Switch Mode

အခန်း (၂၈)

ဝိုင်းရံခြင်း

စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်၏အပြင်ဘက်တွင် …

ရှေးယခင်တုန်းကမူ အင်အားစုတော်တော်များများသည် အချင်းချင်း ကြောက်ရွံ့ခဲ့ကြသည်။

ယခုတွင် နေမ၀င်အင်ပါယာမှလူများ၏ရန်စွယ်ကို ကာကွယ်ရန်အတွက် သူတို့အားစည်းလုံးညီညွတ်စေခဲ့သော မောက်မာပြီးအထက်စီးဆန်လှသည့်ပြင်ပလူတစ်ယောက်ရှိနေချေသည်။

နေမဝင်အင်ပါယာမင်းဆက်၏ခေါင်းဆောင်မှာ ဗိုလ်ချုပ်တစ်ပါးဖြစ်သည်။

သူ့နာမည်က ကျန်းကျွင်းဖြစ်ပြီး နေမဝင်အင်ပါယာမင်းဆက်ရှိ မိစ္ဆာနတ်ဆိုးမြင်းတပ်၏ခေါင်းဆောင်လည်း ဖြစ်၏။

မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ်သည် နေမဝင်အင်ပါယာ၏ ဝှက်ဖဲစစ်တပ်ဖြစ်ကြောင်း ဒဏ္ဍာရီတွင်ဖော်ပြထားသည်။

စစ်တပ်တွင် စုစုပေါင်း လူအယောက်တစ်ထောင်ရှိပြီး သူတို့အားလုံးသည် ခရမ်းရောင်ဘုံဗိမာန် အဆင့်ရှိသူများ ဖြစ်ကြသည်။ ဆေးပြားဖြင့် အဆင့်ကို ရှေ့ဆက်မတိုးနိုင်တော့သော်လည်း ခရမ်းရောင်ဘုံဗိမာန်အဆင့်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်ဟု ခေါ်ထိုက်ဆဲပင်။

တစ်ချိန်တည်းမှာပင် မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ်မှ လူတိုင်းသည် သေခြင်းတရားကို မကြောက်ရွံ့ကြပေ။ သူတို့အားလုံးသည် စိတ်တန်ခိုးရှင်အဆင့် ရတနာများ တပ်ဆင်ထားကြသည်။

မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ် ဖြတ်သွားရာနေရာတိုင်းတွင် အသက်ရှင်ကျန်ရစ်သူဟူ၍မရှိ။

ပင်လယ်ရေလှိုင်း အဆင့်ကျွမ်းကျင်သူပင်လျှင် ချက်ချင်းဝါးမျိုခံလိုက်ရပေလိမ့်မည်။

ရေအလျဉ်ပြည့်လျှံရေး အဆင့်ကျွမ်းကျင်သူပင် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ကျန်းကျွင်း မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ်ကို ဦးဆောင်ပြီးကတည်းက သူ့အဆင့်အတန်း မည်မျှအထိမြင့်မားလာသည်ကို မြင်ယောင်ကြည့်နိုင်လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ခွန်အားကလည်း သံသယဖြစ်စရာမလိုချေ။

သူသည် ရေအလျဉ်ပြည့်လျှံရေးအဆင့် ကျွမ်းကျင်သူဖြစ်သည်။

၎င်းမှာ ခေါင်းဆောင်ရူနှင့်တန်းတူဖြစ်သည်။

ကျန်းကျွင်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်လေရာ လူတိုင်း၏အရှိန်အဝါသည် သူ့အပေါ်တွင် မရေမတွက်နိုင်အောင်ကျရောက်နေမှန်း သိလိုက်ရသည်။

လူတိုင်းက ကိုယ်စွမ်းရှိသမျှထုတ်သုံး၍ သူ့ကိုသတ်ပစ်ချင်နေသည့်အလားပင်။

ကျန်းကျွင်းက အထင်အမြင်သေးဟန်ဖြင့် လှောင်ပြောင်လိုက်ပြီး မောက်မာစွာပြောလေ၏။

“မင်းတို့က ငါ့ကို ဒီနေရာမှာ ထိန်းသိမ်းထားချင်တာလား။ ဒါပေမဲ့ မိစ္ဆာနတ်ဆိုးသံချပ်ကာယန္တရားတပ် တောင်ပိုင်းဒေသကို ကျူးကျော်လာတဲ့အခါ မင်းတို့တွေ ခုရောခုခံနိုင်မှာလား”

