ယဲ့ယန် သေဆုံးသွားလေပြီ။
မျက်ခုံးနှစ်ဖက်ကြားတွင်လည်း အပေါက်ကြီးတစ်ပေါက်ရှိနေပြီး ထိုနေရာမှ သွေးများယိုကျနေပေသည်။
ယဲ့ချိုးပိုင်ကမူ ယဲ့မိသားစုနေအိမ်မှ ထွက်ခွာသွားသည်မှာ ကြာလှရှိချေပြီ။
သူသည် အပြီးတိုင်ထွက်ခွာသွားချေပြီ။
ယဲ့မိသားစုဘိုးဘေးသည် ထိုအခြင်းအရာကိုမြင်သောအခါ သုန်မှုန်သွားလေသည်။
ယဲ့ယန်သည် သူရွေးချယ်ထားသော အရိုက်အရာဆက်ခံသူပင်။ သို့သော် ယခုတော့ဖြင့် ယဲ့ချိုးပိုင်က သူ့အား သုတ်သင်လိုက်ချေပြီ။
ယဲ့ချိုးပိုင် ဘေးကင်းကင်းဖြင့်ထွက်ခွာသွားနိုင်သည်ကို ယဲ့ချင်းမြင်သောအခါ စိတ်ပူပန်မနေတော့ဘဲ စိတ်သက်သာရာရစွာ ပြုံးလိုက်၏။
ယဲ့မိသားစု၏ဘိုးဘေးသည် ယဲ့ချင်းကိုလှည့်ကြည့်ကာ သရော်လေသည်။
“အခုကစပြီး ယဲ့လင်းက မိသားစုခေါင်းဆောင်ရာထူးကို ယူလိမ့်မယ်”
ထိုစကားကိုကြားသော် ယဲ့လင်းမှာ အံ့သြမှင်တက်သွားလေသည်။ သို့သော် သူ လုံးဝမပျော်ရွှင်နိုင်ပေ။ သူ့သားက အသတ်ခံလိုက်ရပြီဖြစ်၏။
ယဲ့ချင်းက ပခုံးတွန့်ပြလျက် စိတ်မရှိကြောင်းပြလေသည်။ သူ့အတွက်တော့ ယဲ့ချိုးပိုင်၏ခွန်အားများ ပြန်သက်သာလာရုံဖြင့် ကျေနပ်နေပြီသာ။
ဤကိစ္စရပ်များ၏လက်သည်တရားခံဖြစ်သူ ယဲ့ချိုးပိုင်ကမူ ထျန်းယွမ်မြို့တော်ပြင်ပရှိ လှိုဏ်ဂူတစ်ခုအတွင်း ထိုင်နေလေ၏။
အစိမ်းရောင်တိမ်တိုက်ဓားသွားကို ဆွဲထုတ်ခဲ့စဉ်ကခံစားခဲ့ရသော နောက်ဆက်တွဲဆိုးကျိုးကြောင့် သူ့အသက်ရှူနှုန်းကို ပြန်လည်ချိန်ညှိနေရသည်။
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်သည် ခပ်ကျိတ်ကျိတ်အံ့အားသင့်နေမိသည်။
ဓားကို အနည်းငယ်ဆွဲထုတ်ရုံမျှဖြင့် ယဲ့မိသားစု၏ဘိုးဘေးလို ပညာရှင်တစ်ယောက်၏မျက်စိအောက်မှာပင် လူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။
ဓားကို အဆုံးထိသာဆွဲထုတ်လိုက်ပါက ဘိုးဘေးခမျာ ရိုက်ချက်တစ်ချက်ကိုပင် ခုခံတားဆီးနိုင်မည်မဟုတ်လောက်ချေ။
သို့သော် အစိမ်းရောင်တိမ်တိုက်ဓားသွားကိုသာ သူအဆုံးထိဆွဲထုတ်လိုက်လျှင် ထိုအနှိုင်းမဲ့စွမ်းအားကြီးလေသော ထိုဓားသိုင်းစျာန်အဘိညာဉ်သည် သူ့ကိုပါချေမှုန်းပစ်နိုင်လေသည်။
ကျန်းထျန်ဟန်ပြောခဲ့ဖူးသောစကားကို သူ ပြန်အမှတ်ရလိုက်သည်။
နေမဝင်အင်ပါယာတဲ့လား..
