လုချန်ရှန်း စံအိမ်တော်ကို ပြန်ရောက်လာခဲ့သည်။
ငရဲကိုးဘုံအစီအရင်အတွက် လိုအပ်သောပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်၏။
အစီအရင်ပုံစံကို တည်ဆောက်ပြီးဖြစ်သည့်အတွက် အစီအရင်ဝိညာဉ်ဖြစ်သော သေမင်းမြစ်ပြင်ကို အစီအရင်ထဲသို့ ရေသွင်းပေးဖို့သာ လိုတော့သည်။
ရှေးဟောင်းသုတ်သင်ရေးအစီအရင်ကြီးသည် ကမ္ဘာမြေထက် ပြန်လည်အသက်ဝင်လာသည်။
လုချန်ရှန်းက သူ့လက်ကိုလှန်လိုက်ပြီး သေမင်းမြစ်ပြင်ပုလဲလုံးကို မြှောက်လိုက်သည်။
ပုတီးစေ့သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အစီအရင်၏ဗဟိုချက်ဆီကို ပျံသန်းသွားသည်။
အစီအရင်ထဲကို သူဝင်ရောက်သွားချိန်မှာ ပုလဲလုံးသည် သေမင်းမြစ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပေသည်။
၎င်းသည် အစီအရင်ကို ဝန်းပတ်ထားလိုက်ပြီး အဝါရောင်ဧရာမနဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။
တစ်ချိန်တည်းမှာပင် အလွန်အမင်းအားကောင်းလှသော သုတ်သင်ရေးအရှိန်အဝါတစ်ခုက နိဗ္ဗာန်ဘုံ၏အလိုဆန္ဒအရ အထက်သို့မြင့်တက်သွားပြီး စံအိမ်အထက်နားဆီမှာ လွင့်ပျောက်သွား၏။
ထိုအရာကြောင့် ဖြတ်သွားဖြတ်လာလုပ်နေကြသည့် ဝေဟင်သားရဲကောင်တချို့တောင် ကြောက်လန့်တကြားလှည့်ပြေးသွားကြ၏။
သို့သော် စံအိမ်တော်ဘက်မှာ ဖြစ်ပျက်နေသော မူမမှန်သည့်ကိစ္စရပ်များကို အခြားလူများသတိထားမိသွားမှာကို သူ စိတ်ပူစရာမလိုချေ။
ချောက်ကမ်းပါးထက်တွင်..
မိုးမခပင်ကြီးသည် အကိုင်းအခက်များကို လှုပ်ယမ်းကာ စံအိမ်တော်ဆီမှလာသော လှုပ်ရှားမှုများနှင့် အရှိန်အဝါကြီးတစ်ခုကို အခြားသူများမတွေ့သွားစေရန် တားဆီးထားပေသည်။
ထိုအချိန်တွင် အံ့အားသင့်နေသောအသံတစ်သံက လုချန်ရှန်း၏နံဘေးတွင် ပဲ့တင်ထပ်လာ၏။
“ဒါက ဘာအစီအရင်လဲ။ ဒါက အရင်ကငါလုပ်ဖူးတဲ့ တိုင်းပြည်ကာကွယ်ရေးအစီအရင်ထက်တောင် ပိုအားကောင်းနေတာပဲ”
၎င်းမှာ အမျိုးသမီးငယ်လေးတစ်ယောက်၏အသံပင်။
လုချန်ရှန်းသည် တစ်ဖက်ကိုလှည့်လိုက်ပြီး မအံ့သြဟန်ဖြင့် ထိုအမျိုးသမီးကို ကြည့်လိုက်၏။
ဤအမျိုးသမီးငယ်လေးသည် မြေအောက်ဘုံကိုးဌာနေနန်းတော်ကတည်းက သူ့နောက်ကိုလိုက်လာခြင်းပင်။
“ဒီတော့ မင်းမသေချာဘူးပေါ့”
မိုးမပင်ကြီးတောင် အသိအမှတ်ပြုရသည့်အစီအရင်ဆိုမှတော့ သာမန်အစီအရင်တစ်ခု မဖြစ်တန်ရာ။
အမျိုးသမီးက အဖြူနှင့်အနီစပ်ကြား တိုက်ခိုက်ရေးဝတ်ရုံကို ဝတ်ဆင်ထားသည်။ ရဲရဲတောက်နီရဲနေလေသော သူမ၏ဆံနွယ်များကို စုစည်း၍ချည်နှောင်ထားလေရာ သူမ၏အသွင်အပြင်ကို သူရသတ္တိနှင့် ပြည့်စုံသွားစေ၏။
သူမတွင် မိုးမခဂိုဏ်းသဏ္ဌာန်မျက်ခုံး၊ အနီဖူးဖူးနှုတ်ခမ်းနှင့် နှာတံသွယ်သွယ်လေး ရှိသည်။
သူမ၏မျက်နှာသည် ကျောက်စိမ်းနှယ်ဖြူလျနေပြီး မျက်နှာထက်မှာ ဘာမိတ်ကပ်မှ လိမ်းခြယ်မထားသည့်တိုင် နှင်းပွင့်ကလေးပေါ် နံနက်ခင်းနေရောင်ခြည်ပက်ဖြန်းသည့်အလား တောက်ပချောမွေ့နေသည်။
သူမ၏မျက်လုံးအစုံသည် ကြယ်ပွင့်များနှယ် တောက်ပနေပြီး မြင်သူတိုင်း၏စိတ်ထဲ အမှတ်ရစွဲမြဲသွားစေသည်။
သို့သော် ထိုအမျိုးသမီးလေးမှာ စစ်တပ်အင်အားစုများအားလုံးကိုပင် အညံ့ခံလာစေနိုင်သည့် မမြင်ရသော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသည်။
“ဒါပေမဲ့ မင်း အခုလေးတင် ဝိညာဉ်ကိုယ်ထည်လေးသက်သက်ပဲ ရှိသေးတာလေ။ အခုကျတော့ ဘယ်လိုဖြစ်လို့ လူ့ခန္ဓာကိုယ်တစ်ခုကို ပိုင်သွားရပြန်တာလဲ”
အမျိုးသမီးက ခေါင်းခါယမ်းပြရင်း ပြော၏။
“ဘာမှပြောစရာမရှိဘူး”
ထိုစကားကိုကြားသော် လုချန်ရှန်းသည် ပခုံးတွန့်ပြလိုက်ပြီး ဆက်မမေးတော့ပေ။
သူကလည်း သည်လောက်အများကြီးမသိချင်ပါလေ။
သို့သော် ထိုအခိုက်အတန့်မှာ သူ့အာရုံထဲကို အသိပေးစာတစ်ခု ဝင်ရောက်လာသည်။
“ဟုန်ရင်၊ ကျင့်ကြံရေးနည်းဗျူဟာ စက်ဝန်းကိုးသွယ်ပြန်လည်မွေးဖွားရေး : ကိုးဘဝပြန်လည်မွေးဖွားရေးအတွေ့အကြုံ၊ ပြန်လည်မွေးဖွားတဲ့အကြိမ်တိုင်းမှာ သင့်ရဲ့ အရင်ဘဝကကျင့်ကြံစဉ်တွေကို စွန့်လွှတ်ရလိမ့်မယ်။ သင့်ရဲ့စွမ်းရည်ကလည်း နှစ်တွေကြာလာတာနဲ့အမျှ ပိုပြီးမြင့်မားလာမယ်။ အထူးကိုယ်လုံးကိုယ်ဖန်တစ်ခုနဲ့ ကျင့်ကြံရမှာဖြစ်တယ်]
သည်လိုကျင့်ကြံရေးနည်းဗျုဟာမျိုးလည်း ရှိသလား။
ရှေ့ဆင့်နောက်ဆင့်မှာပင် အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရသော စစ်ဆင်ရေးက ပြန်လည်အသက်ဝင်လာပြန်သည်။
[လက်ခံသူ.. ဟုန်ရင်ကို သင့်ရဲ့တပည့်အဖြစ် လက်ခံပါ။ ခက်ခဲမှုအဆင့်မြင့်ခဲ့တာကြောင့် ဆုလာဘ်ကိုတော့ ပိုပြီးရက်ရက်ရောရောပေးအပ်မှာဖြစ်ပါတယ်]
[အမည် : ဟုန်ရင်]
[စွမ်းရည် : SSSအဆင့်]
[ပင်ကိုစွမ်းရည်ပါရမီ : အထွတ်အမြတ်ကိုယ်ထည်ကို ပြန်လည်ဝင်စားနိုင်စွမ်း၊ ဧကရီရဲ့ချီစွမ်းအင်၊ ဧကရာဇ်တစ်ပါးဖြစ်လာစေနိုင်သောပါရမီအထုံ]
ခက်ခဲမှုအဆင့်မြင့်တာတဲ့လား။
လုချန်ရှန်းသည် အစီအရင်ကို အကဲဖြတ်သုံးသပ်နေလေသော ဟုန်ရင်ကို ကြည့်လိုက်ပြီး ခေါင်းတညိတ်ညိတ်လုပ်နေမိသည်။
သူမ၏ပင်ကိုစရိုက်နှင့်ဆိုလျှင် သေချာပေါက်ခက်ခဲမှာပင်။
ဤအမျိုးသမီးသည် မောက်မာခက်ထန်သောအသွင်အပြင်ရှိပြီး ယဲ့ချိုးပိုင်၏ပလွှားမှုမျိုးနှင့်လည်း မတူညီချေ။ ထို့ပြင် ဓားသမားတစ်ယောက်၏ ဖုံးကွယ်မရနိုင်သောသဘာဝတစ်မျိုးလည်း ရှိ၏။
ဟုန်ရင်၏ပလွှားမှုမျိုးသည် လူတကာကို သူမထက် တစ်ဆင့်နိမ့်နေသလိုမျိုး အထင်သေးအမြင်သေးဟန်ဖြင့် ကြည့်တတ်ခြင်းပင်။
ထိုကဲ့သို့သောမောက်မာမှုမျိုးဟာ ဧကရီချီစွမ်းအင်ကြောင့် ဖြစ်တည်လာခြင်းပင်။
၎င်းသည် လူတွေကို ဒူးထောကိအညံ့ခံလာစေသော အစွမ်းရှိသည်။
တစ်ချိန်တည်းမှာပင် ဟုန်ရင်မှာ လုပ်ပိုင်ခွင့်လည်း ရှိ၏။
သို့သော် ဤဧကရီချီစွမ်းအင်ကို သူမ ပိုင်ဆိုင်ထားရခြင်းမှာ သူမဟာ ယခင်ဘဝတုန်းက ဧကရီတစ်ပါးဖြစ်ခဲ့ဖူးသောကြောင့်လေလား။
[အမှန်ပါပဲ။ ဟုန်ရင်က တိမ်လွှာဖီးနစ်အင်ပါယာကိုတည်ထောင်သူ ဧကရီ ဖြစ်ပါတယ်]
ထိုအတည်ပြုချက်ကို လက်ခံရရှိပြီးနောက်မှာ လုချန်ရှန်း သဘောပေါက်သွားရသည်။
ဤဧကရီချီစွမ်းအင်ကို ပြုစုပျိုးထောင်ပေးရန်မှာ ဤနည်းလမ်းတစ်ခုသာ ရှိပေသည်။
မည်သို့ပင်ဖြစ်စေ ဤဧကရီချီစွမ်းအင်မှာ သူ့အတွက်တော့ အသုံးမဝင်လှချေ။
