သိပ်မကြာခင်မှာပင် အနီရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသည် ဓားရှည်တစ်ချောင်းကိုင်ကာ လျှောက်လှမ်းလာပြီး အလယ်စင်မြင့်ထက်တွင် ခြေချလိုက်ချေသည်။
“ဓားသိုင်းခန်းမက ရှင်းဟုန်ယီပါ။ စံအိမ်တော်ကလူတွေ ဘယ်မှာလဲ။ အပေါ်တက်လာပြီး လာတိုက်လှည့်”
မလှမ်းမကမ်းမှာရှိနေသော လုချန်ရှန်းခမျာ အံ့သြမှင်သက်သွားရလေသည်။
“ချိုးပိုင်က ဒီမိန်းကလေးကို ရန်စထားမိလို့လား။ ဘာလို့ သူ့ကိုအပေါ်တက်လာဖို့ စိန်ခေါ်နေတာလဲ”
ထိုစကားကိုကြားသောအခါ ဓားသိုင်းခန်းမအကြီးအကဲ၏မျက်နှာမှာ မည်းခနဲဖြစ်သွားရသည်။
“တိတိကျကျပြောရရင် မင်းက သူ့ကိုရန်စခဲ့တာလေ”
“ဟင်”
လုချန်ရှန်းမှာ သူ့ကိုယ်သူလက်ညှိုးထိုးပြလျက် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလာလေသည်။
“မဟုတ်ပါဘူး။ ကျွန်တော် မိန်းကလေးတစ်ယောက်ရဲ့လက်ကိုတောင် ကိုင်ဖူးတာမဟုတ်ဘူး။ ဘယ်လိုလုပ် သူ့ကိုရန်စရမှာလဲ”
သိုင်းပညာခန်းမအကြီးအကဲက မျက်နှာကိုလက်ဖြင့်အုပ်ထားလိုက်ရင်း ဒေါသတကြီးပြောလေတော့သည်။
“ငါတို့တပည့်ရွေးချယ်ပွဲတုန်းက ရှင်းဟုန်ယီက မင်းရဲ့စံအိမ်တော်မှာ တပည့်ခံချင်ခဲ့တာ။ ဒါပေမဲ့ မင်းက သူ့ကိုမောင်းထုတ်လိုက်တာလေ”
“အဓိကကတော့ အဲ့ဒီတုန်းက မင်းက သူ့ကိုကျော်ပြီး တခြားတပည့်တစ်ယောက်ကို လက်ခံခဲ့တဲ့အတွက် သူ့အနေနဲ့လည်း သူက ယဲ့ချိုးပိုင်ထက်ပိုသာတယ်ဆိုတဲ့အကြောင်း သက်သေပြချင်နေမှာ သေချာပေါက်ပဲ”
လုချန်ရှန်း၏အမူအရာမှာ ထူးဆန်းသွားရလေသည်။
အခြားလူများသည်လည်း ရှင်းဟုန်ယီကို သတိထားမိသွားကြသည်။
“သူက အဲ့ဒီတုန်းက စံအိမ်တော်ကနေ အငြင်းခံလိုက်ရတဲ့တစ်ယောက်မလား”
“ဒါကြောင့် စံအိမ်တော်ရဲ့တပည့် ယဲ့ချိုးပိုင်ကို သူစိန်ခေါ်ချင်နေတာပေါ့”
“ဒါပေမဲ့ ဒီရှင်းဟုန်ယီက တကယ်သန်မာတာနော်။ သိုင်းပညာယှဉ်ပြိုင်ရေးကြိုးဝိုင်းမှာတုန်းကရတဲ့ သူ့ရဲ့ရလဒ်တွေက ယဲ့ချိုးပိုင်ထက်တောင် ပိုသာသေးတယ်”
ပတ်ပတ်လည်ရှိစကားများကို ကြားလိုက်ရသည့်အခါ ယဲ့ချိုးပိုင် သဘောပေါက်လိုက်သည်။
