အငွေ့အသက်က အလွန်ထူးဆန်းနေချေသည်။
ယဲ့မိသားစုသည် ယခုအချိန်တွင် အလွန်တိတ်ဆိတ်နေသည်။ လူတိုင်းကလည်း လျှို့ဝှက်ဆန်းကြယ်သောအဘိုးအိုကို ကြည့်နေကြသည်။
သူ့မျက်လုံးများက မှိုင်းညို့နေလေသည်။ သူသည် လက်ကို အနည်းငယ်မြှောက်လိုက်ပြီး လက်နှစ်ချောင်းတည်းဖြင့် မှော်နက်ဓားသွားချီစွမ်းအင်များနှင့် ပြည့်နှက်နေသောသစ်သားဓားကို လွယ်လင့်တကူဖမ်းဆုပ်ထားလိုက်သည်။
ယဲ့ချိုးပိုင်မှာ မျက်မှောင်ကြုတ်မိသွားသည်။ သူသည် လက်ထဲရှိ သစ်သားဓားရှည်ကို ရှေ့ကိုဆန့်ထုတ်လိုက်သည့်အခါ မိစ္ဆာချီစွမ်းအင်များက ပေါက်ကွဲထွက်လာပြန်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား..။
တတိယမြောက်ရိုက်ချက်..။
လက်ရှိတွင် ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သောကြောင့် သူ၏စွမ်းအားသည် ယခင်ကနှင့်မတူတော့သည်မှာ သဘာဝကျလှသည်။
သို့သော်လည်း သူ့ဓားကို အဘိုးအိုက လက်ချောင်းများကြားတွင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားနိုင်ဆဲပင်။
အဘိုးအိုက သက်ပြင်းချလိုက်သည်။
“ကြိုးစားမနေနဲ့တော့။ မင်း ငါ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး”
ထိုစကားကိုပြောပြီးနောက် သူသည် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေရာ ယဲ့ချိုးပိုင်သည် မိုးကြိုးပစ်ခံရသကဲ့သို့ နောက်ပြန်ဆုတ်သွားရလေသည်။
ယဲ့ချင်းသည် ယဲ့ချိုးပိုင်၏အရှေ့မှာရပ်လိုက်ပြီး အဘိုးအိုကိုကြည့်နေရင်း သူ့အမူအရာက လေးနက်နေခဲ့သည်။
“ဘိုးဘေး”
ယဲ့လင်း၊ ယဲ့ယန်နှင့် ယဲ့မိသားစုမှအကြီးအကဲများသည် အဘိုးအိုကို ရိုသေစွာဦးညွှတ်လိုက်ကြပြီး “မင်္ဂလာပါ ဘိုးဘေး” ဟု ဆိုလေသည်။
အမှန်ပင်။ ဤအဘိုးအိုသည် ယဲ့မိသားစု၏ခွန်အားအဆင့်အမြင့်ဆုံးဘိုးဘေးတစ်ပါးပင်။
ဤစကားကိုကြားသောအခါ ယဲ့ချိုးပိုင် အနည်းငယ်ထိတ်လန့်သွားရသည်။ ယဲ့မိသားစုတွင် ဘိုးဘေးတစ်ဦးရှိမှန်း သူသိထားသော်လည်း ထိုသူကို တစ်ခါမှမတွေ့ဖူးခဲ့ပေ။
ဘိုးဘေးများသည် တစ်နှစ်ပတ်လုံး လူမမြင်ကွယ်ရာမှာသာနေပြီး အချုပ်အနှောင်များကို ဖြတ်ကျော်နိုင်ရန်ကြိုးစားနေကြကြောင်း သူကြားဖူးသည်။
ယဲ့မိသားစု၏ဘိုးဘေးက ယဲ့ချိုးပိုင်ကိုကြည့်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။
“အခုလေးတင် မင်း အကြီးအကဲတစ်ယောက်ကို သတ်ပြီးပြီပဲ။ မင်းရဲ့ဒေါသတွေကို ဒီလောက်နဲ့ပဲဖြေဖျောက်သင့်ပါပြီ။ ဒီမှာပဲ ရပ်လိုက်ကြရအောင်”
သူ့လေသံက ငြိမ်သက်နေသည့်အတွက် ဘယ်သူမှ သူ့ကို သံသယမဝင်နိုင်ကြပေ။
ယဲ့ချင်း၏အမူအရာ ပြောင်းသွားလေသည်။
ဘိုးဘေးများသည် ယဲ့လင်းကိုဘက်လိုက်နေကြောင်း သူသိသည်။
ယဲ့ချိုးပိုင်၏အမူအရာကတော့ မပြောင်းလဲဘဲရှိနေဆဲပင်။
“ဘာလို့လဲ။ သူကျတော့ ကျွန်တော့်ကို သတ်ခွင့်ရှိပေမဲ့ ကျွန်တော်ကတော့ သူ့ကို သတ်ခွင့်မရှိဘူးလား”
ယဲ့မိသားစုဘိုးဘေး၏လေသံမှာ လေးနက်ပြီး အဓိပ္ပါယ်ရှိလှသည်။
“မင်းက ယဲ့မိသားစုဝင်တစ်ယောက်ပဲလေ။ ယဲ့မိသားစုရဲ့ အခြေအနေတွေကို ဦးစားပေးရမှာပေါ့”
“အိုး.. ယဲ့ယန်ရဲ့အရည်အချင်းက ကျွန်တော့်လောက်မကောင်းသလို သူ့အစွမ်းကလည်း ကျွန်တော့်လောက်မကောင်းဘူး..”
ထိုအခိုက်တွင် ယဲ့ချိုးပိုင်သည် ကြောက်လန့်နေသောအမူအရာဖြင့် အနောက်ဘက်ခပ်လှမ်းလှမ်းတွင်ပုန်းနေသော ယဲ့ယန်ကို ကြည့်လိုက်သည်။
သူ မသရော်ဘဲမနေနိုင်ချေ။
“သတ္တိနဲ့ပတ်သက်လာရင်လည်း သူက အဖြစ်မရှိပြန်ဘူး”
“အဲ့ဒါကို ခင်ဗျားက ယဲ့မိသားစုကောင်းကျိုးအတွက်ဆိုပြီး သူ့ကိုတော့ ကာကွယ်ပေးပြီး ကျွန်တော့်ကိုကျတော့ ဘာလို့စွန့်ပစ်ချင်နေတာလဲ”
ယဲ့မိသားစု၏ဘိုးဘေးသည် ယဲ့ယန်ကိုစိုက်ကြည့်ကာ သက်ပြင်းချလိုက်၏။
“တကယ်တော့ ဒီအချက်ကို ငါလည်းသဘောတူတယ်။ အရည်အချင်း၊ ခွန်အား ဒါမှမဟုတ် အကျင့်စာရိတ္တပဲဖြစ်ဖြစ် မင်းဟာ နောက်တက်မဲ့မိသားစုခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်တယ်”
“ဒါပေမဲ့ မင်းက နေမဝင်အင်ပါယာနဲ့ ရန်ငြိုးရန်စရှိထားပြီဆိုတော့ နောက်ရောက်သွားပြီး ဒုတိယနေရာပဲရနိုင်တော့မှာ”
“ဒါ့အပြင် မင်းမှာ ယဲ့မိသားစုနဲ့သက်ဆိုင်တဲ့စိတ်ထားမျိုးမရှိဘူး”
ယဲ့ချိုးပိုင်သည် ယခင်ကနှင့်မတူတော့ချေ။
အကယ်၍ အတိတ်တုန်းကလိုသာဆိုလျှင် သူသည် ယဲ့မိသားစုအတွက် သူ့အသက်ကိုပင် စွန့်လိမ့်မည်ဖြစ်၏။
ယခုမူ အဖြစ်အပျက်အများအပြားတွေ့ကြုံခံစားရပြီးနောက် ယဲ့မိသားစု၏ရှင်သန်မှု၊ ကြွယ်ဝမှု၊ ချမ်းသာမှု၊ သို့တည်းမဟုတ် တဖြည်းဖြည်းကျဆင်းလာမှုသည် သူနှင့် ဘာမှမသက်ဆိုင်တော့ပေ။
“ဒါကြောင့် ယဲ့မိသားစုအတွက် မင်းကို အနစ်နာခံခိုင်းဖို့ပဲရှိတော့တယ်”
