Switch Mode

အခန်း (၁၃)

မြေအောက်ဘုံကိုးဌာနေနန်းတော်

လူတွေ သေလွန်ပြီးနောက် သူတို့၏ဝိညာဉ်ဟာ မြေအောက်လောကကိုးဌာနေနန်းတော်ကို သွားကြရသည်ဟူသော ဒဏ္ဌာရီတစ်ခုရှိသည်။ ပြန်လည်မမွေးဖွားခင်စပ်ကြားကာလမှာ သေမင်းမြစ်ပြင်ကျယ်ကြီးတွင် ယခင်ဘဝတုန်းက သူတို့၏မှတ်ဉာဏ်များကိုဆေးကြောပစ်ကြရသည်။

ထိုနေရာမှာ ကောင်းကင်ကြီးက မီးခိုရောင်ရှိပြီး ပတ်ပတ်လည်ရှိလေထုမှာ သိသိသာသာနောက်ကျိနေလေ၏။

လုချန်ရှန်း ဟိုဟိုသည်သည်လှည့်ပတ်ကြည့်ရှုလိုက်မိသည်။ သူ့အရှေ့တွင် အဝါရောင်မြစ်ပြင်ကြီးတစ်ခုရှိပြီး ထိုမြစ်ပေါ်မှာ တံတားတစ်စင်းလည်း ထိုးထားသေးသည်။

ထိုအချိန်မှာ မရေမတွက်နိုင်အောင်များပြားသော အဖြူရောင်ဝိညာဉ်များသည် ထိုတံတားကို ကူးဖြတ်နေကြသည်။

တံတား၏တစ်ဖက်ခြမ်းတွင် စာလုံးခပ်ကြီးကြီးထွင်းထုထားသော ဧရာမတံခါးဘောင်ကြီးတစ်ခု ရှိသည်။

မြေအောက်နန်းတော်..

“ငါ့ရဲ့မြေအောက်လောကကိုးဌာနေနန်းတော်ကို ဘယ်သူကျူးကျော်ရဲတာလဲကွ”

ရုတ်ခြည်းပင် ကောင်းကင်ယံဆီမှ ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး ထိုအသံသည် ဤနေရာကြီးတစ်ခုလုံးကို ပျံ့နှံ့သွားချေသည်။

လုချန်ရှန်းလည်း သေမင်းတမန်အရှိန်အဝါများကို ထုတ်လွှတ်နေသည့် လေထုထဲရှိထိုပုံရိပ်ကို ကြည့်လိုက်မိသည်။

“မင်းက ဘယ်သူလဲ”

ပုံရိပ်တွေထဲကတစ်ခုသည် မေးခွန်းထုတ်လာ၏။

“မြေအောက်နန်းတော်ကို မင်း ဘာလို့ရောက်လာတာလဲ”

ပုံမှန်ဆိုလျှင် မည်သည့်သက်ရှိကမှ မြေအောက်နန်းတော်ဆီကို လာလို့မရပေ။ ဤနေရာကိုလာရောက်ကြသူများက ပင်မလောကကြီးတွင် သေဆုံးပြီးသူများသာဖြစ်၏။

သို့သော် မြေအောက်လောကကိုးဌာနေနန်းတော်ကို ဝင်ရောက်နိုင်သော သက်ရှိများကတော့ ကျွမ်းကျင်သူပညာရှင်များပင်။

လုချန်ရှန်း အော်ပြောလိုက်သည်။

“ကိစ္စကြီးတော့မဟုတ်ပါဘူး။ သေမင်းမြစ်ပြင်ကြီးထဲက ရေနည်းနည်းလောက် ချေးချင်လို့ပါ”

ထိုပုံရိပ်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး မျက်နှာထားခပ်တင်းတင်းဖြင့် ပြန်အော်လေသည်။

“သေမင်းမြစ်ပြင်ကြီးက ငါတို့မြေအောက်နန်းတော်ရဲ့ရတနာတွေထဲကတစ်ခုပဲကွ။ မင်းကို ဘယ်လိုလုပ်ချေးလို့ဖြစ်မှာလဲ”

လုချန်းရှန်းခမျာ အနည်းငယ်ကူကယ်ရာမဲ့သွားရသည်။

ကြည့်ရတာ သူတော့ တိုက်ခိုက်ရဦးမည့်ပုံပင်။

သူ့ခွန်အားကိုထုတ်ပြမှသာ ပြောရေးဆိုခွင့်ရှိလာမည်ဖြစ်၏။

လုချန်ရှန်းသည် သူ့လက်ထဲရှိသစ်သားဓားကို တည်ကြည်လေးနက်နေသောအမူအရာဖြင့် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဓားသွားစျာန်အဘိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲမှ ကောက်ကာငင်ကာဖြာထွက်လာပေတော့သည်။

ပုံရိပ်အုပ်စုကြီးက ထိုအခြင်းအရာကိုမြင်သောအခါ သူတို့၏အမူအရာများသည် လေးလေးနက်နက်ဖြစ်သွားကြပြီး ခန္ဓာကိုယ်တွေကလည်း အချိန်မရွေးတိုက်ခိုက်ဖို့အသင့်ဖြစ်နေဟန်ဖြင့် သတိအနေအထားဖြစ်သွားသည်။

လုချန်ရှန်းက တည်ငြိမ်စွာပြောလိုက်၏။

“ကောင်းပြီလေ။ ဒါဆိုလည်း တစ်ယောက်ချင်းတိုက်ကြတာပေါ့”

ပုံရိပ်အုပ်လိုက်ကြီးသည် အတူတကွအပြင်းနှင်လာကြချေသည်။

သူတို့ထဲမှတစ်ယောက်က ဦးစွာတိုက်ခိုက်လာ၏။

သို့သော် သူတို့ ထိုစကားကိုကြားသောအခါ ရုတ်ခြည်းရပ်လိုက်ကြပြီး လုချန်ရှန်းအား အထိတ်တလန့်ကြည့်လိုက်မိကြ၏။

“မင်းတို့တွေ အများနဲ့တစ်ယောက်တော့ မတိုက်ခိုက်ပါဘူးနော်။ ဟုတ်တယ်မလား”

လုချန်ရှန်းက ဒေါသတကြီးပြောလိုက်သည်။

“မင်းက မြေအောက်လောကကိုးဌာနေနန်းတော်ရဲ့ အုပ်ချုပ်သူပဲလေ။ အုပ်စုလိုက်အနိုင်ကျင့်တဲ့လုပ်ရပ်မျိုး ဘယ်လိုများလုပ်နိုင်ရတာလဲ။ မင်းတို့က သိုင်းလောကရဲ့ကိုယ်ကျင့်တရားတွေကိုတောင် ဂရုမစိုက်တော့ဘူးပဲ”

ပုံရိပ်အုပ်စုကြီးဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ မူလကတည်းက မည်းနက်နေသော သူတို့၏မျက်နှာများဟာ ပို၍ပင်မည်းသွားချေတော့သည်။

မင်းက ငါတို့ရတနာကို လုယူဖို့လည်းရောက်လာသေးတယ်။ သိုင်းပညာကိုယ်ကျင့်တရားတွေအကြောင်းလည်း ငါတို့ကို လာပြောနေသေးတယ်ပေါ့လေ။

ငါတို့က အရူးတွေလို့များ ထင်နေသလား။

“အချိန်တွေဖြုန်းမနေနဲ့။ အတူပေါင်းတိုက်ပြီး သူ့ကို အသက်ရှင်ရက်အတိုင်း ရအောင်ဖမ်းမယ်။ ပြီးရင် သူ့ကို မြေအောက်ငရဲကြီးကိုးဘုံမှာ ဖမ်းချုပ်ထားပြီး ပထဝီမီးတောက်ရဲ့အရသာကို မြည်းစမ်းခိုင်းတာပေါ့”

ထိုသို့ပြောပြီးနောက် ပုံရိပ်များသည် လုချန်ရှန်းဆီသို့ အပြေးနှင်လာလေသည်။

သူတို့သည် အဖျက်ဓာတ်အရှိန်အဝါများ ထုတ်လွှတ်နေသော လက်ထဲရှိရတနာများကို ထုတ်ယူလိုက်သည်။

ထိုအခြင်းအရာကိုမြင်တော့ လုချန်ရှန်းမှာ အံ့သြမှင်တက်သွားရလေသည်။ သူသည် လက်ထဲရှိသစ်သားဓားကိုမြှောက်ကာ ရှေ့တည့်တည့်ကို လွှဲယမ်းလိုက်၏။

