ရှင်းဟုန်ယီသည် ကျောင်းတော်ထဲမှာ လူသိများကျော်ကြားသော ဉာဏ်ကြီးရှင်တစ်ယောက်ပင်။
သူမသည် တောင်ပိုင်းနယ်မြေရှိ လျှို့ဝှက်မျိုးနွယ်စုသုံးစုမှ တစ်ခုအပါအဝင်ဖြစ်သော ရှင်းမီးလျှံမျိုးနွယ်စုက ဖြစ်သည်။
လျှို့ဝှက်မျိုးနွယ်စုများဆိုသည်မှာ အလွန်တရာဆန်းကြယ်လှသောမျိုးနွယ်စုပင်။
ထိုလျှို့ဝှက်မျိုးနွယ်စုများ၏မူလဇစ်မြစ်အစစ်အမှန်ကို တောင်းပိုင်းနယ်မြေတစ်ခုလုံးတွင် မည်သူမှမသိရှိကြချေ။
သို့သော် မည်သူကမှ သူတို့ကို ရန်မစရဲကြပေ။ အကြောင်းမှာ ထိုလျှို့ဝှက်မျိုးနွယ်စုများအပေါ် မလိုမုန်းထားဖြစ်ကြသူများမှာ ရှင်းထုတ်ခံလိုက်ရ၍ပင်။
ယခုတော့ဖြင့် ရှင်းဟုန်ယီသည် ယဲ့ချိုးပိုင်၏ချေမှုန်းခြင်းကို ခံလိုက်ရသည်။
တစ်ဖက်မှာတော့ ယဲ့ချိုးပိုင်သည် လက်ထဲမှာ သစ်သားဓားကိုကိုင်စွဲထားရင်း အဖြူရောင်ဝတ်ရုံကို သေသေသပ်သပ်ဖြစ်အောင် ပြန်ပြုပြင်လိုက်သည်။ သူ့ပုံစံမှာ ထိခိုက်ဒဏ်ရာလုံးဝရမထားသလို တည်ငြိမ်အေးဆေးလွန်းလှသည်။
ဘယ်လိုတောင်ကြမ်းတမ်းလိုက်တဲ့ တိုက်ခိုက်မှုကြီးပါလိမ့်။
ရှင်းဟုန်ယီ၏မျက်နှာကတော့ ဖြူရော်နေရှာသည်။
ဉာဏ်အလင်းပွင့်ခြင်းဓားသိုင်းနှင့် လျှို့ဝှက်နည်းဗျူဟာအပြင် သွေးယဇ်ပူဇော်ရေးဓားသွားတို့ကို သုံးခဲ့သည့်တိုင် သူမမှာ ယဲ့ချိုးပိုင်၏ဓားသွားထံမှ ဖိနှိပ်ခံခဲ့ရပေသည်။
အဓိပ္ပါယ်ကတော့ သူမတို့နှစ်ယောက်အကြား ခွန်အားကွာဟချက်က အလွန်ကြီးမားလှသည်ဟူသော သဘောပင်။
ရှင်းဟုန်ယီခမျာ ခါးသက်စွာရယ်မောလိုက်မိလေသည်။ နောက်ဆုံးတော့ သူမနှင့်ယဲ့ချိုးပိုင်ကြားက ခြားနားချက်ကို သဘောပေါက်လိုက်ပြီဖြစ်၏။ လုချန်ရှန်းက သူမအစား ယဲ့ချိုးပိုင်ကိုရွေးချယ်ခဲ့တာ မဆန်းပါဘူးလေ။
“ငါရှုံးတယ်”
သူမ တုန်တုန်ရီရီဖြင့် မတ်တတ်ရပ်ရင်း အရိုအသေပြုလိုက်သည်။
“ဒါပေမဲ့ တစ်နေ့နေ့မှာ ကျွန်မ ရှင့်ထက်သာအောင်လုပ်မှာ။ နောင်ကိုလည်း ကျွန်မ ရှင့်ကို ဆက်စိန်ခေါ်သွားမယ်”
ယဲ့ချိုးပိုင်သည် ပြုံးလျက်ခေါင်းညိတ်ကာ ရှင်းဟုန်ယီ၏ခေါင်းမာလှသောအကြည့်တို့ကို ပြန်တုံ့ပြန်ပေးလိုက်သည်။
“အနာဂတ်မှာ ငါ မင်းဆန္ဒအတိုင်း လိုက်လျောပေးမှာပါ”
ဓားသိုင်းခန်းမ၏အကြီးအကဲမှာ နေရာတွင်ပြန်ထိုင်ချလိုက်ပြီး သူ့မျက်ဝန်းတစ်စုံမှာလည်း ရှုပ်ထွေးနေဟန်အထင်းသား။
“ဒီကလေးရဲ့အနာဂတ်က တကယ်ကိုအဆုံးမရှိဘူးပဲ”
ချင်းထျန်းနျန်လည်း လုချန်ရှန်းကိုကြည့်ကာ ပြုံးလိုက်မိသည်။
“ဘာလို့လဲ။ မင်း ဝမ်းမသာဘူးလား”