ဘေးနားရှိ ထျန်းယွမ်မင်းဆက်မှလူများက ခခယယပြုံးလျက် ပြောသည်။

“နေမဝင်အင်ပါယာမင်းဆက်နဲ့ ငါတို့ ထျန်းယွမ်မင်းဆက်တို့က တစ်နှစ်ပတ်လုံး ဆက်ဆံရေးကောင်းမွန်နေတာပါ။ လူတိုင်းပဲ ဒီလောက်ကြီးလည်းသတိစွဲထားဖို့ မလိုပါဘူး”

ဓားသိုင်းအကြီးအကဲသည် ထိုအခြင်းအရာကိုမြင်သောအခါ သူ့ကို အထင်သေးဟန်ဖြင့်စိုက်ကြည့်ကာ သူ့အကြည့်ကို ပြန်ရုပ်လိုက်သည်။

ခေါင်းဆောင်ရူကမူ သူ့စကားကို မကြားရသလိုသဘောထား၍ သူ့လက်ထဲကစာအုပ်ကိုသာ အာရုံစိုက်၍ဖတ်နေချေသည်။

တစ်ချက်တစ်ချက်တွင် သူသည် လေးလေးနက်နက် တွေးတောနေပြီး ရံဖန်ရံခါတွင် ပျော်ရွှင်နေဟန်အပြုံးမျိုးကို ထုတ်ဖော်ပြသနေလေသည်။

လျှို့ဝှက်တာအို ကျောင်းတော်သည် ကမ္ဘာပေါ်ရှိ အာဏာလုပွဲများတွင် ပါဝင်မည်မဟုတ်ပေ။ သို့ဖြစ်လေရာ ထျန်းယွမ်မင်းဆက်နှင့် နေမဝင်အင်ပါယာမင်းဆက်ကြားက ဆက်ဆံရေးမှာ အဘယ်မှာရှိအံ့။

သို့တည်းမဟုတ် ထျန်းယွမ်မင်းဆက်က နေမဝင်အင်ပါယာမင်းဆက်ကို ဖားချင်နေတာများလား။

ဤကိစ္စမှာ လျှို့ဝှက်တာအိုကျောင်းတော်နှင့် လားလားမျှမဆိုင်ချေ။

တခြားသူများက လှမ်းကြည့်လာကြသည်။

သူတို့မှာ ဒေါသဖြစ်နေကြသော်လည်း ဘာမှမပြောဝံ့ပေ။

သူတို့က နေမဝင်အင်ပါယာမင်းဆက်၏အင်အားကို ကြောက်ရွံ့ကြသည်။

လျို့ဝှက်တာအိုကျောင်းတော်သာလျှင် သူတို့ကိုခုခံရန် အရည်အချင်းပြည့်မီသည်။ သို့သော် သူတို့သည် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသည့်အပြင် ဦးဆောင်သူမရှိသရွေ့ အလွယ်တကူ မလှုပ်ရှားဝံ့ကြပေ။

ကျန်းကျွင်းလည်း မလှောင်ဘဲမနေနိုင်တော့ပေ။

ရိုးရိုးသားသားပြောရလျှင် ဤလူအုပ်စု သူ့အား တိုက်ခိုက်လာရန် မျှော်လင့်မိသည်။ သို့မှသာ နေမဝင်အင်ပါယာမင်းဆက်သည် တောင်ပိုင်းဒေသကို ကျူးကျော်ရန် အကြောင်းပြချက်ကောင်းကောင်းတစ်ခုရလာမှာ ဖြစ်၏။

တစ်ဖက်တွင်မူ ယဲ့ချိုးပိုင်သည် မဖိတ်ကြားထားသော ဧည့်သည်အုပ်စုနှင့် တွေ့နေချေသည်။

“ယဲ့ချိုးပိုင် နောက်ဆုံးတော့ မင်းပေါ်လာပြီပေါ့လေ။ ပြီးခဲ့တဲ့ရက်တွေတုန်းက မင်းဘယ်မှာ ပုန်းနေလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ မင်းကိုရှာတွေ့ဖို့ အချိန်တစ်ခုယူလိုက်ရတယ်”

ယဲ့ချိုးပိုင်က သူ့ရှေ့ကလူကို ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“ချောင်လီပေ မင်းငါ့ကို မသတ်နိုင်သေးမှာပဲ ငါစိုးရိမ်မိတယ်”

ထိုအချိန်တွင် ချောင်လီပေက မကန့်ကွက်ခဲ့ပေ။

ထိုအစား သူက ခေါင်းညိတ်သဘောတူလိုက်သည်။

“အမှန်ပဲ။ မင်းသာလွတ်မြောက်ချင်ရင် ငါ မင်းကို မထိန်းထားနိုင်မှာကြောက်တယ်။ ဒါပေမဲ့..”

သူ့စကားမဆုံးခင်မှာပင် လူအနည်းငယ်က ယဲ့ချိုးပိုင်ကိုဝိုင်းထားလိုက်ကြသည်။

သူတို့လေးယောက်က ချပ်ဝတ်တန်ဆာကို၀တ်ဆင်ထားပြီး သွေးရောင်လွှမ်းနေသော သတ်ဖြတ်လိုသည့်အရိပ်အယောင်များကို ဖော်ထုတ်ပြသလာကြသည်။

သွေးပင်လယ်ထဲက ထွက်လာသည့်အလားပင်။

“နေမဝင်အင်ပါယာမင်းဆက်ကလူတွေလား”

ယဲ့ချိုးပိုင်သည် အသာအယာမျက်ခုံးပင့်လိုက်မိသည်။

ချောင်လီပေသည် သူ့ကိုသတ်ရန် ဘာကြောင့် ဤမျှယုံကြည်ချက်ရှိနေသလဲ ဆိုသည်ကို နောက်ဆုံးတွင် သူသဘောပေါက်လိုက်သည်။

သို့သော် ဤအရာမျှဖြင့် ယဲ့ချိုးပိုင်ကို ခြောက်လှန်ရန်မလုံလောက်ပေ။

သူကြောက်သည်မှာ သူတို့လေးယောက်၏နောက်မှာရှိနေသည့် အနက်ရောင်ဝတ်ရုံဝတ်ထားသောလူလေးယောက်ပင်။

ထိုလူများသည် စိတ်တန်ခိုးရှင်အဆင့် သွေးအကျဉ်းထောင်ထဲသို့ဝင်ရောက်လာကတည်းက ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်၏။

ယခုတောင် သူတို့ကို မမြင်ရပေ။

ဤသည်မှာလည်း ယဲ့ချိုးပိုင်က စိတ်မသက်မသာသလိုခံစားလိုက်ရသောကြောင့် သိလိုက်ခြင်းဖြစ်သည်။

ဓားသိုင်းကျွမ်းကျင်သူများသည် အန္တရာယ်ကို တိကျမှန်ကန်စွာခန့်မှန်းနိုင်ကြသည်။

သံချပ်ကာတပ်သားက လှောင်ပြောင်ပြီးပြောလေသည်။

“ငါတို့နေမဝင်အင်ပါယာမင်းဆက်က တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာကို မကြိုက်ပေမဲ့ မစ်ရှင်အောင်မြင်မှုနှုန်းကတော့ ရာနှုန်းပြည့်သေချာတယ်”

ထိုစကားကိုကြားတော့ ချောင်လီပေက နှာမှုတ်လိုက်သော်လည်း ဘာမှ မပြောပေ။

မည်သို့ပင်ဖြစ်စေ သူသည် သူတို့နှင့်မယှဉ်နိုင်ပါ။

ယဲ့ချိုးပိုင်သည် သူ၏သစ်သားဓားကို ထုတ်ယူလိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေပြီး ထိတ်လန့်တကြားဖြစ်ခြင်း အလျဉ်းမရှိပေ။

“ကောင်းပြီ။ မင်းတို့ဆန္ဒရှိရင် တိုက်ပေါ့”

ချောင်လီပေက သရော်သည်။

” မောက်မာချက်ကတော့ ”

စကားဆုံးသည်နှင့် ချောင်လီပေသည် မြေပြင်ပေါ်သို့ ရုတ်တရက်ဆင်းလိုက်သည်။ အနီရင့်ရင့်မြေပြင်ရှိ ဖုန်မှုန့်လှိုင်းလုံးကြီးများ ဝေ့ဝဲတက်လာပြီး ယဲ့ချိုးပိုင်ဆီသို့ ချီတက်လာသည် ။

ထိုအခြင်းအရာကိုမြင်တော့ ယဲ့ချိုးပိုင်၏လက်ထဲက သစ်သားဓားကလည်း ဖောက်ထွက်သွားသည်။ ထက်ရှသောဓားသွားစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ချောင်လီပေကို တိုက်ခိုက်လေတော့သည်။

ချောင်လီပေက ဒေါသတကြီးဟစ်အော်လိုက်သည်။ သူ့လက်သီးက ယဲ့ချိုးပိုင်၏ ဓားသွားချီစွမ်းအင်ကို ကြိုဆိုသည့်လေထုဖိအားလှိုင်းလုံးကြီးများကို ထုတ်လွှတ်လေသည်။

အုန်း…

ဓားသွားချီစွမ်းအင် ပျောက်ကွယ်သွားသည် ။

သို့သော် ချောင်လီပေလည်း အနောက်ကို အပြင်းအထန်ဆုတ်ခွာသွားရသည်။

သူ့လက်သီးတွင် သွေးစွန်းနေသောအပေါက်တစ်ခု ပေါ်လာသည်။

ချောင်လီပေသည် သူ့လက်ချောင်းများကြားမှ သွေးများစီးကျလာသဖြင့် သူ့လက်သီးဆုပ်ကို အုပ်ထားလိုက်ရသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူသည် ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်သို့ ရောက်နေပြီပင်။

ယဲ့ချိုးပိုင်ကမူ ခရမ်းရောင်ဘုံဗိမာန်အလယ်အလတ်အဆင့်တွင်သာ ရှိသေးသည်။

ကွာဟချက်သေးသေးလေးမျှသာဆိုသော်ငြား သူ့ကြောင့်နှင့် ယခုလိုပြင်းပြင်းထန်ထန်ဒဏ်ရာရသည်အထိ ဖြစ်စရာမရှိပေ။

“အမှိုက်ကောင်”

နေမဝင်အင်ပါယာမင်းဆက်မှ သံချပ်ကာတပ်သားက အေးစက်စွာပြောလိုက်၏။

“မင်း ငါတို့နဲ့ပူးပေါင်းချင်နေတာ မအံ့သြတော့ပါဘူး”

ထိုစကားကြောင့် သံချပ်ကာဝတ်စားသောလူများသည် တစ်ချိန်တည်းမှာပင် စွမ်းအားများကို အစွမ်းကုန်ထုတ်လွှတ်လိုက်သည်။

သွေးရောင်လွှမ်းသော သတ်ဖြတ်ရေးအရိပ်အယောင်များက ယဲ့ချိုးပိုင်ဆီကို သွေးပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြတ်သန်းသွားသည် ။

သွေးရောင်ဆူနာမီမုန်တိုင်းကြီးတစ်ခုလိုပင်။

ယဲ့ချိုးပိုင်သည် ကောင်းကင်ဘုံမိစ္ဆာအကဲဖြတ်ရေးကို တွေ့ကြုံထားပြီးဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးဖြင့် ရက်ပေါင်းညပေါင်းများစွာ ဆက်တိုက် သတ်ဖြတ်ခဲ့ရသည်။

အဲဒီတုန်းကပင် သူ့အား မဖိနှိပ်နိုင်ခဲ့ချေ။

ဤအရာလောက်လေးက သူ့စိတ်အစဉ်ကို ဘယ်လိုထိခိုက်စေမှာတဲ့လဲ။

ယဲ့ချိုးပိုင်သည် သစ်သားဓားကို ကောက်ကိုင်လိုက်ပြီး ကောင်းကင်သို့ပျံတက်သွားသည်။

ဓားချင်းယှဉ်ခုတ်ပြီးနောက် ဓားသွားချီစွမ်းအင်ကွန်ယက်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားသည်။

သွေးပင်လယ်ပြင်ကြီးပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာလေသည်။

သို့သော် သွေးပင်လယ်ပြင်အသစ်တစ်ခုကို ဖန်တီးပေးသွားချေသည်။

သူတို့လေးယောက်၏စွမ်းအားမှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ကျော်လွန်သွားခဲ့တာ ကြာလေပြီ။

ယခုလိုတိုက်ခိုက်ရေးနည်းလမ်းက ပင်လယ်ရေလှိုင်းအဆင့်ရှိသူများကိုပင် သုတ်သင်နိုင်သည်။

ထိုအရာကိုမြင်တော့ ယဲ့ချိုးပိုင်က သစ်သားဓားကိုဖယ်လိုက်ပြီး ဓားချွန်မဲ့ အနက်ရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

မှော်နက်မိစ္ဆာဓားရှည်ပင်။

မှော်နက်မိစ္ဆာဓားရှည်ကို ဆင့်ခေါ်လိုက်သောအခါ မိစ္ဆာချီစွမ်းအင်လှိုင်းလုံးကြီးသည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့သွားလေသည်။

အမှန်တကယ်တွင် ဤအရာသည် သွေးပင်လယ်နှင့်ဆန့်ကျင်ဘက်ပင်။

အစွန်အဖျားနားရှိ လူလေးယောက်၏အမူအရာများမှာ ကူကယ်ရာမဲ့စွာ ပြောင်းလဲသွားလေသည်။

“နိဗ္ဗာန်ဘုံရတနာပဲ”

“တောင်ပိုင်းသားအရိုင်းအစိုင်းတစ်ယောက်က နိဗ္ဗာန်ဘုံရတနာကို ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မှာလဲ”

“ဒါပေမဲ့ သူ့မှာရှိတော့ရော ဘာဖြစ်လဲ။ သူ့ကိုသတ်နိုင်သရွေ့ အဲဒါကိုငါတို့ပိုင်မှာပဲကို”

ထိုစကားဆုံးသည်နှင့် လက်လေးချောင်း၏လှုပ်ရှားမှုသည် ပြောင်းလဲသွားပြန်သည်။

သွေးပင်လယ်လှိုင်းလုံးကြီးသည် သွေးရောင်လွှမ်းသောဧရာမလက်သီးကြီးအဖြစ် ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်ဆီသို့ ဦးတည်သွားလေသည်။

ယဲ့ချိုးပိုင်ကလည်း ဟစ်အော်လိုက်သည်။

“ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း တတိယသိုင်းကွက်”

မှော်နက်မိစ္ဆာဓားရှည်ပေါ်မှ မိစ္ဆာချီစွမ်းအင်များဟာ ချက်ချင်းဆိုသလို ဖောက်ထွက်လာပြီး အနက်ရောင်ဧရာမဓားသွားချီစွမ်းအင်ကြီးက သွေးရောင်လက်သီးဆုပ်ကို ခုတ်ထစ်ပစ်လိုက်လေသည်။

ဘုန်း..ဘုန်း … ဘုန်း…

နောက်ဆက်တွဲလှိုင်းလုံးကြီးက ပတ်ဝန်းကျင်အနှံ့ ဖြတ်သန်းသွားသည်။

ချောင်လီပေက ထိုမြင်ကွင်းကိုမြင်သောအခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။

တိုက်ခိုက်မှုတိုင်းက သူ့ကိုသတ်ပစ်နိုင်သည့်အတွက် ယခုလိုပြင်းထန်သည့်တိုက်ပွဲတွင် သူ ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိချေ။

ယဲ့ချိုးပိုင်က ဘယ်လိုလုပ်ပြီး ဒီလိုခွန်အားတွေရှိနိုင်မှာလဲ။ သွေးအကျဉ်းထောင်ထဲမှာ အခွင့်အရေးတစ်ခုခုနဲ့များ သူတွေ့လာတာလား။
အဲ့လိုဆိုရင်တောင်မှ သူက နေမဝင်အင်ပါယာမင်းဆက်က လူလေးယောက်နဲ့တော့ မယှဉ်နိုင်လောက်ဘူးလေ.. ဟုတ်တယ်မလား။

မကြာလိုက်သောအခိုက်အတန့်လေးမှာပင် ကြီးမားလှသော သွေးရောင်လက်သီးဆုပ်ကြီးသည် အမှန်တကယ်ပင် နှစ်ခြမ်းကွဲသွားလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset