Switch Mode

အခန်း (၁၁)

တတိယသိုင်းကွက်

“စီနီယာအစ်ကိုဟော်က ဘာလို့အပေါ်တက်သွားတာလဲ”

“စီနီယာအစ်ကိုဟော်က ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်ပဲရှိသေးတယ်ဆိုပေမဲ့ သူက ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ပညာရှင်တွေကိုတောင် သုတ်သင်နိုင်တဲ့လူနော်”

“ဟော်ချင်းမင်.. သူက ဘာလို့အပေါ်တက်သွားရတာလဲ”

မလှမ်းမကမ်းရှိ သိုင်းပညာခန်းမ၏အကြီးအကဲမှာ မသိမသာမျက်မှောင်ကြုတ်လျက် ပြောသည်။

“ဒါက အားနည်းသူကိုအနိုင်ကျင့်နေတာမဟုတ်ဘူးလား”

ဟော်ချင်းမင်၏ခွန်အားကို သူကောင်းစွာနားလည်သည်။

သူ့အမြင်အရဆိုလျှင် လက်ရှိယဲ့ချိုးပိုင်သည် ဟော်ချင်းမင်ကို အောင်နိုင်ခြေလုံးဝမရှိချေ။

လုချန်ရှန်း၏ပုံစံမှာ အသည်းနှလုံးကင်းမဲ့နေဟန်ပင်။

မည်သို့ပင်ဖြစ်စေ တစ်ယောက်ယောက်ကတော့ သူ့ကိုကယ်တင်လာချေပြီ။

အဲ့ဒါထက် ယဲ့ချိုးပိုင်က တကယ်ရှုံးတော့မှာလား။

ဤသည်မှာ ကိစ္စကြီးမဟုတ်လှပေ။

ဟော်ချင်းမင်သည် ယဲ့ချိုးပိုင်ကိုကြည့်ပြီး ခပ်နိမ့်နိမ့်အသံဖြင့် စကားဆို၏။

“ငါ အားနည်းသူကို အနိုင်မကျင့်ချင်ပါဘူး။ ဒါပေမဲ့ ငါ လူတစ်ယောက်အပေါ် ကျေးဇူးကြွေးတင်နေတာလေးရှိလို့။ မင်းနားလည်ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”

ယဲ့ချိုးပိုင်မှာ အနည်းငယ်မျှမှင်တက်သွားရသည်။ တစ်စုံတစ်ယောက်က သူ့အား ဒုက္ခပေးချင်နေဟန်ပင်။

“ဘယ်သူလဲ”

ဟော်ချင်းမင်သည် ခေါင်းခါယမ်းလျက် ပြောလေသည်။

“မင်း ငါ့ကိုနိုင်တယ်ဆိုမှပဲ ပြောပြနိုင်မယ်။ မင်း ရှုံးရင်တော့ အဲ့ဒါကိုသိလည်း အလကားပဲလေ”

တကယ်ဆိုလျှင် ယဲ့ယန်၏တောင်းဆိုချက်မှာ ယဲ့ချိုးပိုင်ကို မသန်မစွမ်းဖြစ်သွားအောင်လုပ်ခိုင်းခြင်းပင်။

မသန်မစွမ်းတစ်ယောက်မှာ လက်စားချေနိုင်စွမ်းရှိတော့မှာ မဟုတ်ပေ။

ယဲ့ချိုးပိုင် ထိုစကားကိုကြားသောအခါ တခြားဘာမှထပ်မပြောတော့ပေ။ လက်ထဲကသစ်သားဓားကိုသာ အသာအယာမြှောက်၍ ရှေ့ကို ခြေတစ်လှမ်းတိုးကာ အံ့အားသင့်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ဟော်ချင်းမင်ဆီသို့ ချိန်ရွယ်လိုက်သည်။

ဟော်ချင်းမင်ကလည်း မြေပြင်ပေါ်မှာ မြဲမြဲရပ်လိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် ပြန်ကန်ထုတ်၏။

အံ့ချီးဖွယ်လေလှိုင်းလုံးကြီးက သူ့လက်ဝါးဆီမှ ထွက်ပေါ်လာပြီး လေဟာပြင်ကြီးကို ဖိနှိပ်ထားလိုက်လေ၏။ ဖောက်ခွဲရေးလေလှိုင်းလုံးကြီးက ယဲ့ချိုးပိုင်ဆီကို ဦးတည်သွားလေသည်။

ယဲ့ချိုးပိုင်မှာ သူ့ကို အထင်မသေးရဲချေ။ တစ်ဖက်လူသည် ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသောလူများကိုပင် သုတ်သင်နိုင်ခဲ့သူဖြစ်၏။

မှော်နက်မိစ္ဆာချီစွမ်းအင်များက သစ်သားဓားပေါ်မှာ ပွက်ပွက်ဆူလာချေပြီ။

လူသားအားလုံးကို ဒူးထောက်အညံ့ခံသွားစေနိုင်သော ဧရာမအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ဝန်းကျင်အနှံ့ကို အရူးအမူးပျံ့နှံ့သွားလေတော့သည်။

“အိုး.. ဒါက ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းလား။ တကယ်ပဲ တစ်မူထူးခြားလွန်းပါပေတယ်”

သူတောင် အနည်းငယ်သောဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်မဟုတ်လား။

“ပထမသိုင်းကွက်”

သူ့လက်ထဲရှိသစ်သားဓားကို ရုတ်ခြည်းလွှဲယမ်းချလိုက်သည်။

မဟူရာရောင်ဓားစွမ်းအင်များသည် ထိုဖိအားတစ်ရပ်နှင့် ထိခတ်မိသွားပြီး တစ်ခုတည်းအဖြစ်ပေါင်းစုံကာ ဖြာထွက်သွားလေတော့သည်။

လေထုထဲကဖိအားတစ်ရပ် ပျက်ပြယ်သွားသည်။ တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်က အလျင်အမြန်နောက်ကြောင်းပြန်ဆုတ်သွားလေသည်။

“မဆိုးပါဘူး။ သစ်သားဓားကို ငါ့လက်သီးစာမမိအောင်တော့ ကာကွယ်နိုင်သေးသားပဲ”

ဟော်ချင်းမင်သည် ပကတိအကောင်းအတိုင်းရှိနေသေးသော သစ်သားဓားကိုကြည့်ပြီး ရင်ထဲတင်းကျပ်သွားသလို ခံစားလိုက်ရသည်။

ရွှေရောင်ဆေးဝါးဗဟိုချက်အထွတ်အထိပ်အဆင့်ကို သူရောက်နေခဲ့တုန်းကတောင် ဤအရည်အချင်းမျိုးကို မပိုင်ဆိုင်ခဲ့ရပေ။

ဤတစ်ကြိမ်မှာတော့ တစ်ဖက်စင်မြင့်ပေါ်မှလူများပင် သူတို့အား လှမ်းကြည့်လာကြသည်။

“အိုး.. သူက ဟော်ချင်းမင်ရဲ့လက်သီးချက်ကိုတောင် တောင့်ခံနိုင်တယ်ပေါ့။ ဒီကလေးက မဆိုးဘူးပဲ”

“ဟုတ်တယ်။ ငါသာဆိုရင် အဲ့ဒီလက်သီးချက်ကို တောင့်ခံဖို့ခက်မှာပဲ။ ဒါပေမဲ့ ဒီလူက အားနည်းသူကို တကယ်ကြီးအနိုင်ကျင့်နေတာမဟုတ်ဘူးလား။ သူ မရှက်ဘူးလား”

“သူတို့ကြားမှာ ရန်ငြိုးတချို့ရှိထားပုံပဲ။ ဟော်ချင်းမင်းက အဲ့လိုအနိုင်ကျင့်တတ်တဲ့လူစားမျိုးမှမဟုတ်တာ”

တစ်ဖက်မှာတော့ ယဲ့ချိုးပိုင်သည် နေရာမှာအကြာကြီးရပ်မနေပေ။ သူက ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ပြီး ထပ်မံတိုက်ခိုက်ပြန်၏။

“ဒုတိယသိုင်းကွက်”

ဤသိုင်းကွက်၏ မိစ္ဆာချီစွမ်းအင်မှာ ပို၍သန်မာလာသည်။

ဟော်ချင်းမင်က အေးတိအေးစက်နှာမှုတ်လျက် သရော်လိုက်သည်။ သူလည်း ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး ရှောင်တိမ်းမနေဘဲ ယဲ့ချိုးပိုင်ဆီကို ဝင်တိုးလေတော့သည်။

အရှိန်အဝါကြီးက ကြောက်ခမန်းလိလိပင်။

အုန်း!