“ကျွန်တော်က ဘာလို့ဝမ်းသာရမှာလဲ”
ထိုသို့ပြောပြီးနောက် သူ့ဦးခေါင်းကို လက်ဖြင့်ထောက်ကာ အနားယူနေချေသည်။ သူ့ပါးစပ်ထဲမှာလည်း သစ်ရွက်လေးတစ်ရွက်ကိုက်ထားသေးသည်။ ပုံစံကြည့်ရတာ နည်းနည်းတော့စိတ်ကုန်စရာကောင်း၏။
“ဟားဟား ကောင်လေးရေ.. မင်းက အလကားဟန်ဆောင်နေတာပဲ။ မင်းတပည့် သိပ်ကြိုးစားနေတာကိုမြင်တော့ မင်းတော်တော်လေး ဝမ်းသာနေတယ်မလား”
ဟင်။ ငါက ဘာကိုဟန်ဆောင်ရမှာလဲ။
လုချန်ရှန်းခမျာ ကူကယ်ရာမဲ့နေလေသည်။ ယဲ့ချိုးပိုင်တစ်ယောက် ထိုမျှထင်သာမြင်သာဖြစ်အောင် မနေဖို့တော့ သူမျှော်လင့်မိသည်။ အချိန်ကျလာလျှင် သူ့အား ဆရာတင်ချင်ပါသည်ဟုဆိုကာ လူတွေ တစ်အုပ်ကြီးဝိုင်းလာလိမ့်ပေမည်။ ထိုအချိန်ကျလျှင် သူက သူတို့ကို ဘယ်လိုသင်ပြပေးရမှာတဲ့လဲ။
အမတလမ်းစဉ်ကို ဘယ်လိုကျင့်ကြံရသလဲဆိုတာတောင် သူမသိပါ။
သူသာ အမှားကြီးကိုသင်ပြပေးမိပါက သူပဲ အပြစ်တင်ပြောဆိုခံရမှာ မဟုတ်ပေဘူးလား။
သောက်ကျိုးနည်းမဖြစ်နိုင်လိုက်တာ…
အနာဂတ်မှာတော့ ယဲ့ချိုးပိုင်ကို သူ လူမသိသူမသိလေးနေခိုင်းရလိမ့်မည်။
စင်အောက်ရှိ ကျောင်းတော်ကြီးမှတပည့်တပန်းများကတော့ အံ့သြထိတ်လန့်နေကြလေသည်။
ရှင်းဟုန်ယီလို လျှိူ့ဝှက်မျိုုးနွယ်စုမှပါရမီရှင်ကိုပင် သူက အလွယ်လေးအနိုင်ယူလိုက်နိုင်သတဲ့လား။
သူ့ခွန်အားအစစ်အမှန်က ဘယ်လောက်တောင်အင်အားကြီးတာပါလိမ့်။
စံအိမ်တော်မှာတော့…
ထိုအမည်နာမသည် ကျောင်းတော်ကြီးအနှံ့ ပျံ့နှံ့နေပြီးဖြစ်၏။
ယဲ့ယန်မှာ ထိုမြင်ကွင်းကိုမြင်သောအခါ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားရပြီး အံကိုတင်းတင်းကြိတ်ထားမိသည်။
ယခုလေးတင်ပစ်လွှတ်လိုက်သော ထိုရိုက်ချက်ကို သူ ခုခံနိုင်ခဲ့လျှင်တောင် မထိမခိုက်ပါဘဲ ရှောင်တိမ်းနိုင်ဖို့တော့ လုံးဝမဖြစ်နိုင်ပေ။
သူ့မှာ အလွန်တရာအန္တရာယ်များလှသော အရိပ်အယောင်မျိုးကို ခံစားမိလိုက်သည်။
ယဲ့ယန်၏အဆင့်မှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ဖြစ်ပေသည်။
၎င်းသည် ရွှေရောင်ဆေးဝါးဗဟိုချက်အပြီး နောက်တစ်ဆင့်ဖြစ်၏။
သူက တစ်ဆင့်ပိုမြင့်နေတာတောင် ထိုသို့နှယ်ခံစားမိလိုက်ခြင်းပင်။
ထို့ပြင် ယဲ့ချိုးပိုင်က သူ့ခွန်အားကို အကုန်ထုတ်မသုံးထားတာ ရှင်းနေချေသည်။ သူသာ ခွန်အားအကုန်ထုတ်သုံးလာပါက ထိုဓားသွားကို သူ တကယ်ခံနိုင်ရည်ရှိပါ့မလား။
ယဲ့ယန်၏ ကြောက်ရွံ့ထိတ်လန့်နေသောမျက်နှာအမူအရာကိုကြည့်ရုံဖြင့် အဖြေပေါ်နေလေပြီ။
ယဲ့ချိုးပိုင်..
သူသည် အမှန်တကယ် တစ်ကျော့ပြန်ရောက်ရှိလာပြီဖြစ်ပြီး သူ့ပတ်ပတ်လည်တွင် သယ်ဆောင်ထားသော ကိုယ်ရောင်ကိုယ်ဝါကလည်း ပို၍ပင်တောက်ပနေချေသည်။
ဟွေချင်းမင်ကလည်း ထိုမြင်ကွင်းကိုစောင့်ကြည့်ရင်း ပြုံးလိုက်မိသည်။
“အဲ့လောက်လည်း ပျင်းစရာကောင်းမှာမဟုတ်ဘူးပဲ”
“ဘာလို့လဲ။ မင်း ယဲ့ချိုးပိုင်ကို စိန်ခေါ်မလို့လား”
ငှက်မွှေးယပ်တောင်ကိုင်ထားသော လင်းစီဆိုသည့်အမျိုးသားက ပြုံးလျက်ပြောလေ၏။
“မင်းက အားနည်းသူကို အနိုင်ကျင့်နေတာပဲကွ။ ကိုယ်ကျင့်တရားတွေဘာတွေတောင် မထောက်တော့ဘူး”
ဟော်ချင်းမင်က စကားလမ်းကြောင်းပြောင်းလိုက်ပြီး လင်းစီကိုစိုက်ကြည့်လိုက်သည်။ သူက ပြုံးဖြဲဖြဲဖြင့်ပြောလိုက်ပြန်၏။
“လင်းစီ.. လိပ်ခွံလိုမာကျောတဲ့ မင်းရဲ့အစီအရင်ကို ငါ ဒီတစ်ခါ သေချာပေါက်ထိုးဖောက်ပြမယ်”
လင်းစီကလည်း အသာပြုံးလျက် ယပ်တောင်ကိုယမ်းခါလိုက်သည်။
“ကြည့်ကြသေးတာပေါ့”
ရှင်းလင်းနေသည့်အချက်မှာ သူတို့သည် ယဲ့ချိုးပိုင်ကို အလေးအနက်မထားကြချေ။ တကယ်တမ်းတော့ အဆင့်ကွာခြားချက်က သိသာလွန်းလှသည်သာ။
သူတို့အနေနှင့် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်မျှသာရှိသေးသော ယဲ့ချိုးပိုင်ကို အလေးအနက်မထားတာက ပုံမှန်ပင်။
ယဲ့ယန်ကလည်း အလောတကြီးဝင်ပြောသည်။
“အစ်ကိုကြီးဟော် အခုချက်ချင်း ဘာလို့သွားမတိုက်ခိုက်တာလဲ”
ဟော်ချင်းမင်၏မျက်ဝန်းအစုံမှူ စိတ်ပျက်နေဟန်အထင်းသားပေါ်လွင်နေပြီး စိတ်မရှည်လက်မရှည်ပြောလိုက်၏။
“ငါ နောက်မှကြည့်ကြပ်ကိုင်တွယ်လိုက်ပါ့မယ်”
ယဲ့ချိုးပိုင်သည် စင်မြင့်ထက်တွင် ဓားကိုကိုင်လျက် မတ်တတ်ရပ်နေချေသည်။ ထိုအခိုက်အတန့်လေးမှာ ဘယ်သူကမှ စင်ပေါ်တက်ပြီး သူ့ကိုစိန်မခေါ်ရဲကြပေ။
ကျန်စင်မြင့်ငါးခုမှာတော့ စိန်ခေါ်သူများရှိနေဆဲဖြစ်ပြီး အချင်းချင်းတိုက်ခိုက်ယှဉ်ပြိုင်နေကြလေသည်။
ထိုမြင်ကွင်းကို လုချန်ရှန်းမြင်သောအခါ သူ့မှာ ကျေနပ်အားရမှုအပြည့်ဖြင့် မပြောဘဲမနေနိုင်ပေ။
“ဟုတ်တယ်။ ဟုတ်တယ်။ ဒါပဲလေ။ ဘယ်သူမှလာစိန်မခေါ်ရင် အကောင်းဆုံးပဲ။ အဲ့ဒါမှ ထင်သာမြင်သာမဖြစ်တော့မှာ”
ချင်းထျန်းနျန် : “…”
အကြီးအကဲရှု : “…”
သို့သော် ယဲ့ချိုးပိုင်ကတော့ ထိုသို့မထင်ချေ။
ဘာလို့ တစ်ယောက်မှတက်မလာရတာလဲ။ သူတို့တွေအကုန်လန့်ကုန်ကြတာလား။ ဒီလိုဖြစ်ရမှာ မဟုတ်ဘူးလေ။
ငါ စံအိမ်တော်ကို ဒီထက်ပိုပြီးနာမည်တက်အောင် လုပ်ပေးရမယ်။ အဲ့ဒါမှ ငါ ဂျူနီယာညီလေးညီမလေးတွေ အများကြီးရလာမှာ။ မဟုတ်ရင် ဆရာက ငါ့ကိုပဲ ထပ်ချက်ပြုတ်ခိုင်းနေတော့မှာပေါ့။
ထိုအကြောင်းကိုတွေးမိတော့ ယဲ့ချိုးပိုင်သည် တခစ်ခစ်ရယ်ရင်း ကျယ်လောင်စွာပြောလိုက်၏။
“ဘာလို့လဲ။ တခြားဘယ်သူမှမရှိတော့ဘူးလား။ တခြားခန်းမကကျောင်းသားတွေက ဒီလောက်ပဲအစွမ်းရှိတာလား”
လုချန်ရှန်းခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။
ချင်းထျန်းနျန်နှင့် အကြီးအကဲများကတော့ အော်မရယ်ဘဲမနေနိုင်တော့ချေ။
အောက်ဘက်ရှိတပည့်များက ထိုစကားကိုကြားသောအခါ အမျက်ခြောင်းခြောင်းထွက်သွားကြရှာလေသည်။
“စံအိမ်တော်ကလူတွေအကုန်လုံးကရော ဒီလိုပဲတအားမောက်မာတာပဲလား”
“ငါ စမ်းကြည့်ပါရစေဦး”
ထို့နောက် ပုဆိန်တစ်လက်ကိုကိုင်ဆောင်ထားသောလူတစ်ယောက်က စင်မြင့်ပေါ်ကို ခုန်တက်လာလေသည်။
“ငါက ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ခရီးတစ်ဝက်ရောက်ထားပြီးပြီ။ ငါက မင်းထက် အရေးသာနေပြီးသားကွ။ ဒီတော့ ငါ မင်းကို အရင်တိုက်ခိုက်ခွင့်ပေးမယ်”
ယဲ့ချိုးပိုင် မျက်ခုံးပင့်လိုက်မိသော်လည်း ဘာတစ်ခွန်းမျှမပြောပေ။ သူ့ခန္ဓာကိုယ်သည် နေရာမှ ရုတ်ခြည်းပျောက်ကွယ်သွားလေတော့သည်။
ထိုလူ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။ မတိုင်ခင်က သူပြောခဲ့သောစကားကိုပင် လျစ်လျူရှုပစ်လိုက်ပြီး သူ့ပုဆိန်ကိုလွှဲယမ်းလိုက်လေတော့သည်။
၎င်းမှာ ထိုက်တောင်တန်းကိုပင် နှစ်ပိုင်းပိုင်းပစ်ချင်နေသည့်အလားပင်။
ယဲ့ချိုူပိုင်ကတော့ မျက်နှာသေနှင့်သာရှိနေပြီး သစ်သားဓားကို ရုတ်ခြည်းလွှဲယမ်းကာ တိုက်ခိုက်လေတော့သည်။
၎င်းသည် ပြိုင်ဘက်ကင်းသောပုဆိန်ကို ခုတ်ချလိုက်ပေသည်။
အုန်း!
ကျယ်လောင်လှစွာသော မြည်ဟည်းသံကြီးက စင်မြင့်ထက်မှာ ပေါ်ပေါက်လာလေသည်။
အသံကျယ်ကြီးနှင့်အတူ ကျရှုံးသွားသောအရာမှာ ဧရာမပုဆိန်ကြီးပင် ဖြစ်သည်။
ထိုလူ၏ကြောက်မက်ဖွယ်အကြည့်များအောက်မှာ ယဲ့ချိုးပိုင်က သစ်သားဓားကိုကိုင်ကာ ရှေ့ကိုချီတက်လာသည်။
ဓားသွားက သူ့လည်တိုက်ထက်တွင် သက်ဆင်းသွားသည်။ ဓားကို အနည်းငယ်မျှသာ ရှေ့တိုးလိုက်ပါက သူ မုချသေရတော့မည်သာ။
“ငါ.. ငါအရှုံးပေးပါတယ်”
ယဲ့ချိုးပိုက်ပ ဓားကို ပြန်ရုပ်လိုက်သည်။
“ကိုယ့်ထက်အဆင့်မြင့်တဲ့လူတွေကိုလည်း တိုက်ခိုက်နိုင်တာပဲလား”
“စံအိမ်တော်ကတပည့်တွေက သိပ်ကြောက်ဖို့ကောင်းတာပဲလား”
“ခရမ်းရောင်ဘုံဗိမာန်အဆင့်ရှိတဲ့လူတွေကပဲ သူ့ကို အနိုင်ယူနိုင်တော့မယ်ထင်တယ်”
သို့သော်ငြား ခရမ်းရောင်ဘုံဗိမာန်ကနဦးအဆင့်ရှိသူတစ်ယောက် စင်မြင့်ထက်ကို တက်သွားပြီးနောက်မှာတော့ ယဲ့ချိုးပိုင်၏ခွန်အားက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။
သူသည် ယခင်ကလောက် စိမ်ပြေနပြေမတိုက်ခိုက်နိုင်တော့သော်ငြား ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း၏ ပထမသိုင်းကွက်ကိုသုံးပြီးနောက်မှာတော့ ခရမ်းရောင်ဘုံဗိမာန်အဆင့်ရှိသောတပည့်များပင် လုံးဝခံနိုင်ရည်မရှိတော့ပေ။
ထိုမြင်ကွင်းကို ယဲ့ယန်မြင်သောအခါ သွေးကြောစိမ်းများပေါ်သည်အထိ လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိလေသည်။
သူလည်း ခရမ်းရောင်ဘုံဗိမာန်ကနဦးအဆင့်ကို ရောက်ထားပြီးဖြစ်သော်လည်း သူနှင့်အဆင့်တူသူတစ်ယောက်ကို ယဲ့ချိုးပိုင်က အသာလေးအနိုင်ယူလိုက်တာကို သူမြင်ထားသည်။
သူ့မှာ မတုန်လှုပ်ဘဲမနေနိုင်ပေ။
“ယဲ့ချိုးပိုင်.. ငါ ဒီနေ့ ဒီနေရာမှာပဲ မင်းကိုသတ်ပစ်မယ်”
“အစ်ကိုကြီးဟော် ခင်ဗျား အခုတိုက်ခိုက်နိုင်မလား”
ယဲ့ယန်သည် ခေါင်းလှည့်လျက် လက်ပိုက်လျက်အနေအထားဖြင့်ရှိနေသည့်ဟော်ချင်းမင်ကို ကြည့်လိုက်သည်။
ဟော်ချင်းမင်မှာ မပျော်မရွှင်ဖြစ်သွားသော်လည်း ခေါင်းညိတ်ပြပြီးပြောလိုက်သည်။
“စံအိမ်တော်ကကောင်က အခု နည်းနည်းတောင်မာန်တက်နေပြီ”
ထိုသို့ပြောပြီး သူ ခြေဆောင့်လိုက်သည့်အခါ မို့မောက်နေသော သူ့ကြွက်သားများက အံ့ဖွယ်ကောင်းလှသောခွန်အားနှင့်အတူ ပွင့်ထွက်လာလေသည်။
သူသည် ယဲ့ချိုးပိုင်ရှေ့ကို ဆင်းသက်သွားလိုက်တော့သည်။
“ဒါက..”
“သိုင်းပညာခန်းမက ခရမ်းရောင်ဘုံဗိမာန်အဆင့် ဟော်ချင်းမင်”
“ကြည့်ရတာ ယဲ့ချိုးပိုင်ရဲ့နိုင်ပွဲတွေကတော့ ဒီမှာတင် အဆုံးသတ်ပြီထင်ပါရဲ့”