သူသည် မြောက်ပိုင်းနယ်မြေကိုအုပ်စိုးသူဖြစ်ပြီး လက်ရှိရှင်ဘုရင်သည် သိုင်းပညာနယ်ပယ်လေးခုစာရင်းတွင် စတုတ္ထအဆင့် ချိတ်လေသည်။
သို့သော် ယဲ့ချိုးပိုင်သည် စိတ်ပျက်အားလျော့ခြင်း အလျဉ်းမရှိချေ။
သူသည် နေမဝင်အင်ပါယာကို ကျော်လွှားနိုင်စွမ်းရှိနိုင်ပေသည်။
ထိုအကြောင်းကိုတွေးနေရင်းမှာ ဓားသိုင်းစျာန်အဘိညာဉ်တစ်မျိုးက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲမှ လှိုက်တက်လာပေသည်။
၎င်းသည် အနှိုင်းမဲ့အရှိန်အဟုန်ဖြင့် ကောင်းကင်ထိတိုင် ဆန်တက်သွား၏။
သူ၏ဓားသိုင်းဝိညာဉ်သည် ခိုင်မာပြီး ပြိုင်ဘက်ကင်းသည့်အပြင် အရာခပ်သိမ်းကို ထိုးဖောက်နိုင်စွမ်းရှိသည်။
သူ့ဓားသိုင်းစျာန်အဘိညာဉ်ကလည်း ထိုးဖောက်ထွက်ပေါ်လာပြီးဖြစ်၏။
လက်ရှိယဲ့ချိုးပိုင်သည် ဓားသိုင်းပညာရှင်တစ်ဦး ဖြစ်နေချေပြီ။
နှစ်ရက်အကြာတွင် ယဲ့ချိုးပိုင်သည် သိမြင်ရှုမှတ်မှုကို လက်စသတ်လိုက်ပြီး ဤနေရာမှထွက်ခွာကာ လျှို့ဝှက်တာအိုကျောင်းတော်ကို ပြန်သွားလိုက်သည်။
သူ့ဆရာတစ်ယောက်တည်း အထီးကျန်နေရှာမလားဆိုသည်ကို သူမသိနိုင်ပေ။ သူသည် သူ့ဆရာ၏တစ်ဦးတည်းသောတပည့်ပင်မဟုတ်ပါလား။
သူထွက်လာခဲ့ပြီးနောက်ပိုင်း သူ့အတွက်ချက်ပြုတ်ပေးမည့်လူရော၊ စကားပြောဖော်ရော မရှိပေ။
…
တစ်ချိန်တည်းမှာပင် စံအိမ်တော်ထဲတွင်မူ အမျိုးသမီးတစ်ယောက်သည် မျက်မှောင်ကြုတ်လျက် ငါးစွပ်ပြုတ်ပန်းကန်ကိုကိုင်ကာ မီးဖိုချောင်ထဲမှထွက်လာလေသည်။
သူ(မ)သည် စွပ်ပြုတ်ပန်းကန်ကို လုချန်ရှန်း၏အရှေ့တွင် ချလိုက်ပြီး အေးတိအေးစက်စကားဆိုလေ၏။
“အခု ကျွန်မကို လမ်းညွှန်ချက်တချို့ပေးလို့ရပြီလား”
ဤရက်ပိုင်းအတောအတွင်း၌ လုချန်ရှန်းသည် သူ(မ)အား အလွန်ထိတ်လန့်စေခဲ့သည်။
သူ့လှည့်ကွက်ကိုပင် သူ(မ) လုံးဝမရိပ်စားမိပေ။
လွှတ်ထုတ်နေသော ဓားသွားအရှိန်အဝါခပ်မှိန်မှိန်သည် သာမန်ဓားသိုင်းစျာန်အဘိညာဉ်ထက် ပိုသိပ်သည်းနေပြီး နိယာမစွမ်းအင်များ ပြည့်နှက်နေလေသည်။
ဟုန်ရင်သည် သူ(မ)ဘဝတစ်လျှောက်၌ ဤကဲ့သို့သောဓားသိုင်းတာအိုအရှိန်အဝါမျိုးကို လုံးဝမတွေ့ဖူးခဲ့ချေ။
ချောက်ကမ်းပါးထက်ရှိ မိုးမခပင်ကြီးကလည်း အရှိန်အဝါမရှိသည့်တိုင် ဝိညာဉ်တစ်ပါးရှိနေသည်မှာ သိသာလှသည်။
သို့သော်ငြား ၎င်းသည် သူ(မ)အား ကြောက်လန့်စေ သောခံစားချက်တစ်မျိုး ပေးစွမ်းနိုင်ပေသည်။
အရိပ်ရသစ်ပင်ကြီးပေါ်ရှိ ငှက်ငယ်လေးသည် သူ(မ)အာရုံကို အဆွဲဆောင်နိုင်ဆုံးဖြစ်၏။
ပိုကြောက်ဖို့ကောင်းသည့်ကိစ္စမှာ သူ(မ)သည် တစ်စုံတစ်ရာသောဖိအားအောက်မှာ ဖိနှိပ်ခံနေရသည်ကို ရှင်းရှင်းလင်းလင်းခံစားမိနေခြင်းပင်။
