ယဲ့ချိုးပိုင် စွမ်းအားများပြန်ရလာပြီး သူ့ခွန်အားသည် ယခင်ကထက်ပင် ပိုမိုသန်မာလာသေးသည်။
ယဲ့ချိုးပိုင်သည် လှုပ်ရှားမှုတစ်ခုမျှဖြင့် ချောင်မိသားစုမှ သခင်လေးကို သုတ်သင်ပစ်လိုက်သည်။
ထိုသတင်းက ထျန်းယွမ်မြို့အနှံ့ကို မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားလေသည်။
လျှပ်တပြက်အတွင်းမှာပင် ထျန်းယွမ်မြို့ရှိလူတိုင်းမှာ သက်ပြင်းချမိကြတော့သည်။ ထျန်းယွမ်မြို့အတွင်းရှိအခြေအနေသည် နောက်တစ်ဖန်ပြောင်းလဲသွားပြန်ပြီ။ ထို့ပြင် ဤကိစ္စသည် လူတကာဆွေးနွေးပြောဆိုနေကြသော အကြောင်းအရာပင်ဖြစ်ချေတော့သည်။
ယဲ့နေအိမ်တွင်မူ အကြီးအကဲများအားလုံးသည် ရှေ့ကိုလျှောက်လာပြီး ကြောင်သူတော်ယောင်ဆောင်လျက် ယဲ့ချိုးပိုင်ကို အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်နေကြလေသည်။
ယဲ့ချိုးပိုင် စွမ်းအားများကိုဆုံးရှုံးလိုက်ရစဉ်က ထိုလူများသည် အလွန်အမင်းသွေးအေးအေးဖြင့် သူ့မကောင်းကြောင်းများကိုပင် ပြောခဲ့ကြသူများ ဖြစ်၏။
ထိုအကြောင်းအားလုံးကို ယဲ့ချိုးပိုင် ဂရုမစိုက်ခဲ့သော်ငြား လက်စားချေဖို့လည်း ရည်ရွယ်ချက်မရှိချေ။ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော ထိုအကြီးအကဲများကို အထင်အမြင်ကောင်းရှိနေရန်မှာ သူ့အတွက်မဖြစ်နိုင်ချေ။
အကြီအကဲများအနေနှင့်တော့ ကိုးရိုးကားရားပြုံးရုံသာ တတ်နိုင်ရှာသည်။
ယဲ့ချင်း၏မျက်နှာထက်မှာတော့ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ယဲ့ချိုးပိုင်၏ပခုံးကို သူပုတ်လိုက်ပြီး ရွှန်းရွှန်းစားစားပြုံးလိုက်သည်။
“ကောင်းတယ်။ ကောင်းတယ်။ မင်း စွမ်းအားတွေပြန်ရလာတာ ကောင်းတာပေါ့”
“ဒါပေမဲ့ ချိုးပိုင်.. မင်းခွန်အားတွေကို ဘယ်လိုပြန်ရလာတာလဲ။ မင်း ကံကောင်းတာပဲလား”
ထိုစကားကိုကြားသည့်အခါ ယဲ့ချိုးပိုင်မှာ မပြုံးဘဲမနေနိုင်ပေ။
“ဆရာက ကျွန်တော့်ကိုကယ်ခဲ့တာပါ။ ကျွန်တော် မြို့တံခါးဝကိုကျော်သွားတော့ လုပ်ကြံရေးသမားတစ်ယောက်က ကျွန်တော့်ကိုလုပ်ကြံဖို့ကြိုးစားတဲ့အချိန်မှာပဲ ဆရာနဲ့တွေ့တာ”
“သူက ကျွန်တော့်အသက်ကိုကယ်ရုံတင်မကဘူး။ ကျွန်တော့်စွမ်းအားတွေပြန်ရလာပြီး ခွန်အားကို တစ်မုဟုတ်ချင်းတိုးတက်လာစေနိုင်တဲ့ အန္တိမကျင့်ကြံရေးနည်းဗျူဟာကိုကျင့်ကြံနိုင်မဲ့ ဆေးတွေလည်း ပေးသေးတယ်”
“အဲ့ဒါကြောင့် ကျွန်တော် ဆရာ့ကိုတကယ်ပဲကျေးဇူးတင်မိတယ်”
ယဲ့ချင်း တအံ့တသြပြောလိုက်သည်။
“ဒါပေမဲ့ အဲ့လိုဆေးမျိုးပိုင်ဆိုင်နိုင်တဲ့လူရယ်လို့ မကြားဖူးပါဘူး”
ယဲ့ချိုးပိုင်သည် ခေါင်းတခါခါဖြင့် ပြောလိုက်သည်။
“ဆရာက လျှို့ဝှက်တာအိုကျောင်းတော်ကဆိုပေမဲ့ သူက ထင်ထင်ပေါ်ပေါ်နေရတာကိုမကြိုက်ဘူးလေ။ လူနည်းစုလောက်ပဲ သူ့ကိုသိကြတာ”
လျှို့ဝှက်တာအိုကျောင်းတော်တဲ့လား။
မဆန်းတော့ပါလေ။
ယဲ့ချင်းလည်း သဘောပေါက်သွားပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ထို့နောက် တစ်စုံတစ်ရာကိုတွေးမိသွားပြီး မျက်မှောင်ကြုတ်လျက် စကားဆို၏။
“ဒါဆို အဲ့ဒီတုန်းက မင်းကိုသတ်ချင်တာဘယ်သူလဲဆိုတာကိုရော သိလား”
ထျန်းယွမ်မြို့တော်မှ ထွက်သွားခဲ့ပြီးနောက်ပိုင်းတွင် သူ့သားကို တစ်စုံတစ်ယောက်က လုပ်ကြံဖို့ကြိုးစားခဲ့လေသည်။ ယဲ့ချင်း ဘယ်လိုများ ဒေါသမထွက်ဘဲ နေနိုင်ပါ့မလဲ။
အလွန်အမင်းအားကောင်းလှသော အရှိန်အဝါတစ်ခု ရုတ်ခြည်းထွက်ပေါ်လာလေသည်။
မည်သို့ပင်ဖြစ်စေ ယဲ့ချင်းသည် ယဲ့မိသားစု၏ခေါင်းဆောင်ဖြစ်ပြီး ထျန်းယွမ်မြို့တော်ရှိ ထိပ်တန်းပါရမီရှင်တစ်ဦးလည်း ဖြစ်၏။
ထိုအရှိန်အဝါကြောင့် ကျင့်ကြံစဉ်နိမ့်သော ပတ်ပတ်လည်ရှိလူအပေါင်း၏အမူအရာ ပြောင်းလဲသွားလေသည်။
ယဲ့ချိုးပိုင်၏အမူအရာသာ မပြောင်းမလဲဆက်ရှိနေပြီး ရှုပ်ထွေးနေဟန်ရှိသော ကျန်းထျန်းဟန်ကို လှည့်ကြည့်လိုက်သည်။
တကယ်တမ်းတွင် ကျန်းထျန်းဟန်သည် သူ့သမီး၏လုပ်ရပ်နှင့်ပတ်သက်ပြီး အနည်းအကျဉ်းသိထားသည်။
ယဲ့ချင်းသည် ယဲ့ချိုးပိုင်၏အကြည့်အတိုင်း ခြေရာလိုက်ကာ ကျန်းထျန်းဟန်ကို ကြည့်လိုက်သည်။
“ကျန်းထျန်းဟန်လား”
ယဲ့ချိုးပိုင် ခေါင်းယမ်းလိုက်ပြီး ပြော၏။
“ကျန်းချန်ပါ”
ထိုစကားကိုကြားသော် ယဲ့ချင်း၏အရှိန်အဝါမှာ ရုတ်ခြည်းပေါက်ကွဲထွက်သွားလေသည်။
ကြီးမားလှသောအင်အားတစ်ရပ်သည် ကျန်းထျန်ဟန်ဆီသို့ ချဉ်းကပ်သွားလေတော့သည်။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။
“ကျန်းထျန်းဟန်.. မင်းတို့ကျန်းမိသားစု ငါ့ကိုရှင်းပြသင့်တယ်ထင်တယ်နော်”
ယခင်က သူသည် ယဲ့မိသားစုတစ်ခုလုံးရှေ့မှာ စေ့စပ်ပွဲကို တစ်ဖက်သတ်ဖျက်သိမ်းခဲ့ရုံသာမက သူ့သားကိုလည်း အရှက်ခွဲခဲ့သေးသည်။
ယခုတော့ သူက သူတို့အားလုံးကို သတ်ချင်နေပြန်လေပြီ။ ထိုအခြင်းအရာကြောင့် ယဲ့ချင်း အမှန်တကယ်ဒေါသထွက်လေတော့သည်။
သူသည် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး ဓားရှည်တစ်လက်ကို ထုတ်လိုက်သည်။
အကယ်၍ ကျန်းထျန်းဟန်၏ရှင်းပြချက်ကသာ သူ့ကို မကျေနပ်စေခဲ့လျှင် ယဲ့ချင်းသည် သူ့ဓားကိုထုတ်ကာ တိုက်ခိုက်ဖို့ဝန်မလေးပေ။
ထိုအဖြစ်ကိုမြင်သောအခါ ကျန်းထျန်းဟန်သည် သက်ပြင်းချလိုက်ပြီး ခါးသက်စွာပြုံးလိုက်၏။
“အစ်ကိုယဲ့.. ဒီကိစ္စက တကယ် ကျွန်တော်တို့ကျန်းမိသားစုရဲ့အမှားပါ။ ကျွန်တော့်သမီးကျန်းချန်အစား ကျွန်တော်ကပဲ တောင်းပန်ပါရစေ”
“တောင်းပန်နေတော့ရော ဘာထူးမှာလဲ”
ယဲ့ချင်းက အော်လိုက်သည်။
“ဒီလိုတွေဖြစ်လာမှာကိုသိရင်လည်း အဲ့ဒီလိုအကြင်နာမဲ့တဲ့ကိစ္စတွေ ဘာလို့လုပ်ခဲ့သေးလဲ”
ကျန်းထျန်းဟန်သည် ကူကယ်ရာမဲ့စွာ ရှင်းပြရုံသာတတ်နိုင်လေသည်။
“အဲ့ဒီတုန်းက ကျွန်တော်လည်း ချန်းအာရဲ့အစီအစဉ်ကို မရိပ်မိခဲ့ပါဘူး။ အရာအားလုံးဖြစ်ပျက်ပြီးသွားမှ ကျွန်တော်သိခဲ့ရတာ။ ဒါက ကျွန်တော် ဖခင်ဝတ္တရားပျက်ကွက်လို့ဖြစ်ရတာပါ”
“ဘာမှထပ်ပြောနေစရာမလိုတော့ပါဘူး။ ကျန်းချန်ကိုသာ ထုတ်ပေးပါ”
ယဲ့ချင်းသည် နောက်တစ်လှမ်းထပ်လှမ်းလိုက်ပြီး သူ့လက်ထဲရှိဓားရှည်ဖြင့် ညွှန်လိုက်၏။ ဖော်ရွေမှုကင်းမဲ့သောအမူအရာဖြင့် သူ စကားဆိုလိုက်သည်။
“သူ့ကိုထုတ်မပေးဘူးဆိုရင် ကျန်းမိသားစုကို စစ်ကြေညာတဲ့အခါ ယဲ့မိသားစုကိုအပြစ်မတင်ပါနဲ့”
“ချန်းအာက အခု ထျန်းယွမ်မြို့က ထွက်သွားပါပြီ”
ကျန်းထျန်းဟန်သည် ခေါင်းကိုခါယမ်းလိုက်ပြီး တည်ငြိမ်အေးဆေးနေသော ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
“ချိုးပိုင်လည်း ဒီအာဃာတကိုချေဖျက်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီအတွက်လည်း ကျန်းမိသားစုက ထျန်းယွမ်မြို့ရဲ့စီးပွါးတွေကို သုံးနှစ်စာခံစားခွင့်ပေးဖို့ ဆန္ဒရှိပါတယ်”
သုံးနှစ်စာခံစားခွင့်တဲ့လား။
ဤသည်မှာ သင့်တော်သောရင်းမြစ်ပမာဏပင်။
ယဲ့ချင်း တစ်စုံတစ်ခုပြောတော့မည့်ဆဲဆဲတွင် ယဲ့ချိုးပိုင်က မတ်တတ်ထရပ်လိုက်ပြီး ကြားဖြတ်လိုက်၏။
“ကျန်းချန်က ဘယ်သွားတာလဲ”
ထိုစဉ်က စေ့စပ်ပွဲကိုဖျက်သိမ်းခဲ့ခြင်းက ယဲ့ချိုးပိုင်နှင့်ကျန်းချန်ကို သူစိမ်းများဖြစ်စေခဲ့သည်ဆိုပါက ယခုကိစ္စကတော့ သူတို့နှစ်ယောက်ကို ကမ္ဘာ့ရန်သူများ ဖြစ်စေခဲ့သည်သာ။
လက်စားချေခြင်းသည် အေးစက်စက်နိုင်ခြင်း၏ အဓိကဟင်းလျာပင် ဖြစ်ချေသည်။
ဤသည်မှာ ယဲ့ချိုးပိုင်၏သဘောထားပင်။
ကျန်းထျန်းဟန်၏အမူအရာမှာ လေးနက်သွားပြီး သြရှရှလေသံဖြင့် စကားဆိုလာသည်။
“ချိုးပိုင်.. မင်းနှလုံးသားမှာ အမုန်းတရားတွေနဲ့ပြည့်နေမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်း လက်စားချေနိုင်မှာလည်းမဟုတ်ဘူးလေ။ မင်းတစ်သက် လုံးဝရောက်နိုင်မှာမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုထဲကို ချန်းအာကရောက်သွားပြီ”
ဤတစ်သက် လုံးဝမဖြစ်နိုင်ဘူးတဲ့လား..
ယဲ့ချိုးပိုင် သူ့ဆရာကို ပြေးသတိရမိသည်။
ဤကမ္ဘာကြီးမှာ သူ့ဆရာနှင့်ယှဉ်နိုင်သူဟူ၍ မရှိချေ။
အာဒိကပ္ပဓားသိုင်းကျမ်းဆိုသည်မှာ လူသားများ၏ကျင့်ကြံရေးနည်းပညာတစ်ခု မဟုတ်တန်ရာ။
ပန်းချီကားချပ်လည်း အပါအဝင်ဖြစ်၏။
သူ တောင်ပေါ်မှဆင်းမလာခင်က သူ့ဆရာဖန်တီးနေခဲ့သော မဟာအစီအရင်ပုံစံကြီးလည်း ထိုနည်းလည်းကောင်းဖြစ်၏။
ယဲ့ချိုးပိုင်သည် ခေါင်းခါယမ်းလျက် ပြောလိုက်၏။
“အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ပူဖို့မလိုပါဘူး”
“မြောက်ပိုင်းနယ်မြေ နေမဝင်အင်ပါယာ”
နံဘေးတွင်ရှိနေသောယဲ့ချင်းမှာ ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားရချေသည်။
ယဲ့လင်းလည်း လန့်ဖျပ်သွားပုံပင်။
ယဲ့ချိုးပိုင်ပင်လျှင် အနည်းငယ်မှင်တက်သွားရသည်။
မြောက်ပိုင်းနယ်မြေဆိုသည်မှာ နယ်မြေကြီးလေးခုအနက် အင်အားအကောင်းဆုံးနယ်မြေဖြစ်၏။
နေမဝင်အင်ပါယာဟူသည် မြောက်ပိုင်းနယ်မြေ၏သြဇာအာဏာသက်ရောက်ရာနေရာဖြစ်၏။
ထိုနေရာတွင် ပညာရှင်အမြောက်အများရှိကြပြီး သူတို့က ကမ္ဘာကြီးကို အုပ်စိုးထားသည်။
နေမဝင်အင်ပါယာ၏ လက်ရှိအုပ်စိုးသူမှာ နယ်မြေကြီးလေးခု၏အဆင့်သတ်မှတ်ချက်၌ စတုတ္ထနေရာတွင် ရှိသည်။
နယ်မြေလေးခု၏အဆင့်သတ်မှတ်ချက်တွင် နယ်ပယ်ကြီးလေးခုရှိ လူသိများသည့် ပညာရှင်များ၏ခွန်အားကို မှတ်တမ်းတင်ထားလေသည်။
မြောက်ပိုင်းနယ်မြေ၏ လျှို့ဝှက်တာအိုကျောင်းတော်အကြီးအကဲ ချင်းထျန်းနျန်ပင် သိုင်းပညာရှင်စာရင်းတွင် အဆင့်၂၆ချိတ်ထားသည်။
၎င်းမှာ မည်မျှတန်ဖိုးရှိလေကြောင်း စဉ်းစားကြည့်နိုင်ပေသည်။
ထင်မှတ်မထားပါဘဲ ကျန်းချန်သည် နေမဝင်အင်ပါယာထဲသို့ အမှန်တကယ်ဝင်ရောက်နိုင်ခဲ့လေသည်။
ထိုသို့ဆိုပါက ယဲ့ချိုးပိုင်၏ဆရာသည် လျှို့ဝှက်တာအိုကျောင်းတော်မှ ဖြစ်နေလျှင်ပင် ဤကိစ္စသည် အလွန်တရာမှ…
ခဏမျှငေးငိုင်နေပြီးနောက် ယဲ့ချိုးပိုင် ပုံမှန်ပြန်ဖြစ်သွားသည်။
သူ့ဆရာနှင့်ယှဉ်နိုင်သူ အမှန်တကယ်မရှိဟု သူထင်နေဆဲပင်။
နေမဝင်အင်ပါယာပင် မဆိုထားနှင့်။
သို့သော် ယဲ့ချိုးပိုင်အနေနှင့် သူ့ဆရာအား သူ့အတွက်လက်စားချေခိုင်းရန် အစီအစဉ်မရှိပေ။
ဤကိစ္စသည် သူ့ကိုယ်ရေးကိုယ်တာသက်သက်သာ ဖြစ်၏။
ထိုအခြင်းအရာကြောင့် ယဲ့ချိုးပိုင် ဘာတစ်ခွန်းမျှ ထပ်မဟတော့ချေ။ ကျန်းထျန်းဟန်ကတော့ သူ လက်လျှော့သွားပြီဟုထင်ကာ ပြောလာလေသည်။
“နောက်သုံးနှစ်စာကောက်ရိတ်သိမ်းခွင့်ကို မင်းကိုပေးပါ့မယ်။ ငါ ချိုးပိုင်အတွက် စိတ်မကောင်းပါဘူး”
ထိုသို့ပြောပြီး ကျန်းထျန်းဟန်သည် တစ်ဖက်ကိုလှည့်ကာ သူ့လူများနှင့်အတူ ထွက်သွားလေတော့သည်။
ယဲ့ချင်းကလည်း သက်ပြင်းတချချဖြင့် ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်ပေးနေသည်။
“တအားတွေးမနေနဲ့တော့။ မင်းရဲ့ခွန်အားကို မြှင့်တင်ဖို့အတွက်ပဲ အာရုံစိုက်ပါ”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလေသည်။
တစ်ချိန်တည်းမှာပင် ရန်သူတစ်စုကလည်း ယဲ့မိသားစုကို စစ်ကြေညာလေသည်။
အကယ်၍ ယဲ့ချိုးပိုင်ကိုသာထုတ်ပေးမည်ဆိုလျှင် စစ်ပွဲကို ရပ်နိုင်မည်ဖြစ်၏။
ယဲ့ချင်းသည် ဤကိစ္စဖြစ်လာမည်ကို တွေးထားပြီးသားပင်။ ချောင်စီဝူသည် ယဲ့ချိုးပိုင်၏လက်ချက်ကြောင့် အသက်ဆုံးရှုံးသွားရသည်မဟုတ်ပါလား။
ထိုကိစ္စကိုရင်ဆိုင်ဖို့လည်း သူ အသင့်ပြင်ထားသည်။
သူ တစ်စုံတစ်ခုပြောတော့မည့်ဆဲဆဲမှာပင် ယဲ့ချိုးပိုင်က ယဲ့ယန်ဆီကိုဦးတည်လျက် လျှောက်လှမ်းနေသည့်မြင်ကွင်းကို မြင်လိုက်ရလေသည်။
အားကောင်းလှသောအရှိန်အဝါတစ်ခုက ဓားသွားချီစွမ်းအင်အဖြစ် ကောင်းကင်ထိတိုင် ထိုးတက်သွားချေသည်။
ယဲ့ချိုးပိုင်သည် အကြောက်တရားများဖြင့် ပြည့်နှက်နေသောယဲ့ယန်ကို အေးတိအေးစက်စိုက်ကြည့်ရင်း ပြောလိုက်၏။
“မင်း အသက်နဲ့ရင်းပြီး တိုက်ခိုက်ရဲတဲ့သတ္တိရှိလား”
good
Good