သစ်သားဓားတစ်လက်ကို သူကောက်ယူလိုက်ပြီး ခုန်တက်သွားလိုက်၏။
ရှင်းဟုန်ယီမှာ ထိုအခြင်းအရာကိုမြင်တော့ မျက်ခုံးပင့်လိုက်မိသည်။ သူမသည် ယဲ့ချိုးပိုင်၏လက်ထဲက သစ်သားဓားကိုကြည့်ပြီး မပျော်မရွှင်ဖြစ်သွားလေသည်။
“ဘာလို့လဲ။ သစ်သားဓားလေးကိုင်လာတာ ကျွန်မကို အထင်သေးလို့လား”
ယဲ့ချိုးပိုင်က တည်ငြိမ်စွာပြန်ဖြေလိုက်၏။
“စိတ်နှလုံးထဲမှာ လက်နက်တည်ထားသရွေ့ သစ်ကိုင်းတွေသစ်ရွက်တွေကိုတောင် လက်နက်အဖြစ်သုံးလို့ရတယ်လို့ ဆရာကပြောဖူးတယ်”
ဓားသိုင်းခန်းမ၏အကြီးအကဲမှာ လုချန်ရှန်းကို ရှုပ်ထွေးလှသောအကြည့်တစ်ချက်ပေးရင်း ပြောလိုက်သည်။
“ကြည့်ရတာ မင်းရဲ့ဓားသိုင်းတာအိုအဆင့်က တော်တော်လေးနက်နဲပုံပဲ”
“ဟင်”
လုချန်ရှန်းလည်း ခေါင်းတကုတ်ကုတ်ဖြင့် သေချာတွေးကြည့်လိုက်မိသည်။
‘အရင်က ငါပြောဖူးတာလား’
စင်မြင့်ထက်မှာတော့..
ရှင်းဟုန်ယီက တီးတိုးရေရွတ်လိုက်သည်။
“စိတ်နှလုံးထဲမှာ လက်နက်တည်ထားသရွေ့ အရာအားလုံးက လက်နက်ဖြစ်လာနိုင်တယ်..”
ထိုအချက်ကြောင့် ရှင်းဟုန်ယီသည် သူကိုင်ထားသော အနက်ရောင်အဆင့်ဓားရှည်ကို အဝေးလွှင့်ထုတ်ပစ်လိုက်ပြီး မည်သည့်ရောင်ဝါမျိုးမှ ထုတ်လွှတ်မနေသည့် သာမန်သံမဏိဓားတစ်လက်ကိုဆွဲယူလိုက်သည်။
“ကောင်းပြီလေ။ ကျွန်မ ရှင့်ကို အသာစီးမယူချင်ဘူး။ ရှင့်ဓားကိုထုတ်လိုက်”
သူတို့နှစ်ယောက်စလုံးသည် ရွှေရောင်ဆေးဝါးဗဟိုချက်အထွတ်အထိပ်အဆင့်ချင်း အတူတူပင်။
သို့သော် ရှင်းဟုန်ယီကတော့ အလွန်ဘဝင်မြင့်လှသည်။ သူမသည် သူ့ကို ဖိနှိပ်ထားချင်သည့်အတွက် ယဲ့ချိုးပိုင်ကိုအနိုင်ယူဖို့အတွက် အခြားလက်နက်ပစ္စည်းမည်သည့်တစ်စုံတစ်ရာကိုမှ မသုံးချင်ပေ။
ထိုမှသာ သူ့အနေနှင့် လုချန်ရှန်းကိုသက်သေပြနိုင်မှာပင်။
သူမကိုမရွေးချယ်ခဲ့သည့်အတွက် မှားယွင်းခဲ့လေကြောင်း သက်သေပြဖို့ပင်။
ထိုအကြောင်းကိုတွေးရင်း ရှင်းဟုန်ယီသည် လုချန်ရှန်းအား ရန်စလိုဟန်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ယဲ့ချိုးပိုင်က ပခုံးတွန့်ပြလျက် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ ထိုအခိုက်တွင် မြေပြင်ထက်မှာ အက်ကွဲကြောင်းများပေါ်လာပြီး ပွင့်ထွက်သွားလေတော့သည်။
ရှင်းဟုန်ယီခမျာ ကြက်သေသေသွားရပြီး သူ့လက်ထဲရှိဓားရှည်ဖြင့် ဘေးတစ်စောင်းခုတ်ချလိုက်သည်။ ထိုအခိုက်မှာ သံမဏိဓားရှည်ဆီမှ မီးတောက်မီးလျှံများ ထုတ်လွှတ်လာလေသည်။
မီးတောက်မီးလျှံများက တောက်လောင်လာပြီး ယဲ့ချိုးပိုင်ကိုခုတ်ချလိုက်ချိန်တိုင်း နေရာအနှံ့ပုံပျက်ပန်းပျက်ဖြစ်သွားရှာသည်။
ယဲ့ချိုးပိုင်၏အမူအရာမှာ တည်ငြိမ်လွန်းလှသည်။ သူသည် သစ်သားဓားကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်မြှောက်လိုက်ပြီး မီးတောက်ကြာပွတ်ဖြင့် တိုက်ခိုက်လိုက်သည်။
၎င်းမှာ အဖျက်ဓာတ်သဘာဝဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့်အလားပင်။
“အာ.. ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းလား”
အောက်ဘက်ရှိ မုတ်ဆိတ်နှင့်လူကြီးတစ်ယောက်က သူ့မေးစေ့ကိုပွတ်သပ်ရင်း တခစ်ခစ်ရယ်မောလိုက်သည်။
“စိတ်ဝင်စားစရာပဲ။ မပြည့်မစုံဖြစ်နေတဲ့ အဲ့ဒီစာလိပ်ကို သူ တကယ်ပဲပြင်လိုက်တာကိုး”
ငှက်မွေးယပ်တောင်ကိုကိုင်ဆောင်ထားသော အခြားလူတစ်ယောက်ကလည်း အနားကိုလျှောက်လာသည်။
“မင်းက သိပ်ရဲရင့်တာပဲ။ ဒီကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းက နောက်ပိုင်းကိုရောက်လေလေ ပိုခက်ခဲလေလေပဲ”
ပတ်ပတ်လည်ရှိလူအပေါင်းက သူတို့နှစ်ယောက်ကိုမြင်သောအခါ တအံ့တသြမရေရွတ်ဘဲ မနေနိုင်ချေ။
“သိုင်းပညာခန်းမက ဟော်ချင်းမင်နဲ့ အစီအရင်ခန်းမက လင်းစီပဲ”
“သူတို့နှစ်ယောက်က အခုဆိုရင် သူတို့ရဲ့ခန်းမတွေမှာ ထိပ်သီးပုဂ္ဂိုလ်တွေဖြစ်နေပြီ”
“နှစ်ယောက်လုံးက ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်မှာ ရှိနေတာ။ ဒါပေမဲ့ သူတို့တွေက ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ပညာရှင်တွေကိုတောင် သုတ်သင်နိုင်စွမ်းရှိကြတယ်”
ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်ပြီးလျှင် ခရမ်းရောင်ဘုံဗိမာန်အဆင့် ရှိ၏။
ထိုအချိန်မှာ အမျိုးသားတစ်ယောက်က ဟော်ချင်းမင်၏နံဘေးကို ရောက်ချလာပြီး တီးတိုးစကားဆိုသည်။
“အစ်ကိုကြီးဟော် အဲ့ဒီလူက ကျွန်တော်ပြောတဲ့ယဲ့ချိုးပိုင်ဆိုတဲ့တစ်ယောက်လေ”
“အိုး”
ဟော်ချင်းမင်သည် သူ့မေးစေ့ကိုထိကိုင်လျက် ထိုလူကြီးကို တစ်ချက်မျှကြည့်လိုက်၏။ သူက ပဟေဠိဆန်ဆန်ပြုံးလိုက်လေသည်။
“ယဲ့ယန်..မင်း သူ့ကိုတိုက်ခိုက်စေချင်တာသေချာလား။ ဘယ်လိုပဲဖြစ်ဖြစ်လေ သူက မင်းတို့ယဲ့မိသားစုကပဲ။ သူက မင်းရဲ့ဝမ်းကွဲမလား”
ယဲ့ယန်၏မျက်ဝန်းတို့မှာ သေချာရေရာမှုများဖြင့် ပြည့်နှက်နေလေသည်။
“သူ့ကိုဖျက်ဆီးပစ်မှဖြစ်မှာ”
“သေချာတယ်ပေါ့”
ဟော်ချင်းမင်သည် သက်ပြင်းတစ်ချက်ခိုးချလိုက်ပြီး ပြော၏။
“မင်းတို့ယဲ့မိသားစုဆီမှာ အရင်တုန်းက အကြွေးတင်ထားဖူးတယ်။ အခု ငါ အဲ့ဒီကျေးဇူးကြွေးကို ပြန်ဆပ်ပါ့မယ်”
ယဲ့ယန်သည် စင်မြင့်ထက်ရှိယဲ့ချိုးပိုင်ကို စိုက်ကြည့်ရင်း နှာမှုတ်လိုက်သည်။
“ငါကိုယ်တိုင် မင်းနဲ့ယှဉ်တိုက်ချင်တယ်ဆိုရင်တောင်မှ ဟော်ချင်းမင်ကို မင်းပြိုင်ဘက်အနေနဲ့ တိုက်ခိုက်ရတာ ဂုဏ်ယူစရာလို့သတ်မှတ်သင့်တယ်”
စင်မြင့်ထက်တွင်..
ယဲ့ချိုးပိုင်၏သစ်သားဓားသည် မီးတောက်ကြာပွတ်ကို တိုက်ခိုက်လိုက်ချေသည်။
ဟုန်းဟုန်းတောက်လောင်နေသော ဓားရောင်ခြည်သည် သစ်သားဓားကို လောင်ကျွမ်းမသွားစေပေ။ ထိုအစား ၎င်းသည် အပြင်းအထန်လှုပ်ယိမ်းနေလိုက်သည်မှာ တစ်မုဟုတ်ချင်းငြိမ်းသက်သွားတော့မည့်ဟန်ပင်။
“ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းလား”
ရှင်းဟုန်ယီ အံ့သြဘနန်းဖြစ်သွားရသည်။ သူမလက်ထဲရှိ သံမဏိဓားမှာ အရူးအမူးလှုပ်ခါနေပြီး သူမ၏စိတ်အစဉ်သည်လည်း စတင်တုန်လှုပ်နေချေပြီ။
အဘယ်ကြောင့်ဆိုသော် ယဲ့ချိုးပိုင်ထုတ်လွှတ်နေသော မိစ္ဆာရောင်ဝါများသည် အရာခပ်သိမ်းကို ဖိနှိပ်ထားချင်ပုံပင်။
