုက်ရေးနတ်ဘုရား၏ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာလေတော့သည်။
အက်ကွဲကြောင်းများအတွင်းမှ သွေးစွမ်းအင်များ စီးဆင်းလာသည်။
“ဒါက မဖြစ်နိုင်ဘူး…”
သူတို့လေးယောက်သည် ရွေးချယ်စရာမရှိပါဘဲ ဤဓားချက်အောက်မှာ အသက်ပျောက်တော့မည်ကို ကောင်းကောင်းသိထားကြသည်။
“အရိပ်လုပ်ကြံရေးသမားတွေ ဘာလို့မတိုက်ခိုက်သေးတာလဲ”
ထိုစကားကို အကျယ်ကြီးထုတ်ပြောခြင်းမဟုတ်။ ထိုအစား သူတို့သည် ဝိညာဉ်စွမ်းအင်ဖြင့် အသံထုတ်လွှင့်ပေးပို့ခဲ့သည်။
ထိုအချိန်မှာပင် ယဲ့ချိုးပိုင်က “အဆုံးသတ်ဖို့ အချိန်တန်ပြီ” ဟု ရေရွတ်လိုက်သည်။
ထို့နောက် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဓားကိုလက်နှစ်ဖက်ဖြင့်ကိုင်လျက် ခုတ်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် သွေးရောင်လွှမ်းသော တိုက်ခိုက်ရေးနတ်ဘုရားကိုယ်ထည်ကလည်း လုံးဝကွဲအက်သွားသည်။
ထိုလေးယောက်သား သွေးအန်သွားလေသည်။
ဤသည်မှာ တန်ပြန်တုံ့ပြန်မှုလက္ခဏာပင်။
ယဲ့ချိုးပိုင်က ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုက်ခိုက်မို့ပြင်လိုက်သည်။
ရုတ်ခြည်းပင် ယဲ့ချိုးပိုင်က သူ့ဓားကိုလွှဲယမ်းပစ်လိုက်သည်။
သို့သော် နေမဝင်အင်ပါယာမင်းဆက်မှ လူလေးယောက်ကို ဦးတည်ခြင်းမဟုတ်ဘဲ သူ့ခေါင်းအထက်ကိုဦးတည်လိုက်ခြင်းပင်။
ရုတ်ခြည်းပင် အပေါ်ဘက်ရှိနေရာမှာ ပုံပျက်ပန်းပျက်ဖြစ်သွားပြီး အနက်ရောင် ၀တ်စုံနှင့်လူတစ်ယောက် ပေါ်လာလေသည်။ သူသည် ဓားမြှောင်တစ်ချောင်းကို လက်နှစ်ဖက်နှင့်ကိုင်ထားပြီး ထိုဓားမြှောင်သည် ယဲ့ချိုးပိုင်၏ဓားနှင့် ထိခတ်သွားသည်။
“နောက်ဆုံးတော့ မင်းရဲ့သရုပ်မှန်ကို ထုတ်ပြလာပြီပေါ့”
ယဲ့ချိုးပိုင်သည် သူ့ပတ်ဝန်းကျင်ကို အာရုံစိုက်နေခဲ့သည်။
အကြောင်းမှာ အနက်ရောင်၀တ်ထားသောလူအုပ်စုက သူ့ကို ဤနေရာတွင် ချောင်းမြောင်းတိုက်ခိုက်မည်ကို သူသိထားသောကြောင့်ဖြစ်သည်။
နေမဝင်အင်ပါယာ၏ပစ်မှတ်မှာ သူပင်ဖြစ်သည်။
ထိုဓားသည် နေမဝင်အင်ပါယာမင်းဆက်၏ လူလေးယောက်ကို တိုက်ခိုက်လိုက်ပါက သူ့ဘက်ကအားနည်းချက်များကို ဖော်ထုတ်သလိုဖြစ်သွားပြီး တစ်ဖက်လူကလည်း လှစ်ခနဲလှည့်ပြေးသွားပေလိမ့်မည်။
အနက်ရောင်ဝတ်ထားသူက ဘာမှပြန်မပြောချေ။ သူ့တိုက်ခိုက်မှုလွဲချော်သွားသည်နှင့် နေရာတွင်ပင် ချက်ချင်းပျောက်ကွယ်သွားလေသည်။
အရမ်းမြန်လွန်းလှသည်။
ထို့အပြင် သူ၏အရှိန်အဝါကို ဖုံးကွယ်ရန်အတွက် သေချာသောနည်းလမ်းတစ်ခုရှိသည်။
ယဲ့ချိုးပိုင်အနေနှင့် ၎င်းကို ခြေရာခံရန် မဖြစ်နိုင်ပေ။
ဒါပေမဲ့ ကျန်တဲ့နှစ်ယောက်ကရော…
အနီးအနားရှိနေရာများက ပျက်စီးသွားပြန်သည်။ အနက်ရောင်ဝတ်ထားသည့်ပုံရိပ်သည် ယဲ့ချိုးပိုင်၏အနောက်တွင် ပေါ်လာပြန်သည်။ သူသည် ဓားမြှောင်တစ်ချောင်းကိုကိုင်ကာ သူ့လည်ပင်းကို ခုတ်လိုက်သည်။
မတိုင်မီက ထွက်ပြေးလွတ်မြောက်သွားသော အနက်ရောင်ဝတ်ရုံဝတ်ထားသည့်လူသည် တစ်ဖန်ပြန်ပေါ်လာပြီး ယဲ့ချိုးပိုင်၏ခေါင်းအထက်တွင် ပိတ်ဆို့ထားသည်။
ဤတိုက်ခိုက်မှုသုံးခုသည် အလွန်လျင်မြန်လှပြီး ယဲ့ချိုးပိုင်ရှောင်တိမ်းနိုင်သည့်လမ်းကြောင်းများကိုလည်း ပိတ်ကာထားသည်။
ထိပ်တိုက်တွေ့ဖို့ကလွဲ၍ သူ့မှာ ရွေးချယ်စရာမရှိတော့ချေ။
ထိုအဖြစ်ကိုမြင်တော့ ယဲ့ချိုးပိုင်၏အမူအရာမှာ အေးခဲသွားပြီး မှော်နက်မိစ္ဆာဓားရှည်ကို လွှဲယမ်းလိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာဓားရှည်၏ စတုတ္ထသိုင်းကွက်။
ယဲ့ချိုးပိုင်သည် သတိလက်လွတ်မဖြစ်ရဲပေ။ တစ်ဖက်လူ၏အင်အားသည် ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်တွင်သာရှိသော်လည်း သူ့ဆီကိုကျရောက်လာသောအန္တရာယ်က သူတို့လေးဦးထက် များစွာကျော်လွန်သွားခဲ့သည်။
မိစ္ဆာချီစွမ်းအင်ကြီးသည် ဓားသွားကွန်ယက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လမ်းကြောင်းအားလုံးတွင် ပိတ်ဆို့ထားလိုက်သည်။
သို့သော် ဓားမြှောင်သည် ဓားသွားကွန်ယက်နှင့် ထိခတ်မိသောအခါ အမှန်တကယ်ပင် ပျောက်ကွယ်သွားလေတော့သည်။
ဓားမြှောင်ကား တစ်ခုခုတော့လွဲနေလေပြီ။
ယဲ့ချိုးပိုင် အံ့သြသွားရသည်။ သူသည် တစ်ဖက်လူတိုက်ခိုက်နေတုန်း ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ပုံရိပ်ဆီသို့ အပြေးသွားလေတော့သည်။
သူ့လက်ထဲရှိဓားရှည်ကို လွှဲယမ်းလိုက်ပြန်သည်။
အနက်ရောင်ဝတ်ထားသောသူကလည်း ဓားမြှောင်ဖြင့်ပိတ်ဆို့လိုက်လေရာ ဓားချင်းထိခတ်မိသည့်အသံကြီးထွက်ပေါ်လာသည်။
ယဲ့ချိုးပိုင်လည်း နေရာမှာပင် ပျောက်ခြင်းမလှပျောက်သွားပေသည်။
အနက်ရောင်ဝတ်ထားသည့် လူ၏အမူအရာမှာ မှုန်မှိုင်းသွားပြီး ခပ်သြသြလေသံဖြင့်ပြောလိုက်သည်။
“အနောက်ကလိုက်ကြ”
ထိုသို့ပြောပြီးနောက် သူတို့သုံးယောက်သည် နေရာတွင်ပင် ချက်ချင်းပျောက်ကွယ်သွားပြီး အဝေးသို့ပြေးသွားကြပေတော့သည်။