[တပည့်လက်ခံခြင်းစစ်ဆင်ရေးကို အောင်မြင်တဲ့အတွက် လက်ခံသူကိုဂုဏ်ပြုပါတယ်]
[ဆုလာဘ် : တာအိုနိယာမလှံတံ၊ တာအိုနိယာမမီးတောက်၊ ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ၊ ကိုးဘဝဝင်စားရေးဆေးဖော်နည်း၊ ကျင့်ကြံရေးသက်တမ်း နှစ်၂၀၀၀]
မိုက်လိုက်တာ…
မူလကတော့ လုချန်ရှန်းသည် ဤဧကရီကိုအောင်နိုင်ဖို့ အချိန်အတော်ယူရလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူသည် ထိုကိစ္စအတွက် နည်းလမ်းတစ်ခုကိုပင် ရှာဖွေဖော်ထုတ်နေသော်လည်း သူ(မ)ကတော့ သူ့ဘာသာအောင်မြင်သွားခဲ့လေသည်။
ထိုအချိန်မှာပင် ယဲ့ချိုးပိုင်ကလည်း လျှို့ဝှက်တာအိုကျောင်းတော်ကို အချိန်မီပြန်ရောက်လာလေသည်။
သိုင်းပညာယှဉ်ပြိုင်ပွဲကြီးပြီးကတည်းက သူသည် လျှို့ဝှက်တာအိုကျောင်းတော်တစ်ခွင် အလွန်နာမည်ကြီးလာလေ၏။
“စီနီယာအစ်ကိုယဲ့”
“အာ.. စီနီယာအစ်ကိုယဲ့ရဲ့ခွန်အားက ပိုပြီးတောင်သိပ်သည်းလာသလိုပဲ။ ထပ်ပြီးအဆင့်တက်သွားတာလား”
“ဟူး စီနီယာအစ်ကိုယဲ့ပီသပါပေတယ်”
ယဲ့ချိုးပိုင်သည် တစ်ယောက်ချင်းစီကို စကားပြန်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူ စိတ်ထဲတွင် မတွေးဘဲမနေနိုင်ချေ။
ဟူး.. ဆရာက ဘယ်တော့မှများ ဂျူနီယာညီလေးညီမလေးတွေကို လက်ခံမှာပါလိမ့်..
“ဟူး..စီနီယာအစ်ကိုယဲ့.. စီနီယာလုက မိန်းမလှလေးတစ်ယောက်ကို ခေါင်းဆောင်ရှိတဲ့နေရာကိုခေါ်သွားတာ ကျွန်တော်တွေ့လိုက်တယ်”
“ကြည့်ရတာ စီနီယာအစ်ကိုယဲ့ရဲ့ဂျူနီယာလေးထင်တယ်”
“???”
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်သည် ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။
စံအိမ်တော်ကို သူပြန်ရောက်သောအခါ စံအိမ်တော်ထဲမှထွက်လာသော မိန်းမလှလေးနှင့် လုချန်ရှန်း၏အရှေ့တွင်ချထားသော ထမင်းပန်းကန်များကို မြင်လိုက်ရသည်။
နောက်ဆုံးတော့ ငါ့မှာ ဂျူနီယာညီမလေးရှိပြီပေါ့လေ..
လုချန်ရှန်း၏ တစ်မူထူးသောအသံကိုကြားသောအခါ သူသည် သူ့ဆရာကို နှုတ်ဆက်တော့မည့်ဆဲဆဲဖြစ်၏။
“မင်းပြန်လာတာစောလှချည်လား”
“…”
ယဲ့ချိုးပိုင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူ အထင်သေးခံလိုက်ရလေသလား။
“ကျွန်တော် ထွက်သွားသင့်လား”
ယဲ့ချိုးပိုင်၏မျက်နှာထက်ရှိ ထူးဆန်းလှသောအကြည့်ကို သတိထားမိသည့်အခါ လုချန်ရှန်း ရှင်းပြလိုက်ရ၏။
“ငါဆိုလိုချင်တာက မင်း ဒီလောက်မြန်မြန်ကြီး ကိစ္စတွေအပြီးဖြတ်နိုင်ခဲ့တာလားလို့လေ”
ယဲ့ချိုးပိုင်သည် ရှေ့ကိုလျှောက်သွားလိုက်သည်။ လုချန်ရှန်းကို အရိုအသေပေးလိုက်ပြီးနောက် ကိစ္စအဝဝကိုရှင်းပြလိုက်သည်။
“နေမဝင်အင်ပါယာ.. အဲ့ဒီအကြောင်း ဦးလေးချင်ပြောပြတာတော့ မကြာခဏကြားဖူးတယ်”
ဦးလေးချင်ဆိုသည်မှာ ချင်းထျန်နျန်ဖြစ်သည်။
“အဲ့ဒီဂိုဏ်းက ငါတို့တောင်ပိုင်းနယ်မြေရဲ့ လျှို့ဝှက်တာအိုကျောင်းတော်ထက် ပိုအင်အားတောင့်ပုံရတယ်”
ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်ပြလျက်ဆို၏။
“ကျွန်တော်သိပါတယ်”
ယဲ့ချိုးပိုင်၏ လေးနက်လှသောအမူအရာကို လုချန်ရှန်းသတိထားမိလိုက်ပြီး ညင်သာစွာပြောလာလေသည်။
“ငါ ထပ်ပြောမယ်နော်။ ဒီကိစ္စကိုဖြေရှင်းဖို့ ငါမင်းကိုကူညီမှာမဟုတ်ဘူး။ ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာရန်ငြိုးပဲလေ”
“အဲ့ဒါတင်မကဘူး။ စီနီယာတစ်ယောက်အနေနဲ့ အဲ့လိုကိစ္စမျိုး မလုပ်နိုင်ဘူး။ ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်သလဲလို့”
ယဲ့ချိုးပိုင်ကလည်း ဂရုမစိုက်ချေ။ ထိုအစား သူသည် ပြုံးကာပြောလေ၏။
“ကျွန်တော်လည်း ဆရာ့ကို ကူညီပေးဖို့တောင်းဆိုမှာမဟုတ်ပါဘူး။ နေမဝင်အင်ပါယာဆိုတာလည်း ကျွန်တော့်ရဲ့ဓားသွေးကျောက်သက်သက်ပါပဲ”
“မင်း အဲ့လိုတွေးတယ်ဆိုတော့ကောင်းတာပေါ့”
ရုတ်ခြည်းပင် ဟုန်ရင်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့်ဝင်ပြောလေသည်။
“ဒါက အတွေးကောင်းပဲ။ တစ်ချိန်လုံး ပြင်ပဖိအားတွေကိုပဲအာရုံစိုက်နေမယ်ဆိုရင် အနာဂတ်မှာ ကျင့်ကြံအားထုတ်မှုကို သက်ရောက်လာမှာ”
ထိုအချိန်တွင် ဟုန်ရင်သည် ယဲ့ချိုးပိုင်ကို အကဲဖြတ်နေချေ၏။
ယခင်ဘဝတုန်းက ဧကရီတစ်ပါးဖြစ်ခဲ့ဖူးသည့်အတွက် သူ(မ)မှာ လေ့လာအကဲဖြတ်ရေးနည်းလမ်းများစွာရှိသည်။
ဤမျှငယ်ငယ်ရွယ်ရွယ်လေးဖြင့် သူသည် ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်နားလည်နိုင်ပြီး ဓားသိုင်းပညာရှင်အဆင့်ကိုပင် တက်လှမ်းနိုင်ပေသည်။
သူ့ကျင့်ကြံရေးနည်းဗျူဟာမှာ အလွန်အမင်းထူးခြားလှသည်သာ။
ဟုန်ရင်သည် သူ့ရုပ်ပိုင်းဆိုင်ရာအခြေအနေများကို အကဲမခတ်နိုင်ပေ။
သူ့အရည်အချင်းကလည်း သူ(မ)ထက်မနိမ့်လှပေ။
လုချန်ရှန်းက သူ(မ)ကို ယဲ့ချိုးပိုင်နှင့်မိတ်ဆက်ပေး၏။
“ဒါက မင်းရဲ့ဂျူနီယာညီမလေးဟုန်ရင်တဲ့”
ယဲ့ချိုးပိုင်သည် ဟုန်ရင်ကိုပြုံးပြပြီး စကားဆို၏။
“ညီမလေး ပြောတာမှန်ပါတယ်။ နောင်မှာ တစ်ခုခုဖြစ်ရင် မင်းငါ့ကို လာရှာနိုင်ပါတယ်”
ဟုန်ရင်၏အမူအရာမှာ ထူးဆန်းလှသည်။ သူ(မ)က ခေါင်းညိတ်ပြီး ခွန်းတုံ့ပြန်လာသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
လုချန်ရှန်းက အစာတစ်လုတ်စားလိုက်ပြီး ခဏအကြာတွင် ပြောလာ၏။
“မင်းရဲ့ဂျူနီယာညီမလေးက အခု ရေအလျဉ်ပြည့်လျှံရေးအဆင့်ကို ရောက်နေပြီ။ ဘယ်သူက ဘယ်သူ့ကိုကူညီမယ်ဆိုတာ သိပ်တော့မသေချာဘူး”
ယဲ့ချိုးပိုင် အံ့သြသွားလေသည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်တဲ့လား။ သူ့ထက်မြင့်မားတဲ့ ရှားရှားပါးပါးအဆင့်ပဲမဟုတ်လား။
ထိုအကြောင်းကိုတွေးတောရင်း ယဲ့ချိုးပိုင်သည် အလောတကြီးပြောလိုက်၏။
“ဆရာ.. လမ်းတစ်လျှောက်မှာ ကျွန်တော် တစ်စုံတစ်ခုကိုနားလည်သိမြင်ခဲ့တယ်။ လူခြေတိတ်တဲ့နေရာကို ကျွန်တော်သွားနှင့်မယ်နော်”
ထို့နောက် သူသည် သူ့အခန်းထဲသို့ ပြန်သွားလေတော့သည်။
လုချန်ရှန်း ပြုံးလိုက်မိ၏။
ဤသည်မှာ သူ့အတွက် ထိုးနှက်ချက်တစ်ခုပင်။
မဆိုင်းမတွမှာပင် ဟုန်ရင်သည်လည်း ကျင့်ကြံအားထုတ်ဖို့ ပြင်ဆင်လေတော့သည်။
လုချန်ရှန်းက သူ(မ)ကိုတားလိုက်ပြီး စကားဆိုလိုက်သည်။
“စိတ်မပူပါနဲ့။ ဂိုဏ်းထဲကိုဝင်လာတုန်းက ငါ ချိုးပိုင်ကို ဖန်တီးရေးဆေးပြားနဲ့ အစိမ်းရောင်တိမ်တိုက်ဓားသွားကို ပေးခဲ့တယ်”
“အခု ငါ မင်းကိုတပည့်အဖြစ်လက်ခံလိုက်ပြီဆိုတော့ ဘယ်သူ့ကိုမှတစ်ဖက်သတ်မျက်နှာမလိုက်နိုင်ဘူး”
ဟုန်ရင်သည် အမှုမထားသလို ပြုံးလိုက်သည်။
“ကျွန်မအတွက် မလိုပါဘူး”
သူ(မ)တွင် ဧကရီတစ်ပါး၏အခြေခံအင်္ဂါရပ်များရှိသည့်အတွက် မြောက်များလှစွာသော ကျင့်ကြံရေးရင်းမြစ်များလည်း ရှိသည်သာ။
ထိုအစား ဟုန်ရင်သည် သူ(မ)၏ဆရာကိုပေးဖို့ ပစ္စည်းကောင်းတစ်ခုခုရှိမလားဆိုသည်ကိုပင် စူးစမ်းနေမိသည်။
ကြည့်ရသည်မှာ လုချန်ရှန်းတွင် ကောင်းကောင်းကန်းကန်းပစ္စည်းတစ်ခုတလေပင် ရှိပုံမပေါ်ချေ။
ထိုအတွေးကြောင့် သူ(မ)သည် ဆေးဖက်ဝင်ဆေးပြားတချို့ကို ထုတ်ယူတော့မည့်ဆဲဆဲမှာပင် သူ(မ)ဆီကိုရောက်ချလာသော ဆေးပြားတစ်ပြားကို မြင်လိုက်ရသည်။