“ကျွန်တော်က ဒီနေ့ သူ့ကိုသတ်ရမှဖြစ်မယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ”
ယဲ့မိသားစုဘိုးဘေး၏ မျက်လုံးများသည် ရုတ်တရက်ပြူးကျယ်သွားလေသည်။
ခုခံနိုင်စွမ်းမရှိသောဖိအားတစ်ရပ်သည် ယဲ့ချိုးပိုင်ဆီသို့ ဦးတည်သွားသည် ။
သူ့အတွက်မူ ယဲ့ချိုးပိုင်သည် မရင့်ကျက်သေးသောပါရမီရှင်တစ်ဦးမျှသာ ဖြစ်၏။
သူ့ဘက်ကနာခံမှုရှိလျှင်တော့ ဆက်နေနိုင်သည်။
သို့သော် သူ ပုန်ကန်လာလျှင်မူ ယဲ့မိသားစု၏ဘိုးဘေးတစ်ယောက်အနေနှင့် သူ့ကို မညှာမတာသတ်ပစ်ရလိမ့်မည်။
ယဲ့ချင်း၏အမူအရာ ပြောင်းလဲသွားသည်။ သူသည် ယဲ့ချိုးပိုင်၏ရှေ့မှာ ချက်ချင်းရပ်လိုက်ပြီး ထိုဖိအားများကိုတားဆီးဖို့ သူ့လက်များကို ဆန့်ထုတ်လိုက်သည်။
သို့သော် ယဲ့ချင်း၏လက်ရှိကျင့်ကြံရေးအဆင့်နှင့်ဆိုပါက ဤစွမ်းအားကိုတွန်းလှန်ရန် ရှိသမျှခွန်အားအကုန် ထုတ်သုံးလိုက်ရသည်။
“ချိုးပိုင်..မင်း လျှို့ဝှက်တာအိုကျောင်းတော်ကိုပြန်နှင့်တော့”
ယဲ့ချိုးပိုင်ပြန်ပြောမည့်စကားကိုပင် မစောင့်တော့ဘဲ ယဲ့မိသားစု၏ ဘိုးဘေးက ခပ်နိမ့်နိမ့်အသံဖြင့်ပြော၏။
“မင်းဘက်က တိုက်ခိုက်ပြီးပြီဆိုမှတော့ ကျားကို သူ့အသိုက်ထဲပြန်ခွင့် ပေးစရာလား”
ယဲ့ချိုးပိုင်သာ လျှို့ဝှက်တာအိုကျောင်းတော်ကို ပြန်ရောက်သွားပါက ယဲ့မိသားစု၏ဘိုးဘေးများသည်ပင် လျှို့ဝှက်တာအိုကျောင်းတော်အထိလိုက်လာပြီး ယဲ့ချိုးပိုင်ကိုသတ်ရန် ယုံကြည်ချက်နည်းနည်းမျှမရှိချေ။
ကျောင်းတော်၏ခေါင်းဆောင်ချင်းထျန်းနျန်သည် နယ်မြေလေးခု၏ အဆင့်သတ်မှတ်ချက်တွင် အဆင့်၂၆ရှိသည်။
ထို့ပြင် သူသည် အဆင့်သတ်မှတ်ချက်၏အောက်ခြေဘက်ကို တစ်ခါမှမဆင်းခဲ့ရပေ။
အမှန်ပင်။ ထိုသူကို သူမယှဉ်နိုင်ချေ။
ယခုအချိန်တွင်သာ သူသည် ယဲ့ချိုးပိုင်၏ခွန်အားကို မကိုင်တွယ်နိုင်လျှင် ယီမိသားစုအား ဘေးဥပါဒ်ဖြစ်စေလိမ့်မည်။
ယဲ့မိသားစု၏ဘိုးဘေးက ထိုအရာကို ကောင်းကောင်းသိသည်။ သူ့ခန္ဓာကိုယ်က ယိမ်းနွဲ့သွားပြီး ယဲ့ချိုးပိုင်ဆီကို ချက်ချင်းအပြေးသွားတော့သည်။
ယဲ့ချင်းကလည်း အံတင်းတင်းကြိတ်လျက် ရှေ့ကို ချီတက်လိုက်သည်။
ယဲ့ချိုးပိုင်ကလည်း ထွက်ခွာသွားရန် စိတ်ကူးမရှိပေ။ ရှေးဟောင်းဓားကို သူ ထုတ်ယူလိုက်စဉ်မှာ အံ့အားသင့်သွားရသည်။
ဓားရှည်ကို ဓားအိမ်တွင် ချိတ်ပိတ်ထားလေသည်။
သို့သော် ဓားမြှောင်တစ်ချောင်းကတော့ တက်လာလေသည်။
အစိမ်းရောင်တိမ်တိုက်ဓားသွားပင်။
ထိုစဉ်က လုချန်ရှန်း သူ့ကိုပေးခဲ့သောဓားဖြစ်သည်။ သို့သော်ငြား ယဲ့ချိုးပိုင်သည် ထိုအချိန်က ၎င်းကို မထိန်းချုပ်နိုင်ခဲ့ပေ။
ယခုတော့ သူသည် ဓား၏စျာန်အဘိညာဉ်ကို နားလည်သိမြင်ထားပြီး ကျင့်ကြံစဉ်များလည်း တိုးတက်လာသောကြောင့် ၎င်းကို ဆွဲထုတ်ပြီး တိုက်ခိုက်နိုင်ပါ့မလားဆိုတာ သိချင်လှသည်။
ယဲ့မိသားစု၏ဘိုးဘေးသည် အလွန်အစွမ်းထက်ပြီး အန္တရာယ်ကို အလွန်အမင်းအာရုံခံစားနိုင်စွမ်းကောင်းသည်။
ယဲ့ချိုးပိုင် ဤဓားကို ထုတ်ယူလိုက်သည်ကို သူမြင်လိုက်ရသည်နှင့် ချက်ချင်းပင် သူ့စိတ်ဝိညာဉ်ထဲထိတိုင် စိမ့်ဝင်လာသော ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။
“ဒါက ဘာဓားလဲ”
ယဲ့မိသားစု၏ဘိုးဘေးသည် အပြင်းအထန်ဆုတ်ခွာသွားပြီး စကားဆို၏။
“ဓားသွားစျာန်အဘိညာဉ်လွှမ်းခြုံထားတဲ့ဓားရယ်လို့မှမရှိတာ”
ဓားသွားစျာန်အဘိညာဉ်ဟူသည် ကျင့်ကြံသူနှင့်သာသက်ဆိုင်သောအရာဖြစ်၏။
ယဲ့မိသားစု၏ဘိုးဘေးသည် ၎င်း၏ကိုယ်ပိုင်ဓားသွားစျာန်အဘိညာဉ်ကို သယ်ဆောင်ထားနိုင်သည့်ဓားတစ်လက်အကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ပေ။
တောင်ပိုင်းနယ်မြေရှိ သန့်စင်မွမ်းမံရေးကျွမ်းကျင်ပညာရှင်များပင်လျှင် ဓားသွားစျာန်အဘိညာဉ်ကို မသန့်စင်နိုင်ပေ။
ယဲ့ချိုးပိုင်ကတော့ ဘာတစ်ခွန်းမှမပြောလာချေ။ ထိုအစား သူသည် ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့လက်ထဲရှိ အစိမ်းရောင်တိမ်တိုက်ဓားသွားကို ဆွဲထုတ်ချင်ခဲ့သည်။
ဓားသွားစျာန်အဘိညာဉ်လှိုင်းတံပိုးများ တရိပ်ရိပ်မြင့်တက်လာသည်။
ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်သည် ယဲ့မိသားစုတစ်ခုလုံးကို လွှမ်းခြုံထားလေတော့သည်။
“ဓားသိုင်းစျာန်အဘိညာဉ်လား။ မင်းက ဓားသိုင်းစျာန်အဘိညာဉ်ကို နားလည်သွားပြီပေါ့”
ယဲ့မိသားစုဘိုးဘေး၏မျက်လုံးထဲတွင် စူးရှလှသည့် သတ်ဖြတ်လိုဟန်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် ဓားသိုင်းစျာန်အဘိညာဉ်ကို နားလည်သဘောပေါက်နိုင်ခဲ့သော ဓားသမားတစ်ဦး..
သူ့ကိုသာမသတ်လျှင် ယဲ့မိသားစုဟာ အနာဂတ်မှာ ပျက်စီးသွားလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူ့ရင်ထဲတွင် နောင်တရသည့်အရိပ်အယောင်များလည်း ရှိနေခဲ့သည်။ ထိုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်နားလည်သူသည် ယဲ့မိသားစုကို မည်မျှဂုဏ်တက်စေလိမ့်မလဲ။
“မဟုတ်ဘူး။ ဒါ မမှန်ဘူး”
နေမဝင်အင်ပါယာမင်းဆက်သည် ယဲ့ချိုးပိုင်ကို အင်အားဆက်လက်ကြီးထွားလာရန် ခွင့်ပြုလိမ့်မည်မဟုတ်ချေ။
ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ယဲ့မိသားစုဘိုးဘေးသည် သူ့အတွေးများကို အတည်ပြုပြီး ယဲ့ချိုးပိုင်ကို တိုက်ခိုက်ပေတော့သည်။
သူ့အရှိန်အဝါသည် နေရာအနှံ့လွှမ်းခြုံသွားသည်။
အဆုံးမရှိသောဖိအားများသည် ယဲ့ချိုးပိုင်ဆီကို ဦးတည်သွားလေသည်။
၎င်းမှာ သူ့ကိုသတ်ချင်နေသလိုပင်။
ယဲ့ချိုးပိုင်သည် ဆုတ်ခွာရှောင်တိမ်းခြင်းမရှိပါဘဲ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့သည်။
သူသည် လက်တစ်ဖက်တွင် တိမ်တိုက်ဓားရှည်၏ဓားရိုးကို ကိုင်ထားပြီး နောက်တစ်ဖက်တွင် ဓားအိမ်ကိုကိုင်၍ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
သူသည် ဓားကိုယ်ထည်အနည်းငယ်ကိုသာ ထုတ်ရသေးသော်လည်း ဓားသိုင်းစျာန်အဘိညာဉ်သည် ကောင်းကင်ထိတိုင် တက်သွားပေသည်။
ထိုအရာကို ထျန်းယွမ်မြို့တစ်မြို့လုံးပင် ခံစားမိနိုင်သည်။
ထိုအဘိညာဉ်များမှာ ကမ္ဘာကြီးကို နှစ်ခြမ်းခွဲပစ်ချင်နေသည့်နှယ် အလွန်ထက်ရှလွန်း၏။
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်သည် ဤဓားလေးကို ဆွဲထုတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင်ပြည့်နှက်လာသော ဓားသိုင်းအဘိညာဉ်လှိုင်းတံပိုးများကို ခံစားလိုက်ရသည်။ ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ရပ်ကိုလည်း သူခံစားလိုက်ရသည်။
အကယ်၍ သူသာ ထိုဓားကို အဆုံးထိဆွဲထုတ်လိုက်လျှင် ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးသွားရပေလိမ့်မည်ု။
သို့သော်ငြား ဓားသိုင်းစျာန်အဘိညာဉ်မျှဖြင့် လုံလောက်ပေသည်။
ဓားသိုင်းစျာန်အဘိညာဉ်များ လွင့်စဉ်ထွက်လာပြီး ကမ္ဘာမြေကိုပင် ထိုးခွင်းလုမတတ်သန်မာသော ဓားသွားများအဖြစ် အသွင်ပြောင်းသွားကာ လက္ခဏာအမှတ်အသား၏တိုက်ခိုက်မှုကို တန်ပြန်တုံ့ပြန်လိုက်သည်။
အုန်း..
ယဲ့မိသားစုတစ်ခုလုံးအနှံ့တွင် ပေါက်ကွဲသံအကျယ်ကြီးထွက်ပေါ်လာသည်။
ထိုအချိန်မှာ ပတ်ဝန်းကျင်ရှိအိမ်တော်များ ပြိုကျပျက်စီးကုန်လေ၏။
ကျင့်ကြံရေးအဆင့်နိမ့်သော အစေခံအချို့သည် ထိုနောက်ဆက်တွဲလှိုင်းတံပိုးဒဏ်ကို ခံနိုင်ရည်မရှိရှာ၍ လေထဲသို့လွင့်စဉ်ကာ လဲကျသွားချေတော့သည်။
တစ်ချိန်တည်းမှာပင် ဧရာမလက္ခဏာအမှတ်အသားတွင် အဆုံးမဲ့အက်ကြောင်းများ ပေါ်ပေါက်လာသည်။
၎င်းမှာ အချိန်မရွေးကွဲကြေသွားနိုင်လေသည်။
ယဲ့မိသားစု၏ဘိုးဘေးမှာ အမူအရာပြောင်းလဲသွားလေသည်။ သူသည် စွမ်းအားအကုန်ထုတ်သုံးထားခြင်းပင်။ သို့သော် ဓားသိုင်းစျာန်အဘိညာဉ်ကိုသာ တားဆီးနိုင်လိုက်သည်။
လက္ခဏာအမှတ်အသာ ကွဲကြေသွားလေ၏။
ဓားသိုင်းစျာန်အဘိညာဉ်သည် ရှေ့ကိုတိုးကပ်လာပြီး ယဲ့မိသားစု၏ ဘိုးဘေးကို တိုက်ခိုက်လိုက်သည်။
ဘိုးဘေးက ခပ်နိမ့်နိမ့်အသံဖြင့် အော်ဟစ်လိုက်ပြီး ထိုဓားဝိညာဉ်ကိုတားဆီးရန်အတွက် သူ့လက်ကိုမြှောက်လိုက်သည်။
သို့သော်လည်း ထိုအချိန်အခိုက်အတန့်လေးတွင် ယဲ့ချိုးပိုင်သည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ယဲ့ယန်အနားကို အလျင်အမြန်ရောက်ရှိသွာပြီး သူ့လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
ယဲ့ယန်၏ ထိတ်လန့်သောအကြည့်များအောက်မှာပင် သူ့မျက်ခုံးနှစ်ဖက်ကြားကနေရာလွတ်ကို တိုက်ရိုက်ထိုးဖောက်ပစ်လိုက်သည် ။
ထိုနောက်မှာတော့ ယဲ့ယန် သေဆုံးသွားပြီး သူ့ဝိညာဉ်ကလည်း ပျောက်ကွယ်သွားလေတော့သည်။