ဤသည်မှာ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း၏ ကြောက်မက်ဖွယ်ရာကောင်းသောအစွမ်းတစ်ခုဖြစ်၏။
၎င်းသည် အရာအားလုံးကို ရိုက်ချိုးဖျက်စီးနိုင်ရုံသာမက တစ်ဖက်ရန်သူကိုလည်း ဖိနှိပ်ချုပ်ကိုင်ထားနိုင်လေသည်။
ရှင်းဟုန်ယီသည် သူမ၏စိတ်အစဉ်ကို ပြန်လည်ငြိမ်သက်အောင် ချက်ချင်းချုပ်တည်းလိုက်၏။ သူမသည် အံတကြိတ်ကြိတ်ဖြင့် သူမလက်ထဲရှိ သံမဏိဓားကို လွှဲယမ်းလိုက်သည်။
ဟုန်းဟုန်းတောက်နေသော ဓားရောင်ခြည်၏လောင်ကျွမ်းမှုသည် ရုတ်ခြည်းအရှိန်မြင့်လာလိုက်တာများ စင်မြင့်တစ်ခုလုံးကိုပင် လောင်ကျွမ်းသွားတော့မတတ်ပင်။
ဓားသိုင်းခန်းမ၏အကြီးအကဲက မှတ်ချက်ပေးလေသည်။
“ရှင်းဟုန်ယီရဲ့မီးလျှံဓားသွားစွမ်းအင်က မိရိုးဖလာကျင့်ကြံရေးနည်းဗျူဟာနဲ့မတူဘဲ တစ်မူထူးခြားတယ်။ အဲ့ဒါက အရာအားလုံးကို မီးလောင်တိုက်သွင်းနိုင်ပြီး အတော်လေးလွှမ်းမိုးနိုင်စွမ်းကြီးတယ်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို ယဲ့ချိုးပိုင် ဘယ်လောက်အတိုင်းအတာအထိကျင့်ကြံခဲ့ပြီး ဘယ်သိုင်းကွက်တွေအထိ သူအသုံးချနိုင်မလဲဆိုတာ ငါသိချင်စမ်းပါဘိ”
ထိုသို့ပြောပြီးနောက် သူ လုချန်ရှန်းကိုကြည့်လိုက်ပြီး ရှင်းရှင်းလင်းလင်းမေးချလိုက်သည်။
လုချန်ရှန်းသည် ထိုင်ခုံပေါ်တွင် မျက်လုံးများမှိတ်လျက် လဲလျောင်းနေရာမှ သာမန်ကာလျှံကာပြန်ဖြေလာသည်။
“ကျွန်တော် နှစ်ရက်ပဲလေ့ကျင့်ရသေးတာ”
“အဲ့ဒါကြောင့် ရှင်းဟုန်ယီရဲ့မီးလျှံဓားသွားချီစွမ်းအင်ကို မယှဉ်နိုင်မှာစိုးတယ်”
ဓားသိုင်းခန်းမ၏အကြီးအကဲသည်လည်း ထိုကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို ကျင့်ကြံခဲ့ဖူးသည်။
ပထမသိုင်းကွက်ကိုကျွမ်းကျင်ဖို့ သူ့မှာ တစ်လလောက်အချိန်ယူလိုက်ရပြီး တတိယဓားသိုင်းကွက်၏ကနဦးအဆင့်ကို လက်လှမ်းမီဖို့ရာအတွက် နှစ်အနည်းငယ်လောက်ပင် အချိန်ယူခဲ့ရသည်။
ယဲ့ချိုးပိုင်သည် မီးတောက်မီးလျှံများထုတ်လွှတ်နေသည့် ဓားသွားစွမ်းအင်များကို မြင်လိုက်ရသောအခါ တစ်ချက်မျှငေးခနဲဖြစ်သွားရသည်။
“ဒုတိယရိုက်ချက်..”
ရုတ်ခြည်းပင် လူတွေကိုအညံ့ခံလာစေသော စွမ်းအားတစ်မျိုးက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလေသည်။
မိစ္ဆာချီစွမ်းအင်များ အရှိန်မြင့်တက်လာချေပြီ။
ရှင်းဟုန်ယီ၏အမူအရာကလည်း သိသိသာသာပြောင်းလဲသွားလေတော့သည်။
သူ့အရှေ့ရှိပုဂ္ဂိုလ်မှာ ယဲ့ချိုးပိုင်မဟုတ်တော့ဘဲ ကောင်းကင်ဘုံကိုပင်အံတုဝံ့သည့်မိစ္ဆာတစ်ကောင်ဖြစ်သွားသည့်အလားပင်။
သူသည် ကမ္ဘာလောကကြီးကို အထင်အမြင်သေးဟန်ပင်။
“ဒုတိယရိုက်ချက်”
ဓားသိုင်းခန်းမ၏အကြီးအကဲမှာ ရုတ်ခြည်းမတ်တတ်ထရပ်လိုက်သည်။
နှစ်ရက်မျှသာရှိသေးပေသည်။
ရှင်းဟုန်ယီမှာ အံကိုတင်းတင်းကြိတ်ထားလိုက်သည်။ သူမ၏လက်ရှိနည်းနာများဟာ ယဲ့ချိုးပိုင်၏ဓားသိုင်းကို မယှဉ်နိုင်မှန်း သူမ သိသည်။
သူ မခုခံနိုင်ချေ။
သို့ဖြစ်ရာ ရှင်းဟုန်ယီသည် သူမ၏လက်ချောင်းကိုကိုက်ချလိုက်သည့်အခါ သွေးနံ့များ စိမ့်ထွက်လာပေသည်။
တစ်ချိန်တည်းမှာပင် သူမသည် သံမဏိဓားရှည်ကိုပစ်ထုတ်ပြီး ဉာဏ်အလင်းပွင့်ခြင်းအဆင့်ဓားရှည်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ထိုဓားသွားထက်မှာ သွေးများကို သုတ်လိမ်းလိုက်လေတော့သည်။
“သွေးယဇ်ပူဇော်ရေးဓားရှည်”
ရှင်းဟုန်ယီ၏မျက်နှာသည် ရုတ်ခြည်းဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ သို့သော် အလျင်အမြန်ထူထပ်သိပ်သည်းလာသော မီးလျှံဓားသွားစွမ်းအင်က သူမ၏ဖြူဖပ်ဖြူရော်မျက်နှာကို သွေးနီရောင်ပြောင်းသွားစေ၏။
သူမ၏ဓားကို လွှဲယမ်းလိုက်လေတော့သည်။
ထိုဓားသည် မိစ္ဆာမှော်နက်စွမ်းအင်များ ထုတ်လွှတ်နေသည့် ယဲ့ချိုးပိုင်၏သစ်သားဓားနှင့် ထိခတ်မိသွားချေတော့သည်။
ဖွီး…
ဓားသွားနှစ်ခု ထိခတ်မိကြရာဝယ် ရှင်းဟုန်ယီခမျာ သွေးတစ်ပွက် အန်ထွက်လေတော့သည်။
ဓားသွားချီစွမ်းအင်များသည် မိစ္ဆာမှော်နက်ချီစွမ်းအင်၏ရှေ့မှောက်မှာပင် ပျောက်ကွယ်ပျက်စီးသွားလေတော့သည်။
၎င်းတို့မှာ လုံးဝရှင်းထုတ်ခံလိုက်ခြင်းပင်။
ထိုအခိုက်မှာပင် ရှင်းဟုန်ယီလည်း မြေပြင်ပေါ်ကို လွင့်စင်ကာပြုတ်ကျသွားရှာလေသည်။ သူမ၏လက်နှစ်ဖက်လုံးမှာလည်း သွေးများဖုံးလွှမ်းနေပေတော့သည်။
သူမလက်ထဲရှိဓားရှည်ပင် ရမ်းခါလျက်ရှိနေချေ၏။ သူမတွင် တိုက်ခိုက်ရေးစွမ်းရည်နည်းနည်းမှ မကျန်တော့တာ ရှင်းနေသည်သာ။
ယဲ့ချိုးပိုင်ကတော့ ဂရုမစိုက်ဟန်ဖြင့် သူ့ဓားကိုပြန်ရုပ်လိုက်သည်။ သူ့အနေနှင့် လုံးဝမအံ့သြသွားပါချေ။
“အနိုင်ယူခွင့်ပေးတဲ့အတွက် ကျေးဇူးပါပဲ”