လုချန်ရှန်း၏သရုပ်ပြမှုမှတစ်ဆင့် ဟုန်ရင် တော်တော်များများကို သင်ယူလိုက်နိုင်သည်။
သူ(မ)သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး လေဟာပြင်ထဲတွင်ကျန်ရစ်ခဲ့သော လှံတံစျာန်အဘိညာဉ်နှင့် လှံတံတာအိုစည်းမျဉ်းများကို ရှုမှတ်နေချေသည်။
မကြာမီမှာပင် ဟုန်ရင်သည် ဉာဏ်အလင်းပွင့်ခြင်းအဆင့်ကို ဝင်ရောက်သွားလေတော့သည်။
အချိန်ကုန်လွန်လာလိုက်သည်မှာ တောင်ကြားလမ်းတွင်အပြေးနှင်နေသော မြင်းဖြူတစ်ကောင်နှယ်..။
မျက်စိတစ်မှိတ်အတွင်းမှာ ငါးရက်တာကုန်လွန်သွားချေပြီ။
ယဲ့ချိုးပိုင်သည် သူ့အခန်းထဲမှာအောင်း၍ ရှုမှတ်မှုကို ဆက်လက်လုပ်ဆောင်နေဆဲပင်။
ဟုန်ရင်ကမူ ဉာဏ်အလင်းပွင့်ခြင်းအဆင့်ကို ရောက်ရှိနေချေပြီ။
လုချန်ရှန်းသည် ခုံတန်းလျားပေါ်တွင်ထိုင်ရင်း စကားဆိုလာ၏။
“သူတို့နှစ်ယောက် ကျင့်ကြံအားထုတ်နေတဲ့အချိန် ငါ့အတွက်ချက်ပြုတ်ပေးမဲ့လူလည်း တစ်ယောက်မှမရှိဘူး။ ငါ တခြားတပည့်တစ်ယောက်ကို ထပ်ရှာလိုက်ရမလား”
သူ့စကားအဆုံးတွင် ဟုန်ရင်၏လှံတံစျာန်အဘိညာဉ်သည် ကောင်းကင်ထိတိုင် ဆန်တက်လာပေသည်
ထို့နောက် သူ(မ)သည် မျက်လုံးအစုံကိုဖွင့်လိုက်ပြီး လက်ထဲတွင် လှံတံကိုကိုင်စွဲလျက် တရစပ်ဝှေ့ယမ်းလိုက်၏။
ဤသည်မှာ ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ၏ ပထမသိုင်းကွက်ပင်။
ထိုအခိုက်တွင် ယဲ့ချိုးပိုင်သည် လက်ထဲတွင် သစ်သားဓားကိုကိုင်စွဲလျက် တဲလေးထဲမှထွက်လာလေသည်။
ဓားသိုင်းစျာန်အဘိညာဉ်ခပ်ပါးပါးသည် သူ့ခန္ဓာကိုယ်အနှံ့ မသိမသာရစ်ပတ်သွယ်ယှက်ထားလေ၏။
ထိုအဘိညာဉ်သည် အလွန်တရာစူးရှလှသည်။
“ဂျူနီယာညီမလေး.. တစ်ပွဲလောက်စမ်းကြည့်ရအောင်”
ယဲ့ချိုးပိုင်သည် ရယ်မောလျက် ဟုန်ရင်ဆီကို တိုးဝင်လိုက်လေသည်။
ဟုန်ရင်သည်လည်း ချိုးနှိမ်ထားရသည့် သူ(မ)၏စွမ်းအင်များကို ထွက်ပေါက်ပေးပြီး ယခုလေးတင်သိမြင်နားလည်လိုက်သော ပြန်လည်ဝင်စားရေးလှံတံစျာန်အဘိညာဉ်ကို အသုံးချချင်နေသည်သာ။ ထို့ကြောင့် သူ(မ)သည် တခစ်ခစ်ရယ်ချက် ယဲ့ချိုးပိုင်၏အကြံပြုချက်ကို လှိုက်လှဲစွာလက်ခံလိုက်သည်။
ဤအချိန်လေးအတွင်းမှာ ဟုန်ရင်နှင့် ယဲ့ချိုးပိုင်တို့သည် သူတို့၏ကျင့်ကြံရေးအဆင့်များကို အနိမ့်ဆုံးအထိရောက်အောင် ဖိနှိပ်ဖုံးကွယ်ထားကြလေသည်။
သစ်သားဓားနှင့်လှံတံတို့သည် ဝိညာဉ်ချီစွမ်းအင်၏အထောက်အပံ့များမရှိချေ။
၎င်းမှာ လှံတံစျာန်အဘိညာဉ်နှင့် ဓားသိုင်းစျာန်အဘိညာဉ်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုမျှသာဖြစ်၏။
လှံတံနှင့်ဓားသွားတို့ဆီမှလာသော စွမ်းအင်လှိုင်းလုံးကြီးသည် ချောက်ကမ်းပါးတစ်ဝိုက်တွင် ဝရုန်းသုန်းကားပြေးလွှားသောင်းကျန်းလေတော့သည်။
ဘေးဘက်ရှိမိုးမခပင်ကြီးကတော့ တုတ်တုတ်မျှမလှုပ်ချေ။ သစ်ရွက်များသာလျှင် ဓားသွားချီစွမ်းအင်၏သက်ရောက်မှုကြောင့် အနည်းငယ်လှုပ်လီလှုပ်လဲ့ဖြစ်သွားရုံမျှသာရှိပြီး ပြိုကျပျက်စီးမည့်အရိပ်အယောင် လုံးဝမရှိပေ။
ယဲ့ချိုးပိုင် မသိမသာနောက်ပြန်ဆုတ်လိုက်သော်လည်း သူ့စိတ်အစဉ်ကမူ ဝရုန်းသုန်းကားဖြစ်နေလေသည်။
ဟုန်ရင်၏လှံတံစျာန်အဘိညာဉ်အဆင့်သည် သူ့ထက်ပင် သာလွန်သည်ဟုဆိုနိုင်သည်။
တိုက်ခိုက်ယှဉ်ပြိုင်နေစဉ်အတွင်း ဟုန်ရင်သည် ခွန်အားကုန်ထုတ်မသုံးထားဘဲ စိမ်ပြေနပြေလေ့ကျင့်ရေးဆင်းနေရုံသာဖြစ်ကြောင်း သူခံစားမိလိုက်သည်။
ဟုန်ရင်ဘက်က စိတ်အေးလက်အေးဖြစ်နေသည်ဟုထင်ရသော်လည်း သူ(မ)သည် ယဲ့ချိုးပိုင်၏ ဓားသိုင်းစျာန်အဘိညာဉ်အပေါ် သိမြင်နားလည်မှုကြောင့် အံ့အားသင့်နေရှာသည်။
တကယ်တမ်းတွင် သူ(မ)သည် ပြန်လည်ဝင်စားရေးကိုးဘဝစာလောက် တွေ့ကြုံခဲ့ပြီးဖြစ်၏။
သူ့အရွယ်တုန်းကလိုသာဆိုလျှင် သူ(မ)အနေနှင့် ယဲ့ချိုးပိုင်ကို အနိုင်တိုက်နိုင်မည်မဟုတ်ချေ။
“ကောင်းပြီ။ အခုလောလောဆယ်တော့ တိုက်ခိုက်တာရပ်လိုက်။ ကိုးဘဝပြန်လည်ဝင်စားရေးဆေးပြားကို မြန်မြန်သောက်လိုက်”
လုချန်ရှန်းက ဆိုလာ၏။
“သံပူနေတုန်း နာနာထုမှပေါ့”
ထိုစကားကိုကြားသော် ဟုန်ရင်သည်တုံ့ခနဲရပ်တန့်လိုက်ပြီး သူ(မ)၏လှံတံကို တစ်ဖက်ကိုပို့လိုက်သည်။ သူ(မ)သည် ချောက်ကမ်းပါးထက်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကိုးဘဝပြန်လည်ဝင်စားရေးဆေးပြားကို သောက်သုံးလိုက်၏။
ပြန်လည်ဝင်စားရေးစွမ်းအားများသည် ဟုန်ရင်၏ခန္ဓာကိုယ်ထဲတွင် ရုတ်ခြည်းပြည့်နှက်လာပြီး ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏နိယာမနှင့် ချိတ်ဆက်လိုက်သည့်အလား တိမ်တိုက်ထဲအထိပါ ဆန်တက်သွားပေသည်။
သို့သော်ငြား ဤကမ္ဘာကြီးတွင်း မိုးမြေနိယာမဟူ၍ မရှိတော့ပေ။
ကောင်းကင်ဘုံတာအိုလမ်းစဉ်က ပျက်စီးခဲ့လေပြီ။ သို့ဖြစ်ရာ နိယာမစွမ်းအားလည်း အဘယ်သို့ရှိနိုင်တော့မည်လဲ။
မိုးမခပင်ကြီးသည် ဝမ်းပန်းတနည်းမရေရွတ်ဘဲမနေနိုင်ပေ။
“ကံဆိုးချင်တော့ ကိုးဘဝပြန်လည်ဝင်စားရေးဆေးပြားက နိယာမစွမ်းအားမရှိဘဲ ပြန်လည်ဝင်စားရေးတာအိုနိယာမကို မလှုံ့ဆော်နိုင်ဘူး။ ဒါကြောင့် အရင်ရှစ်ဘဝတုန်းကစွမ်းရည်တွေကို သူ အပြည့်အဝဆက်ခံနိုင်မှာမဟုတ်ဘူး”
ငှက်ငယ်လေးသည် အတောင်များကို တဖျပ်ဖျပ်ခတ်လျက် သူ့ခေါင်းသေးသေးလေးကို ခါယမ်းလိုက်သည်။
လုချန်ရှန်းမှာတော့ စိတ်ပျက်အံ့အားသင့်သွားရချေသည်။
နိယာမစွမ်းအားတဲ့လား။
စနစ်က သူ့အား ထိုတာအိုနိယာမများကို ထောက်ပံ့ပေးနိုင်သည်ဖြစ်ရာ ထိုစနစ်ကိုယ်တိုင်က နိယာမစွမ်းအားတစ်မျိုးများ ဖြစ်လေမလား။
စနစ်ကလည်း လုချန်ရှန်း၏စိတ်ကို ဖတ်လိုက်နိုင်သည့်အလား ပြန်ဖြေပေးလေသည်။
[လက်ခံသူရဲ့ခန့်မှန်းချက် မှန်ပါတယ်။ တိတိကျကျပြောရရင် နိယာမစွမ်းအားက စနစ်နဲ့တစ်သားတည်းပါပဲ။ လက်ခံသူအနေနဲ့ ကြိုက်တဲ့အချိန် ထုတ်သုံးနိုင်ပါတယ်]
ထိုစကားကိုကြားသော် လုချန်ရှန်းသည် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကမ္ဘာပေါ်ရှိအရာခပ်သိမ်းကို သက်ရောက်မှုပေးနိုင်သောစွမ်းအားတစ်ရပ်သည် စံအိမ်တော်၏ပတ်ပတ်လည်တွင် ပြည့်နှက်သွားလေတော့သည်။
မိုးမခပင်ကြီး၏အကိုင်းအခက်များသည် စတင်လှုပ်ယမ်းလာ၏။ မိုးမခပင်ကြီးမှာ တအံ့တသြရေရွတ်လာသည်။
“နိယာမစွမ်းအားလား။ မင်း နိယာမစွမ်းအားကို ဆင့်ခေါ်နိုင်တယ်ပေါ့”
“အဲ့ဒါတင်မကဘူး။ ဒါက အဆင့်နိမ့်ရှုထောင့်က နိယာမစွမ်းအားနဲ့တောင် မတူဘူး။ အဆင့်မြင့်ရှုထောင့်ကနဲ့ပိုတူနေတယ်”
မည်သို့ပင်ဖြစ်စေ မိုးမခပင်ကြီးသည် အံ့သြခဲသည်။ ၎င်းသည် ကမ္ဘာပျက်ကပ်စတင်ကတည်းက စကြဝဠာကြီးထဲမှာ တည်ရှိလာခဲ့ခြင်းဖြစ်၏။ ၎င်း၏သက်တမ်းကို မည်သူမျှမသိနိုင်ပေ။
ငှက်ငယ်လေးသည်လည်း အံ့သြထိတ်လန့်သွားရှာသည်။ ဖီးနစ်မီးလျှံများသည် ၎င်း၏နီရဲရဲတောင်ပံများဆီမှ ထွက်ပေါ်လာလေတော့သည်။
၎င်းသည် နိယာမစွမ်းအား၏လွှမ်းမိုးမှုအောက်တွင် ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ တက်လှမ်းသွားပေသည်။
ယဲ့ချိုးပိုင် တုံ့ခနဲရပ်တန့်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားသိုင်းစျာန်အဘိညာဉ်သည် ကောင်းကင်ထိတိုင် ဆန်တက်သွားပြီး ဓားသွားချီစွမ်းအင်စီးကြောင်းကြီးအဖြစ် အသွင်ပြောင်းသွားကာ ယဲ့ချိုးပိုင်ကိုဝန်းပတ်ထားပေသည်။
တစ်ချိန်တည်းမှာပင် သူသည် အစိမ်းရောင်တိမ်တိုက်ဓားသွားကို ဆွဲထုတ်လိုက်သည်။
ဓားသွားပေါ်ရှိတာအိုနိယာမများသည် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ပေါ်ရှိ ဓားသိုင်းစျာန်အဘိညာဉ်များနှင့်အတူ ပဲ့တင်ထပ်စပြုလာချေသည်။
လုချန်ရှန်း၏နိယာမစွမ်းအားသည် လူတိုင်းအပေါ်သက်ရောက်မှုရှိသွားသည်မှာ သိသာလှသည်။
တစ်ဖက်တွင်မူ ဟုန်ရင်သည် ကိုးဘဝပြန်လည်ဝင်စားရေးနည်းဗျူဟာကို သူ(မ)တတ်စွမ်းသလောက် လည်ပတ်နေစေသည်။ ထို့နောက် ပြန်လည်ဝင်စားရေးစွမ်းအားသည် ကောင်းကင်ပေါ်၌ ပျံံ့နှံ့သွားလေတော့သည်။
သို့သော် ထိုအရာသည် ခေါင်းပြတ်နေသည့်ယင်တစ်ကောင်အလား တစ်စုံတစ်ရာကိုရှာဖွေနေဟန်ပင်။
မည်သို့ပင်ဖြစ်စေ လုချန်ရှန်းက နိယာမစွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပြန်လည်ဝင်စားရေးစွမ်းအားများလည်း ပစ်မှတ်ကိုရှာတွေ့သွားဟန်တူ၏။ ၎င်းသည် ထိုနိယာမစွမ်းအားများဆီကို ချဉ်းကပ်လာဖို့ လက်ဦးမှုရယူလိုက်ပြီး စတင်ရောထွေးယှက်နွယ်လေတော့သည်။
ထိုအရာများထဲတွင် ပြန်လည်ဝင်စားရေးတာအိုနိယာမများလည်း တကယ်ရှိနေချေသည်။
ပြန်လည်ဝင်စားရေးတာအိုနိယာမ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ရင်လည်း လွန်ခဲ့သည့်ရှစ်ဘဝတုန်းကစွမ်းအားများကို ပြီးပြည့်စုံစွာဆက်ခံနိုင်လိုက်ပြီဖြစ်၏။
သိပ်မကြာခင်မှာပင် အဖြူရောင်ဝိညာဉ်တစ်ကောင်သည် ဥက္ကာပျံတစ်စင်းနှယ် တစ်ဟုန်ထိုးပြေးထွက်လာပေသည်။
၎င်းသည် ဟုန်ရင်၏ခန္ဓာကိုယ်ကို အရှိန်ဖြင့်ဆောင့်ချလိုက်သည်။
သူ(မ)၏အရှိန်အဝါများ ရုတ်ခြည်းပေါက်ကွဲထွက်လာတော့သည်။
အလယ်လတ်အဆင့်ရေအလျဉ်ပြည့်လျှံရေးဘုံပင်။
မဆိုင်းမတွမှာပင် ဒုတိယဝိညာဉ်တစ်ကောင်ကလည်း တိုးထွက်လာပြီး ဟုန်ရင်၏နားထင်ဆီကို အပြေးနှင်လေသည်။
သူ(မ)၏အရှိန်အဝါမှာ နောက်တစ်ကြိမ်တိုးထွက်လာပြန်၏။
စတုတ္ထမြောက်တစ်ခုသည် ဟုန်ရင်အား ရေအလျဉ်ပြည့်လျှံရေးအဆင့်အထွတ်အထိပ်အထိရောက်အောင် ပို့ဆောင်ပေးလိုက်နိုင်သည်။
ထိုအခိုက်တွင်ပြန်လည်ဝင်စားရေးစွမ်းအားများသည်လည်း ငွေ့ရည်ဖွဲ့စပြုလာ၏။
နောက်နှစ်ရက်အကြာတွင် ကိုးဘဝစာဝိညာဉ်များသည် ဟုန်ရင်၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပေတော့မည်။
သူ(မ)သည် ပြီးပြည့်စုံသောဆက်ခံမှုကို လုပ်ဆောင်နိုင်ခဲ့လေပြီ။
သူ(မ)၏အရှိန်အဝါများလည်း ဖြည်းဖြည်းချင်းတည်ငြိမ်လာလေသည်။
ပြန်လည်ဝင်စားရေးစွမ်းအားများ ကိုယ်ထင်ပြလာဟန်တူပြီး ဟုန်ရင်၏ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်လာချေသည်။
အဆုံးမှာတော့ သူ(မ)၏အဆင့်သည် ရေအလျဉ်ပြည့်လျှံရေးအဆင့်အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။
သူ(မ)သည် အနှစ်သာရတန်ပြန်လည်ပတ်ရေးအဆင့်ကိုရောက်ဖို့ လက်တစ်ကမ်းမျှသာလိုတော့သည်။
ဟုန်ရင်သည် မျက်လုံးအစုံကိုဖွင့်လိုက်ပြီး လုချန်ရှန်းကို အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
လုချန်ရှန်းက ခေါင်းတခါခါနှင့်ပြော၏။
“ငါ ဘာမှမလုပ်လိုက်ရပါဘူး”
ဟုန်ရင်ကလည်း ခုခံပြောဆို၏။
“ကျွန်မမှာ အဲ့ဒီဆေးပြားရှိရင်တောင် ဆရာ့ဆီကလမ်းညွှန်မှုမပါရင် ဒါတွေကို ပြီးပြည့်စုံအောင်ဆက်ခံနိုင်မှာမဟုတ်ပါဘူး။ အဲ့လိုဆိုရင် ကိုးဘဝပြန်လည်ဝင်စားရေးနည်းဗျူဟာကို ကျင့်ကြံနေလည်း ဘာအဓိပ္ပါယ်မှရှိတော့မှာမဟုတ်ဘူး”
လုချန်ရှန်းက ပခုံးတွန့်ပြလျက် ပြောသည်။
“အဲ့လိုဆိုတော့လည်း ငါမင်းကိုအလုပ်တစ်ခုပေးမယ်လေ”
ထိုစကားကိုကြားသောအခါ သူ(မ) အလွန်ဝမ်းမြောက်ပျော်ရွှင်သွားလေသည်။ ဟုန်ရင်သည် သူ(မ)ဆရာအနေနှင့် တစ်စုံတစ်ရာလိုချင်တပ်မက်ခြင်းမျိုး သို့မဟုတ် သူ(မ)အား တစ်စုံတစ်ခုစေခိုင်းခြင်းမျိုး မရှိမှာကို စိုးရိမ်နေခဲ့သည်သာ။
ထိုအဖြစ်သည် သူ(မ)က အသုံးမဝင်သူတစ်ယောက်နှယ်ခံစားမိစေသောကြောင့် ထိုခံစားချက်မျိုးကို သူ(မ)မကြိုက်ချေ။
“ဆရာ ပြောသာပြောပါ”
လုချန်ရှန်းသည် ခေါင်းတညိတ်ညိတ်လုပ်လျက် အပြုံးတစ်ပွင့်ဖြင့်ပြောလေသည်။
“သွားပြီးချက်ပြုတ်ချေ။ ငါ အစာမစားရတာ ရက်နည်းနည်းကြာသွားပြီ”
ဟုန်ရင် : “…”
ကောင်းပြီလေ။ သူ့ဆရာမှာ စားဖိုမှူးတစ်ယောက်လိုအပ်နေတာကလွဲရင် ချို့တဲ့နေတာမှမရှိတာ..
ထိုအခိုက်အတန့်လေးမှာ ယဲ့ချိုးပိုင်သည် သူ၏ကျင့်ကြံမှုကိုရပ်တန့်လိုက်ချေသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ သူ့မှာ မရယ်ဘဲမနေနိုင်တော့ပေ။
“ဂျူနီယာညီမလေး.. မင်း ကျင့်သားရသွားမှာပါ။ ဆရာက တကယ်ကိုလူမသိသူမသိပဲနေတတ်တာ။ အဲ့ဒါကြောင့် ပုံမှန်ဆိုရင် သူ့မှာ ဘာမှလုပ်စရာမရှိဘူးလေ”
ထိုစကားကိုကြားသည့် လုချန်ရှန်းခမျာ မျက်လုံးပြူးသွားရပြီး ခွန်းတုံ့ပြန်လေ၏။
“ဘာမှမရှိဘူးဆိုတာ ဘာသဘောလဲကွ။ မင်းက ငါ့ကို ငပျင်းတစ်ကောင်လိုဖြစ်အောင်ပြောနေတာပဲ”
အဲ့လိုပဲမဟုတ်ဘူးလား..
ယဲ့ချိုးပိုင် စိတ်ထဲကသာ ထိုသို့တွေးလိုက်သော်လည်း ထုတ်တော့မပြောရဲချေ။
“ကောင်းပြီ။ ကောင်းပြီ။ ဂျူနီယာညီမလေး.. ငါ မင်းကိုကူပေးမယ်”
ဟုန်ရင်ကလည်း ခေါင်းညိတ်ပြသည်။
ရုတ်ခြည်းပင် ပုံရိပ်တစ်ခုက လုချန်ရှန်းရှေ့တွင် ပေါ်ပေါက်လာလေ၏။
“ချန်ရှန်း.. မင်းနဲ့မင်းတပည့်တွေ ဒီရက်ပိုင်းအဆင်ပြေကြရဲ့လား”
ထိုသူသည် ချင်းထျန်းနျန်ပင်။
လုချန်ရှန်းကလည်း ထွေထွေထူးထူးတွေးမနေဘဲ ပြောလိုက်သည်။
“ကျွန်တော့်မှာ လုပ်စရာတစ်ခုရှိလို့။ ကျွန်တော့်တပည့်နှစ်ယောက်ကတော့ အဆင်ပြေပါတယ်။ ခင်ဗျား သူတို့နဲ့စကားပြောလို့ရတယ်နော်”
ချင်းထျန်းနျန် : “…”
ယဲ့ချိုးပိုင် : “…”
ဟုန်ရင်: “…”
ဘုရားရေ.. သူ သေချာမစဉ်းစားဘဲ သူတို့နှစ်ယောက်ကို သစ္စာဖောက်လိုက်မိပြီ။
.