သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲမှာ နောက်တစ်ရက်တွင် စတင်လေသည်။
ဓားသိုင်းခန်းမ၏အကြီးအကဲသည် စံအိမ်တော်ဆီကိုရောက်လာပြီး ဟုန်ရင်နှင့် ယဲ့ချိုးပိုင်ကို ခေါ်သွားလေသည်။
သွားရာလမ်းတွင် ဓားသိုင်းခန်းမ၏အကြီးအကဲက ယဲ့ချိုးပိုင်အပေါ် သူဂရုတစိုက်ရှိကြောင်း ပြသလာပေသည်။
“ဒီတလော လုချန်ရှန်းဆီက ဘာတွေသင်ယူခဲ့သေးလဲ”
“မင်းရဲ့ဓားသိုင်းတာအိုကျင့်ကြံရေးကို အရှိန်မလျှော့လိုက်ဘူးမလား။ တကယ်လို့ ရွေးစရာမရှိတော့ဘူးဆိုရင်လည်း ငါ့ရဲ့ဓားသိုင်းခန်းမကို လာခဲ့လေ။ ငါ မင်းအတွက် အကောင်းဆုံးဆိုတဲ့ ဓားသိုင်းတာအို အရင်းအမြစ်တွေစီစဉ်ပေးမှာပါ”
ယံ့ချိုးပိုင်ခမျာ ခါးသက်သက်ပြုံးပြရင်း ငြင်းရုံသာတတ်နိုင်လေသည်။ တကယ်တမ်းမှာမူ သူ့တွင် လက်ရှိပိုင်ဆိုင်ထားသမျှသည် လုချန်ရှန်းပေးထားခြင်းသာဖြစ်၏။
ထို့ပြင် ဓားသိုင်းခန်းမက သူ့အား အစိမ်းရောင်တိမ်တိုက်ဓားသွား၊ ဖန်တီးရေးဆေးတောင့်နှင့် အာဒိကပ္ပဓားသိုင်းကျမ်းကဲ့သို့သောအရာများကို ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု မထင်ပေ။
ထိုအခြင်းအရာကိုမြင်နေရသည့် ဟုန်ရင်ကလည်း တခစ်ခစ်ရယ်မောလေတော့သည်။
ဓားသိုင်းခန်းမ၏အကြီးအကဲအနေနှင့် သူ့စွမ်းအားကို ဘာကြောင့် ဤမျှမက်မောရသလဲဆိုသည်ကို သူ(မ)နားလည်သည်။
ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုစွမ်းအားမှာ အမှန်တကယ်ပင် အလွန်မြင့်မားလှသည်။
သူ(မ)ပင်လျှင် ဓားသိုင်းကျင့်ကြံရေး၌ ပိုမိုသင့်တော်မည့်လူမျိုးကို မတွေ့ခဲ့ဖူးချေ။
ယဲ့ချိုးပိုင်သည် ဓားသိုင်းကျင့်ကြံဖို့ မွေးဖွားလာသူဖြစ်၏။
သူတို့ရောက်သွားချိန်မှာ သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲ ကျင်းပရာနေရာ၏ဝင်ပေါက်တွင် လူများအုံခဲနေချေပြီ။
ထိုအထဲမှာ ဟော်ချင်းမင်၊ ရှင်းဟုန်ယီနှင့် အခြားလူများကိုပါ တွေ့နိုင်လေသည်။
ရှင်းဟုန်ယီမှာ ယဲ့ချိုးပိုင်ကိုမြင်သောအခါ ကြက်သေသေသွားလေသည်။ ထို့နောက် သူ(မ) သူတို့ရှိရာကို လျှောက်လှမ်းလာ၏။
“ရှင် ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ကျော်နိုင်ခဲ့ပြီလား။ သွေး အကျဉ်းထောင် လက်ရည်စမ်းပွဲပြီးရင် တစ်ပွဲလောက်ပြိုင်ကြရအောင်”
ယဲ့ချိုးပိုင်လည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူ ငြင်းစရာမရှိပေ။
ဟုန်ရင်ကလည်း မနောက်ဘဲ မနေနိုင်ချေ။
“မဆိုးဘူး။ ငါ့ရဲ့စီနီယာအစ်ကိုကတော်တော်နာမည်ကြီးတာပဲ ဟင်”
ယဲ့ချိုးပိုင်မှာ ရယ်ရအခက်၊ငိုရအခက်ပင်။
“ဂျူနီယာညီမလေးရေ ငါ့ကိုမစပါနဲ့တော့။ ဒါက မင်းရဲ့ယှဉ်ပြိုင်လိုစိတ်သက်သက်ပါပဲ”
ရုတ်ခြည်းပင် ယဲ့ချိုးပိုင်သည် အန္တရာယ်များလှသောအကြည့်တစ်ချက်ရှိရာကို လှမ်းကြည့်လိုက်သည်။
ပစ်မှတ်ကိုမြင်သောအခါ ယဲ့ချိုးပိုင် ကြက်သေသေသွားရလေသည်။
ချောင်းမိသားစုက လူလား..
ချောင်လီပေက ယဲ့ချိုးပိုင်ကြည့်၍ သရော်လေသည်။ သူသည် လည်ပင်းပေါ်ကို လက်ရွယ်လျက် လည်ဖြတ်သည့်အမူအရာကို လုပ်ပြလေ၏။
“ဘာလို့လဲ။ ရှင့်ကို သတ်ချင်နေတဲ့လူတစ်ယောက်ယောက်များလား”
ဟုန်ရင်က ပြော၏။
“ကျွန်မဆီက အကူအညီလိုသေးလား”
ယဲ့ချိုးပိုင်သည် ယခုအချိန်မှာ သူ(မ)၏စီနီယာအစ်ကို ဖြစ်နေလေပြီ။ သို့ဖြစ်ရာ သူ(မ)အနေနှင့် သူ့ကိုကူညီစောင့်ရှောက်ပေးရမှာ သဘာဝပင်။
ထိုစကားသည် သူက ဂျူနီယာမောင်လေးဖြစ်ပြီး ဟုန်ရင်က စီနီယာအစ်မဖြစ်နေသလို ခံစားရစေသည့်အတွက် ယဲ့ချိုးပိုင်းခမျာ အနည်းငယ်မျှ ကူကယ်ရာမဲ့သွားလေသည်။
တကယ်တမ်းတော့ အနည်းငယ်ရှက်ဖို့ကောင်းလှသည်။
ယဲ့ချိုးပိုင် စကားပြန်လိုက်သည်။
“အဆင်ပြေပါတယ်။ ဒါက ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေပါ။ သူတို့ကို ငါပဲ ကြည့်ကြပ်ဖြေရှင်းလိုက်ပါ့မယ်”
ဟုန်ရင်ကလည်း ခေါင်းညိတ်သဘောတူလေသည်။
ထိုအချိန်တွင် ခေါင်းဆောင်ရူသည် ရှေ့ထွက်လာပြီး လူတိုင်းကို ပြောလိုက်၏။
“ဒီသွေးအကျဉ်းထောင်စိတ်တန်ခိုးရှင်အဆင့်ပြိုင်ပွဲက ကျောင်းတော်ကြီးရဲ့ဂုဏ်ကျက်သရေတိုးပွားဖို့အတွက်တင်မကဘဲ မင်းတို့တွေအတွက်လည်း အခွင့်အလမ်းကောင်းတစ်ခုပဲ”
“အဲ့ဒီထဲမှာ ရှေးဟောင်းပညာရှင်တစ်ဦးရဲ့အမွေအနှစ်တွေ ရှိတယ်။ အဲ့ဒါကို မင်းတို့ အမွေဆက်ခံနိုင်လိုက်မယ်ဆိုရင် ကျင့်ကြံရေးအတွက် အကျိုးသက်ရောက်မှုကြီးကြီးမားမားရှိလာမှာပဲ”
“ဒါပေါ့။ ပိုအရေးကြီးတာက ငါတို့ကျောင်းတော်ထဲမှာ တစ်ယောက်ကိုတစ်ယောက်သတ်ခွင့်မရှိဘူး။ အထဲကိုဝင်သွားပြီးရင် အုပ်စုဖွဲ့ဖို့ ကြိုးစားကြပါ”
ထိုအကြောင်းကိုပြောနေသော ခေါင်းဆောင်ရူ၏အမူအရာမှာ တည်ကြည်လေးနက်နေလေသည်။ သူက အကြောင်းအရာကို ပြောင်းလိုက်ပြီး ခပ်နိမ့်နိမ့်အသံဖြင့် စကားဆို၏။
“အထဲမှာတွေ့ကြုံရမဲ့အန္တရာယ်တွေက မင်းတို့ရမဲ့ဆုလာဘ်တွေနဲ့တော့ တခြားစီပဲ။ ထွက်မလာနိုင်ဘဲ အထဲမှာပဲ ထာဝရပိတ်မိနေတာမျိုး မမြင်ချင်ဘူး”
“ကောင်းပြီ။ ဒီတစ်ခေါက်အတွက် ခေါင်းဆောင်ကတော့ ကျုံးဝူပါ”
ပညာရှင်ဆန်လှသော အရှိန်အဝါများနှင့်ပြည့်နှက်နေသော ပုဂ္ဂိုလ်တစ်ဦးသည် နောက်ကျောပေါ်တွင် စာအုပ်စင်အသေးစားလေးကို သယ်ပိုးထားလေ၏။