လေဟာပြင်က ချက်ချင်းကွဲအက်သွားပြီး မြေအောက်လောကကိုးဌာနေနန်းတော်၏ ဟင်းလင်းပြင်တစ်ခုလုံး ဖန်သားကဲ့သို့ တစ်လက်မချင်းစီ ကွဲကြေသွားပေတော့သည်။

မြေအောက်လောကကိုးဌာနေနန်းတော်တစ်ခုလုံးတွင် ကျယ်လောင်လှစွာသော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။

မူလကငြိမ်သက်နေခဲ့သော သေမင်းမြစ်ပြင်ကြီးသည် ထိုအခိုက်အတန့်လေးမှာ ပွက်ပွက်ဆူလာပေ၏။

ပုံရိပ်အချို့၏အမူအရာမှာလည်း တစ်မုဟုတ်ချင်းပြောင်းလဲသွားသည်။

“တာအိုဥပဒေသ”

“ဓားသိုင်းတာအိုဥပဒေသ..။ ဒီကမ္ဘာမှာ ဓားသိုင်းတာအိုဥပဒေကို သိမြင်နိုင်တဲ့လူရှိသေးတာလား”

“မြန်မြန်လေး.. ရတနာကို ယဇ်ပူဇော်လိုက်တော့”

ထိုသို့ပြောပြီးနောက် ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် သူတို့၏ရင်ဘတ်ကို ထုရိုက်လိုက်ကြသည့်အခါ သွေးများပန်းထွက်လာလေတော့သည်။

ရှေးဟောင်းတံခါးချပ်ထူထူကြီးများထက်တွင် သွေးများ စွန်းထင်းသွားရချေသည်။

ရှေ့တံခါးချပ်ကြီးထက်တွင် အငြိုးအတေးဝိညာဉ်အကြီးအကဲရှိ၏။ ထိုဝိညာဉ်သည် ပါးစပ်ကို အကျယ်ကြီးဟလိုက်သည့်အခါ ချွန်မြမြသွားရှည်တို့ကို အတိုင်းသားမြင်လိုက်ရသည်။

“ရာရှာမွန်”

သူ့စကားဆုံးသည်နှင့် တံခါးချပ်ကြီးက အနည်းငယ်မျှပွင့်ဟသွားပြီး ကောင်းကင်ကိုပင် ပင့်မထားနိုင်သည့် ဧရာမတံခါးချပ်ကြီးအဖြစ် ပြောင်းလဲသွားချေသည်။

ထိုအရာသည် ရိုက်ချက်ကြီးတစ်ခုဖြင့် ကြောက်မက်ဖွယ်ဓားသွားချီစွမ်းအင်များကို ပိတ်ကာထားလိုက်သည်။

အုန်း!

လေဟာပြင်ကိုပင် ကွဲအက်သွားစေသောဓားသွားသည် ရာရှာမွန်ကို တိုက်ခိုက်လေတော့သည်။

တိုက်ခိုက်မှုနှစ်ခုအကြား ထိခတ်မှု၏ နောက်ဆက်တွဲလှိုင်းလုံးကြီးက မြေအောက်ဘုံတစ်ခုလုံးကိုပင် ဖြိုဖျက်ပစ်တော့မည့်အလား။

သေမင်းမြစ်ပြင်ကျယ်ပေါ်ရှိ တံတားကလည်း စတင်ကွဲအက်လာလေပြီ။

နောက်ဆက်တွဲလှိုင်းလုံးကြီးကြောင့် ထိုနေရာရှိ ရှေးဟောင်းတံခါးဘောင်ကြီးလည်း ပြိုလဲပျက်စီးသွားချေသည်။

မည်သို့ပင်ဆိုစေကာမူ လျှပ်တပြက်အတွင်းမှာပင် ရာရှာမွန်သည် လွှမ်းမိုးနိုင်စွမ်းသောအသံနက်ကြီးဖြင့် ဟစ်အော်လိုက်ပေသည်။

ခရက်.. ခရက်..

မြေလွှာကျွံချိုင့်ဝှမ်းနှင့် အလားသဏ္ဌာန်တူသော ကွဲအက်ရာများသည် အရပ်မျက်နှာအနှံ့နှံ့ကို အရူးအမူးပျံ့နှံ့သွားပေသည်။

ပုံရိပ်များလည်း သွေးတစ်ပွက်စာအန်ထွက်လာလေသည်။

ရာရှာမွန်သည် သူတို့နှင့်ချိတ်ဆက်ထားခြင်းဖြစ်ပြီး ရာရှာမွန့်ဆီမှာ ထိခိုက်မှုကြီးကြီးမားမားဖြစ်ပေါ်သွားသည့်အတွက် သူတို့လည်း ဆက်မတိုက်ခိုက်နိုင်တော့ပေ။

ဓားသွားစွမ်းအင်များ ကွယ်ပျောက်သွားပြီး ပုံရိပ်များက ရာရှာမွန်ကို ရှင်းထုတ်လိုက်သည့်အတွက် ၎င်းမှာ သေးကျုံ့ပြီး ပျောက်ကွယ်သွားလေသည်။

“မင်းရဲ့သရုပ်မှန်က ဘာလဲ”

ပုံရိပ်တစ်ခု၏သရုပ်မှန် ထွက်ပေါ်လာသည်။

သူတို့ခြောက်ယောက်မှာ မီးခိုရောင်ခြုံထည်ကိုဝတ်ဆင်ကာ တောင်ဝှေးကိုင်ဆောင်ထားသော လူအိုကြီးများသာဖြစ်၏။

တောင်ဝှေးထက်တွင် မှော်ဖန်လုံးကဲ့သို့သော အရာလေးတစ်ခုရှိပြီး အစိမ်းရင့်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေလေသည်။

“ဘာလို့လဲ။ အနာဂတ်ကျရင် ခင်ဗျားတို့တွေလက်စားချေလို့ရအောင် ပြောပြရမှာလား။ ဒါနဲ့ ခင်ဗျားတို့ ကျုပ်ကို အဲ့ဒါချေးမှာလား၊မချေးဘူးလား”

လုချန်ရှန်းမှာ စိတ်မရှည်တော့ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအခြင်းအရာကို လူအိုကြီးခြောက်ယောက် မြင်သောအခါ ခါးသက်သက်မပြုံးဘဲမနေနိုင်ချေ။

“ဆရာ.. ကျုပ်တို့တွေမချေးချင်လို့ မဟုတ်ရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိလို့ပါ”

“ကျုပ်တို့ခြောက်ယောက်က မြေအောက်နန်းတော်က သေမင်းမြစ်ပြင်ကျယ်ရဲ့တမန်တော်တွေပါ။ သေမင်းမြစ်ပြင်ကြီးမှာ ဝိညာဉ်တစ်ကောင်ရှိပါသေးတယ်။ သူ့ဆီကခွင့်ပြုချက်ရမှ မင်း ယူသွားလို့ရမှာ”

လုချန်ရှန်း မျက်ခုံးပင့်ရင်း စကားဆိုလိုက်သည်။

“ဒါဆိုလည်း အဲ့ဒီကိုခေါ်သွားပေး”

ခြောက်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပြီး သက်ပြင်းချလျက်သာ ခေါင်းညိတ်သဘောတူလိုက်ရသည်။

“ဆရာ.. ကျုပ်တို့နဲ့လိုက်ခဲ့ပါ”

နည်းနည်းလောက်သာ ထပ်တိုက်ခိုက်ခံရပါက သူတို့လည်း တောင့်ခံနိုင်တော့မှာမဟုတ်ပေ။

ဤမြေအောက်လောကကိုးဌာနေနန်းတောလည်း သေချာပေါက်ပျက်စီးရပေလိမ့်မည်။

ထိုအချိန်ကျလျှင် ပြန်လည်မွေးဖွားရေးလုပ်ငန်းစဉ်များလည်း ကမောက်ကမဖြစ်ကုန်တော့မည်။

အရန်ခန်းမဘက်ကို သူတို့ရောက်လာသည်။

အရန်ခန်းမထဲမှာတော့ အရိပ်ပမာပုံရိပ်တစ်ခုက မတ်တတ်ရပ်နေချေသည်။

မြေအောက်နန်းတော်၊ သေမင်းမြစ်ပြင်၏တမန်တော်များက ထိုပုံရိပ်ကို အရိုအသေပေးလိုက်ပြီး လှည့်ထွက်သွားလေတော့သည်။

ပုံရိပ်က တစ်ပတ်လှည့်လာသည်။ ထိုသူသည် အလွန်အမင်းငယ်ရွယ်ပြီး မိန်းမဆန်သောအမျိုးသားတစ်ယောက် ဖြစ်သည်။

ထိုအမျိုးသားက စကားဆိုလေသည်။

“မင်း ဒီကိုဘာလို့လာတယ်ဆိုတာ ငါသိတယ်။ မြေအောက်လောကကိုးဌာနေနန်းတော်မှာ မင်းနဲ့ယှဉ်နိုင်တဲ့လူမရှိဘူး”

“သေမင်းမြစ်ပြင်ကို ငါ မင်းကို ငှါးပေးနိုင်ပါတယ်။ ဒါပေမဲ့ အပေးအယူတစ်ခုတော့ရှိတယ်”

လုချန်ရှန်းကလည်း ပြောလိုက်၏။

“ပြောသာပြောပါ”

ထိုအခြင်းအရာကိုမြင်တော့ ထိုလူက ပြောလာသည်။

“မြေအောက်ဘုံကိုးဌာနေနန်းတော်ကိုစောင့်ကြပ်ဖို့ မြေအောက်ဘုရင်တစ်ပါးကို ရှာပေးပါ”

“သူက မြေအောက်ဘုရင်ရဲ့ ကျင့်ကြံရေးနည်းဗျူဟာတွေကို ပိုင်ဆိုင်ထားတယ်။ သူ ပြန်လည်မွေးဖွားလာပြီ။ သူ အခုဘယ်မှာလဲဆိုတာ ငါသိချင်မိတယ်”

“မြေအောက်ဘုံကိုးဌာနေနန်းတော်ကို မြေအောက်ဘုရင် အချိန်အတော်ကြာတဲ့အထိ မအုပ်စိုးဘဲပစ်ထားရင် အားလုံးကမောက်ကမတွေဖြစ်ကုန်လိမ့်မယ်”

လုချန်ရှန်းလည်း ခဏမျှချင့်ချိန်တွေးတောပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

အလွန်ဆုံးရှိမှ သူ ယဲ့ချိုးပိုင်ကို မြေအောက်ဘုရင်လို့နာမည်တပ်ပြီး ဤနေရာကိုဆွဲခေါ်လို့ရတာပဲလေ။

လုချန်ရှန်း ခေါင်းညိတ်သဘောတူတာကိုမြင်တော့ ထိူလူက လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်ခြည်းပင် သေမင်းမြစ်ပြင်ကျယ်ကြီးက လေထဲမှာ ပေါလောပေါ်လာပြီး သူ့ခန္ဓာကိုယ်ထက် စုစည်းသွားလေသည်။

ထိုအရာသည် အဝါရောင်ပုတီးစေ့တစ်စေ့အသွင်ပြောင်းသွားပြီး လူချန်ရှန်းရှေ့ကို ရောက်ချလာသည်။

ထိုပစ္စည်းကို လက်ခံရရှိလိုက်ပြီးနောက် လုချန်ရှန်းလည်း ထိုလူကိုခေါင်းညိတ်ပြကာ လှည့်ပြန်လာခဲ့တော့သည်။

ထိုလူသည် လုချန်ရှန်း၏ကျောပြင်ကိုစိုက်ကြည့်ပြီး သိချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာရ၏။

“ဒီကမ္ဘာရဲ့ကောင်းကင်ဘုံတာအိုလမ်းစဉ်က ပျက်စီးသွားပြီး အထက်ဘုံတက်လှမ်းရေးလမ်းကြောင်းလည်း ချိတ်ပိတ်ခံလိုက်ရပြီလေ။ ဒီတာအိုဥပဒေသကို ဘယ်သူကများ သိမြင်နားလည်နိုင်တော့မှာလဲ။ သူက ဝိညာဉ်ကူးပြောင်းလာတာများလား”

သို့သော် ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် သူ ခေါင်းခါလိုက်မိသည်။ အပြင်လောကမှလာသူက ဤနေရာကို ဘာလို့များမျက်စိကျမှာတဲ့လဲ။

အရံခန်းမဆီမှ လုချန်ရှန်းထွက်လာခဲ့ပြီးနောက် သူသည် ဟင်းလင်းပြင်ကို ထိုးခွဲကာ ပျံထွက်လာခဲ့လေသည်။

အရိပ်ပမာရှိသော ဝိညာဉ်ကိုယ်ထည်ကလည်း သေမင်းမြစ်ပြင်ကြီး၏တစ်ဖက်ကမ်းမှတစ်ဆင့် အလင်းအလျင်ဖြင့် လိုက်ပါလာလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset