သွေးအကျဉ်းထောင် စိတ်တန်ခိုးရှင်အဆင့်ကို အသက်သွင်းရန်မှာ ရေအလျဉ်ပြည့်လျှံရေးအဆင့်ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပေသည်။
ခေါင်းဆောင်ရူသည် လေထဲကိုပျံသန်း၍ ရေအလျဉ်ပြည့်လျှံရေးအဆင့်ရှိသော အခြားပညာရှင်များနှင့်အတူ ခွန်အားများပူးပေါင်းလိုက်ပေသည်။ ရုတ်ခြည်းပင် ဤကမ္ဘာမြေထက်ဝယ် သွေးရောင်လွှမ်းသွားချေတော့သည်။
သွေးရောင်လွှမ်းနေသည့်မြေပြင်သည် သူ့အရှေ့မှာပင် အနန္တအက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။
တစ်ချိန်တည်း၌ သွေးရောင်လွှမ်းသောမြေပြင်၏ အစွန်းတစ်ဖက်တွင် အကျဉ်းထောင်များ ပေါ်ပေါက်လာ၏။
အကျဉ်းထောင်များထဲတွင် အရိုးခြောက်များလည်း ရှိနေသည်။
အရိုးပေါင်းမြောက်များစွာသည် ပကတိဖိအားတစ်မျိုးကို ထုတ်လွှတ်နေချေသည်။ အပြည့်အ၀အသက်မသွင်းရသေးလျှင်ပင် ထိုအရာကို ခံစားသိရှိနိုင်ပေသည်။
ခေါင်းဆောင်ရူသည် လေထုအလယ်တွင်ရပ်လျက် ရှင်းပြသည်။
“စိတ်တန်ခိုးရှင်အဆင့်ဆိုတာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ထက်နိမ့်တဲ့လူတွေကိုပဲလက်ခံတာ။ ခရမ်းရောင်ဘုံဗိမာန်အဆင့်ထက်ကျော်နေရင် စိတ်တန်ခိုးရှင်အဆင့်ဖိအားတစ်ရပ်ရဲ့တိုက်ခိုက်မှုကို ခံရလိမ့်မယ်”
“ခဏနေရင် မင်းတို့၀င်လို့ရပြီ။ ဒါပေမဲ့ တစ်လအတွင်း ပြန်ထွက်လာမှရမယ်။ မဟုတ်ရင်တော့ စိတ်တန်ခိုးရှင်ဘုံက ပိတ်သွားပြီး မင်းတို့လည်း အထဲမှာပဲပိတ်မိနေလိမ့်မယ်”
“အထဲမှာပိတ်မိပြီဆိုတာနဲ့ ဒါကြီးပြန်ပွင့်ဖို့ နောက်တစ်နှစ်ထပ်စောင့်ရမှာ။ သေချာတာကတော့ အဲဒီမတိုင်ခင် မင်းတို့အသက်ရှင်ကျန်ရစ်ဖို့ မဖြစ်နိုင်လောက်ဘူး”
တပည့်တပန်းအမြောက်အမြားမှာ အထဲကို ၀င်သွားလေတော့သည်။
ထျန်းယွမ်မင်းဆက်၏ ဆဋ္ဌမမင်းသား ထျန်းမင်သည် ယဲ့ချိုးပိုင်ကို နားလည်ရခက်သောအကြည့်ဖြင့်ကြည့်ပြီး ပြောလိုက်သည်။
“ဂရုစိုက်”
နေမဝင်အင်ပါယာမှလူများသည်လည်း အထဲကိုမဝင်ခင် ယဲ့ချိုးပိုင်ကို သေချာစိုက်ကြည့်သွားလေသည်။
ချောင်မိသားစုမှ ချောင်လီပေသည် ချောင်မိသားစုမှလူများကို ဦးဆောင်၍ အထဲကိုဝင်သွားလေသည်။ မဝင်ခင် သူ ယဲ့ချိုးပိုင်ကို တစ်ချက်ကြည့်ပြီး သူ့မျက်ဝန်းထဲရှိ သတ်ဖြတ်လိုသောအရိပ်အယောင်များကို လုံးဝဖုံးကွယ်မထားချေ။
ဟုန်ရင်က ယဲ့ချိုးပိုင်ဘေးတွင် မတ်တတ်ရပ်လိုက်ပြီး မပြုံးဘဲမနေနိုင်လိုက်ပေ။
“စီနီယာအစ်ကို.. ကြည့်ရတာ ရှင့်မှာ ရန်သူတွေသိပ်များပုံပဲ”
ယဲ့ချိုးပိုင်လည်း သူ့လက်ကို ကူကယ်ရာမဲ့စွာဖြန့်ကားလိုက်ရင်း စကားဆို၏။
“မတတ်နိုင်ဘူးလေ။ ငါ့ဘက်ကလည်း ဘယ်သူ့ကိုမှရန်မစမိပါဘူး။ သူတို့ကသာ ငါ့ကို ရန်စသွားကြတာ”
ဟုန်ရင် ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။
“သာမညောင်ညလူသာဆိုရင် သူတို့ ဘယ်မနာလိုဖြစ်မလဲ။ ဒါပေမဲ့ ရှင့်ကိုရန်စတဲ့လူတွေကိုတော့ သတ်သာသတ်ပစ်”
သူ့ဂျုနီယာညီမလေး၏စရိုက်မှာ အမှန်စင်စစ်ပြတ်သားလှသည်။
ယဲ့ချိုးပိုင်ကလည်း သူမစကားကို လက်ခံလိုက်သည်။ သူသည် ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပါပြီ။ အထဲကိုဝင်ကြရအောင်။ ငါတို့ အခွင့်အရေးတချို့ အရယူပြီး ဆရာ့ကိုဂုဏ်တက်အောင် လုပ်ပေးရမယ်”
ထိုအကြောင်းကိုကြားလိုက်ရသော ဟုန်ရင်မှာ သူ(မ)ဆရာ၏ အကြောက်အလန့်ကင်းမဲ့သောစရိုက်ကို သတိရမိလိုက်ပြီး နှုတ်ခမ်း မမဲ့ဘဲမနေနိုင်လိုက်ပေ။ သူ(မ) ကူကယ်ရာမဲ့စွာပြောလိုက်၏။
“ဒီအကြောင်းကို ဆရာစိတ်တောင်မ၀င်စားမှာစိုးမိတယ်”
ယဲ့ချိုးပိုင်လည်း မပြုံးဘဲမနေနိုင်ချေ။
“အမှန်ပဲ”
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌…
လုချန်ရှန်းသည် ကျောမှီထိုင်ခုံပေါ်ထိုင်၍ နေပူဆာလှုံနေလေသည်။
ရုတ်ခြည်းပင် သူသည် မျက်လုံးဖွင့်ကာ အရှေ့အရပ်ကို မျှော်ကြည့်လိုက်မိသည်။
ဤသည်မှာ သွေးအကျဉ်းထောင်စိတ်တန်ခိုးရှင်ဘုံရှိရာ လမ်းကြောင်းဖြစ်သည်။
“ဟမ်..ငါ ဘာလို့ ရင်ထဲ တလှပ်လှပ်ဖြစ်သွားသလို ခံစားနေရတာလဲ”
ရင်တမမဖြစ်ခြင်းမှာ သူနှင့်မသက်ဆိုင်သော်လည်း သူနှင့်နီးစပ်သော လူများအတွက်ပင်။
လုချန်ရှန်းအနေနှင့်ဆိုလျှင် သတိမထားမိကောင်းမထားမိနိုင်သော်လည်း သူ့လက်ရှိခွန်အားအရဆိုလျှင် သူသည် တချို့ အန္တရာယ်များကို ကြိုတင်ခန့်မှန်းနိုင်သည်။
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်သည် သွေးအကျဉ်းထောင်စိတ်တန်ခိုးရှင်ဘုံ၌ ရောက်ရှိနေလေသည်။
ဤနှစ်ယောက်သည်သာ သူနှင့်သက်ဆိုင်သည့် တစ်ခုတည်းသောအရာဖြစ်၏။
သူတို့ တစ်ခုခုဖြစ်တော့မှာများလား…
လုချန်ရှန်းသည် သွေးအေးရက်စက်ပြီး နှလုံးသားကင်းမဲ့သူတစ်ယောက်မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ သူတို့သည် သူ့တပည့်များသာဖြစ်၏။
သူတို့ချက်ပြုတ်တတ်သည့်အကြောင်းကို အသာထားဦးတော့။
ထိုအကြောင်းကိုတွေးပြီး လုချန်ရှန်းသည် တစ်ဖက်ကိုလှည့်လျက် ပျောက်ကွယ်သွားလေတော့သည်။
သွေးအကျဉ်းထောင်စိတ်တန်ခိုးရှင်ဘုံတွင်မူ..
ဟုန်ရင်သည် ယဲ့ချိုးပိုင်ကိုပြောလိုက်၏။
“တကယ် ကျွန်မရဲ့အကူအညီမလိုဘူးလား။ တစ်ဖက်လူရဲ့စွမ်းအားက ရှင့်အတွက် ပြဿနာတော့နည်းနည်းများလောက်မယ်နော်”
ယဲ့ချိုးပိုင်ခမျာ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ ဂျုနီယာညီမလေး မင်းမှာ တခြားလုပ်စရာမရှိဘူးလား။ မြန်မြန်သွားတော့။ ပြီးတော့ ဒီကိစ္စကို ငါကိုယ်တိုင်ပဲဖြေရှင်းချင်တယ်”
ဟုန်ရင်သည် ယဲ့ချိုးပိုင်၏မျက်၀န်းထဲက စိတ်ဆုံးဖြတ်ထားသော အရိပ်အယောင်ကိုမြင်ပြီး သူ့အား သွေးဆောင်နေခြင်းကိုရပ်လိုက်၏။
သူသည် ဖီးနစ်တောင်ပံများဖြန့်ကြက်ထားသည့် သဏ္ဌာန်ရှိသည့်ကျောက်စိမ်းဆွဲပြားတစ်ခုကို ပစ်ပေးလိုက်သည်။
ယဲ့ချိုးပိုင် ထိုအရာကို ဖမ်းယူလိုက်တော့ ဟုန်ရင်က ပြောသည်။
“အန္တရာယ်နဲ့ကြုံရင် ကျောက်စိမ်းဆွဲပြားရေးကို ဖိညှစ်လိုက်ပါ။ နယ်မြေလေးပိုင်းအဆင့်တိုက်ခိုက်မှုတွေကို ပိတ်ဆို့နိုင်တဲ့အစီအရင်တစ်ခုပါတယ်”
ယဲ့ချိုးပိုင် ကြက်သေသေသွားရသည်။
နယ်မြေလေးပိုင်းအဆင့်ဆိုတာ လျှို့ဝှက်တာအိုကျောင်းတော်ရဲ့ခေါင်းဆောင်နဲ့ နေမဝင်အင်ပါယာအရှင်သခင်တို့လိုမျိုး ပညာရှင်အဆင့်တိုက်ခိုက်မှုမျိုးမဟုတ်ဘူးလား။
ယဲ့ချိုးပိုင်လည်း မငြင်းတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။
ထိုအခြင်းအရာကိုမြင်တော့ ဟုန်ရင်ကထပ်ပြောသည်။
“သတိထားနော် စီနီယာအစ်ကို”
ထို့နောက်တွင် သူ(မ) အဝေးတစ်နေရာကို ပျံသန်းသွားလေတော့သည်။
ယဲ့ချိုးပိုင် အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
ဤသည်မှာ စွန့်ပစ်မြေရိုင်းကြီးတစ်ခုဖြစ်သည်။
မြေဆီလွှာထဲတွင် သွေးများပြည့်နှက်နေချေသည်။
သွေးပင်လယ်ကြီးကြောင့် အရောင်ဆိုးခံထားရသည့်အလားပင်။
သွေးနံ့များကလည်း ထောင်းထောင်းထနေလေရာ ယဲ့ချိုးပိုင်မှာ အော်ဂလီဆန်လာရသည်။
ဤသည်မှာ သာမန်အကျဉ်းထောင်သက်သက်မဟုတ်ပေ။
စစ်မြေပြင်ကြီးတစ်ခုပင်။
ယဲ့ချိုးပိုင်သည် သွေးရောင်လွှမ်းသောမြေပြင်ထက်တွင် ခြေဦးတည့်ရာလျှောက်သွားနေသည်။
ရုတ်ခြည်းပင် မှော်နက်ဓားသွားချီစွမ်းအင်တစ်ခုသည် သူ့နှလုံးသားထဲမှ ပေါက်ကွဲထွက်စပြုလာသည်။
ယဲ့ချိုးပိုင် မှင်တက်သွားရချေသည်။
ဤသည်မှာ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားကျင့်ကြံရေး၌ တစ်မူထူးလှသော ဓားသွားချီစွမ်းအင်ပင်ဖြစ်၏။
ထိုအခိုက်တွင် မဟူရာရောင်ဓားသွားချီစွမ်းအင်များသည် လမ်းကြောင်းတစ်ခုကို ဦးတည်သွားလေသည်။
ယဲ့ချိုးပိုင်ကို ထိုနေရာကိုသွားဖို့ လမ်းပြနေသလိုပင်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ဆင့်ခေါ်ခြင်း ခံနေရတာများ ဖြစ်နိုင်သလား။
ထိုသို့တွေးမိပြီးနောက် ယဲ့ချိုးပိုင်သည် ဓားစွမ်းအင်များလမ်းညွှန်ရာ ဆီကို ခြေဦးလှည့်လိုက်သည်။
မဟူရာရောင်ဓားသွားစွမ်းအင်များ၏ ဆွဲငင်အားသည် ပြင်းထန်သည်ထက် ပြင်းထန်လာ၏။
တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်မှသွေးများကလည်း စတင်မှေးမှိန်လာချေသည်။
ထိုအတွင်းရှိနေရာတစ်ခုလုံးသည် မှောင်မည်းလျက်သာ။
မြေပြင်သည် ကတ္တရာရောင်အဖြစ် ပြောင်းလဲသွားသည်။
မလှမ်းမကမ်းရှိ အနက်ရောင်ဧရာမလှောင်အိမ်ကြီးတစ်ခုက ယဲ့ချိုးပိုင်၏ရှေ့တွင် ထွက်ပေါ်လာသည်။
ထိုလှောင်အိမ်ကြီးသည် ကမ္ဘာကြီးတစ်ခုလုံးနှင့်ချိတ်ဆက်ထားပုံ ပေါ်ပြီး နှိုင်းယှဉ်၍မရလောက်အောင် ကြီးမားလေသည်။
အနက်ရောင်သံမဏိတိုင်လုံးကြီးများသည် ကောင်းကင်ထောက်တိုင်ကြီးများနှယ် အထက်ဘဝဂ်ထိတိုင် ဆန်တက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်ချိန်းကြိုးများသည် သံတိုင်များကို ဝန်းပတ်ထားလိုက်သည်။
နှစ်ပေါင်းများစွာကုန်လွန်ခဲ့တာတောင် ရွှေရောင်ချိန်းကြိုးက အရောင်မှိန်မသွားပေ။ ထိုအစား ထိုအရာသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော ချိတ်ပိတ်ရေးစွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားလေသည်။
ဒီလိုလှောင်အိမ်ကြီးနဲ့ပိတ်ထားရလောက်အောင်အထိ ဘယ်လိုပညာရှင်မျိုးကိုများ အကျဉ်းချထားတာပါလိမ့်။
ဒီအကျဉ်းသားရဲ့ခွန်အားအဆင့်က ဘယ်အဆင့်ကိုရောက်နေပြီလဲ…။
မဟူရာရောင်ဓားသွားစွမ်းအင်၏ အဆုံးသတ်ရာနေရာသည် ဤလှောင်အိမ်ကြီးပင်။
ယဲ့ချိုးပိုင်သည် ဓားသွားစွမ်းအင်နောက်ကို လိုက်သွားလိုက်လေရာ လှောင်အိမ်အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော အရိုးစုကြီးတစ်ခုကို မြင်လိုက်ရသည်။
အရိုးများ၏ပတ်ပတ်လည်တွင် အနက်ရောင်အရှိန်အဝါများ ၀န်းပတ်ထားသည်။
ထိုအရှိန်အဝါများသည် ဓားသွားစွမ်းအင်နှင့်အလားသဏ္ဌာန်တူ၏။
အားနည်းပုံပေါ်သော်လည်း ယဲ့ချိုးပိုင်ကမူ ၄င်း၏တည်ရှိမှုကို ခံစားမိသည်။
ထိုအနက်ရောင်အရှိန်အဝါသည် အလွန်အန္တရာယ်များလှပေသည်။
သို့သော် ထိုထဲတွင်ကိန်းဝပ်နေသော အရှိန်အဝါမှာ ယဲ့ချိုးပိုင်အား ရင်းနှီးသလိုခံစားရစေသည်။
ထိုအကြောင်းကို တွေးကြည့်လိုက်သည့်အခါ ယဲ့ချိုးပိုင်၏အတွေး သေချာသွားရသည်။
ဤအလောင်းကောင်သည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားနှင့် သက်ဆိုင်မှုရှိရပေမည်။
ယဲ့ချိုးပိုင် ရှေ့ကိုလျှောက်သွားလိုက်သည်။
ရုတ်ခြည်းပင် အလောင်းကောင်ပေါ်ရှိ အနက်ရောင်အရှိန်အဝါသည် ကောင်းကင်ထိတိုင် ဆန်တက်သွားလေသည်။
ထိုအရှိန်အဝါက အလောင်းတစ်ခုလုံးကိုလည်း လွှမ်းခြုံထားသည်။
ထို့နောက် ယဲ့ချိုးပိုင်သည်မျက်ဝန်းတို့ကိုမှေးကျဉ်းလိုက်မိသည်။
အနက်ရောင်အရှိန်အဝါ မှေးမှိန်ကွယ်ပျောက်သွားပြီးနောက်တွင် အလောင်းကောင်ကြီးလည်း ပျောက်ကွယ်သွားလေတော့သည်။
ထိုနေရာတွင် ဝတ်ရုံဖြူဝတ်ဆင်ထားသည့် အနက်ရောင်ဆံနွယ်ရှည်တို့ဖြင့် ခံ့ညားလှသောသခင်ငယ်လေးတစ်ယောက်သာ လေထဲ ဝဲပျံနေချေသည်။
သို့သော် ဆင့်ကျင်ဘက်အားဖြင့် သူ့လက်ထဲရှိဓားသွားကမူ ပကတိ နက်မှောင်နေ၏။
ထိုလူက စကားစလာသည်။
“မင်းလား။ မင်းက ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို ကျင့်ကြံခဲ့တာပေါ့”
ယဲ့ချိုးပိုင် ကြက်သေသေသွားရသည်။ ထို့နောက် သူ အရိုအသေပေးလျက် ပြောလိုက်သည်။
“ကျွန်တော်က ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို ကျင့်ကြံခဲ့တာပါ”
ထိုလူက ခေါင်းညိတ်ပြပြီး ခွန်းတုံ့ပြန်လိုက်၏။
“ဒါဆိုလည်း မင်းက ငါ့ရဲ့ဆက်ခံသူလို့ပြောရမှာပေါ့။ ဒါပေမဲ့ ငါ့ရဲ့အမွေကို ဘယ်လိုစရိုက်မျိုးရှိမှန်းမသိရတဲ့လူကို မပေးနိုင်ဘူး။ မင်း စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်နိုင်ဖို့လိုလိမ့်မယ်”
“စမ်းသပ်မှုကိုကျရှုံးရင် ဒီနေရာမှာ ထာ၀ရနေရမယ်”
တို့နောက် ထိုလူက လက်ကို ပေါ့ပါးစွာဝှေ့ယမ်းလိုက်သည်။
ယဲ့ချိုးပိုင်ရှေ့ရှိကမ္ဘာကြီးမှာ ရုတ်ခြည်းပြောင်းလဲသွားလေတော့သည်။
ရွှေရောင်ချိန်းကြိုးများဖြင့် ရစ်ပတ်ထားသောလှောင်အိမ်ကြီးလည်း ပျောက်ကွယ်သွားသည်။
ထိုလူကတော့ တစ်နေရာရာကို ရောက်သွားလေပြီ။
မြင်ကွင်းသည်လည်း ပြောင်းလဲသွားပြန်၏။
လူအုပ်ကြီးများသည် ယဲ့ချိုးပိုင်၏ရှေ့တွင် ရုတ်တရက်ပေါ်ပေါက်လာသည်။
သူတို့သည် ယဲ့ချိုးပိုင်ဆီကို တိမ်တိုက်မည်းတစ်ခုနှယ် ပြေးဝင်လာချေသည်။
“စမ်းသပ်မှုက တစ်ခုတည်းပဲ။ ဒီလူတွေအကုန်လုံးကို သတ်ပစ်”
👍👍