သူ့အားအန္တရာယ်ပေးလိုသောလူကို ဖယ်ရှားနိုင်သောခွန်အားမျိုး ယဲ့ချိုးပိုင်မှာရှိသည်။
ဟော်ချင်းမင်သည် ယဲ့ချိုးပိုင်ကို ရှုပ်ထွေးနေသောအကြည့်မျိုးဖြင့် ကြည့်လိုက်မိသည်။ သူ့အနေနှင့်တော့ ဆေးတစ်လုံးသောက်လိုက်ပြီးသည့်နောက်မှ ထိခိုက်ဒဏ်ရာများ သက်သာသွားရသည်။
ထို့နောက်မှာတော့ သူ ပြောလိုက်သည်။
“ယဲ့ယန်”
ယဲ့ချိုးပိုင်လည်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။
သူ့အမြင်အရဆိုလျှင် သူ့ဝမ်းကွဲဖြစ်သူနှင့် ရန်ငြိုးတစ်စုံတစ်ရာမရှိထားပေ။
ရှိခဲ့လျှင်တောင် သေရေးရှင်ရေးရန်ငြိုးမျိုးအထိ မရှိဖူးချေ။
တစ်ခုတည်းသောဖြစ်နိုင်ခြေကတော့ ယဲ့ယန်တစ်ယောက် သူ့ခွန်အားများပြန်ရလာပြီး ပိုသန်မာလာတာကိုမြင်တော့ သူ့အား ယဲ့မိသားစုဆီကို ပြန်မသွားစေချင်တော့ဟန်ပင်။
ယဲ့မိသားစုထဲမှာ တစ်စုံတစ်ခုဖြစ်ပျက်နေချေပြီ။
ထို့နောက် ယဲ့ချိုးပိုင် စင်အောက်ကိုငုံ့ကြည့်လိုက်သော်လည်း ယဲ့ယန်ကိုမတွေ့ရချေ။ သူထွက်သွားတာ ဖြစ်လိမ့်မည်။
ယဲ့ချိုးပိုင် မည်သည့်အတားအဆီးတစ်ခုကိုမှ မကြုံရတော့ပေ။
သူ့အားစိန်ခေါ်ဝံ့သူလည်း များများစားစားမကျန်တော့ပါ။
သူက ဟော်ချင်းမင်ကိုပင် အနိုင်ယူခဲ့ပြီးပြီမဟုတ်ပါလား။ သူတို့က ဘာလို့များ အပေါ်တက်သွားပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေဦးမှာတဲ့လဲ။
အဆုံးတွင် ယဲ့ချိုးပိုင်သည် တစ်လအကြာ၌ အခြားနယ်မြေသုံးခုရှိ ကျောင်းတော်ကြီးများဆီကို အလဲအလှယ်ကျောင်းသားအနေနှင့် သွားရောက်ရတော့မည်သာ။
တစ်ချိန်တည်းမှာပင် ဆုလာဘ်ပေါင်းများစွာကိုလည်း သူရရှိခဲ့သည်။
စိမ်းဝိညာဉ်ဆေးပြားနှင့် ဗိမာန်ဖြိုခွင်းရေးဆေးပြားတို့လည်း ပါ၏။
ဤဆေးဖက်ဝင်ဆေးပြားနှစ်မျိုးဟာ သူ့ကျင့်ကြံစဉ်ကို မြန်နိုင်သမျှမြန်မြန်ထိုးတက်လာစေသည်။
ထိုနှစ်ခုအနက် ဗိမာန်ဖြိုခွင်းရေးဆေးပြားသည် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်မှ ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးသည်။
ထိုဆေးနှစ်မျိုးက အပြင်လောကမှာ အလွန်အမင်းတန်ဖိုးကြီးလှပြီး ၎င်းကိုရဖို့အတွက် အလုအယက်တိုက်ခိုက်မှုများပင် ဖြစ်စေနိုင်သည်။
သို့သော် ယဲ့ချိုးပိုင်ကတော့ အနည်းငယ်စိတ်ပျက်နေသည်။ အကြောင်းမှာ ထိုဆေးနှစ်မျိုးနှင့် သူ့ဆရာ၏ဆေးများကို နှိုင်းယှဉ်ကြည့်ပါက အရည်အသွေးကွာခြားချက်က အလွန်ကြီးမားလှသည်။
စံအိမ်တော်၌..
လုချန်ရှန်းခမျာ အကြီးအကဲများထံမှ သင်ခန်းစာပေးခံနေရသည်။
သိုင်းပညာခန်းမ၏အကြီးအကဲ : “ကောင်လေး.. ယဲ့ချိုးပိုင်လိုထူးချွန်တဲ့တပည့်မျိုးကိုတောင် ကောင်းကောင်းပျိုးထောင်နိုင်သေးတာပဲ။ ဘာလို့ တပည့်ထပ်လက်မခံရတာလဲ”
ဓားသိုင်းခန်းမ၏အကြီးအကဲ : “အချိန်ကျလာရင် တပည့်ထပ်လက်ခံပါဦး။ အဲ့ဒါက ငါတို့ကျောင်းတော်ကြီးအတွက်လည်း အထောက်အကူပြုတယ်”
လုချန်ရှန်းခမျာတော့ ကူကယ်ရာမဲ့နေရှာ၏။ အကြီးအကဲများ၏စကားကို သံယောင်လိုက်ရင်း စိတ်ထဲမှာတော့ ပြန်ရောက်တာနဲ့ ယဲ့ချိုးပိုင်ကို ခပ်လျှိုလျှိုလေးနေဖို့ သင်ရမည်ဟုသာ တွေးနေမိသည်။
ချင်းထျန်းနျန်က လုချန်ရှန်းကို ဘယ်လိုလုပ်နားမလည်ဘဲနေပါ့မလဲ။ သူ့မှာ လုချန်ရှန်း၏အမူအရာကိုမြင်တော့ မရယ်ဘဲမနေနိုင်တော့ပေ။
“အကြီးအကဲတို့.. ကျွန်တော့်ရဲ့ကိုယ်ပိုင်ကျင့်ကြံရေးကို နားလည်ပြီဆိုတာနဲ့ တပည့်လက်ခံပါ့မယ်”
တံခါးအပြင်ဘက်မှာရှိနေသည့် ယဲ့ချိုးပိုင်က ထိုစကားကိုကြားသောအခါ ရှုပ်ထွေးသွားရချေသည်။
သူ့အမြင်မှာတော့ သူ့ဆရာ၏ကျင့်ကြံစဉ်ဟာ သေချာပေါက် နိဗ္ဗာန်ဘုံအဆင့်ကိုရောက်နေပြီး တုနှိုင်းမဲ့နေပြီဟုပင်။
အာဒိကပ္ပဓားသိုင်းကျမ်းကို ကိုင်ဆောင်နိုင်၍ ဆေးဖက်ဝင်ဆေးပြားကိုသန့်စင်နိုင်ကာ ဓားသိုင်းတာအိုအယူအဆများနှင့် ပြည့်နှက်နေသော ပန်းချီကားတစ်ချပ်ဆွဲနိုင်စွမ်းရှိခြင်း…။
ဤအရာမျိုးကို ကိုယ်ပိုင်ကျင့်ကြံမှုကိုနားမလည်ဟု ဆိုလိုချင်နေသလား။
“အိုး.. ချိုးပိုင်က ဒီမှာပဲ”
“ဒါဆိုလည်း ငါတို့အရင်သွားကြရအောင်။ ချန်ရှန်း.. ငါတို့တွေပြောတာကို မှတ်ထားနော်”
ထွက်မသွားခင်မှာ ချင်းထျန်းနျန်သည် သိုလှောင်ရေးလက်စွပ်တစ်ကွင်းကို ပေးထားခဲ့သည်။
“ကောင်းကင်ဘုံရွှေစင်သစ်နီက ဒီထဲမှာရှိတယ်။ မင်း ဘာလုပ်မလို့လဲဆိုတာတော့ ငါမမေးတော့ဘူး။ ဒါပေမဲ့ ကောင်လေး..ဒါကို ချွေချွေတာတာသုံးပါ”
လုချန်ရှန်းကလည်း သူတို့ပြန်သွားပြီးနောက်မှာ သိုလှောင်ရေးလက်စွပ်ကို သိမ်းလိုက်ပြီး ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
“ဘာဖြစ်တာလဲ”
ယဲ့ချိုးပိုင်သည် ယဲ့ယန်အကြောင်းကို ပြောပြလိုက်ပြီး သူ့အထင်အမြင်ကိုပါ ရှင်းပြလိုက်သည်။
ထိုအကြောင်းအရာကိုကြားတော့ လုချန်ရှန်းက သူ့အားနှစ်သိမ့်လာသည်။
“အဲဒါကြောင့် မင်းက ယဲ့မိသားစုဆီကို ပြန်ချင်နေတာလား”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြသည်။
လုချန်ရှန်းက သူ့အား တစ်ချက်မျှကြည့်ပြီး ပြောလိုက်၏။
“ဒါပေမဲ့ လက်ရှိ မင်းရဲ့အနေအထားက မင်းကိုသတ်ဖြတ်ချင်နေတဲ့အင်အားစုတွေရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်တယ်နော်”
ယဲ့ချိုးပိုင်လည်း ထိုအချက်ကို နားလည်သည်။
သူ့စွမ်းအားတွေ ပြန်ရပြီဆိုတာကိုသာ သူတို့သိပါက သူ့ကို သတ်ချင်ကြမှာ ကျိန်းသေပေါက်ပင်။
ယခုနေသာ ယဲ့ချိုးပိုင်ပြန်သွားပါက အန္တရာယ်များလှသည်ဟုပင် ဆိုနိုင်ပြီး လက်ရှိမှာ ထျန်းယွမ်မြို့တော်ကိုပြန်သွားခြင်းက ကျားတစ်ကောင်ရဲ့သားရဲတွင်းထဲကို သွားသလိုပဲဟုပြောလျှင်တောင် လုံးဝချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
“အခုထိတော့..”
ယဲ့ချိုးပိုင်က တည်ငြိမ်စွာပြောလာလေသည်။
“သူက ကျွန်တော့်အဖေဖြစ်နေတုန်းပဲလေ”
“အဲ့ဒါအပြင် ဓားသိုင်းတာအိုစွမ်းအင်ကလည်း ကျွန်တော့်ကိုရှေ့ဆက်ဖို့ တွန်းအားပေးနေတယ်။ မျက်နှာချင်းဆိုင်ရတော့မယ်ဆိုမှတော့ ကျွန်တော်နောက်ပြန်မဆုတ်နိုင်ဘူး”
ဤအချိန်မှသာ ယဲ့ချိုးပိုင် နောက်ပြန်ဆုတ်လိုက်ပါက သူ၏တာအိုနှလုံးသားကို ထိခိုက်စေလိမ့်မည်။
လုချန်ရှန်းကလည်း အသာအယာခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“သေချာတာပေါ့။ ဆက်လုပ်ပါ။ ဒါပေမဲ့ အရင်ဆုံး ခရမ်းရောင်ဗိမာန်အဆင့်ကို အရင်ရောက်အောင်လုပ်ဦး”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ခရမ်းရောင်ဗိမာန်အဆင့်၏ ကနဦးအစပိုင်းကို နီးကပ်နေပြီဖြစ်ပြီး သိုင်းပညာယှဉ်ပြိုင်ပွဲကြီးအပြီးမှာ အသစ်အသစ်သောအဆင့်များကိုလည်း သိမြင်နားလည်ပြီးဖြစ်၏။ သူ အချိန်မရွေး အဆင့်တက်သွားနိုင်သည်သာ။
ထို့နောက် ယဲ့ချိုးပိုင်က သူ့အခန်းကိုပြန်သွားပြီး ဗိမာန်ဖြိုခွင်းရေးဆေးပြားကိုသောက်ပြီး နောက်တစ်ဆင့်ကိုတက်လှမ်းဖို့ အသင့်ပြင်လိုက်သည်။
လုချန်ရှန်းကတော့ ချောက်ကမ်းပါးစွန်းကိုရောက်ရှိနေပြီး ကိရိယာပစ္စည်းများကို ထုတ်ယူလိုက်သည်။
မိုးမခပင်ကြီးက ထိုမြင်ကွင်းကိုမြင်သောအခါ မမေးဘဲမနေနိုင်တော့ချေ။
“မင်း မိစ္ဆာကိုးဘုံအစီအရင်ကို လုပ်နေတာလား”
လုချန်ရှန်းက ခေါင်းညိတ်ပြသည်။
“ဒါပေမဲ့ ငါ့မှာ အစီအရင်ဝိညာဉ်အနေနဲ့ သေမင်းမြစ်ပြင်ကျယ်ကကရတဲ့ရေ မရှိသေးဘူး”
“အဲ့ဒါက မင်းအတွက် ဘာများခက်ခဲနေလို့လဲ”
မိုးမခပင်ကြီး၏ အကိုင်းအခက်များသည် လေထဲတွင် ယိမ်းထိုးနေပြီး ညင်သာစွာစကားဆိုလာသည်။
“အခုဆိုရင် မင်းက ဓားသိုင်းတာအိုဥပဒေသကို သိမြင်နားလည်ပြီဆိုတော့ မင်း အာကာသကိုထိုးဖောက်ပြီး ပရလောကမိစ္ဆာကိုးဘုံဆီကနေ နည်းနည်းလောက်ချေးလို့မရဘူးလား”
မိုးမခပင်ကြီးထံမှစကားကိုကြားသောအခါ လုချန်ရှန်း အလွန်ဘဝင်ကျသွားရလေသည်။
စကြဝဠာကြီးစတင်ဖြစ်တည်လာကတည်းက ဤမိုးမခပင်ကြီး တည်ရှိနေခဲ့ခြင်းပင်။
ကမ္ဘာပျက်ကပ်ကြီးအပြီး ကမ္ဘာဦးအစကတည်းကပင်။
ဤမိုးမခပင်ကြီး၏သက်တမ်း မည်မျှရှိကြောင်း မည်သူမှမသိနိုင်ပေ။
“ဒါပေမဲ့ ဒီနေရာကိုအကာအကွယ်ချဖို့ မိစ္ဆာကိုးဘုံအစီအရင်ကိုသုံးတာကြီးက စွမ်းအားတွေဖြုန်းတီးရာကျမနေဘူးလား။
မင်းသိထားရမှာပ မိစ္ဆာကိုးဘုံအစီအရင်က ရှေးဟောင်းသုတ်သင်ရေးအစီအရင်ဆယ်ခုထဲက တစ်ခုအပါအဝင်ပဲ။ အဲ့ဒါက ကမ္ဘာလောကကြီးထဲက ဘယ်အရာမဆို သုတ်သင်နိုင်တယ်”
လုချန်ရှန်းက ဂရုမစိုက်ဟန်ဖြင့်ပြောလေသည်။
“အဆင်ပြေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း စွန့်စားခန်းထွက်ဖို့ အစီအစဉ်မရှိပါဘူး။ အဲ့ဒီအပြင် ကျွန်တော့်ရဲ့တပည့်က အနာဂတ်မှာ ကျွန်တော့်ကိုပြဿနာရှာလာခဲ့ရင် ကျွန်တော့်အနေနဲ့ နိုင်အောင်ပြန်မတိုက်နိုင်ရင်တောင် ဒီအစီအရင်နဲ့ကာကွယ်လို့ရတာပေါ့”
မိုးမခပင်ကြီး : “…”
ဒီလောကကြီးမှာ မင်းကိုအနိုင်တိုက်နိုင်မဲ့လူက ရှိရောရှိဦးမှာမို့လို့လား။
ထို့နောက် လုချန်ရှန်းသည် အစီအရင်ကို စတင်တည်ဆောက်တော့သည်။
သူသည် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး လေထဲကိုပျံသန်းသွားလေသည်။
လက်ဝါးကို လှစ်ခနဲလှန်လိုက်ချိန်မှာ အစီအရင်ပေါင်းများစွာပါဝင်သော အစီအရင်အဆောင်စာရွက်များ လေထဲလွင့်ပျံလာတော့သည်။
ထိုကဲ့သို့သောအဆောင်စာရွက်များ စုစုပေါင်း၈၁ခုရှိပြီး ထိုအဆောင်များက တောင်ထွတ်ပိုင်း၏နေရာအနှံ့မှာ နေရာယူထားလေသည်။
ချက်ချင်းဆိုသလိုပင် တာအိုစွမ်းအင်လှိုင်းလုံးကြီးက ကောင်းကင်ယံဆီသို့ ဝဲပျံလာချေသည်။
လုချန်ရှန်းသည် သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး ဤနေရာတွင် ကိုယ်ရောင်ကိုယ်ဝါဖြန့်ကြက်လိုက်၏။
တစ်ချိန်တည်းမှာပင် အစီအရင်ပစ္စည်းများဟာ အစီအရင်ပုံစံကြီးအဖြစ် ပြောင်းလဲသွားလေတော့သည်။
ထိုနည်းတူပင် သေစေနိုင်လောက်သောကိုယ်ရောင်ကိုယ်ဝါအမြောက်အမြားကလည်း ပေါ်ထွက်လာလေသည်။
ယဲ့ချိုးပိုင်တောင် သတိထားမိသွားပေသည်။ သူသည် တဲအိမ်ထဲမှလမ်းလျှောက်ထွက်လာပြီး လေထုအလယ်တွင် ဝဲပျံနေသောလုချန်ရှန်းကို ကြောက်ရွံ့တကြီးလှမ်းကြည့်လိုက်သည်။
“ဆရာက ဘာအစီအရင်တွေတည်ဆောက်နေတာလဲ။ ပုံမပေါ်သေးတာတောင်မှ ကမ္ဘာမြေကိုဖျက်ဆီးနိုင်စွမ်းတွေကြီးလိုက်တာများ”
တစ်ဦးချင်းယှဉ်တိုက်ကြပါက အကြီးအကဲများနှင့် ခေါင်းဆောင်ချင်းထျန်းနျန်တို့ပင် အဖျက်ဓာတ်ကြီးမားသော ဤစွမ်းအားကို ခုခံနိုင်မှာမဟုတ်ဟု ယဲ့ချိုးပိုင်ခံစားမိလိုက်သည်။
မိစ္ဆာကိုးဘုံအစီအရင်ကိုတည်ဆောက်ဖို့ သူ့မှာ အစီအရင်ဝိညာဉ်လိုအပ်နေဆဲပင်ဖြစ်၏။
လုချန်ရှန်းသည် ဓားတစ်လက်ကိုဆွဲထုတ်လိုက်ပြီး လေဟာနယ်ထဲမှာ ဝှေ့ယမ်းချလိုက်၏။
လေဟာနယ်ထဲတွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ရုတ်ခြည်းပွင့်ထွက်လာသည်။
သေမင်းတမန်စွမ်းအင်ခပ်ပါးပါးသည်လည်း ထိုအထဲမှ တိုးထွက်လာလေတော့သည်။
ထို့နောက် လုချန်ရှန်း၏ပုံရိပ်မှာ ထိုအက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားချေသည်။
အက်ကွဲကြောင်း ပိတ်သွားလေပြီ။
ထိုအခြင်းအရာကိုမြင်တော့ ယဲ့ချိုးပိုင်လည်း အခန်းထဲကို ပြန်သွားလေသည်။
နောက်တစ်နေ့တွင် အံ့ဖွယ်ကိုယ်ရောင်ကိုယ်ဝါတစ်ခုက အိမ်တော်ထဲမှတစ်ဆင့် ထွက်ပေါ်လာသည်။
၎င်းမှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ပင် ဖြစ်ချေသည်။
ယဲ့ချိုးပိုင်သည် သူ့သစ်သားဓားကို ကောက်ယူလိုက်ပြီး စာတစ်စောင်ချန်ထားရစ်ခဲ့၍ တောင်အောက်ကိုဆင်းသွားပေတော့သည်။
ထျန်းယွမ်မြို့တော်ရှိ ကျန်းမိသားစု..
အလွန်တရာချောမောလှပလွန်းလှသော အမျိုးသမီးတစ်ယောက်သည် အေးတိအေးစက်အမူအရာကို ဆင်မြန်းထား၏။
သူ့နံဘေးရှိ ဝတ်ကောင်းစားလှဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က စကားဆိုလိုက်သည်။
“ထပ်စဉ်းစားနေစရာမလိုတော့ပါဘူး။ လျှို့ဝှက်တာအိုကျောင်းတော်ကို သူဝင်နိုင်သွားပြီး စွမ်းအားတွေပြန်ရပြီဆိုတော့ရော ဘာအရေးလဲ”
“နေမဝင်အင်ပါယာဆီကို ကျွန်တော်နဲ့လိုက်ခဲ့ပါ။ အနာဂတ်မှာ ကျွန်တော် နန်းပုလ္လင်ထိုင်ရပြီဆိုရင် မင်းက ဧကရီဖြစ်လာမှာ”
ထိုအမျိုးသမီးက ကျန်းချန်ပင်။
သူမက ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ကိုလျှောက်လှမ်းသွားလိုက်၏။
အမျိုးသားကပြုံးလျက် ကျန်းချန်၏လက်ကိုကိုင်ကာ နောက်ဖေးရှိသမ္ဗန်ပေါ်ကို တက်သွားလေသည်။
ထို့နောက် သမ္ဗန်ကြီးက ကောင်းကင်ဆီကိုဆန်တက်သွားပြီး ထျန်းယွမ်မြို့တော်မှ ထွက်ခွာသွားလေတော့သည်။