သစ်သားဓားသည် ဟော်ချင်းမင်၏ပခုံးထက်ကို ဦးတည်လာနေလေသည်။

မည်သို့ပင်ဆိုစေကာမူ ဟော်ချင်းမင်၏ခန္ဓာကိုယ်သည် ဒူပေနာပေခံနိုင်ရည်ရှိပုံပေါ်သည်။ ၎င်းမှာ တုနှိုင်းမဲ့လောက်အောင်မာကြောပြီး အကြမ်းခံလေသည်။

သို့သော် ဟော်ချင်းမင်သည် ထိုရိုက်ချက်ကြောင့် ခြေငါးလှမ်းနောက်ဆုတ်သွားရဆဲပင်။

“ဒုတိယသိုင်းကွက်ရဲ့စွမ်းအားက ပထမဟာထက် အဆပေါင်းများစွာ ပိုသန်မာတယ်။ တကယ်လို့ တတိယသိုင်းကွက်သာဆိုရင် ငါ သတိထားမှဖြစ်တော့မယ်ထင်တယ်”

“ဒါပေမဲ့… မင်း ဒုတိယဓားသိုင်းကွက်ကို အရင်သိမြင်နားလည်ထားမှရမှာလေ..ဟုတ်တယ်မလား”

အချိန်တိုအတွင်းမှာ ဒုတိယဓားသိုင်းလှုပ်ရှားမှုကို သိမြင်နားလည်နိုင်ခြင်းတဲ့လား..။ သူသည် ပါရမီရှင်တစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

“ဒါပေမဲ့ ဒါ အကုန်ပါပဲလေ”

ထိုသို့ပြောပြီးနောက် ဟော်ချင်းမင်၏ခန္ဓာကိုယ်မှာ ရုတ်ခြည်းကြွတက်လာပေသည်။

ဤအခိုက်အတန့်လေးမှာ သူ့အသားအရေကလည်း သန့်စင်မွမ်းမံပြီးသံမဏိနှယ် အသွင်ပြောင်းသွားလေသည်။

အလွန်အမင်းဖိနှိပ်ချုပ်ချယ်အားကြီးလှသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာပြီး စင်အောက်ရှိတပည့်များကို ဖိနှိပ်ချုပ်ချယ်သောခံစားချက်တစ်မျိုး ဖြစ်ပေါ်လာစေသည်။

“စီနီယာအစ်ကိုဟော်ရဲ့ခန္ဓာကိုယ်က အကြိမ်ပေါင်းမရေမတွက်နိုင်တဲ့အထိ ခံနိုင်ရည်ရှိသွားပြီ။ အခုဆိုရင် သူက ခရမ်းရောင်ဘုံဗိမာန်အဆင့်ပညာရှင်တစ်ယောက်ဖြစ်နေပြီ”

“ယဲ့ချိုးပိုင်မှာသာ တခြားနည်းလမ်းမရှိရင် ဒီမှာပဲ ရပ်တန်းကရပ်သင့်တယ်”

“ဒါပေမဲ့လည်း ယဲ့ချိုးပိုင်အတွက်တော့ ဂုဏ်ယူစရာပါပဲ”

ယဲ့ယန်သည် ဤမြင်ကွင်းကိုကြည့်ပြီး ရက်စက်ယုတ်မာဟန်ဖြင့် ပြုံးလိုက်သည်။

“ဟုတ်တယ်။ ယဲ့ချိုးပိုင်ကို သတ်ပစ်လိုက်။ ဒီလိုဆိုရင် ယဲ့မိသားစုထဲက ဘယ်သူကမှ ငါနဲ့ တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး”

ဘယ်သူကမှ ယဲ့ချိုးပိုင်ကို သိပ်အထင်မကြီးကြသည်မှာ သိသာလှသည်။

တစ်ဖက်တွင်တော့ ယဲ့ချိုးပိုင်သည် သစ်သားဓားကို သူ့လက်ထဲတွင် ကိုင်စွဲထားသည်။ သူသည် တစ်ဖက်လူ၏စွမ်းအားကို မကြောက်သလို သူ့အမူအရာကလည်း ရေသေကဲ့သို့ ငြိမ်သက်နေဆဲပင်။

ထိုအရာကိုမြင်တော့ ဟော်ချင်းမင်၏အမူအရာမှာ မတတ်သာဘဲ အကြင်မဲ့ရက်စက်ဟန်ပြောင်းသွားလေ၏။

“မင်း ဟန်ဆောင်နေတုန်းပဲလား…”

ထိုသို့ပြောပြီးနောက်မှာ သူ့ခန္ဓာကိုယ်သည် တောင်တန်းငယ်လေးတစ်ခုနှယိ ယဲ့ချိုးပိုင်ဆီသို့ တစ်ဟုန်ထိုးပြေးသွားလေသည်။

လျပ်တပြက်တိုက်ခိုက်မှုသည် အလွန်ကြောက်စရာကောင်းလှသည်။

ယဲ့ချိုးပိုင်သည် ငြိမ်သက်နေသော်လည်း နတ်ဆိုးစွမ်းအင်လှိုင်းလုံးများကတော့ သစ်သားဓားကို ညိုမည်းသွားစေလေသည်။

ဓားသိုင်းခန်းမအကြီးအကဲသည် ရုတ်တရက်မတ်တတ်ထရပ်ကာ သူ့မျက်နှာမှာလည်း မယုံကြည်နိုင်ဟန်အမူအရာများဖြင့် ပြည့်နှက်နေသည်။

ဟော်ချင်းမင်လည်း ထိတ်လန့်သွားသည်။ တဖြည်းဖြည်းရုပ်လုံးပေါ်လာပုံရသော နတ်ဆိုးချီစွမ်းအင်များသည် သူ့အား ကြီးမားသောခြိမ်းခြောက်မှုတစ်ခုကို ပေးနိုင်ခဲ့သည်။

သူ့စိတ်အစဉ်သည် တုန်လှုပ်စပြုလာပြီး လုပ်ငန်းစဉ်များလည်း နှေးကွေးသွားသည်။

ထိုစဉ်တွင် မိစ္ဆာချီစွမ်းအင်တစ်ပြုံတစ်ခေါင်းကြီးက ကောင်းကင်သို့ ပျံတက်သွားလေသည်။

ပတ်ပတ်လည်ရှိ စင်မြင့်ထက်မှလူများ၏အမူအရာများမှာ ပြောင်းလဲသွားသည်။ သူတို့သည် မိစ္ဆာချီစွမ်းအင်ကို ပိတ်ဆို့ကာကွယ်ရန်အတွက် သူတို့၏ကျင့်ကြံရေးနည်းဗျူဟာများကိုပင် အမှုမဲ့အမှတ်မဲ့အသုံးပြုမိနေကြသည်။

စင်အောက်ကတပည့်များကတော့ သိပ်ကံမကောင်းလှပေ။ စင်မြင့်နှင့်အနီးဆုံးတွင်ရှိနေကြသူများသည် မြေပြင်ပေါ်ကိုပင် ဒူးထောက်ကျသွားရလေသည်။

“တတိယသိုင်းကွက်”

ယဲ့ချိုးပိုင်သည် စကားသုံးခွန်းကို တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် သူ့လက်ထဲရှိသစ်သားဓားကို ကိုင်မြှောက်လိုက်ရာ ကောင်းကင်ဆီသို့ ဆန်တက်သွားသော မိစ္ဆာစွမ်းအင်များကလည်း ဓားပေါ်သို့ စုဝေးလာသည်။

သာမန်သစ်သားဓားတစ်လက်သည် ယခုအခိုက်အတန့်တွင် အံ့သြဖွယ်ကောင်းသော မိစ္ဆာဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ဟော်ချင်းမင်ကို အေးအေးလူလူခုတ်ချလိုက်ပေသည်။
ကြီးမားလှသော မှော်နက်ဓားသွားချီစွမ်းအင်သည် အာကာသထိတိုင် ပျံ့လွင့်သွားပြီးနောက် ဟော်ချင်းမင်ကို တစ်ဟုန်ထိုးတိုက်ခိုက်လေတော့သည်။

ဟော်ချင်းမင်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီးချက်ချင်း မတ်တတ်ထရပ်လိုက်သည်။

ကျယ်လောင်သောဟိန်းဟောက်သံကြီးနှင့်အတူ သူသည် မြေပြင်ပေါ်သို့ ရုတ်တရက်ခြေချမိသွားချိန်မှာ သူ့ခြေချောင်းများသည် မြေပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သူ့လက်တွေကိုတော့ ရင်ဘတ်ရှေ့မှာ ကြက်ခြေခတ်သဏ္ဍာန် ကာရံထားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သန့်စင်မွမ်းမံထားသော သံမဏိအရောင်သည် သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းအသီးသီးကို ဖုံးလွှမ်းလာပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ကလည်း အမှန်တကယ် စတင်သိပ်သည်းစပြုလာသည်။

ဟော်ချင်းမင်သည် ဤတိုက်ခိုက်မှုမှ မိမိကိုယ်ကိုကာကွယ်ရန်အာရုံစိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိသည်မှာ ထင်ရှားလှသည်။

တစ်ဖက်တွင်မူ ချင်းထျန်းနျန်၊ သိုင်းပညာခန်းမအကြီးအကဲနှင့် အခြားသူများမှာ တောင့်တင်းနေပြီး အခြားလူများကို အချိန်မရွေးကယ်တင်ရန် အသင့်ဖြစ်နေပြီဖြစ်၏။

တိုက်ပွဲများတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းဟူသည် ရှောင်လွှဲ၍မရနိုင်ချေ။

ထို့အပြင် နှစ်ဖက်စလုံးသည် အဆင့်မြင့်သိုင်းပညာများကို အသုံးပြုထားခြင်းဖြစ်၏။ ကောင်းကောင်းမထိန်းချုပ်နိုင်ပါက အသေအပျောက်တော့ ရှိလိမ့်မည်သာ။

သူတို့နှစ်ဦးစလုံးသည် ကျောင်းတော်၏ ထိပ်တန်းတပည့်များဖြစ်ကြသည့်အတွက် အကြီးအကဲများအနေနှင့် သူတို့ကို ဘာမှဖြစ်ခွင့်မပြုနိုင်ချေ။

နံဘေးမှာရှိနေသည့် လုချန်ရှန်းတောင် သူ၏တည်ငြိမ်သောအမူအရာကို ဘေးဖယ်ထားလိုက်လေသည်။ သူ့အကြည့်က အနည်းငယ် အာရုံစူးစိုက်ထားဟန်ရှိပြီး အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေချေသည်။

မှော်နက်ဓားသွားစွမ်းအင်က ဟော်ချင်းမင်ရှေ့ရှိ သိပ်သည်းဆပြင်းထန်နေသောလေထုဆီကို တစ်ဟုန်ထိုးဖြတ်သွားလေသည်။

သို့သော်ငြား မည်သည့်အတားအဆီးတစ်ခုမှမကြုံရပါဘဲ ထိုနေရာကိုဖြတ်ကျော်သွားကာ ဟော်ချင်းမင်ဆီကို ဆက်လက်ချီတက်သွားပေသည်။

ဟော်ချင်းမင်သည် အော်ဟစ်လျက် အမူအရာပြောင်းလဲသွားသည်။ သူ့လက်မောင်းထက်တွင်လည်း ရွှေရောင်ချိန်းကြိုးများ စင်စစ်ပေါ်ပေါက်လာလေသည်။

ဉာဏ်အလင်းပွင့်ခြင်းအဆင့် ရတနာပင်။

ဓားသွားချီစွမ်းအင်သည် ရုတ်ခြည်းရောက်ချလာပြီး သံကြိုးမျှင်ကို ခုတ်ထစ်လိုက်လေရာ ကျယ်လောင်လှသော မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။

အက်ကွဲသံ…

သို့သော် အက်ကြောင်းများသည် ရွှေရောင်ချိန်းကြိုးများပေါ်တွင် တစ်ခဏအတွင်း ပေါ်လာသည်။

ထို့နောက်မှာတော့ ကွဲကြေသွားရလေတော့သည်။

ဟော်ချင်းမင်လည်း အံ့အားသင့်သွားရသည်။ ဉာဏ်အလင်းပွင့်ခြင်းအဆင့်ရတနာတောင် ထိုအရာကို မပိတ်ဆို့နိုင်တော့ပါ။

ဓားသွားစွမ်းအင်များသည် အတားအဆီးမရှိတော့သည့်အတွက် ဟော်ချင်းမင်၏လက်မောင်းကို ခုတ်ချလိုက်လေတော့သည်။

ဖူး…

ထိုအချိန်မှာ သူ၏သံမဏိခန္ဓာကိုယ်ထဲမှ သွေးများ ရုတ်တရက် ပန်းထွက်လာသည်။

သိုင်းပညာခန်းမ၏အကြီးအကဲသည် ကွင်းပြင်ထက်တွင် ပေါ်လာသည်။ သူ့လက်ဖဝါးကိုလှန်လိုက်သည်နှင့် မှော်နက်ဓားသွားချီစွမ်းအင်လည်း ပျောက်ကွယ်သွားပေသည်။

ယဲ့ချိုးပိုင်၏မျက်နှာမှာလည်း အနည်းငယ်ဖြူဖျော့သွားရသည်။ ရှင်းနေသည့်အချက်မှာ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း၏ တတိယသိုင်းကွက်မှာ သူ့အတွက်လည်း အနည်းငယ်လွန်လွန်ကျူးကျုးဖြစ်သွားသည်။

ယဲ့ချိုးပိုင်သည် သွေးအလူးလူးဖြစ်နေသော ဟော်ချင်းမင်ကိုကြည့်ကာ ပြောလိုက်၏။

“အခု ပြောပြလို့ရပြီလား?”

Comment

Leave a Reply

Options

not work with dark mode
Reset