Switch Mode

အပိုင်း (၅၀၆)

ကျိုးရှင်းတောင်

ကျယ်ပြောသော မြေရိုင်းဒေသတွင် မြို့ကြီးများနှင့် အင်အားစုများက မရေမတွက်နိုင်အောင် ရှိကြသည်။ ဒေသ အသီးသီးကို အုပ်ချုပ်ကြသော မြို့ကြီးများအပြင် ကလန်များ အခြေစိုက်သော နေရာများစွာလည်း ရှိကြပေသည်။

မြေရိုင်းဒေသအား အဓိက နယ်မြေ အပိုင်းအခြား လေးခု ခွဲခြမ်းထားသည်။ ထိုနယ်မြေ အပိုင်းအခြား၏ အလယ်ဗဟိုတွင် ကျုံးကျိုးမြို့နယ်မြေ ရှိသည်။ သို့သော်လည်း ထိုနေရာအား ဗဟိုပြုလျက် တည်ရှိ​သော မြို့တော်အပြင် တခြား နယ်မြေ အစိတ်အပိုင်းများ၊ တောင်များ၊ ပင်လယ်များနှင် သားရဲတောများလည်း နေရာအနှံ့တွင် ရှိပေသည်။

ယခုကား ထိုကျယ်ပြောသော ဒေသကြီး၏ တစ်နေရာတွင် လူတစ်စုက ကောင်းကင်တွင် ခရီးနှင်နေကြသည်။ သူတို့ကား ရီဖူရှင်းတို့ အုပ်စုဖြစ်သည်။ သူတို့က မိုးမြေ ကောင်းကင်မြို့မှ ထွက်ခွာ လာခဲ့သည်မှာ ရက်လများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်ကာ လမ်းတွင်လည်း အတွေ့အကြုံမျိုးစုံ ကြုံခဲ့ရပြီး ဖြစ်သည်။

သူတို့ စီးနင်းနေသည်ကား လေဓာတ်စွမ်းအင် အခြေပြု လှေပျံတစ်စင်း ဖြစ်သည်။ လှေပျံက ရှီအဆင့်ပျံသန်းခြင်း ပစ္စည်းဖြစ်ကား တခြား တိုက်ခိုက်ရေး စွမ်းအားများ မရှိပေ။ သို့သော် သူ၏အမြန်နှုန်းက ထိပ်သီးအဆင့် ဖြစ်သည်။ မှန်သည်… ရီဖူရှင်းတို့၏ လက်ရှိအဆင့်ဖြင့် လှေပျံ၏ တကယ့်အမြန်နှုန်းကို ထုတ်ဖော်နိုင်စွမ်း မရှိပေ။ သို့တိုင်အောင် လှေပျံကား ထူးခြား ကောင်းမွန်လွန်းပြီး အလွန်အမင်း မြန်ဆန်သည်။ သိမ်းငှက်နက်က မြန်သည် ဆိုသော်လည်း မြေရိုင်းဒေသ တစ်ခုလုံးကို ခရီးနှင်ရန် အဆင်မပြေပေ။

ရက်လများစွာ ခရီးနှင်ပြီးနောက် မြေရိုင်းဒေသက ကျယ်ပြန့်လွန်းသည်ဟု သူတို့ တွေးမိကြသည်။ မြေရိုင်းဒေသတွင် အကာနာအဆင့် တန်ခိုးရှင်များက တခြားဒေသများသို့ ကိုယ်တိုင် ခရီးသွားခြင်း မပြုကြပေ။ သွားလိုလျှင်လည်း သူတို့အား စီနီယာများက အဖော်လုပ် ပေးကြရသည်။ နိုဘယ်များသာ ထိုသို့ သွားလာနိုင်သော်လည်း အန္တရာယ် ရှိနိုင်ပေသေးသည်။ ရှီတန်ခိုးရှင်များသာ လွတ်လပ်စွာ ခရီးသွားနိုင်သည်။

“လို့လန်… ငါတို့ ဘယ်နေရာမှာလဲ…” လှေပျံပေါ်တွင် ရီဖူရှင်းက မြေပြင်ကို ကြည့်ကာ မေးသည်။ သူတို့အား တိမ်များက ရစ်ပတ်ထားသော်လည်း သူက မြေပြင်မှ တောင်တန်းကြီးများအား ဝေဝေဝါးဝါး မြင်ရသည်။

လို့လန်ရွှီက ကျောင်းအုပ်ချန်း ပေးလိုက်သော မြေရိုင်းဒေသ မြေပုံကို ထုတ်ဖြန့်လိုက်သည်။ မြေပုံက အလင်းတန်းအဖြစ် ထွက်ပေါ်လာကာ သူတို့ရှေ့ လေထုတွင် ပေါလောပေါ်လာသည်။ မြေပုံထဲတွင် မြေရိုင်းဒေသ၏ အသေးစိတ် အချက်အလက်များ၊ ထိုနေရာတွင် အခြေစိုက်သော ရှီတန်ခိုးရှင်များ၊ ကလန်များ ဒေသဆိုင်ရာ မှတ်သားဖွယ်များ အားလုံးကို ထည့်သွင်း ရေးမှတ်ထားသည်။

တန်ခိုးရှင်လောကတွင် အင်အားကသာ အရေးအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် နေရာဒေသတစ်ခု၏ ထင်ရှားမှုက ရှီတန်ခိုးရှင် ရှိသည် မရှိသည်နှင့် သက်ဆိုင်သည်။ အကယ်၍ ထိုနေရာတွင် ကြီးမြတ်သော ရှီတန်ခိုးရှင် မရှိပါက လူအများက သိကြမည် မဟုတ်ပေ။

“ကျိုးရှင်းတောင်…” လို့ လန်ရွှီက ပြန်ပြောသည်… “ဒီဒေသမှာ အကျော်ကြားဆုံး နေရာပဲ… ဒီနေရာမှာ အဓိက ကလန်ငါးခုနဲ့ မြို့ကလေးတွေ အများကြီးရှိတယ်… အဓိက မြို့ကြီးငါးမြို့က မြို့တော်ဝန်တွေ အကုန်လုံးက ရှီတန်ခိုးရှင်တွေပဲ… ကျိုးရှင်းတောင်ကတော့ ဒီဒေသမှာ အင်အား အကြီးဆုံးပဲ…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ မြေရိုင်းဒေသ၏ ဗဟိုချက်မနှင့် နီးလေလေ ကလန်များ၏ အင်အားက ပိုမိုကြီးမားလေ ဖြစ်သည်။ သူက မြေရိုင်းဒေသကို ခြေချစအချိန်က ယွန်ယွဲ့မြို့ကို ရောက်ခဲ့သည်။ ထိုနေရာမှ အင်အားအကြီးဆုံး ကလန်များ၏ ခေါင်းဆောင်များကား အဆင့်မြင့် နိုဘယ်များသာ ဖြစ်သည်။ သို့သော်လည်း သူတို့က ကျုံးကျိုးမြို့ဒေသကို ရောက်လာသောအခါ အင်အားအကြီးဆုံး လူများက နိုဘယ်များ မဟုတ်တော့ဘဲ ရှီတန်ခိုးရှင်များ ဖြစ်သွားကြသည်။ မှန်သည်… သူတို့က သာမန် ရှီတန်ခိုးရှင်များ မဟုတ်ဘဲ အစွမ်းအထက်ဆုံး ရှီတန်ခိုးရှင် ဖြစ်ကြ၏။

တိမ်များအကြားတွင် ခရမ်းရောင် လျှပ်စီးများက လင်းလက် တောက်ပနေသည်။ ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ ပြောသည်… “ဒါက သဘာဝအလျောက် မဟုတ်ဘူး…”

“ငါတို့ ရှောင်သွားကြမလား…” လို့လန်ရွှီက မေးသည်။

ရီဖူရှင်းက ခေါင်းငုံ့ကာ အောက်ကို ကြည့်သည်။ တိမ်များ အောက်တွင်ကား တောင်တန်းကြီး တစ်ခုကိုသာ ဝေဝေဝါးဝါး မြင်ရသည်။

“အင်း…” ရီဖူရှင်းက မကောင်းသော ခံစားချက်ကို ရနေသည်။ အကယ်၍ သူတို့က အင်အားကြီး ကလန်များ၏ အပေါ်မှ ခရီးနှင်မိပါက ထိုလူများ၏ အမျက်သင့်မှုကို ခံရနိုင်ပေသည်။ ထိပ်သီးကလန်များက သူတို့နေရာအပေါ် ကောင်းကင်မှ ခရီး သွားလာခြင်းများကို ကန့်သတ် ထားကြသည်။ လှေပျံက မြန်ဆန်စွာဖြင်ပင် နောက်လှည့်ရန် ကြိုးစားသည်။

ဒက်…

ခရမ်းရောင် လျှပ်စီးများက တိမ်များကို ဖောက်ထွင်း  သွားသည်။ သူတို့က မြန်ဆန်စွာပင် ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

“သေစမ်း…” လျှပ်စီး အလင်းတန်း၏ စွမ်းအားကို ခံစားမိသည်တွင် ရီဖူရှင်းက အော်လိုက်သည်…“ဒါက အစီအရင် တစ်ခုပဲ…”

ခရမ်းရောင် လျှပ်စီးများက တိမ်းများနှင့် အတူလာသည်။ တဖြည်းဖြည်းဖြင့် လျှပ်စီးတန်းများက သူတို့ထံကို လာရောက် ကျဆင်းလာကာ ရှောင်ဖယ်စရာ နေရာပင် မကျန်တော့။ ရီဖူရှင်းက လှေပျံအား ထိန်းချုပ်ကာ ရှောင်တိမ်းရန် ကြိုးစားသည်။ သို့သော် ကြီးမားသော လျှပ်စီးလှိုင်းက လှေပျံအား တိုက်ခတ် သွားသောအခါ ပြင်းထန်သော တုန်ခါမှု တစ်ခုနှင့်အတူ အောက်ကို ကျဆင်းတော့သည်။

“သတိထား… ငါက လှေပျံကို ပြန်သိမ်းတော့မယ်…” ရီဖူရှင်းက ပြောသည်။ မိုးမြေ ကောင်းကင်မြို့တွင် ကတည်းက ချမ်းသာ ကြွယ်ဝချင်း၏ အကျိုးအပြစ်ကို သူ ခံစားဖူးပြီး ဖြစ်သည်။ အထူးသဖြင့် သူတို့က အကာနာအဆင့်မျှသာ ရှိရာ တခြားလူများ၏ ပြစ်မှတ်ထားခြင်း ခံရရန် လွန်စွာ အလားအလာ များသည်။

ရီဖူရှင်းတို့အုပ်စုက လှေအပြင်ဘက်ကို မြန်ဆန်စွာ ထွက်လာကြကာ ရီဖူရှင်းက လှေကို ပြန်သိမ်းသည်။ နောက်ထပ် လျှပ်စီးတန်းများ သူတို့ထံ လိုက်ပါလာသည်ကို မြင်သည်တွင် ရီဖူရှင်းတို့အုပ်စုက ကြီးမားသော အရှိန်အဟုန်ဖြင့် အောက်ကို လျင်မြန်စွာ ဆင်းသက် လာကြသည်။

“ဒါဆို ဒီနေရာက ကျိုးရှင်းတောင်ပေါ့…” လို့လန်ရွှီက မြေပြင်မှ မြင်ကွင်းကို ကြည့်ကာ အမူအရာ ပြောင်းသွားသည်။ အကယ်၍ သူတို့က ကျိုးရှင်းတောင်၏ အပေါ်မှ ဖြတ်သန်း သွားသည်ကို သိလျှင် ရှောင်ဖယ်ကာ သွားခဲ့မည် ဖြစ်သည်။

အောက်ကို ကြည့်လျှင် နေရာအနှံ့တွင် တောင်များနှင့် အဆောက်အဦ များစွာကို မြင်ကြသည်။ သူတို့က ကလန်များမှ လူများကိုပင် မြင်ကြရ၏။

ဘုန်း… ဘုန်း… ဘုန်း…

ကျယ်လောင်သော အသံများနှင့်အတူ သူတို့အုပ်စုက မြေပြင်ကို ကျဆင်းလာကာ ဖုန်များ တလွင့်လွင့် ဖြစ်သွားသည်။ လျှပ်စီးများကား တစ်ခါမှ မရှိခဲ့သလို လုံးဝ ပျောက်ကွယ်သွားပြီး ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းတို့အုပ်စုက သတိမပြတ်ဘဲ ပတ်ဝန်းကျင်ကို အကဲခတ်ကြသည်။ သို့သော် ပတ်ဝန်းကျင်ကို သတိထားမိသည်တွင် ရီဖူရှင်းတို့ အုပ်စုက လွန်စွာ ကသိကအောက် ဖြစ်ကြရ၏။

ယခု ကျိုးရှင်းတောင်ကား မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေသည်။

တောင်ထိပ်ပေါ်တွင်ကား သူတို့အားလုံးကို ကြည့်ရှုနေသော အုပ်စုတစ်စု ရှိသည်။ တောင်အုပ်မှ လူများက များစွာသော အစုအဖွဲ့များအဖြစ် ဖွဲ့စည်း ထားကြသည်။ သို့သော် ယခု အားလုံးသော သူများက ရီဖူရှင်းတို့ကို စိုက်ကြည့် နေကြသည်။

ရီဖူရှင်းနှင့် အနီးဆုံးအုပ်စုက ထူးခြား ကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါများ ရှိကြသည်။ သူတို့က သန့်ပြန့် သေသပ်စွာ ဝတ်စားထားကြကာ သူတို့ အနီးတွင်လည်း ချပ်ဝတ်များ ဝတ်ဆင်ထားသော သက်တော်စောင့်များ ရှိနေသည်။ အားလုံးက ရီဖူရှင်းတို့ အုပ်စုကို အေးစက်စွာ ကြည့်နေကြကာ အခြေအနေက လွန်စွာ တင်းမာနေဟန် ရသည်။

ထိုအခိုက်တွင် ရီဖူရှင်းတို့ဖွဲ့၏ ထူးခြားစွာ ပေါ်ပေါက်လာမှုကြောင့် ထိုနေရာ တစ်ခုလုံးက တိတ်ဆိတ်နေသည်။

သူတို့က ထိုသို့ တမင် လာခဲ့ကြသလောဟု အားလုံးက တွေးနေကြသည်။ သူတို့က လျှပ်စီးများ၏ အကူအညီဖြင့် နတ်ဘုရားများလို ကျဆင်း လာကြသည်။ သူတို့က ကျိုးရှင်းတောင်မှ လူများ၏ အာရုံစိုက်မှုကို တမင် လိုချင်ကြသည်များလား…။

အကယ်၍​ သူတို့က တမင်ထိုသို့ ဆင်းလာခြင်း ဖြစ်ပါက သူတို့ကား အမှန်ပင် မောက်မာသူများ ဖြစ်ရမည်။

မည်သို့ဆိုစေ သူတို့၏ရှေ့မှ လူများကား ဤဒေသမှ အဓိက မြို့တစ်မြို့ ဖြစ်သော လောင်ယွန်မြို့ သခင်လေး၏လူများ ဖြစ်ကြပေသည်။ သည်လူများက အမှန်ပင် လောင်ယွန်မြို့ကို ရန်သူများအဖြစ် ရွေးချယ်ခဲ့ကြသည်။ သူတို့က အမှန်ပင် အားကောင်းသည်လား သို့မဟုတ် အသိဉာဏ် မရှိသည်လား…။

ယနေ့ ကျိုးရှင်းတောင်၏ ရှီတန်ခိုးရှင်များက တပည့်များ ရွေးချယ်ကြမည် ဖြစ်သည်။ ပို၍ အရေးကြီးသည်ကား ရှီတန်ခိုးရှင် လေမုန်တိုင်း၏ သမီးက အရွယ် ရောက်လာကာ အလွန်အမင်း ချောမောလှပသည်။ သူမက ယနေ့တွင် လက်တွဲဖော်အား ရွေးချယ်မည်ဟု ကောလာဟလများ ကြားကြရသည်။ ထို့ကြောင့် ဤဒေသနေရာအနှံ့မှ လူငယ် လူရွယ်များက ကျိုးရှင်းတောင်တွင် လာရောက် စုစည်းနေကြသည်။ သို့သော်လည်း အကန့်အသတ် အနေဖြင့် ကျိုးရှင်းတောင်က အဆင့်နိမ့် အကာနာထက်မြင့်သော တန်ခိုးရှင်များကို ရွေးချယ်မည် မဟုတ်ပေ။

အားလုံးက ထိုသို့ ရွေးချယ်ခြင်း၏ ရည်ရွယ်ချက်ကို သိသည်။ သူတို့က ဤဒေသတစ်ဝိုက်မှ အတော်ဆုံး လူငယ်များကို ကြိုတင် ရွေးချယ်ကာ တော်ဝင် ကျဲနန်းတော်ကို သွားကြမည် ဖြစ်သည်။

ထိုသို့သော အကြောင်း ပြချက်များကြောင့် ကျိုးရှင်းတောင် ဒေသတစ်ဝိုက်မှ လူငယ်များ အားလုံးက ဤနေရာကို လာရောက်ကြသည်။ တောင်ခြေတွင်ကား မရေမတွက်နိုင်သော အဖွဲ့ငယ်လေးများ ရှိနေသည်။

ထိုအထဲတွင် အဓိက မြို့ကြီးငါးမြို့မှ သခင်လေးများ၏ အဖွဲ့ငါးဖွဲ့က အားလုံး ဂရုစိုက် ကြည့်ရှုရသော အဖွဲ့များဖြစ်ကာ စွမ်းအား အကြီးဆုံးလည်း ဖြစ်သည်။

လူငယ်များ အားလုံးက တိုက်ပွဲအတွက် အဖွဲ့ငယ်များ ဖွဲ့ထားကြသည်။ အစပိုင်းတွင် မည်သူကမှ အဓိက မြို့ကြီးငါးမြို့နှင့် မယှဉ်လိုကြပေ။

ရီဖူရှင်းနှင့် သူ၏ သူငယ်ချင်းများက ကောင်းကင်မှ ဆင်းသက် လာကြကာ လောင်ယွန်မြို့မှ အဖွဲ့အားဦးဆုံး စိန်ခေါ်ရက်သား ဖြစ်သွားသည်။ ထို့အပြင် သူတို့က ဤသို့ ထူးခြားသော နည်းလမ်းဖြင့် ပေါ်လာကြရာ အားလုံးက သူတို့ကို ဝိုင်းကြည့်နေခြင်းက လွန်ကဲရာ မကျပေ။

ယခုကား ရီဖူရှင်းနှင့် သူ့သူငယ်ချင်းများက ဘာဖြစ်နေသည်ကို နားမလည်ကြပေ။ လူတိုင်းက သူတို့ကို စိုက်ကြည့် နေသည်ကိုသာ သတိထားမိကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် မရေမတွက်နိုင်သော လူများကို ရီဖူရှင်းတို့က မြင်သည်။

“မင်းတို့ အဆင့်က…” လောင်ယွန်မြို့မှ သခင်လေး၏ နာမည်က ချီယွန်ဖြစ်သည်။ သူ့ထံမှ နိုဘယ် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေကာ ရီဖူရှင်းတို့အား အေးစက်စွာ ကြည့်နေသည်။ မြို့ငါးမြို့အတွင်း သူတို့ကို ဦးဆုံး စိန်ခေါ်ခံရခြင်းက သူ့အား အရှက်ခွဲခံရသလို ခံစားရသည်။ သို့သော်လည်း သူက တည်ငြိမ်စွာပင် ရီဖူရှင်းကို မေးသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သည်။ ချီယွန်ထံမှ နိုဘယ် အငွေ့အသက်ကို သူ ခံစားရသည်။ တစ်ချိန်တည်းမှာပင် သူက ချီယွန်၏မျက်လုံးများက အေးစက် နေသည်ကို မြင်သည်။

“အဆင့်မြင့် အကာနာ…” ရီဖူရှင်းက ပြောသည်။ ယခု သူတို့က အဆင့်မြင့် အကာနာသို့ ဝင်ရောက်ခဲ့ကြပြီ ဖြစ်သည်။

ချီယွန်၏မျက်လုံးများက အရောင်လက် သွားသည်။ သူ့အနီးမှ​ လူများ အားလုံးကလည်း စိတ်ဝင်စား သွားကြသည်။ အဆင့်မြင့် အကာနာများက ကောင်းကင်မှ ဤသို့ ဆင်းသက် လာကြကာ လောင်ယွန်မြို့ သခင်လေးကို စိန်ခေါ်ရဲကြသည်။

ချီယွန်က ပြုံးသည်။ ထို့နောက် သူက လက်ဝှေ့ယမ်း၏။ ချက်ချင်းပင် သူ့နောက်မှ လူလေးယောက် ထွက်လာသည်။ သူတို့အားလုံးကလည်း အဆင့်မြင့် အကာနာများ ဖြစ်ကြသည်။ သူ၏အဆင့်နှင့် ဂုဏ်သိက္ခာအရ သူက ရီဖူရှင်းတို့အဖွဲ့အား အနိုင်ကျင့်သည်ဟု မခံစားရပေ။

“စကြရအောင်…” ချီယွန်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။

“စမယ်… ဟုတ်လား…” ရီဖူရှင်းက ချီယွန်ကို ကြည့်သည်။ ယခုမှ သူက စိန်ခေါ်မှု တစ်ခုထဲကို ရောက်နေသည်ကို သိလိုက်သည်။ သူတို့က စည်းတစ်ခုထဲကို ရောက်နေကာ သူတို့၏ မျက်နှာချင်းဆိုင်တွင် ချီယွန်တို့ အုပ်စုသာ ရှိသည်။

ရီဖူရှင်းက တိတ်ဆိတ် နေသည်ကို သတိထားမိသည်တွင် ချီယွန်က မျက်မှောင်ကြုတ်ကာ စိတ်ရှည်ဟန် မရတော့။

“ကျုပ်က အရှုံးပေးလို့ မရဘူးလား…” ရီဖူရှင်းက ရုတ်တရက် ပြောသည်။ သူ၏ မထင်မှတ်သော စကားက အားလုံးကို မှင်တက် သွားစေသည်။ ဘာတွေ ဖြစ်ပျက်နေသနည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset