Switch Mode

အခန်း (၂၆)

ကောင်းကင်ဘုံမိစ္ဆာဓားသိုင်းလှောင်အိမ်ရှင်၏ ထိတ်လန့်မှု

သူ့ရှေ့မှာရှိနေသူအားလုံးကို သတ်ရမတဲ့လား။

သူတို့က လူအရေအတွက်များသည်ဆိုသော်လည်း ကျင်ကြံစဉ်အဆင့်မျိုး မပိုင်ဆိုင်ထားကြပေ။

သူတို့သည် သာမန်သေမျိုးများသာဖြစ်၏။

ယဲ့ချိုးပိုင်သည် ထိုလူက ဘာကြောင့် ယခုလိုစမ်းသပ်မှုမျိုးလုပ်ရသလဲဆိုသည်ကို နားမလည်နိုင်ပေ။

သို့သော် ယဲ့ချိုးပိုင်အသာငြိမ်နေပြီး သေဖို့ထိုင်မစောင့်နေနိုင်ချေ။ သစ်သားဓားကို သူဆွဲကိုင်လိုက်ပြီး လူအုပ်ကြီးဆီကို ဦးတည်လိုက်သည်။

သူသည် လက်ထဲရှိသစ်သားဓားကို လွှဲယမ်းလိုက်၏။

ဓားသွားချီစွမ်းအင်များက အရပ်မျက်နှာအနှံ့ကို လွင့်စဉ်ကုန်လေသည်။

ထိုသေမျိုးများသည် ဓားသွားချီစွမ်းအင်နှင့် ထိတွေ့မိကြသည့်အခါ လည်ဖြတ်ခံလိုက်ရချေသည်။

ထိုအချိန်တွင် သွေးစိမ်းရှင်ရှင်တို့က နေရာအနှံ့တွင် လွင့်စဉ်ကုန်လေ၏။

သို့သော် ယဲ့ချိုးပိုင်ကိုမူ ဝိညာဉ်ရေးရာစွမ်းအားများက အကာအကွယ်ပေးထားသဖြင့် သူ့ကို ဘာအညစ်အကြေးမှစွန်းထင်းခြင်းမရှိချေ။

သို့သော်ငြား ထိုမျက်နှာမဲ့လူများကို ယဲ့ချိုးပိုင်သတ်လိုက်တိုင်းမှာ တခြားမျက်နှာမဲ့လူပေါင်းများစွာက ထိုနေရာတွင်ပြန်ပေါ်လာချေသည်။

သူတို့သည် မီးကိုဝင်တိုးသောပိုးဖလံများနှယ် အကြောက်အရွံ့မရှိ ရှေ့တိုးလာပေသည်။

ယဲ့ချိုးပိုင်လက်ထဲရှိ သစ်သားဓားမှာ တုန်ရီလျက်ရှိ၏။

ဓားသွားချီစွမ်းအင်သည် မြစ်တစ်စင်းအဖြစ် အသွင်ပြောင်းသွားပြီး ထိုမျက်နှာမဲ့လူအုပ်ကြီးကို ဇီဝိန်ခြွေလေတော့သည်။

ထိုအခိုက်အတန့်လေးမှာ ယဲ့ချိုးပိုင်သည် သေမင်းနတ်ဘုရားတစ်ပါးဖြစ်လာသည့်အလားပင်။

မကြာမီမှာ အပြင်ဘက်လောက၌ နေ့တစ်ဝက်ကုန်လွန်သွားလေပြီ။

ယဲ့ချိုးပိုင်၏အမူအရာသည် တည်ကြည်ငြိမ်သက်သွားပြီဖြစ်၏။

ထိုလူအုပ်ကြီးသည် လုံးဝလျော့သွားမည်မဟုတ်ကြောင်း သဘောပေါက်လိုက်သောကြောင့်ပင်။

လူပင်လယ်ကြီးတစ်ခု ရှိနေဆဲပင်။ မြင်ကွင်းထဲတွင် အဆုံးမရှိသော လူတန်းကြီးသာဖြစ်၏။

သို့ဖြစ်ရာ ယဲ့ချိုးပိုင်မှာ ကူကယ်ရာမဲ့စွာတွေးလိုက်မိသည်။ သူ သေချင်စော်နံလာသည်အထိ စောင့်ကြည့်မည့်စမ်းသပ်မှုမျိုးများလား။

ထိုအကြောင်းကိုတွေးမိသည်နှင့် ယဲ့ချိုးပိုင်သည် ဝိညာဉ်ရေးရာစွမ်းအင်များကို စိမ့်ထွက်မသွားအောင် စတင်ထိန်းချုပ်တော့သည်။

တစ်ချိန်တည်းမှာပင် သူသည် ဝိညာဉ်ရေးရာချီစွမ်းအင်အကာအကွယ်ကို ဖယ်ထုတ်လိုက်ပြီး သွေးနှင့်အသားစများ သူ့ခန္ဓာကိုယ်ထက် ပေကျံခွင့်ပြုလိုက်သည်။

ဤသည်မှာ ဝိညာဉ်ရေးရာစွမ်းအင်များကို တတ်နိုင်သလောက်ခြွေတာချင်သောကြောင့်ဖြစ်၏။

အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောလူသည် ထိုအခြင်းအရာကို မြင်တော့ မပြုံးဘဲမနေနိုင်တော့ပေ။

သူ့ခန့်မှန်းချက် မှားယွင်းသွားသည်။ ကံဆိုးချင်လေတော့…

တစ်ရက်ကြာပြီးနောက်..

ယဲ့ချိုးပိုင်၏တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းလျက်ရှိသည်။

သွေးများ၏အောက်ဘက်ရှိ သွေးကွက်ထဲမှာ ကွဲထွက်လာသော ချပ်ဝတ်တန်ဆာ အစအနများပင်ရှိနေချေသည်။

သူ့လက်ထဲရှိသစ်သားဓားသည် တဖြည်းဖြည်းထုံထိုင်းလာပေသည်။

လွှဲယမ်းလိုက်သည်။

သတ်ဖြတ်ပစ်လိုက်ချေသည်။

ထပ်လွှဲယမ်းလိုက်ပြန်၏။

ထပ်သုတ်သင်ပြန်၏။

ထိုအတိုင်း ထပ်ခါတလဲလဲသံသရာလည်နေသည်။

သတ်ဖြတ်ရေးယန္တရားကြီးအလားပင်။

သို့သော် မျက်နှာမဲ့လူအုပ်ကြီးကတော့ လျော့သွားမည့်အရိပ်အယောင်မရှိချေ။

သူတို့သည် ပိုးဖလံများနှယ် ယဲ့ချိုးပိုင်ဆီကို ပြေးဝင်လာဆဲပင်။

ယဲ့ချိုးပိုင်ကမူ လက်ထဲရှိသစ်သားဓားကို လွှဲယမ်းရုံသာတတ်နိုင်လေသည်။

နှစ်ရက်အကြာတွင်လည်း ဤပုံစံအတိုင်း ဖြစ်ပျက်နေဆဲပင်။

ယဲ့ချိုးပိုင်၏မျက်လုံးများလည်း အားနည်းဖျော့တော့စပြုလာ၏။

လူအုပ်ကြီးကတော့ အဆုံးမရှိချေ။

လေးရက်ကြာပြီးနောက်လည်း အတူတူပင်။

ယဲ့ချိုးပိုင်မှာ ရက်ပေါင်းမည်မျှကုန်လွန်ခဲ့ပြီးမှန်း မသိတော့ချေ။

သို့သော် သူ့ကိုဝန်းပတ်ထားသော ဓားသွားစွမ်းအင်ကမူ အားကောင်းသော အရှိန်အဝါများထုတ်လွှတ်နေဆဲပင်။

ရီဝေမှုန်မှိုင်းနေသော သူ့အကြည့်များသည် ဒေါသရိပ်နှင့် သွေးဆာနေသည့်အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေချေတော့သည်။

အချိန်အတိုင်းအတာတစ်ခုအထိကြာပြီးနောက် ယဲ့ချိုးပိုင်၏လှုပ်ရှားမှုများ ပြောင်းလဲသွားလေသည်။

သူသည် ယခင်ကလို ထုံထိုင်းမနေတော့ပေ။

ထိုအစား သူခွန်အားရှိသမျှ အစွမ်းကုန်တိုက်ခိုက်လေတော့သည်။

ဓားသွားချီစွမ်းအင်များသည် ဒေါသတရားများ ပကတိဖုံးလွှမ်းနေပြီး ပတ်ပတ်လည်ရှိလူအုပ်ကြီးကို တစ်စစီစုတ်ဖြဲလေတော့သည်။

သေချာကြည့်မည်ဆိုလျှင် ယဲ့ချိုးပိုင်သည် ထိုအခိုက်အတန့်မှာ ပြုံးနေကြောင်း သိရပေလိမ့်မည်။

အမှန်ပင်။ ယဲ့ချိုးပိုင်သည် တိတ်တဆိတ်ရယ်မောနေလေသည်။

“သတ်ပစ်။ သတ်ပစ်။ မင်းတို့အားလုံး သေစမ်း”

အခြားနေရာတွင်ရှိနေသော အဖြူရောင်ဝတ်ရုံနှင့်လူကြီးသည် ထိုမြင်ကွင်းကိုမြင်သောအခါ သက်ပြင်းချလျက် စိတ်ပျက်စွာခေါင်းခါယမ်းလိုက်သည်။

“ဒီကိုရောက်လာတဲ့တတိယမြောက်တစ်ယောက်လည်း စမ်းသပ်မှုကို မအောင်မြင်ပြန်ဘူးပဲ။ ထားလိုက်ပါတော့။ နည်းနည်းလောက်ထပ်စောင့်ကြည့်တာပေါ့”

ဤလူမှာ အလွန်ဂုဏ်ယူနေပေသည်။

သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကဲ့သို့သော ဓားသိုင်း နည်းဗျူဟာကို ဖန်တီးပြီးခဲ့ပြီဖြစ်၏။

ရှေးယခင်တုန်းက သူသည် အလွန်ကျော်ကြားသော ပညာရှင်တစ်ဦးဖြစ်သည်။ သူ့ကို ကောင်းကင်ခုံမိစ္ဆာဓားသိုင်းလှောင်အိမ်ရှင်ဟုလည်း ခေါ်ဝေါ်ကြသည်။ သို့ဖြစ်ရာ သူသည် သူ့အမွေများကို မသမာသူများလက်ထဲကို လက်ဆင့်ကမ်းမပေးနိုင်ချေ။

ထို့ပြင် စိတ်ဆန္ဒပြင်းပြမှုမရှိသူများသည် သူ့အမွေကိုဆက်ခံရန် အရည်အချင်း မပြည့်၀ပေ။

“ဟင်”

ရုတ်ခြည်းပင် ဝတ်ရုံဖြူဝတ်ဆင်ထားသူသည် ယဲ့ချိုးပိုင်ရှိရာနေရာကိုကြည့်ပြီး တွေးတွေးဆဆပြောလိုက်၏။

“စိတ်ဝင်စားစရာပဲ”

ထိုအခိုက်တွင် ယဲ့ချိုးပိုင်၏ပတ်ပတ်လည်ရှိ ပြင်းထန်လှသည့်ဓားသွားစွမ်းအင်များသည် လျော့ကျသွားခြင်းမရှိပေ။

သို့သော် သူ့မျက်ဝန်းထဲရှိ သွေးဆာရက်စက်မှုများကမူ လျော့ကျစပြုလာသည်၊

ထို့နောက် ၎င်းသည် လုံးဝရှင်းလင်းသွားချေသည်။

ထိုအရာကား ဓားသိုင်းဗဟိုချက်နက်နဲသိမ်မွေ့မှုပင်။

ဓားသိုင်းကျွမ်းကျင်သူတစ်ယောက်သည် ထိုအရာကိုလည်း ချိုးနှိမ်နိုင်ရမည်ဖြစ်၏။

လက်စားချေခြင်းဟူသည် အကောင်းဆုံးလိုက်ပွဲတစ်ပွဲပင် ဖြစ်ချေသည်။

သို့သော် လက်စားချေရန်အတွက်နှင့် သတ်ဖြတ်ရေးယန္တရားကြီးတစ်ခုလို ဖြစ်လာစရာမလိုပေ။

ယဲ့ချိုးပိုင်သည် သူ့ဓားသိုင်းတာအိုကို ဆင်ခြင်တွေးတောလိုက်မိသည်။

သူ့ဆရာသင်ပေးထားသည့်ပညာများနှင့် ကျင့်ကြံနေစဉ်တစ်လျှောက်ရှိ ဓားသိုင်းတာအိုသိမြင်ရှုမှတ်မှုများကို သူအမှတ်ရလိုက်သည်။

တစ်ချိန်တည်းမှာပင် အာဒိကပ္ပဓားသိုင်းကျမ်းသည် အရှိန်အပြည့်ဖြင့် စတင်လည်ပတ်လာလေသည်။

ဓားသွားချီစွမ်းအင်များသည် သူ့ခန္ဓာကိုယ်မျှခြေဗဟိုချက်ဆီကို အပြေးနှင်သွားပြီး သွေးဆာရက်စက်မှုများကို ဆေးကြောရှင်းလင်းပစ်လိုက်၏။

အုန်း…

၄င်း၏အရှိန်အဝါသည် ရုတ်ခြည်းလွင့်စဉ်လာ၏။

ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန် အလယ်လတ်အဆင်ကို ကျော်ဖြတ်နိုင်သွားပြီဖြစ်၏။

“ဓားသိုင်းဗဟိုချက်နက်နဲသိမ်မွေ့မှုနဲ့ အမည်မသိကျင့်ကြံရေးနည်းဗျူဟာ…”

ဝတ်ရုံဖြူဝတ်ထားသောလူက ထိုမြင်ကွင်းကိုမြင်သောအခါ မပြုံးဘဲမနေနိုင်ပေ။

“မဆိုးဘူး။ ကြည့်ရတာ သူက မျိုးစေ့ကောင်းလေးပဲ”

ယဲ့ချိုးပိုင်၏ အမြင်အာရုံသည် ပို၍ရှင်းလင်းလာသည်။

သူ့လက်ထဲရှိဓားသွားသည် ယခင်ကလို မလေးလံတော့ဘဲ ပို၍ပေါ့ပါးလာသည်။

တဖြည်းဖြည်းဖြင့် ယဲ့ချိုးပိုင်သည် ဤစမ်းသပ်မှု၏ အဓိပ္ပာယ်အစစ်ကိုနားလည်လာသည်၊

ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားသည် သတ်ဖြတ်ရေးနည်းလမ်းကောင်းများပါရှိသော မိစ္ဆာသဘာဝများဖြင့် ပြည့်နှက်နေသော ဓားသိုင်းနည်းဗျူဟာတစ်မျိုးဖြစ်သည်။

ကျင့်ကြံမှုမတည်မငြိမ်ဖြစ်နေသူဆိုလျှင် ထိုမိစ္ဆာသဘာဝ၏ ထိန်းချုပ်မှုကို အနှေးနှင့်အမြန်ခံရမည်ဖြစ်၏။

သတ်ဖြတ်ဖို့သာသိတော့သည့် ယန္တရားတစ်ခုဖြစ်လာမှာပင်။

“ကောင်းပြီ။ မင်း အောင်တယ်”

သူ့စကားအဆုံးတွင် ယဲ့ချိုးပိုင်ဘေးရှိ မျက်နှာမဲ့လူများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ရွှေရောင်ချိန်းကြိုးများနှင့် ရစ်ပတ်ထားသော ဧရာမလှောင်အိမ်ကြီးသည် ယဲ့ချိုးပိုင်ရှေ့ကို ပြန်ရောက်လာသည်။

ဝတ်ရုံဖြူဝတ်ထားသောလူသည် ယဲ့ချိုးပိုင်ကိုကြည့်ပြီး ကျေနပ်အားရစွာပြောလိုက်၏။

“ဒီလောက်ငယ်ငယ်လေးနဲ့ ဓားသိုင်းဗဟိုချက်နက်နဲမှုကို သိမြင်နိုင်လိမ့်မယ်လို့ ထင်မထားဘူး။ အဲဒီကျင့်ကြံရေးနည်းဗျူဟာက အရမ်းကို ဆန်းကြယ်တယ်”

ယဲ့ချိုးပိုင်သည် အာဒိကပ္ပဓားသိုင်းကျမ်းကို နားမလည်သေးချေ။

သို့သော် သူ့စွမ်းအားများသည် အာဒိကပ္ပဓားသိုင်းကျမ်းဆီက ရထားခြင်းပင်။

ထိုကဲ့သို့သောကျင့်ကြံရေးနည်းဗျူဟာမျိုးကို ဆောင်ကြဉ်းနိုင်သော သူ့ဆရာသခင်၏သရုပ်မှန်က ဘာပါလိမ့်။

ထိုအကြောင်းကိုတွေးမိပြီးနောက် သူသည် လုချန်ရှန်းကို ပိုမိုလေးစားလာရသည်။

ဝတ်ရုံဖြူဝတ်ဆင်ထားသောလူက စကားဆက်၏။

“မင်းက ဓားသိုင်းဗဟိုချက်နက်နဲသိမ်မွေ့ရေးဘုံကိုရောက်သွားပြီဆိုတော့ ကောင်းကင်ဘုံမိစ္ဆာဓားသိုင်းရဲ့စွမ်းအားကို အဆုံးထိထုတ်လွှတ်နိုင်ပြီ ဆိုတဲ့သဘောပေါ့။ ငါမင်းကို နောက်ဆုံးသိုင်းကွက်ငါးကွက်ပေးလို့ရပြီ”

ယဲ့ချိုးပိုင်သည် ထိုစကားကိုကြားသောအခါ ကြက်သေသေသွားရသည်။ ထို့နောက် သူသည် ခေါင်းတကုတ်ကုတ်ဖြင့်ပြော၏။

“အမ်.. စီနီယာ နောက်ဆုံးသိုင်းငါးကွက်ကိုလည်း ကျွန်တော် လေ့လာပြီးပါပြီ”

“ဟင်”

ဝတ်ရုံဖြူဝတ်ထားသူမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

“နောက်ဆုံးသိုင်းငါးကွက်အတွက် ဓားသိုင်းလက်စွဲကျမ်းက ငါ့ဆီမှာပဲရှိနေတာလေ။ ဘယ်ကိုမှလည်း မပေါက်ကြားထားဘဲနဲ့ မင်းက ဘယ်လိုလေ့လာလိုက်တာတုန်း”

ယဲ့ချိုးပိုင်သည် သူ့ကို တလေးတစားကြည့်လိုက်ရင်း ပြန်ဖြေသည်။

“ကျွန်တော့် ဆရာဆီကပါ။ သူက နောက်ဆုံးသိုင်းငါးကွက်ကို သရုပ်ပြပြီး ကျွန်တော့်ကိုသင်ပေးခဲ့တာ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဝတ်ရုံဖြူဝတ်ထားသောလူကလည်း အံ့အားသင့်စွာ ပြော၏။

“ဒါဆို နောက်ဆုံးဓားသိုင်းငါးကွက် ငါ့ကို မြန်မြန်ပြစမ်း”

“စီနီယာ နောက်ဆုံးသိုင်းကွက်ငါးကွက်ထုတ်ပြဖို့အထိ ကျွန်တော့်မှာ ခွန်အားမကျန်တော့ပါဘူး”

သူ့စကားဆုံးသည်နှင့် ဝတ်ရုံဖြူဝတ်ထားသောလူသည် မဟူရာ ရောင်မြူခိုးမျှင်တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ယဲ့ချိုးပိုင်၏ နားထင်ထဲသို့ ဝပ်တွားလိုက်လေသည်။

ယဲ့ချိုးပိုင်၏အမူအရာမှာ လှုပ်ခါသွားပြီး သူ့မျက်ဝန်းများကလည်း ပိန်းပိတ်အောင် မည်းမှောင်သွားချေသည်။

ထို့နောက် သူသည် သစ်သားဓားကိုကောက်ကိုင်လိုက်ပြီး ကောင်းကင်ခုံမိစ္ဆာစားသိုင်းကို ကျင့်ကြံလေတော့သည်။

ထိုအခိုက်ဝယ် အနက်ရောင်ဓားသွားစွမ်းအင်များသည် ကမ္ဘာကြီးကို ဖျက်ဆီးတော့မယောင် လေထုအလယ်၌ ဝေ့ဝဲသွားလေသည်။

သိပ်မကြာခင်မှာ ဝတ်ရုံဖြူဝတ်ထားသောလူသည် ယဲ့ချိုးပိုင်၏ မျက်ခုံးများကြားမှ ပြန်ထွက်လာပေသည်။

သူ့မျက်နှာမှာ ထိတ်လန့်မှုများအထင်းသားပင်။

“ဘယ်လို…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဒါက ငါ့ဓားသိုင်းထက်တောင် ပိုပြည့်စုံပြီး ပိုအားကောင်းနေသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေတောင်မှ လုံးဝမရှိတော့ဘူး”

“မင်းရဲ့ဆရာက ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို ပြီးပြည့်စုံအောင် ပြုပြင်ပေးလိုက်တာလို့ ပြောလို့ရတယ်။ ဒီဟာရဲ့အဆင့်က ငါ့ဓားသိုင်းထက်လည်း ပိုမြင့်တယ်ကွ”

“ဒါပေမဲ့ ကောင်းကင်ဘုံတာအိုက ပျက်စီးသွားပြီပဲဟာကို ဒီလိုဖြစ်တည်မှုမျိုးက ဘယ်လိုလုပ်ရှိနိုင်တော့မှာလဲ”

“မင်းဆရာက ရှေးခေတ်ကလာတာများလား”

ယဲ့ချိုးပိုင်သည် ခေါင်းတကုတ်ကုတ်လုပ်လျက် ခဏမျှ စဉ်းစားခန်းဖွင့်လိုက်သည်။

“ကျွန်တော်ကတော့ အဲလိုမထင်ဘူး။ ကျွန်တော့်ဆရာက တော်တော်လေးငယ်သေးတဲ့ပုံပေါက်တယ်။ ပြီးတော့ သူက အစားအသောက် လည်း နေ့တိုင်းစားသေးတယ်။ သူက သိပ်ပျင်းတာ”

Comment

Leave a Reply

Options

not work with dark mode
Reset