ထိုမျှမက။ လုချန်ရှန်း၏ကျင့်ကြံရေးနည်းဗျူဟာများအပေါ် နားလည်သိမြင်မှုသည်ပင် ဟုန်ရင်အား ထိတ်လန့်သွားစေသည်။
သာမန်ကာလျှံကာစကားလေးတစ်ခွန်းနှင့် လမ်းညွှန်ချက်လေးတစ်ခုကပင် ဟုန်ရင်အား ဉာဏ်အလင်းပွင့်သွားစေမည်ဖြစ်၏။
သူ(မ)သည် ယခင်ဘဝတုန်းက မဟာဧကရီတစ်ပါးဖြစ်ခဲ့ဖူးသောကြောင့် သိုင်းပညာအပေါ် သူ(မ)၏သိမြင်နားလည်မှုသည် ဤကမ္ဘာကြီးတွင် ထိပ်တန်းဟုပင်ဆိုနိုင်လေသည်။
လုချန်ရှန်း၏သိမြင်နားလည်မှုကတော့ သူ(မ)ထက် များစွာသာလွန်နေမှန်း အသိသာချည်းပင်။
ထို့ကြောင့် ဟုန်ရင့်ဘက်ကလက်ဦးမှုရယူ၍ လမ်းညွှန်ချက်တောင်းနေရခြင်းပင်။
သို့သော် လမ်းညွှန်ချက်က အလကားမရချေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ချိုးပိုင်ထွက်ခွာသွားပြီးနောက်တွင် သူ့အတွက် ချက်ပြုတ်ပေးမည့်လူလည်းမရှိသလို သူကိုယ်တိုင်ကလည်း ချက်ပြုတ်ဖို့ပျင်းရိနေသည်။
ထိုနေ့အတွက် အစားသုံးနပ်စာပြင်ဆင်ပေးပါက သူ(မ)အား လုချန်ရှန်းက သင်ပြပေးမည်ဟုဆိုထားသည်။
ဟုန်ရင်အဖို့လည်း လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းလောက်ကတည်းက လုံးဝမချက်ပြုတ်ခဲ့ဖူးပေ။
လုချန်ရှန်းသည် သူ့အရှေ့ရှိငါးစွပ်ပြုတ်ကိုကြည့်ကာ ပြုံးလျက် ခေါင်းတညိတ်ညိတ်လုပ်နေချေသည်။
“မဆိုးဘူးပဲ။ အရင်တစ်ခေါက်ကဟာထက်တော့ စားကောင်းမဲ့ပုံပါပဲ”
ထို့နောက် သူ တစ်လုတ်စားကြည့်လိုက်သည်။
“အင်း.. အနည်းဆုံးတော့ စားလို့ရတာပဲလေ”
ဟုန်ရင်သည် ဒေါသတကြီးနှာမှုတ်လိုက်၏။
သူ(မ)လို ဧကရီတစ်ပါးက ဘယ်တုန်းကများ ယခုလိုအမိန့်ပေးခံရဖူးလို့လဲ…
“ဒီလောက်ဆို ရပြီလား။ ကျွန်မကို ပညာသင်ပေးတော့လေ”
“အလျင်မလိုစမ်းပါနဲ့။ အစားအသောက် ပြီးအောင်စားပါရစေ”
ထိုသို့ဖြစ်ရာ ဟုန်ရင်လည်း လုချန်ရှန်းနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ဝင်ထိုင်လိုက်ပြီး သူစားသောက်နေတာကို ထိုင်ကြည့်နေလိုက်သည်။
သို့သော်ငြား လုချန်ရှန်းသည် နှေးတိနှေးတုံ့စားသောက်နေပေသည်။ တစ်လုတ်ချင်းစီကိုလည်း ဖြည်းဖြည်းချင်းဝါးစားနေ၏။
ထို့ကြောင့် ဟုန်ရင်မှာ အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။
ရုတ်ခြည်းဆိုသလိုပင် ဟုန်ရင် အံ့သြမှင်တက်သွားရလေသည်။
အမှန်ပင်။ သူ(မ) ဘယ်တုန်းကများ စိတ်မြန်လက်မြန်ဖြစ်သွားရသလဲ။
ထိုအချိန်တိုလေးအတွင်း စောင့်ဆိုင်းနေရင်း သူ(မ)မှာ မချင့်မရဲဖြစ်နေရသည်။
ထိုအကြောင်းကို သဘောပေါက်လိုက်သည့်အခါ ဟုန်ရင်သည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ(မ)၏စိတ်ပိုင်းဆိုင်ရာကို ချိန်ညှိလိုက်သည်။
စိတ်ပိုင်းဆိုင်ရာ..
ကျင့်ကြံရေးလမ်းစဉ်တွင် ထိုအရာသည် အလွန်အရေးပါလှသည်။ သို့သော် ရံဖန်ရံခါတွင် ၎င်းကို လျစ်လျူရှုထားမိကြသည်။
လူတစ်ယောက်သည် စိတ်ထွေပြားနေပါက သူတို့၏ကျင့်ကြံရေးစွမ်းအားကလည်း လုံးဝတိုးတက်လာမည်မဟုတ်ချေ။
အခြေအနေပြင်းထန်လျှင် ဒေါသပေါက်ကွဲထွက်သည်အထိ ဖြစ်တတ်၏။
ထိုအခါ သူတို့၏ကျင့်ကြံရေးအခြေခံသည် ဒုံရင်းအတိုင်းပြန်ဖြစ်သွားပြီး တာအိုအခြေခံကိုလည်း ထိခိုက်သွားမည်ဖြစ်၏။
တည်ငြိမ်သောအနေအထားတစ်ခုကို ထိန်းသိမ်းထားခြင်းဖြင့်သာ ကျန်အရာများကိုလည်း သိမြင်ရှုမှတ်နိုင်မှာပင်။
ဤသည်မှာ ကျင့်ကြံသူတိုင်းနားလည်ထားသော စည်းမျဉ်းတစ်ခုပင်ဖြစ်၏။
သို့သော် တစ်ခါတစ်ရံတွင် အရိုးရှင်းဆုံးအရာသည် မေ့သွားဖို့အလွယ်ဆုံးလည်း ဖြစ်သည်။
ဥပမာအားဖြင့် လက်ရှိဟုန်ရင်ကို ကြည့်နိုင်လေသည်။
သူ(မ)သည် သူ(မ)၏ခွန်အားများကို ခပ်မြန်မြန်အရယူချင်ပြီး ခွန်အားတိုးမြှင့်လိုပေသည်။
သို့သော် သူ(မ)၏စိတ်ပိုင်းဆိုင်ရာခွန်အားသည် ကျင့်ကြံရေးလမ်းစဉ်နှင့် မသင့်တော်တော့ကြောင်းကိုတော့ သတိမထားမိချေ။
သဘောပေါက်ပြီးသည်နှင့် သူ(မ) စိတ်ပိုင်းဆိုင်ရာကို ချက်ချင်းချိန်ညှိလေတော့သည်။
လုချန်ရှန်းလည်း စားသောက်၍ပြီးစီးသွားချေပြီ။
ဟုန်ရင် တရားထိုင်နေဆဲရှိသောကြောင့် သူ ပခုံးတွန့်လိုက်ပြီး ပန်းကန်လုံးနှင့်တူများကို သာမန်ကာလျှံကာဖယ်ထုတ်လိုက်သည်။
နောက်တစ်ရက်တွင်လည်း ဟုန်ရင်သည် တရားထိုင်နေဆဲသာ။
တတိယမြောက်နေ့မှာလည်း အတူတူပင်။
ငါးရက်မြောက်နေ့တွင်မူ ဟုန်ရင်သည် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည့်အခါ အလင်းတန်းလေးတစ်ခုက ထိုမျက်ဝန်းများထဲ လက်ခနဲဖြစ်သွားချေသည်။
သူ(မ)၏အရှိန်အဝါများ ပေါက်ထွက်လာပေသည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်ကို ဖြတ်ကျော်လိုက်နိုင်လေပြီ။
သဘာဝကျကျပင် အရာခပ်သိမ်းသည် ဟန်ချက်ညီသွားချေ၏။
ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်ပြီးလျှင် ခရမ်းရောင်ဘုံဗိမာန်အဆင့်ဖြစ်ပြီး သူ့နောက်မှာတော့ ရေအလျဉ်စီးဆင်းခြင်းအဆင့်နှင့် ရေအလျဉ်ပြည့်လျှံရေးအဆင့်တို့ ရှိသည်။
ယဲ့ချင်းသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်၏ ကနဦးအဆင့်တွင် ရှိသည်။
ယဲ့မိသားစုဘိုးဘေးကတော့ ရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီးဖြစ်၏။
ဟုန်ရင်သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ပြီး လှသွေးကြွယ်စွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် လုချန်ရှန်းသည် သူ့နားကိုလျှောက်လာပြီး ပြုံးပြလေ၏။
“မင်း အဆင့်တက်သွားပြီလား”
ဟုန်ရင်က ခေါင်းညိတ်ပြလေသည်။ ထို့နောက် သူသည် လုချန်ရှန်းကို အရိုအသေပေးလိုက်ပြီး စကားဆို၏။
“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”
ဟမ်..
လုချန်ရှန်းခမျာ ကြက်သေသေသွားရသည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သူ ဘာလမ်းညွှန်ချက်မှမပေးခဲ့ဖူးချေ။
ဟုန်ရင်သည် ပြုံးလျက်ပြောလာ၏။
“ကျွန်မရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေမှန်း ရှင်လည်းအသိပဲလေ။ ဟုတ်တယ်မလား။ အဲ့ဒါကြောင့်ပဲ ရှင် ကျွန်မကို ချက်ပြုတ်ခိုင်းပြီး စိတ်ပိုင်းဆိုင်ရာပြဿနာကိုရှာတွေ့အောင် လုပ်ပေးခဲ့တာမလား”
လုချန်ရှန်း : “???”
မဟုတ်ဘူး။ ငါမလုပ်ဖူးပါဘူး။ အဓိပ္ပာယ်မရှိတာ မပြောစမ်းနဲ့။ ငါက ဒီတိုင်း မင်းကိုချက်ပြုတ်ခိုင်းရုံပဲ။
ဟုန်ရင်က ဆက်ပြောလေသည်။
“ရှင့်ရဲ့လက်ရှိကျင့်ကြံစဉ်နဲ့ဆိုရင် အရိယာအဆင့်ကိုရောက်နေတာကြာရောပေါ့။ အဲ့ဒါကို ရှင် ဘာလို့ ဒီအစားအသောက်တွေကို နေ့တိုင်းစားနေရသေးတာလဲ။ ကျွန်မချက်တာတွေက အရသာလည်းမကောင်းဘဲနဲ့”
ဟုန်ရင်မှာ နောက်ဆုံးစကားကြောင့် မရှက်ဘဲမနေနိုင်ချေ။
လုချန်ရှန်းခမျာ လုံးဝပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ငါ့နားကလူတွေက ငါ့အကြောင်းကို ဘာလို့စိတ်ကူးတွေလျှောက်ယဉ်နေကြတာပါလိမ့်…
“ငါကတော့ အဲ့လိုမထင်..”
ထို့နောက် ဟုန်ရင်သည် မြေပြင်ပေါ်ကို ရုတ်ခြည်းဒူးထောက်ချလိုက်ပြီး လုချန်ရှန်းကို အရိုအသေပေးလေသည်။
“ပညာသင်ရာမှာ အသက်အရွယ်ကအဓိကမကျပါဘူး။ ဉာဏ်ပညာဗဟုသုတနဲ့ပြည့်စုံသူက ဆရာသခင်ပါပဲ။ ကျေးဇူးပြုပြီး ကျွန်မကို တပည့်အဖြစ်လက်ခံပေးပါနော်”
လုချန်ရှန်း: “…”
ငါ ဘာမှမလုပ်ပေးရသေးဘူးလေ။ ဘာလို့..သူ(မ)က သူ့ဘာသာကျော်လွှားနိုင်သွားရတာလဲ။ ငါ ဆွံ့အနေပါပြီနော်…
Gg