ယဲ့ချိုးပိုင်၏နာမည်က ကျောင်းတော်ကြီးတစ်ခုလုံးကို လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။
ထိုပုဂ္ဂိုလ်၏ခွန်အားကြောင့် လူပေါင်းမြောက်များစွာ အံ့အားသင့်သွားကြလေသည်။
သူသည် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်မျှဖြင့် ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်ထားပုံပင်။
ဓားသိုင်းခန်းမ၌..
ရှင်းဟုန်ယီလည်း ထိုသတင်းကိုကြားလိုက်သည်။
“အဲ့ဒါ ဟိုနေ့တုန်းကမှ စံအိမ်တော်ကိုခေါ်လာတဲ့တပည့် ယဲ့ချိုးပိုင်ဆိုတာလား”
“ဒါပေမဲ့ သူတောင်လုပ်နိုင်ရင် ငါလည်း သေချာပေါက် သူ့ထက်သာအောင်လုပ်နိုင်တယ်”
“အဲ့ဒီနေ့က ကျွန်မကို တပည့်အဖြစ်လက်မခံလိုက်တဲ့အတွက် ရှင် ဘယ်လောက်တောင်ဆုံးရှုံးနစ်နာသွားလဲဆိုတာ သဘောပေါက်သွားအောင်လုပ်ပေးမယ်”
ထို့နောက် ရှင်းဟုန်ယီသည် ဓားတစ်လက်ကိုကောက်ကိုင်လိုက်ပြီး သိုင်းပညာယှဉ်ပြိုင်ပွဲကြိုးဝိုင်းဆီကို ဦးတည်သွားလေတော့သည်။
ထိုနေ့က ရှင်းဟုန်ယီ၏နာမည်သည်လည်း ကျောင်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားချေသည်။
ပြိုင်ပွဲဆယ်ပွဲ.. အနိုင်ပွဲဆယ်ပွဲ.. အားလုံး အမှောက်သိပ်ခံလိုက်ရတယ်။
ရှင်းဟုန်ယီသည် ယှဉ်ပြိုင်ပွဲကြိုးဝိုင်းပေါ်မှာတင် သိုင်းပညာယှဉ်ပြိုင်ပွဲမှာ သူ(မ) ယဲ့ချိုးပိုင်ကိုစိန်ခေါ်လိုကြောင်း ကြေညာလိုက်သည်။
လူအပေါင်းဟာ အော်ဟစ်ကြွေးကြော်ကြလေတော့သည်။
တစ်ဖက်မှာတော့ သိုင်းပညာခန်းမထဲရှိ ခြံဝင်းတစ်ခုအတွင်းမှာ ယဲ့ယန်သည် ကျောက်သားထိုင်ခုံပေါ်ထိုင်လျက် ဇဝေဇဝါဖြစ်နေရှာသည်။
“ယဲ့ချိုးပိုင်..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုများဖြစ်နိုင်မှာတဲ့လဲ”
ယဲ့ချိုးပိုင်၏စွမ်းရည်များ ပျောက်ကွယ်သွားပြီး ကျင့်ကြံစဉ်များဆုံးရှုံးလိုက်ရသည့်မြင်ကွင်းကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့ပြီးသားပင်။
ဘယ်နှရက်တောင် ရှိခဲ့ပြီလဲ။
သူသည် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်အထွတ်အထိပ်ကိုပင် ရောက်ရှိနေပြီး ကျောင်းတော်ထဲမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေချေသည်။
“မဖြစ်ဘူး။ သူ့ကို ယဲ့မိသားစုထဲ အသက်ရှင်ရက်ပြန်သွားခွင့်မပေးနိုင်ဘူး”
ယဲ့မိသားစုထဲမှာ မိသားစုတွင်းခွန်အားပြိုင်ဆိုင်မှုတစ်ခု ဖြစ်ပွါးနေသည်။
အကြီးအကဲချုပ်ယဲ့လင်းနှင့် လက်ရှိမိသားစုခေါင်းဆောင်ယဲ့ချင်းတို့သည် မိသားစုတွင်းအာဏာအတွက် တိုက်ခိုက်နေကြသည်။
ယဲ့ချင်းသည် သူ့သား ယဲ့ချိုးပိုင်ကြောင့် အရေးနိမ့်နေသည်။
သို့သော် မိသားစု၏အပေါင်းအသင်းဟောင်းများက ယဲ့ချိုးပိုင်ကိုရှာတွေ့သွားပြီး ယဲ့ချိုးပိုင်တစ်ယောက် သူ့စွမ်းရည်များကိုပြန်လည်ရရှိ၍ ယခင်ကထက် ပိုသန်မာနေတာကိုသာ သိသွားပါက အခြေအနေက ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။
“ဒီလိုဆိုရင်..”
ယဲ့ယန်၏မျက်ဝန်းအစုံဟာ အကောက်ကြံလိုဟန်အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
တစ်ချိန်တည်းမှာပင် ကျောင်းတော်ကြီး၏ ကျင့်ကြံရေးနည်းဗျူဟာများစွာနှင့် သိုင်းပညာနည်းဗျူဟာများကို သိုင်းပညာမဏ္ဍပ်ကြီးထဲမှာ သိမ်းဆည်းထားလေသည်။
ယဲ့ချိုးပိုင်သည် ထောက်ပံ့ရေးအမှတ်များစွာ ရရှိထားသည့်အတွက် ကျောင်းတော်ကြီးဆီသို့လာရောက်ကာ သိုင်းပညာနည်းဗျူဟာများကို လာကြည့်ခြင်းဖြစ်၏။
ယဲ့ချိုးပိုင်သည် ကျင့်ကြံရေးနည်းဗျူဟာဧရိယာထဲမှာ အချိန်ခဏကြာအောင် ပတ်သွားနေခဲ့သည်။
စာအုပ်တချို့ကိုဖတ်ပြီးနောက်မှာတော့ မြေပထဝီအဆင့်ကျင့်ကြံရေးနည်းဗျူဟာများအကြောင်း တော်တော်လေးသိလိုက်ရသည်။
“လျှို့ဝှက်တာအိုကျောင်းတော်ကြီးက ထင်ထားတဲ့အတိုင်းပါပဲလား။ ဒီကျင့်ကြံရေးနည်းဗျူဟာတွေက အပြင်လောကမှာရှိတဲ့ မင်းမျိုးမင်းနွယ်မိသားစုနဲ့ဂိုဏ်းတွေဆီက ကျင့်ကြံရေးနည်းဗျုဟာတွေထက်တောင် ပိုအစွမ်းထက်သေးတယ်”
ယဲ့မိသားစု၏ကျင့်ကြံရေးနည်းဗျူဟာသည် ဉာဏ်အလင်းပွင့်ခြင်းအဆင့် ကျင့်ကြံရေးနည်းဗျူဟာမျှသာ ဖြစ်သည်။
ဒီအာဒိကပ္ပဓားသိုင်းကျမ်းက ကျင့်ကြံရေးနည်းဗျူဟာဘယ်လောက်အဆင့်ရှိတာပါလိမ့်။
သူ့ဆရာက အမှန်တကယ်ဆန်းကြယ်လှသူပင်။
ခွန်အားအဆင့် ဘယ်လောက်ရှိမှ အာဒိကပ္ပဓားသိုင်းကျမ်းကဲ့သို့ ကျင့်ကြံရေးနည်းဗျူဟာကို ရရှိနိုင်ပြီး အယူအဆအတွေးအမြင်များဖြင့်ပြည့်နှက်နေသည့် ပန်းချီကားတစ်ချပ်ကိုလည်း ဘယ်လောက်အဆင့်ရောက်မှ ဆွဲနိုင်သလဲဆိုတာကို သူ မသိချေ။
ထိုအကြောင်းကိုစဉ်းစားကြည့်လိုက်လျှင် ယဲ့ချိုးပိုင်သည် လုချန်းရှန်ကို ပို၍ပင်လေးစားလာမိသည်။
စံအိမ်တော်ထဲမှာ လဲလျောင်းနေသော လုချန်ရှန်းခမျာ ရုတ်တရက်နှာချေလိုက်မိသည်။
“ဝှါး.. ဘယ်ကောင်စုတ်က ငါ့အတင်းတုတ်နေတာလဲကွ”
ယဲ့ချိုးပိုင်သည် သိုင်းပညာယှဉ်ပြိုင်ရေးကြိုးဝိုင်းနားကဖြတ်အသွား တစ်ပိုင်းတစ်စမျှသာရှိသော စာအုပ်တစ်အုပ်ကြောင့် ဆွဲဆောင်ခံလိုက်ရလေသည်။
