Switch Mode

အခန်း (၁၇)

လက်စားချေခြင်း

မိုးတိမ်မည်းများသည် မြို့တော်၏အထက်ကောင်းကင်ယံဝယ် ဝဲပျံနေပြီး မြို့တော်ကိုဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေသည့်အလားပင်။

ယခုအချိန်ကာလလေးမှာ ထျန်းယွမ်မြို့တော်ကြီးကို မည်းမှောင်နေသည့် တိမ်စိုင်တိမ်လိပ်များက ဖုံးအုပ်ထားပြီး နေရာအနှံ့၌ သိသာလှသောဖိနှိပ်မှုတစ်ရပ် ရှိနေချေသည်။

ထိုဖိအား၏ဗဟိုမှာ ယဲ့မိသားစုပင် ဖြစ်လေသည်။

ယဲ့ချိုးပိုင်သည် သူ့သစ်သားဓားကို ယဲ့ယန်ဆီသို့ ချိန်ရွယ်ထားလိုက်သည်။ သူ့အား ထောင်ချောက်ဆင်သောလူများကို သူ မနှစ်မြို့ပေ။

သူ့ဓားသိုင်းတာအိုလမ်းစဉ်သည် ကျေးဇူးတရားနှင့် ရန်ငြိုးကို ခွဲခြားသိမြင်ခြင်းဖြစ်သည်။

လက်စားချေခြင်းဆိုသည်မှာ အကောင်းဆုံးလိုက်ပွဲတစ်ပွဲပင် ဖြစ်၏။

သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံသူများကို သူ့ဘက်ကလည်း နှစ်ဆပြန်ကောင်းပေးမည်သာ။

အကယ်၍ သူ့ကိုအန္တရာယ်ပြုလာပါက ယဲ့ချိုးပိုင်ကလည်း သူ့လက်ထဲရှိဓားကိုထုတ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်။

ယဲ့ယန်သည် ယဲ့ချိုးပိုင်ကို သတ်ဖြတ်ချင်နေသည်မှာ သိသာလှသည်။

ယဲ့မိသားစုဆီကိုပြန်လာရသည့် အကြောင်းအရင်းများထဲမှတစ်ခုသည် ယဲ့ယန်ကိုသုတ်သင်ရန်အတွက်ပင်။

“အသက်နဲ့ရင်းပြီး တိုက်ခိုက်ရဲတဲ့သတ္တိရှိလား”

ယဲ့ချိုးပိုင်က ခပ်နိမ့်နိမ့်အသံဖြင့် မေးလိုက်သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ယဲ့ချင်းက စကားတစ်ခွန်းမျှ ဝင်မပြောလာချေ။ ထိုအစား သူသည် ယဲ့ချိုးပိုင်၏နံဘေးတွင်ရပ်ကာ ပထမအကြီးအကဲယဲ့လင်း၏လျှပ်စီးရိုက်ချက်ကို အချိန်မရွေးခုခံကာကွယ်ဖို့ အသင့်ပြင်ထားလေသည်။

သူသည် သူ့သားအကြောင်းကို ကောင်းကောင်းသိ၏။ ယဲ့ယန်သာ အမှားအကြီးကြီးတစ်ခုလုပ်မထားပါက ယခုလိုလုပ်လိမ့်မည်မဟုတ်။

ယဲ့ယန်၏မျက်နှာကတော့ ဖြူဖျော့နေချေပြီ။ သူသည် ယဲ့လင်းအနောက်ကို ဝင်ပုန်းလိုက်ပြီး တုန်ရီနေသောအသံဖြင့်ဆိုလေသည်။

“ယဲ့ချိုးပိုင် ငါ အမှားတွေလုပ်ခဲ့မိပါတယ်။ ငါ မင်းကို ပြန်ပေးဆပ်ပါ့မယ်”

ယဲ့လင်း၏အမူအရာမှာ အလွန်ရုပ်ဆိုးအကျည်းတန်ပေ၏။ ထိုကိစ္စအကြောင်း သူသိထားပြီးဖြစ်ရာ ကြင်နာစွာပြောလိုက်လေသည်။

“ချိုးပိုင်.. ဒီကိစ္စမှာ ယန်အာမှားသွားတာမှန်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းရဲ့ဝမ်းကွဲညီလေးပဲလေ။ ဆွေးနွေးလို့ မရနိုင်ဘူးလား။ ငါ့မျက်နှာကိုထောက်ထားပြီး သူ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါကွာ”

ယဲ့ချိုးပိုင်ကမူ မတုန်မလှုပ်သာ။ သူသည် ဂရုမစိုက်ဟန်ဖြင့် ထပ်ပြောလာသည်။

“မင်း သတ္တိရှိလား”

ညှိနှိုင်း၍မရတော့မှန်းသိသည်နှင့် ယဲ့လင်းလည်း ရှေ့ကို ရုတ်ခြည်းတိုးကပ်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ယဲ့ချိုးပိုင်ဆီကို ဦးတည်သွားပေတော့သည်။

သူသည် ယဲ့မိသားစု၏မဟာအကြီးအကဲပင် ဖြစ်ချေသည်။ သူ့ခွန်အားသည် ယဲ့ချင်းထက် တစ်ဆင့်သာနိမ့်ပေသည်။

ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချင်းလည်း ရှေ့ကိုတိုးကာ ထိုဖိအားကို ပိတ်ဆို့ထားလိုက်သည်။

ယဲ့လင်း၏အမူအရာမှာ မသာမသာဖြစ်သွားပြီး ခပ်နိမ့်နိမ့်လေသံဖြင့် ပြောလာလေ၏။

“ယဲ့ချင်း..မင်းတို့သားအဖက ငါတို့ကို တကယ်ကြီးမျိုးဖြုတ်တော့မလို့ပေါ့လေ”

ထိုစကားကိုကြားလိုက်ရသည့် ယဲ့ချင်းကလည်း လှောင်ပြောင်သရော်လေတော့သည်။

“မင်းလည်း နောက်ကွယ်ကနေ ဒီလိုပဲလုပ်ခဲ့တာမဟုတ်ဘူးလား။ ငါ့ကို အဲ့ဒီကိစ္စတွေမသိနိုင်လောက်တဲ့အရူးလို့များ မင်းထင်နေတာလား”

“ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့လေ”

ယဲ့လင်းသည် ရှေ့ကို ခြေတစ်လှမ်းတိုးလာပြီး ချီတက်လေတော့သည်။

သို့သော် သူ ယဲ့ချိုးပိုင်ကို ရိုက်ချလိုက်သည်။

သူသည် ယဲ့ချိုးပိုင်အား လျှပ်စီးအလျင်ဖြင့် လက်စသတ်ပစ်ချင်နေသည်မှာ သိသာလှ၏။

ယဲ့ချိုးပိုင်၏စွမ်းအားက ယခင်ကထက် ပိုအားကောင်းလာပြီး လျှို့ဝှက်တာအိုကျောင်းတော်ကိုပင် ဝင်ရောက်နိုင်ခဲ့သည်ဖြစ်ရာ သူ့အနာဂတ်မှာ အလွန်တရာချောမောသွားပြီသာဖြစ်၏။

ယခုနေသာ သူတို့ သူ့ကိုရှင်းမထုတ်ပါက အနာဂတ်တွင် လက်စားချေဖို့အခွင့်အရေး ရနိုင်မည်မဟုတ်တော့ချေ။

ယဲ့ချင်း အကြင်နာမဲ့စွာနှာမှုတ်လိုက်ပြီး သူ့အနေအထားကို ပြင်လိုက်သည်။ ယဲ့လင်း၏လက်ဖဝါးရှေ့ကို သူ ရောက်ချသွားပြီးနောက်တွင် သူ့လက်ထဲရှိဓားရှည်ဖြင့် ခုတ်ချလိုက်လေ၏။

သူတို့နှစ်ဦးသား စတင်တိုက်ခိုက်ကြတော့သည်။

ထည်ဝါလှသောအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပေသည်။

ယဲ့ချိုးပိုင်သည် ယဲ့ယန်ကိုကြည့်ပြီး ပြောလိုက်၏။

“မင်း သေဖို့အဆင်သင့်ဖြစ်ပြီလား”

ယဲ့ယန်၏အမူအရာမှာ ကြမ်းတမ်းခက်ထန်သွားပြီး ခပ်နိမ့်နိမ့်အသံဖြင့် ပြော၏။

“ယဲ့ချိုးပိုင်..မင်း ဘယ်လောက်ပဲသန်မာနေပါစေ ငါ့ကို သတ်ဖို့ကတော့ မဖြစ်နိုင်ပါဘူးကွာ။ ငါ့အဖေအသက်ရှင်နေသရွေ့တော့ မင်းလည်း သေလူပါပဲ”

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်သည် အခြားဘာတစ်ခွန်းမျှ ထပ်မပြောတော့ချေ။ သူသည် လက်တစ်ဖက်ကိုနောက်ပစ်လျက် ရှေ့ကိုတိုးသွားလိုက်သည်။

ပထမခြေလှမ်း၊ ဓားသိုင်းဖိအား။

ဓားသွားအရှိန်အဝါများသည် ကိုယ်ပျောက်ဓားသွားများအဖြစ် အသွင်ပြောင်းသွားပြီး ယဲ့ယန်ကို တိုက်ခိုက်လေတော့သည်။

ယဲ့ယန်ကလည်း သူ့လက်ဝါးဖြင့်ရိုက်လျက် ပြန်ခုခံတိုက်ခိုက်၏။

ဤသည်မှာ ကိုယ်ပျောက်ဓားသွားများကို တစ်စစီကြေမွပျက်စီးစေသည်။

ထိုဖြစ်အင်ကိုမြင်သောအခါ သူ ရှေ့ကို ခြေတစ်လှမ်းထပ်တိုးလိုက်သည်။

ဓားသွားချီစွမ်းအင်များသည် ဝရုန်းသုန်းကားဖြစ်သွားပြီး ယဲ့ယန်ဆီကို အပြေးနှင်လေတော့သည်။

၎င်း၏ဧရာမခွန်အားကြီးမှာ ထိတ်လန့်ဖွယ်ကောင်းပြီး ပွဲကြည့်ပရိသတ်များကို အဆုံးမရှိကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ယဲ့ယန်၏အမူအရာလည်း ပြောင်းလဲသွားချေသည်။ ကြောက်မက်ဖွယ်ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ သူ့လက်နှစ်ဖက်ကိုဆန့်တန်းကာ လွှဲရိုက်လိုက်လေသည်။

သူသည် လက္ခဏာအမှတ်အသားများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်နေချေတော့သည်။

သို့သော် အာကာသကိုပင်ထိုးခွင်းလုမတတ် ချွန်မြသောဓားသွားချီစွမ်းအင်၏ အံ့ဖွယ်စွမ်းအားအောက်တွင် လက္ခဏာအမှတ်အသားနှစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း တစ်စစီပျက်စီးသွားပေသည်။

ယဲ့ယန်၏မျက်နှာမှာ ဖြူဖျော့သွားပြီး နောက်ပြန်ဆုတ်လိုက်ရသည်။

လက္ခဏာအမှတ်အသားများကို ဆက်တိုက်ပစ်လွှတ်နေခဲ့ရသည့်အတွက် သူ့မှာ ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်းမရှိတော့ခြင်းပင်။

ယဲ့ယန်တွင် ခုခံနိုင်စွမ်းမရှိတော့တာကိုမြင်သောအခါ ယဲ့လင်းလည်း မတုန်လှုပ်ဘဲမနေနိုင်တော့ချေ။ သူသည် ကျန်အကြီးအကဲများကို အော်ဟစ်လေတော့သည်။

“မြန်မြန်လာပြီး ယဲ့ချိုးပိုင်ကိုသတ်ကြ”

အကြီးအကဲများက ထိုစကားကိုကြားသော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

သူတို့မှာ တုံ့ဆိုင်းနေကြပြီး ဝိရောဓိဖြစ်နေကြသည်မှာ သိသာလှသည်။

ယဲ့ချိုးပိုင်နှင့်ရန်ငြိုးရန်စရှိထားဖူးသော အကြီးအကဲတစ်ယောက်က အံတင်းတင်းကြိတ်လျက် ရှေ့ထွက်လာပြီး လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။

ခရမ်းရောင်ဘုံဗိမာန်အဆင့်ခွန်အားတစ်ရပ် ပေါက်ကွဲထွက်လာလေတော့သည်။

ယဲ့ချိုးပိုင်လည်း ချက်ချင်းလှည့်လာပြီး သူ့လက်ထဲရှိသစ်သားဓားဆီမှ အနက်ရောင်အရှိန်အဝါများ ထုတ်လွှတ်နေပေတော့သည်။

ဓားသွားထက်တွင် မိစ္ဆာမှော်နက်ချီစွမ်းအင်များ တွဲလဲခိုနေချေသည်။

တစ်စုံတစ်ယောက်က အံ့သြတကြီးရေရွတ်လာ၏။

“ဘယ်လိုဓားသိုင်းနည်းဗျူဟာမျိုးပါလိမ့်”

၎င်းကိုမြင်သောအခါ ယဲ့ယန်၏အမူအရာက သိသိသာသာပြောင်းလဲသွားလေသည်။ ဤဓားသိုင်းနည်းဗျူဟာ၏စွမ်းပကားကို သူ မသိဘဲနေပါ့မလား။

ဤသည်မှာ ဟော်ချင်းမင်ကိုအနိုင်ယူခဲ့သော ဓားသိုင်းနည်းဗျူဟာပင်။

ထိုအချိန်တုန်းက ယဲ့ချိုးပိုင်သည် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်၌သာ ရှိနေသေးသည်။

ယခုလို ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ဖြတ်ကျော်နိုင်ပြီးသည့်အချိန်တွင် ထိုဓားသိုင်းနည်းဗျူဟာ၏စွမ်းအားသည် မည်မျှတိုးတက်လာမလဲလေ။

ရလဒ်ကား သက်သေပြရန်ပင် မလိုတော့ချေ။

ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ယဲ့ယန်သည် သူ့ကိုယ်သူ ချက်ချင်းသတိပေးလိုက်သည်။

“ဆဋ္ဌမအကြီးအကဲ.. သူ့ရဲ့ဓားသိုင်းနည်းဗျူဟာကို သတိထားနော်”

ဆဋ္ဌမအကြီးအကဲမှာ လုံးဝဂရုမစိုက်ချေ။ တစ်ဖက်လူသည် ခရမ်းရောင်ဘုံဗိမာန်ကနဦးအဆင့်မှာသာ ရှိနေသေးသည်။ သူ့ဓားသုင်းနည်းဗျူဟာက ဘယ်လောက်ပင်ရှိန်ဖို့ကောင်းနေပါစေ၊ သူ့ကိုတော့ လာယှဉ်နိုင်မည်မဟုတ်။

သို့သော်ငြား ဆဋ္ဌမအကြီးအကဲမသိသည့်အချက်မှာ ထိုအတွေးက သူ့ကိုသတ်လိုက်ကြောင်းပင်။

ယဲ့ချိုးပိုင်က သူ့ဓားကိုလွှဲချလိုက်၏။

“ပထမရိုက်ချက်..”

ရုတ်ခြည်းပင် မိစ္ဆာမှော်နက်ချီစွမ်းအင်များ ထွက်ပေါ်လာချေသည်။

ဆဋ္ဌမအကြီးအကဲ၏စိတ်အစဉ်မှာ တုန်လှုပ်သွားရလေသည်။

သို့သော် လှည့်ပြန်ဖို့လမ်းမရှိတော့ပေ။ သူ့လက်သီးက သစ်သားဓားပေါ်ကို သက်ဆင်းသွားချေပြီ။

အုန်း..

ကျယ်လောင်လှသောမြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး နောက်ဆက်တွဲလှိုင်းလုံးကြီးက ပတ်ပတ်လည်ရှိလူအပေါင်းကို ထိတ်လန့်သွားစေသည်။

များပြားထူထပ်လှသေူ မိစ္ဆာမှော်နက်ချီစွမ်းအင်များသည် ယဲ့မျိုးနွယ်စုတစ်ခုလုံးကို လွှမ်းခြုံထားလိုက်လေသည်။

ယဲ့ချိုးပိုင်၏လက်ထဲရှိ သစ်သားဓားမှာ ထိခိုက်မှုအလျဉ်းမရှိ။ တစ်ဖက်မှာတော့ ဆဋ္ဌမအကြီးအကဲ၏အမူအရာသည် သစ်သားဓားနှင့်ထိခတ်မိပြီးနောက်မှာ ချက်ချင်းသိသိသာသာပြောင်းလဲသွားပေသည်။

လက်သီးချက်ကလည်း ဝိညာဉ်ရေးရာချီစွမ်းအင်အကာအရံကို မထိုးဖောက်ခင်စပ်ကြား ခဏမျှသာခံလိုက်ပြီး နေရာအနှံ့ကို သွေးများပန်းထွက်သွားလေတော့သည်။

တဒင်္ဂအကြာတွင် ဆဋ္ဌမအကြီးအကဲ၏လက်မောင်းတစ်ဖက် ခုတ်ဖြတ်ခံလိုက်ရသည်။

ယဲ့ချိုးပိုင်သည် ဤကဲ့သိူ့သော အခွင့်အရေးကောင်းကို လက်လွှတ်မခံချေ။ သူသည် ကိုယ်ကိုညွတ်ကိုင်းလိုက်ပြီး လက်ထဲရှိသစ်သားဓားဖြင့် တိုက်ခိုက်လေတော့သည်။

မိစ္ဆာမှော်နက်ချီစွမ်းအင်သည် သူ့အတွင်းကလီစာများကို ထိပါးနှောင့်ယှက်နေပြီး ခန္ဓာကိုယ်မျှခြေကို ဖျက်စီးနေပေသည်။

ဆဋ္ဌမအကြီးအကဲခမျာ မြေပေါ်ကိုလဲကျသွားပြီး မျက်ဝန်းတို့မှာလည်း တဖြည်းဖြည်းအသက်မဲ့လာလေတော့သည်။

ယဲ့ယန်၏စိတ်အစဉ်သည် ထိုမြင်ကွင်းကိုမြင်ပြီး တုန်လှုပ်သွားပေသည်။

ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ဝင်ရောက်ပြီးနောက်မှာ ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့် ပညာရှင်များကို လွယ်လင့်တကူသုတ်သင်နိုင်နေပြီဖြစ်၏။ ဟော်ချင်းမင်ပင်လျှင် သူ့ကိုမယှဉ်နိုင်ချေ။

ယဲ့လင်းလည်း အထိတ်တလန့်ဖြစ်သွားရသည်။

သူသည် ယဲ့ချိုးပိုင် ဤမျှအစွမ်းကြီးလိမ့်မည်ဟု ထင်မထားချေ။

ယဲ့လင်း တဒင်္ဂအာရုံပြောင်းသွားသည်ကို အခွင့်ကောင်းယူ၍ ယဲ့ချင်းသည် သူ့လက်ထဲရှိဓားရှည်ဖြင့် တိုက်ခိုက်လေသည်။

“အား”

ယဲ့လင်းခမျာ သူ့လက်မောင်းထက်ရှိ ဒဏ်ရာအနက်ကြီးကို အုပ်ကိုင်ပြီး အော်သံကြီးတစ်ခုနှင့်အတူ နောက်ပြန်ဆုတ်သွားသည်။

ထိုမြင်ကွင်းကိုတွေ့သောအခါ တိုက်ခိုက်ဖို့စိတ်ကူးကို စွန့်လွှတ်ထားကြသော အကြီးအကဲများကမူ တွေဝေတုံ့ဆိုင်းနေကြဆဲပင်။

ထိုအစား သူတို့သည် ယဲ့ချိုးပိုင်နှင့် ယဲ့ချင်းကို စိတ်ကျေနပ်အောင် မည်သို့နှယ်လုပ်ပေးရမလဲဆိုသည်ကို တွေးတောနေကြသည်။

ယဲ့ချိုးပိုင်သည် ဆဋ္ဌမအကြီးအကဲနှင့် ရင်ဆိုင်တိုက်ခိုက်ပြီးသည့်အခါ ယဲ့ယန်ဆီကို ဦးတည်သွားလေတော့သည်။ မှော်နက်ဓားသွားချီစွမ်းအင်များသည် သစ်သားဓား၏ပတ်ပတ်လည်တွင် မြဲမြဲမြံမြံရစ်ပတ်ထားလိုက်လေသည်။

ယဲ့ချိုးပိုင်ကလည်း ယဲ့ယန်ကို သက်ညှာမပေးချေ။

“မင်း.. မင်း ငါ့ကိုမသတ်နိုင်ပါဘူး”

ယဲ့ယန်သည် ကြောက်လန့်တကြားဖြင့် နောက်ကိုဆုတ်ခွါနေပေသည်။

ယဲ့ချိုးပိုင်းကတော့ ဂရုမစိုက်ပေ။ သူသည် လက်ထဲရှိသစ်သားဓားကို မြှောက်လိုက်ပြီး ယဲ့ယန်ကို လွှဲရိုက်ချလိုက်တော့သည်။

ယဲ့လင်း၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားချေသည်။

သို့သော် ထိုအခိုက်အတန့်လေးမှာ ယဲ့ချိူးပိုင်၏အရှေ့တွင် အသက်ကြီးကြီးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သစ်သားဓားကို လက်နှစ်ချောင်းဖြင့် ညှပ်ကာဖမ်းဆုပ်ထားလေသည်။

ထိုလူအိုကြီးက မသိမသာသက်ပြင်းချလိုက်သည်။

“မင်းဒေါသတွေကို လုံလုံလောက်လောက်ဖွင့်ထုတ်ပြီးသွားပြီပဲ။ ယဲ့ယန်ကို သတ်ဖို့မလိုတော့ဘူးမလား”

Comment

Leave a Reply

Options

not work with dark mode
Reset