ထိုအရာသည် ဟုန်ရင်ကိုလည်း အံ့အားသင့်စေခဲ့သည်။
သာမန်လူတစ်ယောက်သာဆိုလျှင် သူတို့ခန္ဓာကိုယ်ထဲက ဧကရီချီစွမ်းအင်ကို ခံစားမိပါက လုံးဝထိတ်လန့်အံ့သြသွားကြမည်သာ။
လုချန်ရှန်းကတော့ ဘာကြောင့် တည်ငြိမ်အေးဆေးနေရသလဲလေ။
သို့သော်ငြား လုချန်ရှန်းဆက်ပြောလာသည့်စကားကြောင့် ဟုန်ရင်ခမျာ အံ့အားသင့်သွားရလေသည်။
“ဘယ်လိုလဲ။ မင်း ငါ့ကို ဆရာအဖြစ်တင်မြှောက်ချင်သလား”
“ဘာရယ်”
ဟုန်ရင်၏မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။
“ကျွန်မက ရှင့်ကို ဆရာအဖြစ်တင်မြှောက်ရမှာတဲ့လား”
“ဘာလို့လဲ။ မင်း ဆန္ဒမရှိဘူးလား”
ဟုန်ရင်က ပြုံး၏။
“ရှင်က အရည်အချင်းမပြည့်မီလို့ဖြစ်မှာပေါ့”
လုချန်ရှန်း ပခုံးတွန့်ပြလေသည်။ ယခင်ဘဝက ဧကရီတစ်ပါးဖြစ်ခဲ့ဖူးသော တစ်စုံတစ်ယောက်က စကားလေးတစ်ခွန်းမျှဖြင့် သူ့အား ဆရာသခင်အဖြစ် အသိအမှတ်ပြုလိမ့်မည်ဟုလည်း သူမမှန်းထားပါ။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ခွန်အားတွေကို ပြန်ဖြည့်တင်းဖို့ ဒီမှာ ခဏလောက်နေရမှာပဲ”
လုချန်ရှန်း ခေါင်းညိတ်ပြတာကိုတောင် မစောင့်တော့ဘဲ သူမသည် သစ်သားအိမ်တစ်အိမ်ကို သာမန်ကာလျှံကာရွေးလိုက်ပြီး အထဲကိုဝင်သွားလေတော့သည်။
ထိုအဖြစ်ကိုမြင်တော့ လုချန်ရှန်းခမျာ ဘာမှထပ်မပြောနိုင်တော့ပေ။ တကယ်တမ်းတော့ အချိန်တွေအများကြီးကျန်ပါသေးသည်လေ။
“ယဲ့ချိုးပိုင် အဆင်ပြေရဲ့လားဆိုတာ သိချင်မိပါရဲ့…”
မူလကတော့ လုချန်ရှန်းသည် တောင်အောက်ကိုဆင်းကာ ယဲ့ချိုးပိုင်ကို သွားကူညီချင်သော်လည်း ခဏမျှတွေးတောဆင်ခြင်ပြီးနောက် ခေါင်းခါယမ်းလျက် ထိုအကြံကို ပယ်ဖျက်လိုက်သည်။
ဤသည်မှာ ယဲ့ချိုးပိုင်၏ကိုယ်ရေးကိုယ်တာကိစ္စပင်။
၎င်းသည် ယဲ့ချိုးပိုင်၏ ကိုယ်ပိုင်ပြဿနာဖြစ်လေရာ သူကိုယ်တိုင်ပင် ဖြေရှင်းမှဖြစ်မည်။
သို့မှသာ ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုလမ်းစဉ်က ရှေ့တစ်ဆင့်တက်လှမ်းနိုင်မှာပင်။
…
ထိုအခိုက်အတန့်တွင် ထျန်းယွမ်မြို့တော်၌ ယဲ့ချိုးပိုင်သည် လမ်းမထက်မှာ လမ်းလျှောက်နေရင်း အနည်းငယ်စိတ်ထိခိုက်နေရလေသည်။
သိပ်မကြာသေးခင်ကပင် သူသည် ဤနေရာကထွက်သွားရန် ဖိအားပေးခံခဲ့ရသည်။
သို့သေည် ထိုအချိန်၌ သူသည် သူ့စွမ်းအားများကို ဆုံးရှုံးထားရပြီး ကျင့်ကြံစဉ်များလည်း ပျက်စီးနေချေသည်။
ယခုတော့ ဤနေရာကို သူပြန်ရောက်လာလေပြီ။ သူ့စွမ်းအားများသည် အထွတ်အထိပ်အဆင့်ကို ပြန်ရောက်နေပြီး ကျင့်ကြံရေးအဆင့်ကလည်း ယခင်ကထက်ပင် ပိုမြင့်မားနေလေပြီ။
လမ်းတစ်လျှောက်တွင် လူတစ်ယောက်က ယဲ့ချိုးပိုင်ကို သတိပြုမိသွားသည်။
“ကြည့်ဦး.. အဲ့ဒါယဲ့မိသားစုရဲ့ပါရမီရှင်ဟောင်း ယဲ့ချိုးပိုင်မဟုတ်လား”
“အာ.. ထျန်းယွမ်မြို့ကို သူ ဘာလို့ပြန်လာရတာလဲ။ သူပဲ ဒီကထွက်ပြေးသွားတာမဟုတ်ဘူးလား”
“အဲ့ဒါတင်မကသေးဘူး။ သူ အခု ယဲ့မိသားစုအိမ်တော်ကို သွားနေတာကွ။ ယဲ့မိသားစုဆီကို ပြန်သွားမလို့ထင်တယ်”
“သူ့ရဲ့ကျင့်ကြံရေးအခြေခံက ပျောက်ဆုံးသွားတာကြာပေါ့။ ပြီးတော့ သူ့ရဲ့စွမ်းအားကလည်း သာမန်လူတစ်ယောက်လိုပဲဖြစ်နေပြီ။ သူ့ကို ယဲ့မိသားစုက ဘယ်လိုလုပ်လက်ခံတော့မှာလဲ”
“သွားပြီး တစ်ချက်ကြည့်ကြည့်ရအောင်”
လမ်းမထက်ရှိလူများဟာ လုပ်လက်စများကိုချထားခဲ့ပြီး ယဲ့ချိုးပိုင်နောက်ကို လိုက်သွားကြသည်။
သူတို့သည် ယဲ့ချိုးပိုင်တစ်ယောက် အခုအချိန်မှာ ဘာလို့ပြန်လာရသလဲဆိုတာကို သိချင်နေကြသည်။
ယဲ့ချိုးပိုင်ကို ဇီဝိန်ခြွေချင်သောရန်သူများကလည်း ပေါလှသည်မဟုတ်ပါလား။
ထိုအခြင်းအရာကိုမြင်တော့ ယဲ့ချိုးပိုင်က စိတ်ထဲထားမနေဘဲ လိုက်လာခွင့်ပေးလိုက်၏။
ထိုသတင်းက ထျန်းယွမ်မြို့တစ်မြို့လုံးကို ရောဂါကပ်ဆိုးတစ်ခုနှယ် အလျင်အမြန်ပျံ့နှံ့သွားလေသည်။
ကျန်းမိသားစုအိမ်တော်၌…
ထိုသတင်းကို ကျန်းမိသားစုခေါင်းဆောင် ကျန်းထျန်းဟန်ကြားသောအခါ သက်ပြင်းမချဘဲမနေနိုင်ချေ။
“နောက်ဆုံးတော့ ချန်းအာက သူ့ကိုစိတ်ပျက်စေခဲ့တာပဲ။ ငါ့အမိန့်ကို ယဲ့မျိုးနွယ်ဆီပို့လိုက်”
အကယ်၍ တစ်စုံတစ်ယောက်က ယဲ့ချိုးပိုင်ကို သတ်ချင်နေသည်ဆိုပါက သူ့အနေနှင့် ယဲ့ချိုးပိုင်ကို ကာကွယ်ပေးရမည်ဟု ကျန်းထျန်းဟန်က တွေးထားသည်။
အဆုံးမှာတော့ ကျန်းမိသားစုသည် ယဲ့ချိုးပိုင်အပေါ် အကြွေးတင်ထားသည်သာဖြစ်၏။
ဤသည်မှာ မဟာမိသားစုလေးစုအပေါ်ထားသောရန်ငြိုးတရားပင် ဖြစ်ချေသည်။
“သခင်လေး.. သခင်လေး”
အစေခံတစ်ဦးသည် အဆောင်တော်ထဲသို့ အပြေးဝင်ရောက်လာသည်။
သူက အလှပဂေးလေးများ ဝန်းရံထားသောအမျိုးသားကိုကြည့်ကာ ဟောဟဲဆိုက်လျက် ပြောလိုက်၏။
“သတင်း..သတင်းဆိုးပါ”
ချောင်စီဝူ၏အမူအရာမှာ မှောင်မိုက်သွားလျက် အော်ဟစ်လာလေသည်။
“ဒီကိစ္စသာ အရေးကြီးကိစ္စမဟုတ်ရင် မင်းတော့ အနန္တချောက်နက်ကြီးထဲကိုပစ်ချပြီး မြွေစာကျွေးခံရဖို့ပြင်ထား”
ထိုစကားကိုကြားသော် အစေခံ၏စိတ်အစဉ်မှာ တုန်လှုပ်သွားရသော်လည်း ထိတ်လန့်မှုကိုချိုးနှိမ်ကာ သူပြောလိုက်ရသည်။
“ယဲ့..ယဲ့ချိုးပိုင် ပြန်လာပါပြီ”
“ဟုတ်လား”
ချောင်စီဝူ၏သူငယ်အိမ် ကျဉ်းမြောင်းသွားလေသည်။ သူသည် ဝမ်းဗိုက်ကို အမှုမဲ့အမှတ်မဲ့ကိုင်လိုက်မိသည်။
ထိုနေရာတွင် ယဲ့ချိုးပိုင်ကြောင့်ရထားသောဒဏ်ရာမှ အမာရွတ်တစ်ခုကျန်နေဆဲပင်။
ထိုအမာရွတ်ကို ဖျောက်ဖျက်ပေးနိုင်သော ဆေးအမြောက်အများရှိသော်လည်း ချောင်စီဝူကတော့ ဘာကိုမှမသုံးခဲ့ချေ။
အကြောင်းမှာ ချောင်စီဝူသည် ယဲ့ချိုးပိုင်ကို ခေါင်းမဖြတ်ရမချင်း ထိုအမာရွတ်ကိုမြင်တိုင်း ယဲ့ချိုးပိုင်အပေါ်ထားသောအမုန်းတရားကိူ မမေ့သွားလေအောင် သူ့ကိုယ်သူဆော်သြချင်၍ပင်။
“သူ ဘာလို့ ထျန်းယွမ်မြို့တော်ကို ပြန်လာရတာလဲ”
အစေခံကလည်း ပြန်ဖြေ၏။
“မ..မသိပါဘူး။ ဒါပေမဲ့ သူ ယဲ့မိသားစုဆီကိုသွားနေပါတယ်”
ချောင်စီဝူသည် ရက်စက်ယုတ်မာသောအပြုံးမျိုး ပြုံးလိုက်လေသည်။ သူသည် နံဘေးရှိအမျိုးသမီးကို တွန်းထုတ်လိုက်ပြီး ကျင်ခပ်ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။
“သွားကြစို့။ ယဲ့မိသားစုဆီကို ငါနဲ့အတူလိုက်ခဲ့ဖို့ သေမင်းအစောင့်အကြပ်တွေကိုပါ ခေါ်လိုက်”
း အသရေတင့်တယ်နေဆ