စာအုပ်စင်ငယ်လေးတွင် စာအုပ်များနှင့်ပြွတ်သိပ်နေပြီး သူ့လက်ထဲတွင်လည်း စာအုပ်တစ်အုပ်ကိုကိုင်ထားသည်။
ဟော်ချင်းမင်က ယဲ့ချိုးပိုင်၏နံဘေးတွင်လာရပ်ပြီး သတိပေးသည်။
“ကျုံးဝူက ကွန်ဖြူးရှပ်ကျောင်းတော်ကြီးရဲ့ စီနီယာအစ်ကိုအကြီးဆုံးပဲ။ သူ့ခွန်အားက ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်ကို ရောက်ပြီးနေပြီ။ ငါကြားထားတာတော့ သူက ကွန်ဖြူးရှပ်ကျောင်းတော်ကြီးရဲ့ဆက်ခံသူတဲ့”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
ဟုန်ရင်လည်း အနည်းငယ်အံ့အားသင့်သွားလေသည်။
“ဒီလူမှာ စာပေပညာရှိတစ်ယောက်ရဲ့စိတ်နှလုံးမျိုးတကယ်ရှိတာပဲ”
သို့သော် သူ(မ) ဆက်ဂရုမစိုက်အားတော့ပေ။
ရှေ့ဆင့်နောက်ဆင့်မှာပင် ငှက်မွေးယပ်တောင်နှင့်အမျိုးသားတစ်ယောက် ဟုန်ရင်၏နံဘေးကို လျှောက်လာလေ၏။
“မိန်းကလေး.. အထဲကိုရောက်တဲ့အခါကျရင် ငါ မင်းကို ကာကွယ်ပေးမယ်”
ထိုသူမှာ အစီအရင်ခန်းမမှ လင်းစီဖြစ်သည်။
ဟုန်ရင်သည် သူ့ကို တစ်ချက်မျှကြည့်လိုက်ပြီး ဘာမှပြန်မပြောချေ။
လင်းစီကလည်း စိတ်ထဲမထားပေ။ သူသည် ညင်သာသောအပြုံးတစ်ပွင့်ဆင်မြန်းလျက် ဟုန်ရင်၏နံဘေးတွင် မတ်တတ်ရပ်နေလေသည်။
သူသည် ဟုန်ရင်ကို ဟုန်းဟုန်းတောက်လောင်နေသောအကြည့်ဖြင့် စိုက်ကြည့်နေလေ၏။
လုချန်ရှန်းက ဟုန်ရင်ကို ချင်းထျန်းနျန်နှင့်တွေ့ဖို့ ခေါ်လာခဲ့သည့် အချိန်ကတည်းက လင်းစီ သူ(မ)ကို အမှတ်တမဲ့တွေ့ဖူးခဲ့ခြင်းပင်။
ထိုကတည်းက လင်းစီမှာ ဟုန်ရင်ကို အရူးအမူးလိုက်ကပ်လေတော့သည်။
ယဲ့ချိုးပိုင်၏အမူအရာက ထူးဆန်းသွားချေသည်။
ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးမှာတဲ့လဲ။
သူ့ဂျူနီယာညီမလေးက ရေအလျဉ်ပြည့်လျှံခြင်းအဆင့်အထွတ်အထိပ်ပညာရှင်တစ်ယောက်ပင်။
ထိုအခိုက်တွင် ကောင်းကင်ယံတွင် ဧရာမသင်္ဘောကြီးတစ်စင်း ရွက်လွှင့်လာလေ၏။
သင်္ဘောကြီး၏ရှေ့မှာမူ ရေနဂါးနှစ်ကောင်ရှိနေပြီး ထိုသင်္ဘောကို ဆွဲနေလေသည်။
ဤသည်မှာ ထျန်းယွမ်မင်းဆက်၏ သင်္ဘောကြီးဖြစ်၏။
လူတိုင်း၏အထက်နားမှာပင် သင်္ဘောက တဖြည်းဖြည်းရပ်တန့်သွားသည်။
ဟော်ချင်းမင်က ခေါင်းတခါခါနှင့်ပြောလာသည်။
“ဒီထျန်းယွမ်မင်းဆက်က တအားကိန်းကြီးခန်းကြီးနိုင်တာပဲ”
သူ့စကားအဆုံးတွင် ပုံရိပ်တချို့ ဆင်းသက်လာသည်။
“ဟော်ချင်းမင်… မင်းမှာလည်း ကြွားဝါခွင့်ရှိတာပဲ”
ထိပ်ဆုံးကလူသည် ကျင်ခပ်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အလွန်တရာ တန်ဖိုးကြီးပုံပေါ်၏။
ဟော်ချင်းမင်က နှာမှုတ်လျက် ဘာမှပြန်မပြောချေ။
ထိုပုဂ္ဂိုလ်က သူ့အား သည့်ထက်ပိုပြီး အနှောင့်အယှက်မပေးနိုင်ချေ။ တကယ်တမ်းတွင် သူသည်လည်း လျှို့ဝှက်တာအိုကျောင်းတော်မှ ဖြစ်၏။
သူတို့၏ထျန်းယွမ်မင်းဆက်မှာ ယဉ်ကျေးစွာပြုမူနေထိုင်ရန် လိုပေသည်။
ခေါင်းဆောင်ဖြစ်သူသည် ခေါင်းဆောင်ရူနားကို လျှောက်သွားလိုက်ပြီး အရိုအသေပေးလိုက်လေသည်။
“နှုတ်ဆက်ပါတယ် ဆရာ”
ထျန်းယွမ်မင်းဆက်ရှိ မင်းသားများနှင့် အထူးအရာရှိများအားလုံးသည် ကွန်ဖြူးရှပ်ကျောင်းတော်၏စာပေများနှင့် အကျွမ်းတ၀င်ရှိခဲ့ကြသည်။
ထို့ကြောင့် သူ့အား ဆရာဟုခေါ်ဝေါ်ခြင်းမှာ မလွန်ချေ။
ခေါင်းဆောင်ရူကလည်း အသာအယာခေါင်းညိတ်ပြပြီး ရယ်လိုက်သည်။
“ဆဋ္ဌမမင်းသားရဲ့ ကျင့်ကြံရေးအဆင့်က ထပ်တက်သွားပြန်ပြီပဲ။ ဒါပေမဲ့ သုတစာပေတွေတော့ ထပ်ဖတ်ဖို့လိုဦးမယ်နော်”
ဆဋ္ဌမမင်းသားကလည်း လုံးဝမမောက်မာပေ။ သူက ကျိုးကျိုးနွံနွံ ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
ခေါင်းဆောင်ရူကလည်း ခေါင်းဆတ်ပြသည်။
ရှင်းဟုန်ယီက နှုတ်ခမ်းကိုကွေးညွတ်လျက်ပြော၏။
“ဒီဆဋ္ဌမမင်းသားထျန်းမင်က မနက်ဖြန် ဟန်ရေးပြတော့မှာပဲ။ ဒါပေမဲ့ သူ့ခွန်အားကလည်း မဆိုးဘူး။ သူက ခရမ်းရောင်ဘုံဗိမာန်နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ”
ယဲ့ချိုးပိုင်က အသာအယာခေါင်းညိတ်ပြလိုက်သည်။
ထိုအခိုက်တွင် ထျန်းမင်က ယဲ့ချိုးပိုင်ကို ရုတ်တရက်လှမ်းကြည့်ပြီး နားလည်ရခက်စွာပြောလိုက်သည်။
“ဒါက ငါတို့ထျန်းယွမ်မြို့တော်ရဲ့ ပါရမီရှင် ယဲ့ချိုးပိုင်ပဲဖြစ်ရမယ် ဟုတ်တယ်မလား”
“အဲဒီတုန်းက အစ်ကိုချိုးပိုင်က စွမ်းအားတွေ ဆုံးရှုံးသွားတယ်လို့ ငါကြားထားတာ။ အခု သူ့စွမ်းအားတွေပြန်ရလာပြီဆိုတော့ လျှို့ဝှက်တာအိုကျောင်းတော်ကို ၀င်လိုက်တာတဲ့”
“သူက ချောင်မိသားစုရဲ့ဆက်ခံသူကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပြီး ယဲ့ယန်ကိုလည်း သူ့ဘိုးဘေးရှေ့မှာတင်သတ်ပစ်တာနော်”
ယဲ့ချိုးပိုင်၏သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားရသည်။
ထိုအရာမှာ အမှန်တရားဖြစ်သော်လည်း လူတိုင်းရှေ့မှာ ထိုကိစ္စကို ထုတ်ပြောလာသော ဆဋ္ဌမမင်းသားထျန်းမင်၏လုပ်ရပ်ကတော့ မှားသည်။
ဤသည်မှာ မီးထဲကို လောင်စာထည့်လိုက်သလိုပင်။
ထင်ထားသည့်အတိုင်းပင် လူအမြောက်အများက လှမ်းကြည့်လာကြလေသည်။
ချောင်မိသားစုမှလူများကလည်း ယဲ့ချိုးပိုင်ကို လှမ်းကြည့်လာကြ၏။
သူတို့မျက်ဝန်းထဲမှ သတ်ဖြတ်လိုသောအရိပ်အယောင်များ ဖြာထွက်လာလေသည်။
ဟုန်ရင်ကတော့ စနောက်ပြန်သည်။
“စီနီယာအစ်ကို ရှင် သူ့ကို အရင်က အပြစ်လုပ်ထားသေးလား”
ယဲ့ချိုးပိုင်က ခေါင်းခါပြလိုက်သည်။ သူလည်း အလွန်ပဟေဠိဖြစ်နေရသည်။ သူသည် ယခင်က ဤသို့မကြုံဖူးချေ။
ထိုအချိန်၌ သင်္ဘောပေါ်မှ အခြားလူများဆင်းလာကြပြန်၏။
ထိုလူအားလုံးသည် ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပေသည်။
ခေါင်းဆောင်းထက်တွင် နေမင်းသင်္ကေတပုံစံ ပါရှိ၏။
ယဲ့ချိုးပိုင်၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြန်သည်။
ဟော်ချင်းမင်းလည်း အံ့အားသင့်နေဟန်ပင်။
ရှင်းဟုန်ရင်ကလည်း အလွန်ပဟေဠိဖြစ်နေပေသည်။
“နေမဝင်အင်ပါယာကလူတွေ တောင်ပိုင်းနယ်မြေကို ဘာလို့ရောက်လာရတာလဲ”
အစကမူ ယဲ့ချိုးပိုင်သည် ဆဋ္ဌမမင်းသားထျန်းမင်နှင့် မဆုံဖူးသောကြောင့် ထိုသူက သူ့အား ဘာကြောင့်ရန်လိုနေသလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့ရသည်။
နေမဝင်အင်ပါယာကို သူ မြင်လိုက်ရချိန်မှာတော့ အရာအားလုံးကို နားလည်လိုက်သည်။
သူ ဒေါသမထွက်ဘဲမနေနိုင်ပေ။
ကျန်းချန်.. ငါမသေသေးဘူးဆိုတော့ မင်း စိတ်အေးလက်အေး မဖြစ်သေးသလိုခံစားရလား….
အနာဂတ်မှာ ငါ ရင့်ကျက်လာတဲ့အချိန် နေမဝင်အင်ပါယာကို အပြတ်ရှင်းပြမယ်…
ဟုန်ရင်သည်လည်း နေမဝင်အင်ပါယာအကြောင်း လုချန်ရှန်းဆီမှ ကြားသိထားပြီးဖြစ်၏။ သူ့မျက်၀န်းများသည် သတ်ဖြတ်လိုသော အရိပ်အယောင်များနှင့် ပြည့်နှက်သွားလေသည်။
ယဲ့ချိုးပိုင်သည် သူ(မ)၏စီနီယာအစ်ကိုဖြစ်လေရာ သူသည် သူ(မ)၏ မိသားစုဟုဆိုလျှင်လည်းမမှားချေ။
နေမဝင်အင်ပါယာက ငါ့မိသားစုကို လာထိပါးရဲတယ်ပေါ့လေ…
ဟုန်ရင်၏စိတ်နှလုံးထဲမှာတော့ နေမဝင်အင်ပါယာရှိလူများကို ယမမင်းနှင့်သွားတွေ့ပြီးနှုတ်ဆက်ခိုင်းဖို့ တွေးနေမိတော့သည်။