ဟုန်ရင်လည်း အမှုမဲ့အမှတ်မဲ့ဖမ်းယူလိုက်၏။
ထိုဆေးပြားပေါ်တွင် ပြန်လည်ဝင်စားရေးအဆင်တန်ဆာများ ပါရှိလေသည်။ ၎င်းမှာ ရှေးကျပြီး ဆန်းကြယ်လှသည်။
“ဒါက ဘယ်လိုဆေးမျိုးလဲ”
လုချန်ရှန်းက ထူးမခြားနားဟန်ပန်ဖြင့် ပြောသည်။
“မင်းရဲ့ ကိုးဘဝပြန်လည်ဝင်စားရေးနည်းဗျူဟာက ကိုးကြိမ်လုံးသုံးလိုက်ပြီမဟုတ်ဘူးလား။ ဒီဆေးက အရင်ကိုးဘဝမှာရထားခဲ့တဲ့စွမ်းရည်တွေကို ပြီးပြည့်စုံအောင်ပေါင်းစပ်ပေးနိုင်တယ်”
ထိုစကားကိုကြားသော် ဟုန်ရင်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားလေသည်။
လုချန်ရှန်းတစ်ယောက် သူ(မ)၏ကိုးဘဝပြန်လည်ဝင်စားရေးနည်းဗျူဟာအကြောင်းကို သိနေသည့်ကိစ္စကို ခေတ္တမေ့ထားလိုက်ပေဦးတော့။
သူမသည် သူမ၏နောက်ဆုံးဘဝကို ရောက်နေပြီဖြစ်သောကြောင့်ယခင်ဘဝရှစ်ခုမှ စွမ်းရည်များနှင့် ကျင့်ကြံမှုများကို ပေါင်းစပ်ရန်အတွက် ပြန်လည်ဝင်စားရေးဆေးပြားကို အလွန်အမင်းလိုအပ်နေခဲ့သည်။
သို့သော် ပြန်လည်ဝင်စားရေးဆေးပြားဆိုသည်မှာ အလွန်တရာတန်ဖိုးကြီးလှပြီး ရှားပါးလေသည်။
ထိုအရာသည် ဒဏ္ဌာရီလာဆေးဖက်ဝင်ဆေးပြားဖြစ်ပြီး ရှာဖွေတွေ့ရှိရန်ပင် ခက်ခဲလှသည်ဟု ဆိုနိုင်ပေသည်။
ထိုသို့ဆိုလျှင်ပင် ပြန်လည်ဝင်စားရေးဆေးပြားသည် ယခင်ဘဝများ၏ ၆၀ရာခိုင်နှုန်းကိုသာ ပြန်လည်ပေါင်းစပ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ လုချန်ရှန်းပေးသောဆေးပြားသည် လွန်ခဲ့သည့်ရှစ်ဘဝစာကို ပြီးပြည့်စုံအောင်ပေါင်းစပ်နိုင်စွမ်းရှိလေသည်။ သူ(မ) မအံ့သြဘဲမနေနိုင်ချေ။
ထို့နောက် လုချန်ရှန်း ပြောလာသည်။
“ဟုတ်တယ်။ ဆေးတစ်လုံးတည်းဆိုရင် တအားစုတ်ပဲ့လွန်းတယ်။ ဒီကိုလာခဲ့”
စုတ်ပဲ့တယ်တဲ့လား။
ဟုန်ရင်ခမျာ ငေးငိုင်လျက် ရှေ့ကိုတိုးလာလိုက်သည်။
လုချန်ရှန်းသည် ဟုန်ရင်၏နဖူးကို လက်ညှိုးညွှန်လိုက်၏။
ရုတ်ခြည်းပင် သတင်းအချက်အလက်တစ်ပုံကြီးသည် ဟုန်ရင်၏အာရုံထဲ ပေါ်ပေါက်လာလေသည်။
ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ
သိုင်းပညာလမ်းစဉ်ကို လှံတံနှင့်အတူဝင်ရောက်ပြီး ပြန်လည်ဝင်စားခြင်းနည်းဗျူဟာဖြင့် တာအိုလမ်းစဉ်ကို ဝင်ရောက်ပါ။
…
ဟုန်ရင်သည် ထိုအချက်အလက်များကိုကြည့်ပြီး ထိတ်လန့်သွားရလေသည်။
ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာသည် ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သည်ဟူသောအချက်ကို ဘေးဖယ်ထားလိုက်ပါက ၎င်းသည် သူ(မ)၏ကိုးဘဝပြန်လည်ဝင်စားရေးနည်းဗျူဟာနှင့် အံဝင်ခွင်ကျပင်။
သူ(မ)သည် ပြန်လည်ဝင်စားရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီးဖြစ်၏။ ယခုမူ ဤနည်းဗျူဟာသည် သူ(မ)၏ခွန်အားကို အဆင့်ပေါင်းများစွာအထိ တိုးမြှင့်ပေးနိုင်လေသည်။
လုချန်ရှန်းသည် သူ့လက်ချောင်းကိုရုပ်သိမ်းလိုက်ပြီး မေးစေ့ကိုပွတ်သပ်လိုက်၏။
“ဟမ်.. မင်းက အဲ့ဒါကိုသိမြင်ရှုမှတ်နိုင်ဖို့ သိပ်နှေးတာပဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ မင်းအတွက် နောက်တစ်ခေါက်ထပ်လုပ်ပေးမယ်။ သေချာကြည့်ထား”
ထို့နောက် သူ့လက်ကိုလှန်လိုက်သည့်အခါ သူ့လက်ထဲရှိ ဝိညာဉ်ချီစွမ်းအင်မှတစ်ဆင့် လှံတံတစ်ခုပုံပေါ်လာပေသည်။
ဟုန်ရင်၏မျက်ဝန်းအစုံ ပြူးကျယ်သွားလေသည်။
ဆရာ.. ရှင်က ဓားသိုင်းကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား။
အခု ဘာလို့ လှံတံကိုသုံးနေရတာလဲ။
ဖြစ်နိုင်လောက်မလား..
လုချန်ရှန်းသည် သူ့လက်ထဲရှိလှံတံကို ဝှေ့ယမ်းလိုက်ပြီး ရှေ့တည့်တည့်ကို ထိုးချလိုက်၏။
လှံတံသည် ခပ်ဝေးဝေးရှိတောင်ထိပ်ကိုပင် ထိုးခွင်းနိုင်လေသော ပြန်လည်ဝင်စားရေးစွမ်းအားများကိုသယ်ဆောင်ထားသည့် နဂါးတစ်ကောင်ပမာပင်။
ဧရာမအပေါက်ကြီးတစ်ခုသည် ထိုအရာကိုထွင်းဖောက်၍ ပေါ်ပေါက်လာသည်။
ဟုန်ရင်သည် လုချန်ရှန်းတစ်ယောက် ပြန်လည်ဝင်စားရေးနည်းဗျူဟာကို သရုပ်ပြနေသည်ကို သေချာကြည့်နေလေ၏။
ထိုအချိန်အတွင်းမှာ သူသည် လှံတံစျာန်အဘိညာဉ်အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားသည်။
လှံတံစျာန်အဘိညာဉ်ကို ဖိနှိပ်ထားသော စွမ်းအားတစ်မျိုးလည်းရှိပြီး ဤကမ္ဘာကြီး၏နိယာမစွမ်းအားနှင့်လည်း မတူညီချေ။
ထိုအရာမှာ လှံတံတာအိုနိယာမပင် ဖြစ်ချေသည်။
ဟုန်ရင်တစ်ယောက် ပင့်သက်ရှိုက်လိုက်မိသည်။
လုချန်ရှန်းက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဟုသာ သူ(မ)ထင်ထားခဲ့သည်။ သို့သော် အဆုံးမှာတော့ သူ၏လှံတံသိုင်းပညာကလည်း လုံးဝအားမနည်းပေ။
၎င်းမှာ သူ(မ)ထက်ပင် ပိုသာနေသေးသည်။
ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာကဲ့သို့သော အန္တိမသိုင်းပညာနည်းဗျူဟာကို ပိုင်ဆိုင်နိုင်သည်မှာ ဆန်းတော့မဆန်းလှချေ။
ခဏအကြာတွင် လူချန်ရှန်းသည် သူ့လှံတံကို အဝေးပို့လိုက်ပြီး ဟုန်ရင်အား သာမန်ကာလျှံကာပြောလိုက်၏။
“ကောင်းပြီ။ မင်းဘာသာမင်းကျင့်ကြံလို့ရပြီ။ ငါ တစ်ရေးသွားအိပ်လိုက်ဦးမယ်”
ဟုန်ရင် : “…”