သူ ထိုနေရာကိုလျှောက်သွားလိုက်ပြီး သိုင်းကျမ်းကိုကောက်ယူကာ ဖွင့်ကြည့်လိုက်သည်။ ထိုအထဲမှာ ပထမအဆင့်ဓားသိုင်းကွက်မှ တတိယအဆင့်ဓားသိုင်းကွက်များအထိ ဖော်ပြထားသော ကျင့်ကြံရေးနည်းနာများ ရှိသည်။
ယဲ့ချိုးပိုင် ခဏမျှအတွေးများသွားရသည်။ ယခုဆိုလျှင် အာဒိကပ္ပသိုင်းကျမ်းထဲမှ ဓားသိုင်းကွက်များကိုသာသုံးနေရတာ ငြီးငွေ့လာပြီဖြစ်၏။ တချို့သိုင်းကွက်များဆိုလျှင် တိုက်ရိုက်သုံးမရပေ။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို တစ်ဆင့်ခံအနေနှင့် အရင်သုံးရပေသည်။
အနည်းငယ်တွေးတောဆင်ခြင်ပြီးနောက် ယဲ့ချိုးပိုင်သည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကိုယူကာ ထွက်လာလိုက်သည်။ ထောက်ပံ့ရေးအမှတ်များကို သူ လက်လွှဲပေးလိုက်သောအခါ မဏ္ဍပ်ကိုစောင့်ကြပ်သောအကြီးအကဲက စကားဆိုလာ၏။
“ဒီစာလိပ်က မစုံတော့ဘူး။ လျှို့ဝှက်တာအိုကျောင်းတော်မှာတောင်မှ နောက်ဆုံးသိုင်းကွက်ခြောက်မျိုး မရှိတော့ဘူး။ နောက်ဆုံးသိုင်းကွက်ခြောက်ကွက်ကို မင်းတတ်ကျွမ်းဖို့ဆိုတာလည်း ကံအပေါ်မူတည်သေးတယ်။ ဒီစာအုပ်ကိုယူချင်တာ သေချာပြီလား”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြသည်။
ထိုအခြင်းအရာကိုမြင်တော့ မဏ္ဍပ်ကိုစောင့်ကြပ်သောအကြီးအကဲက သူ့အား ထပ်တားမနေတော့ပေ။ သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို ယဲ့ချိုးပိုင်အားပေးလိုက်ပြီး ဆက်လက်အနားယူရန်ထိုင်ချလိုက်ပေတော့သည်။
ယဲ့ချိုးပိုင် စံအိမ်တော်သို့ပြန်ရောက်သောအခါ လုချန်းရှန်သည် မိုးမခပင်ကြီးကို မြေသြဇာလောင်းနေပြီး ငှက်ငယ်လေးကို ဝိညာဉ်ရေးရာသစ်သီးများ ကျွေးနေသည်။
“ဟူး.. သစ်ပင်က ဝိညာဉ်ရေးရာမြေဆီလွှာတွေသုံးပေးဖို့ လိုသေးတာပဲ။ ဒီငှက်ကလေးကတော့ ဝိညာဉ်သစ်သီးတွေကို စားချင်နေရှာပြီ။ အသုံးအဖြုန်းကြီးလိုက်ပုံများတော့..”
ငှက်ငယ်လေးက မကျေနပ်ချက်များကို ထုတ်ဖော်သည့်အနေနှင့် သူ၏အနီတောက်တောက်တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်သည်။
ယဲ့ချိုးပိုင်လျှောက်လာတာကိုမြင်တော့ လုချန်ရှန်းက ဝိညာဉ်ရေးရာမြေဆီလွှာများကို သူ့ထံပစ်ပေးပြီး ပြောလိုက်သည်။
“မင်းပြီးသွားရင် ငါ့ကိုလာရှာလှည့်”
ယဲ့ချို့ပိုင် ခေါင်းညိတ်ပြလိုက်သည်။
အားလုံးပြီးစီးသွားသောအခါ သူ လုချန်ရှန်းကို သွားရှာလိုက်သည်။
လုချန်ရှန်းက တန်းလျားပေါ်မှာလှဲနေရင်း ပြောလာသည်။
“မင်း ဒီနေ့ သိုင်းပညာယှဉ်ပြိုင်ပွဲကြိုးဝိုင်းကို သွားခဲ့သေးတယ်လို့ကြားထားတယ်။ ရလဒ်က ဘယ်လိုနေလဲ”
ယဲ့ချိုးပိုင်သည် အရိုအသေပေးလိုက်ရင်း တလေးတစားဆိုသည်။
“ကျွန်တော် စံအိမ်တော်ရဲ့ဂုဏ်သတင်းကို မညှိုးနွမ်းစေခဲ့ပါဘူး။ ကျွန်တော် အကုန်လုံးကိုအနိုင်ယူခဲ့ပါတယ်”
“ဆရာ ကျွန်တော်မေးစရာရှိလို့”
ထို့နောက် သူသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း၏ အစုံအလင်မပါတော့သောစာလိပ်ကို ထုတ်လိုက်ပြီး မေးခွန်းထုတ်သည်။
“ကျွန်တော် သိုင်းပညာယှဉ်ပြိုင်ရေးကြိုးဝိုင်းဆီက ဒါကိုယူလာခဲ့တာ။ ကျွန်တော့်ကို သင်ပြပေးစေချင်ပါတယ် ဆရာ”
လုချန်ရှန်းသည် ၎င်းကိုတစ်ချက်မျှကြည့်လိုက်ပြီး လှမ်းယူလိုက်သည်။
“အစုံအလင်မပါတဲ့စာလိပ်လား”
[အစုံအလင်မပါသော ကောင်းကင်ဘုံမိစ္ဆာဓားသိုင်းစာလိပ်..အဲ့ဒါကို ပြုပြင်နိုင်သလို အဆင့်လည်းမြှင့်နိုင်ပါတယ်]
စနစ်မှာ ဒီလိုလုပ်ဆောင်ချက်မျိုးလည်းပါတာပဲလား။
“ပြုပြင်ပါ”
ထို့နောက် ကျန်ရှိနေသေးသော ကောင်းကင်ဘုံမိစ္ဆာဓားသိုင်း၏ သိုင်းကွက်ခြောက်ကွက်က သူ့အာရုံထဲမှာ ပေါ်ပေါက်လာချေသည်။
“ဒီကိုလာခဲ့”
ယဲ့ချိုးပိုင်က ရှေ့ကိုလျှောက်လာသောအခါ လုချန်ရှန်းကလည်း ယဲ့ချိုးပိုင်၏နားထင်ကို လက်ညှိုးညွှန်လိုက်သည်။ သတင်းအချက်အလက်အမြောက်အမြားဟာ ယဲ့ချိုးပိုင်၏အသိဉာဏ်ပင်လယ်ထဲသို့ စီးဆင်းသွားလေတော့သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းသည် ပြီးပြည့်စုံသွားလေပြီ။
ထို့နောက် လုချန်ရှန်းဟာ သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်ပြီး ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းထဲက ဓားသိုင်းနည်းဗျုဟာအတိုင်း လုပ်ပြလိုက်သည်။
ယဲ့ချိုးပိုင်သည် နံဘေးမှကြည့်နေရင်း အလွန်အံ့သြနေလေတော့သည်။
လုချန်ရှန်းသုံးပြလိုက်သော ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းသည် ပြီးပြည့်စုံမှုမရှိသောစာလိပ်ထဲမှ အကြောင်းအရာများကို ပြီးပြည့်စုံအောင်ပြင်ဆင်ထားသည့်အတွက် ထိုသိုင်းကျမ်းက မူလသိုင်းကျမ်းထက် ပိုဆန်းကြယ်ပြီး ပိုအားကောင်းလေသည်။
သိုင်းကွက်ကိုးကွက်စလုံးကို သုံးပြပြီးသောအခါ လုချန်ရှန်းက သူ့ဓားကိုချထားပြီး ပြောလိုက်၏။
“စွမ်းအားကလည်း အဆင်ပြေတယ်။ မင်း ခဏလောက်အသုံးပြုဖို့အတွက်တော့ လုံလောက်တယ်။ သိုင်းပညာယှဉ်ပြိုင်ပွဲကလည်း နှစ်ရက်နေရင် ကျင်းပတော့မှာ။ ကိုယ့်ကိုယ်ကိုယ်သေချာပြင်ဆင်ပြီးရင် သွားချက်ပြုတ်တော့။ ငါ ဗိုက်ဆာနေပြီ”
ထို့နောက်မှာတော့ လုချန်ရှန်းတစ်ယောက် ကောက်ရိုးအိမ်လေးထဲသို့ ဝင်သွားလေတော့သည်။
နှစ်ရက်အကြာ..
ယဲ့ချိုးပိုင်သည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို ဆက်လက်ကျင့်ကြံနေခဲ့သည်။
သိုင်းပညာယှဉ်ပြိုင်ပွဲနေ့ကြီးမှာ ယဲ့ချိုးပိုင်က ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း၏ ပဥ္စမမြောက်သိုင်းကွက်ကိုပင် အသုံးပြုနိုင်နေပြီ။
“ကံဆိုးချင်တော့ ငါ့ရဲ့လက်ရှိအဆင့်နဲ့ဆိုရင် ပဥ္စမမြောက်သိုင်းကွက်အထိပဲ သုံးနိုင်သေးတယ်”
လုချန်ရှန်း ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကိုကျင့်ကြံစဉ်က အလွန်သက်သောင့်သက်သာဖြစ်နေခဲ့ပုံကို ပြန်သတိရမိသောအခါ သူသည် ရှေ့ဆက်လျှောက်ရမည့်လမ်းက အရှည်ကြီးကျန်သေးကြောင်းတွေးမိပြီး သက်ပြင်းချလိုက်မိတော့သည်။
သိုင်းပညာယှဉ်ပြိုင်ပွဲကြီးဟာ လျှို့ဝှက်တာအိုကျောင်းတော်၏ရင်ပြင်၌ ကျင်းပလေသည်
ရင်ပြင်ပေါ်တွင် စင်မြင့်ခြောက်ခုတည်ရှိပြီး ပတ်ပတ်လည်မှာလည်း လူပေါင်းမြောက်များစွာဝန်းရံထားသဖြင့် ဆူညံသံများ ကျွက်ကျွက်ညံနေချေတော့သည်။
စင်မြင့်ခြောက်ခုထားရှိခြင်း၏အဓိပ္ပါယ်မှာ သိုင်းပညာယှဉ်ပြိုင်ပွဲတွင် စုစုပေါင်းအနိုင်ရသူခြောက်ဦးသာရှိမည်ဟူသော သဘောပင်။
အနိုင်ရသူခြောက်ဦးသည် တောင်ပိုင်းနယ်မြေ၏ လျှို့ဝှက်တာအိုကျောင်းတော်ကြီး၏ကိုယ်စားပြုအနေနှင့် မြောက်ပိုင်းနယ်မြေထဲရှိ အခြားကျောင်းတော်များဆီကို သွားရောက်ကြရမည်ဖြစ်၏။
၎င်းကို ကျောင်းသားလဲလှယ်ရေးဟုခေါ်သည်။ သို့သော် တကယ်တမ်းတော့ ၎င်းမှာ တစ်ဖက်ကျောင်းတော်၏အရင်းအမြစ်များကို ဖြတ်လုရသည့်တိုက်ပွဲတစ်ခုပင်။
ချင်းထျန်းနျန်သည် လေထုအလယ်မှာပေါ်လာပြီး ကျယ်လောင်စွာစကားဆို၏။
“ဒီနေရာမှာ စင်မြင့်ခြောက်ခုရှိနေတယ်။ နေမဝင်ခင်အထိ အဲ့ဒီနေရာမှာ ရပ်နေနိုင်တဲ့လူတွေက အနိုင်ရမှာပဲ။ ဘာကန့်သတ်ချက်မှမရှိဘူးဆိုပေမဲ့ သေဆုံးသူလည်းရှိလာမှာမဟုတ်ဘူး”
ထို့နောက် ချင်းထျန်းနျန်သည် အနိုင်ရရှိသူအတွက် ဆုလာဘ်များကို ကြေညာလေသည်။
လူအပေါင်းကလည်း ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်သွားကြရှာသည်။ ဤတစ်ကြိမ်ပေးသောဆုလာဘ်က ပုံမှန်ထက် ပိုကြေးမြင့်ပေသည်။
သိုင်းပညာယှဉ်ပြိုင်ပွဲကြီး စတင်လေပြီ။
သို့သော် မည်သူမှမလှုပ်ရှားကြပေ။
ရလဒ်များကို နေဝင်ပြီးသွားမှသာ ကြေညာချက်ထုတ်ပြန်မှာဖြစ်၏။ ယခုကတည်းက စင်မြင့်ပေါ်တက်သွားလိုက်လျှင် အနားကို လူတွေဝိုင်းအုံလာမှာဖြစ်ပြီး ထိုနည်းလမ်းဖြင့် သူ တစ်ယောက်ချင်းစီကိုအနိုင်ရလိုက်လျှင်တောင်မှ ကြာလာလျှင်ပင်ပန်းလာပြီး တခြားလူများထံ အရှုံးပေးလိုက်ရပေလိမ့်မည်။
ချင်းထျန်းနျန်နှင့် ခန်းမအသီးသီးရှိအကြီးအကဲများက မလှမ်းမကမ်းမှထိုင်ခုံပေါ်တွင် ထိုင်နေလေသည်။ သူတို့သည် လုချန်ရှန်းကိုပါ ချောဆွဲထားလေသည်။
သူ့မျက်နှာထက်မှာတော့ မလိုလားသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေချေသည်။
“ကောင်းပြီ။ ပုံမှန်ဆိုရင် ငါမင်းကို ဘာမှမပြောပါဘူး။ ဒါပေမဲ့ ဒီနေ့ မင်းတပည့်လည်း ဝင်ပြိုင်နေတယ်လေ။ သူ့ဆရာအနေနဲ့ မင်း တစ်ချက်လောက်တော့ လာမကြည့်သင့်ဘူးလား”
ချင်းထျန်းနျန်မှာ လုချန်ရှန်း မကျေမချမ်းဖြစ်နေတာကိုမြင်သောအခါ မပြုံးဘဲမနေနိုင်တော့ပေ။
“မင်းရဲ့တပည့်က ပြိုင်ပွဲမှာ အဆင့်ဘယ်လောက်ထိရောက်အောင်သွားနိုင်မလဲဆိုတာလည်း ငါ ကြည့်ချင်ပါသေးတယ်”
great
good